Sunday, October 5, 2008

ကြည်ညိုလေးစား ဆရာတော်ကြီးများ၏ သြ၀ါဒကထာ (၂ )

တယောက်နဲ့တယောက် ဆန့်ကျင်တဲ့စကားပြောလျှင် တယောက်နဲ့တယောက် သူနိုင်ကိုယ်နိုင် အပြိုင်ဖြစ်နိုင်ဖို့ အတွက် စော်ကားမော်ကား ငယ်ကျိုးငယ်နာတွေပဲဖော်ပြီး ပြောလာကြလိမ့်မယ်၊ အဲဒီလို တယောက်နဲ့ တယောက် စော်ကားမော်ကား အပြောများလာလျှင် စိတ်တွေပျံ့လွင့်လိမ့်မယ်၊ ပျံ့လွင့်ရင် ဣနြေ္ဒတွေ စောင်းစည်းမှု မရှိတော့ဘူး၊ ဣနြေ္ဒတွေ မစောင့်စည်းတဲ့ပုဂ္ဂိုလ်ရဲ့စိတ်သည် သမာဓိပျက်သွားလေပြီ။
( ဆရာတော် ဦးသူရိယာဘိဝံသ-မန္တလေးမြို့ )


စစ်မှန်သောမေတ္တာသည် နေရာတိုင်းရှိ သက်ရှိအားလုံးသို့ သိမ်းကျုံး၍ပေးပို့ရသည်၊ ဤကမ္ဘာမြေပေါ်ရှိ သက်ရှိတို့သာမက ကောင်းကင်ပေါ်ရှိ သက်ရှိများ နတ်ဘုံ၊ ဗြဟ္မာဘုံများအားလုံး ပါဝင်၏၊ အဆင့်အတန်း အနိမ့်အမြင့် မရွေး၊ အတိုင်းအတာအကန့်အသတ်မရှိ မေတ္တာသက်ရောက်ရ၏၊ ဆင်းရဲသည်ဖြစ်စေ, နိမ့်ကျသည် ဖြစ်စေ, ဆိုးသည်ဖြစ်စေ, မသိနားမလည်သူပင်ဖြစ်စေ, မေတ္တာကို ပွားပို့ရသည်သာ၊ ထိုဆင်းရဲနိမ့်ကျသူတို့အဖို့ မေတ္တာသည် ပို၍လိုအပ်၏၊ ထိုသူတို့အဖို့ ချစ်ခင်ရင်းနှီးမှု လှိုက်လှဲဖော်ရွေမှု မေတ္တာတရားသည် သံကန္တာရထဲမှ စမ်းရေပမာ သေကောင်းပေါင်းလဲ အဖိုးတန်လှပေ၏၊ မေတ္တာဟုဆိုလျှင် ချစ်သူ, မချစ်သူ၊ လူဆိုး, လူကောင်း အားလုံးမခွဲဘဲ ပွားပို့ရမည့်တရားဟု နားလည်အပ်၏။
( ဗုဒ္ဓသာသနာပြု ဆရာတော် ဦးသေဋ္ဌိလ အဘိဓဇမဟာရဋ္ဌဂုရု )


တရားဟောခြင်း, တရားစာရေးခြင်း, တရားစာအုပ်လှူဒါန်းခြင်းသည်ဓမ္မဒါနမည်၏၊ စီးပွားရေးဆန်ဆန် မလုပ်ကြပဲ ထေရ၀ါဒ၏အခြေခံ သိဖွယ်ကျင့်ဖွယ်များကို ပညာရှင်တို့အား ရေးသားစေပြီး တတ်နိုင်သူများက အခမဲ့ ကုသိုလ်ပြုကြလျှင် အဘယ်မျှကောင်းမည်နည်း၊ ကုသိုလ်ပြုသူသည် ဓမ္မဒါနပြုရာရောက်သကဲ့သို့ သာသနာပြုရာလည်းရောက်သည်၊ ဘုရားတည် ကျောင်းဆောက်မှ သာသနာပြုမည်သည်မဟုတ်၊ တရားစာအုပ် ပေးလှူဒါန်းခြင်းသည်လည်း မြတ်ဗုဒ္ဓ၏သာသနာတော်ကို ပြန့်ပွားအောင် တည့်တန့်အောင်ပြုသူမည်၏၊ သာသနာတော်ပြန့်ပွားရေးအတွက် တစိတ်တဒေသအားဖြင့် ကျေးဖူးပြုရာလည်း ရောက်ပေသည်။
( အရှင်ဉာဏ၀ံသ-စလင်း )


ပိုးဖလံမျိုး မီးကိုတိုး ကိုယ်ကျိုးနည်းလှပြီ။
( ထွဋ်ခေါင်ဆရာတော်ကြီး )


ခေါင်းဆောင်ကေင်းတယောက်ကို အမှီသဟဲပြုပြီး ပစ္စုပ္ပန်မှာရော သံသရာမှာပါ ကြီးပွားချမ်းသာသွားတာ အများကြီး တွေ့ရပါသည်၊ ထိုနည်းတူ အပြောသာရှိပြီး အကျင့်မပါသည့် ခေါင်းဆောင်များနှင့် လွဲမှားနေသော အကျင့်ကို ကျင့်သည့် ခေါင်းဆောင်များကို မှီဝဲဆည်းကပ်မိလို့ ပစ္စုပ္ပန်မှာရော သံသရာမှာပါ နစ်မွန်းကြတာ ကိုလည်း အများကြီးတွေ့ရပါသည်။
ယခုကာလ၌ နေရာတိုင်းလိုလို၌ သာသနာပြုဆိုသော စကား တော်တော်ကိုခေတ်စားနေပါသည်၊ နေရာတိုင်း လိုလို သာသနာပြုဆိုသည့် စကားကို ကြားရ၍ ၀မ်းသာရမလား အောက်မေ့မိပါ၏၊ သို့သော် သေသေချာချာ စူးစမ်းလေ့လာကြည့်သောအခါ၌ မြတ်စွာဘုရား၏ အဆုံးအမတရားတော်များနှင့် ဆန့်ကျင်လျက်ပြုသော သာသနာပြုများကိုသာ အများအားဖြင့် တွေ့ရှိရပါသည်။
( ဓမ္မဒူတ-အရှင်ဣန္ဒာဝုဓ )


သတ္တ၀ါတွေ သံသရာရေယာဉ်ကြောမှာ မျောနေဘကတာကို မြင်နေရလို့ မကြည့်ရက်နိုင်တာနဲ့ ဘုန်းကြီးကတော့ လက်လှမ်းမီတဲ့လူ လက်လှမ်းဆွဲ၊ ဝေးတဲ့သူ ကြိုးပစ်ပေး၊ ၀ါးပစ်ပေးနဲ့ပေါ့၊ အဲဒါနဲ့မှ လက်လည်းလှမ်းမဆွဲ၊ ကြိုးဝါးလည်း မကိုင်ကြဘူးဆိုရင် ကိုယ့်ထိုက်နှင့်ကိုယ့်ကံ ကြိုးစား၍သာ ခံကြပေတာ့။
( စွန်းလွန်းဆရာတော် ဦးက၀ိ )


ပုထုဇဉ်သော်လည်း သီလရှိလျှင် အရိယာနှင့်တူ၏။ အပါယ်မရောက်။
ဗဟုသုတရှိလျက် သီလမရှိလျှင် ရေမတည်သောကန်နှင့် တူ၏။
ပညာရှိလျက် သီလမရှိလျှင် အသီးမသီးသော သစ်ပင်နှင့်တူ၏။
စာပေပို့ချနိုင်လျက် သီလမရှိလျှင် အသီးမချိုသော သစ်ပင်နှင့်တူ၏။
တရားဟောကောင်းလျက် သီလမရှိလျှင် အနံ့မမွှေးသော ပန်းနှင့်တူ၏။
ဘုန်းကြီးလျက် သီလမရှိလျှင် အဆိပ်သီးနှင့်တူ၏။
( ပထမရွှေကျင်ဆရာတော်ကြီး-မင်းတုန်းမင်း၏ ဆရာ )


သာသနာပြုလုပ်ငန်းဆိုတာ အပြောလွယ်သလောက် အလုပ်ခက်တဲ့ လုပ်ငန်းတခုပဲ။
သာသနာပြုချင်ရင် ၀ိနည်းနားလည်အောင် လုပ်ရမယ်။
သာသနာ့ဝန်ထမ်း ရှင်ရဟန်းဆိုတာ မိမိက သာသနာ့ဝန်ကို ထမ်းဆောင်ရတယ်။
သာသနာတော်က မိမိရဲ့တာဝန်ကို မထမ်းဆောင်စေရဘူး။
သည်းခံမှ ကိုယ့်ဂုဏ်သိက္ခာတက်တယ်။
ကုသိုလ်လုပ်တဲ့နေရာ အကုသိုလ် မပါစေနဲ့။
ဂုဏ်နောက်ကို လူမလိုက်ရဘူး၊ ဂုဏ်ကသာ လူနောက်ကို လိုက်ပါစေရမယ်။
သာသနာအဓွန့်ရှည်ကြာဖို့ကျတော့ ပရိယတ်ကို အခြေခံမှ ဖြစ်နိုင်တယ်။
ရဟန်းတွေဆိုတာ အနေရိုးသားရမယ်၊ အသိဉာဏ်ဘက်ကျတော့ ဆန်းကြယ်စေရမယ်။
လူများနှင့် ရောရောနှောနှောလည်း မနေရဘူး၊ ကင်းနိုင်သမျှ ကင်းအောင် နေရမယ်။
( ရွှေကျင်သာသနာပိုင် မြောင်းမြပဇ္ဇောတာရုံ ဆရာတော်ကြီး )


ဘယ်ခေတ်မှာဖြစ်ဖြစ် အကောင်းအဆိုး ရောနေတာပါပဲ၊ အကောင်းချည်းသက်သက် မရှိသလို အဆိုးချည်း သက်သက်လည်း မရှိဘူး၊ ခေတ်ဆိုတာ လူတွေပေါ်မှာမူတည်ပါတယ်၊ လူအများကောင်းရင် ခေတ်ကောင်းမယ်၊ လူအများမကောင်းရင် ခေတ်မကောင်းနိုင်ဘူး၊ ခေတ်ကို လူကလွှမ်းမိုးတယ်၊ လူကိုလည်း ခေတ်ကလွှမ်းမိုးတယ်၊ ဒါပေမဲ့ သတိနဲ့နေတတ်တဲ့သူ ကိုယ်စိတ်ကို ကိုယ်သိတဲ့သူ ခေတ်ရဲ့လွှမ်းမိုးမှုကို သတိထားတတ်တဲ့သူက လွှမ်းမိုးမှုခံရတာ နည်းမယ်၊ မသိရင်တော့ အများကြီးလွှမ်းမိုးတာ ခံရမယ်၊ ငါဟာ ခေတ်ကို ကောင်းတဲ့ဘက် ပြောင်းအောင် လုပ်မဲ့သူလား၊ (သို့မဟုတ်) ခေတ်က ငါကိုလွှမ်းမိုးသမျှ လည်စင်းခံမယ့်သူလားဆိုတာ ကိုယ်ကိုကိုယ် မေးပါ။
( မဟာမြိုင်တောရ ဦးဇောတိက )


ခေတ်အဆက်ဆက် မြန်မာရာဇ၀င်မှာကလည်း စာပေပရိယတ်ကျွမ်းကျင်ပြီး ထေရ၀ါဒလမ်းကြောင်းအတိုင်း လျှောက်ခဲ့ကြတဲ့ ရဟန်းတော်တွေက တဖက်၊ စာပေပရိယတ်အားနည်းပြီး လောကီပညာတွေဖြစ်တဲ့ အင်း,အိုင်, မန္တန်တွေကို လိုက်စားတဲ့ ရဟန်းတွေက တဖက်၊ အဲဒီလို လမ်းကြောင်းမတူတဲ့ ဟိုဘက်ဒီဘက် နှစ်ဖက်အားပြိုင်ကြတဲ့ သာဓကတွေ ရှိခဲ့ဘူးပါတယ်၊ အားပြိုင်ပြီဆိုကတည်းက တဖက်နဲ့တဖက် အားသာချက် အားနည်းချက်တွေနဲ့ လွန်ဆွဲခဲ့ကြမှာတော့ သေချာပါတယ်၊ ဘယ်လောက်ပဲ အားပြိုင်မှုတွေနဲ့ လွန်ဆွဲမှုတွေ ရှိခဲ့ ရှိခဲ့ ဓမ္မလမ်းကြောင်းက အဓမ္မလမ်းကြောင်း မဖြစ်နိုင်သလို၊ အဓမ္မလမ်းကြောင်းကလည်း ဓမ္မလမ်းကြောင်း မဖြစ်နိုင်ခဲ့ပါဘူး၊ နောင်မှာ သမိုင်းကပဲ စကားပြောသွားလေ့ရှိပါတယ်။
( ရဝေနွယ်-အင်းမ )














No comments: