Monday, October 6, 2008

ပုံပြင် ( ၁ )

( ရွှေအိုးကြီး လက်ခံသူ )
ရှေးသရောအခါ ဦးဘောဂအမည်ရှိ အလွန်ကြွယ်ဝချမ်းသာသော သူဌေးကြီးတဦးရှိ၏၊ သူသည် မည်မျှပင် ချမ်းသာပါသော်လည်း လောဘကို အတောမသတ်နိုင်ပဲ ရလေလိုလေ စိတ်ထားရှိသူဖြစ်လေသည်၊ မိမိကြီးပွားတိုးတက်မည်ဆိုပါက မည်သည့်နည်းဖြင့်မဆို လုပ်ဆောင်ဝံ့သူဖြစ်သည်၊ သူတပါးအား ပေးကမ်း လှူဒါန်းရမည်ကိုမူ အလွန်တွန့်တို ၀န်လေးသူဖြစ်လေသည်။
တနေ့ နံနက်ခင်းတွင် ဦးဘောဂသည် မြို့ပြင်ဘက်သို့ လမ်းလျှောက်ထွက်ခဲ့လေသည်၊ မြို့ပြင်ရှိ လူသတ်ကုန်းသို့ ရောက်သောအခါ “ကျွန်တော့ကို မသတ်ကြပါနဲ့၊ ရွှေအိုးကြီးယူပါတော့မယ်ခင်ဗျား”ဟူသော အသံကိုကြား၍ စူးစမ်းကြည့်လေသည်၊ ထိုအခါ ကားစင်တွင် ကြိုးဖြင့်ချည်နှောင်ထားခြင်းခံနေရသော လူတဦးအား တွေ့ရ လေသည်၊ “မောင်ရင့်ကို ဘာဖြစ်လို့ ဖမ်းထားကြတာလဲ”ဟု ဦးဘောဂကမေးလေလျှင် ထိုလူက “ကျွန်တော့ကို ရွှေအိုးကြီးတလုံး ဇွတ်ပေးနေကြတယ်ခင်ဗျ၊ ဒီညနေမှ ကျွန်တော်က လက်မခံရင် သတ်ကြတော့မယ်၊ ရွှေအိုး မလိုချင်ပေမယ့် သေရမှာ ကြောက်လို့ ယူလိုက်ပါတော့မယ်”ဟု ပြန်ပြောလေသည်။
ထိုအခါ ဦးဘောဂသည် လောဘဇော တက်လာကာ “မင်း တော်တော် မိုက်တဲ့လူပဲ၊ မင်းကိုယ်စား ငါယူလိုက်မယ်ကွာ၊ သူတို့လာရင် ဘယ်လိုပြောရမလဲ”-ဟု မေးလေသည်။
ထိုအခါ “၏ရွှေအိုးကြီး ကျွန်တော်ယူပါတော့မယ်လို့သာ ပြောလိုက်ပါ”ဟု ထိုလူက ပြောလေသည်။
ထို့နောက် အပေးအယူ တည့်သွားကြသည်၊ ဦးဘောဂသည် တရားခံအား ကြိုးဖြေပေးပြီး တရားခံ၏နေရာတွင် ၀င်၍ ကြိုးချည်နှောင်ခြင်း ခံလေသည်၊ တရားခံလည်း ဦးဘောဂအား ခိုင်မြဲစွာ ကြိုးချည်နှောင်၍ ထွက်ခွာသွားလေသည်၊
သေချာစွာ မစဉ်းစားဘဲ ရလိုမှုတခုသာ သိသော ဦးဘောဂသည် ညနေစောင်း၍ သူသတ်သမားများ ရောက်လာသောအခါ “ရွှေအိုးကြီး ယူပါတော့မယ်”ဟု ဆီးကြို၍ပြောလေသည်၊ ထိုအခါ မည်သည့်ရွှေအိုးမှ မရလေပဲ သေးဏ်ကျခံနေရသော တရားခံအား လွှတ်ပေးမှုကြောင့် သူသတ်သမားများ၏ ဒေါသတကြီး သတ်ဖြတ်ခြင်းကို ခံလိုက်ရလေတော့သည်။
( မင်းသုတ-ရင်းငြိမ် )
****************************************************************************

( လုံခြုံသော နေရာ )
တခါက ကုန်သည်ကြီးတဦးသည် ငွေအချို့ယူကာ ကုန်ဝယ်ရန် ခရီးထွက်ခဲ့သည်၊ လမ်းတွင် လူတယောက်နှင့် တွေ့ရာ မြို့သို့ခရီးသွားမည့်သူဖြစ်သဖြင့် သူတို့နှစ်ဦးအတူတကွ လာခဲ့ကြလေသည်၊ ညနေစောင်းသော် ဇရပ်တဆောင်ကိုတွေ့၍ ထမင်းထုပ်များကို အတူစားကြပြီးနောက် အိပ်ကြလေသည်၊ ကုန်သည်မှာ မကြာမီ အိပ်ပျော်သွားသော်လည်း သူ၏အဖော်မှာ အကြံနှင့်ဖြစ်၍ အိပ်မပျော်ပေ။ ကုန်သည် အိပ်မောကျသွားသောအခါ သူ၏အဖော်သည် ငွေထုပ်ကို ထ၍ရှာလေသည်၊ ငွေထုပ်ကိုရှာမရ၍ စဉ်းစားရခက်သွားလေသည်၊ မကျေနပ်၍ ထပ်မံ မွှေနှောက်ရှာဖွေသော်လည်း မည်သို့မျှ ရှာမတွေ့၍ အိပ်လိုက်ရလေသည်။
နံနက်လင်းသော် ခရီးဆက်ခဲ့ကြပြန်ရာ လမ်းတွင်အဖော်က စူးစမ်း၏၊ ကုန်သည်ထံတွင် ငွေနှစ်ထောင်ကျော် သုံးထောင် ပါလာသည်ကို သိရပြန်လေသည်၊ ထိုအခါ အဖော်က သူ့စကားအတိုင်းဆိုရင် သူ့မှာ ငွေပါလာတာတော့ သေချာနေပြီ၊ ဒီည မတွေ့တွေ့အောင် ရှာမယ်-ဟု ကြံစည်စဉ်းစာမိလေသည်၊ ညနေစောင်းပြန်သောအခါ ဇရပ်တဆောင်တွင် နားကြပြန်လေသည်၊ ကုန်သည်မှာ စောစောစီးစီး အိပ်မောကျသွားလေသည်၊ ထိုအခါ အဖော်သည် ယခင်ညကထက် ပိုပြီးစေ့စပ်အောင် ရှာဖွေလေသည်၊ သို့ရာတွင် မည်သို့မျှ ရှာမတွေ့၍ စိတ်ပျက်စွာဖြင့် လက်လျှော့ကာ အိပ်လိုက်ရပြန်လေသည်။
နံနက်လင်းသောအခါ ကုန်သည်သည် စောစောထပြီး သူ၏ငွေများကို ရေတွက်နေသည်၊ ထိုအခါ အဖော်သည် ငွေများကိုမြင်ရသဖြင့် အံ့သြသွားလေသည်၊ ထို့နောက် မနေနိုင်တော့၍ “မိတ်ဆွေ၊ ကျုပ် အမှန်အတိုင်းပြောပါတော့မယ်၊ ခင်ဗျားငွေတွေကို ခိုးဖို့ ကျုပ်ထထပြီး ရှာတာ နှစ်ညရှိသွားပြီ၊ မတွေ့ဘူး၊ ကျုပ်ရှာမတွေ့နိုင်အောင် ဘယ်မှာထားပါသလဲ၊ လျှို့ဝှက်ချက်ရှိရင် ပြောစမ်းပါ”ဟု တောင်းဆိုလေတော့သည်။
ထိုအခါ ကုန်သည်က သူတပါးပစ္စည်းကို လိုချင်တဲ့သူဟာ ကိုယ်ဆီမှာ ဘယ်တော့မှ ပြန်မရှာတတ်ဘူး၊ ဒါကြောင့်မို့ ကျုပ်ငွေတွေကို ခင်ဗျားမသိအောင် ခင်ဗျားအိပ်ရာအောက်မှာ တိတ်တိတ်ကလေးထားပြီး စိတ်ချလက်ချ အိပ်ခဲ့တာပေါဗျာ-ဟု ပြောလေသည်။
ထို့နောက် ကုန်သည်က“လောကကြီးမှာ ဒီလိုပဲ၊ ကိုယ့်ဆီမှာရှိတာကို အသိအမှတ်မပြုကြပဲ သူတပါးပစ္စည်းကို မတရားလိုချင်ကြတယ်၊ ကိုယ့်မှာရှိတဲ့ ဇွဲလုံ့လကို အားကိုးပြီး ပစ္စည်းဥစ္စာရှာဖွေရင် ကြီးပွားတိုးတက်နိုင် ပါတယ်”ဟု ပြောဆိုကာ လမ်းခွဲပြီး မြို့သို့ သွားလေတော့သည်။
( နွေပုရစ်ဖူး-၀န်းသို )
မြတ်မင်္ဂလာ ၁၉၉၀-ဇူလိုင်
*********************************************************************************

No comments: