Thursday, October 2, 2008

ကြည်ညိုလေးစား ဆရာတော်ကြီးများ၏ သြ၀ါဒကထာ ( ၁ )

မိမိကိုယ်ကို အချစ်ဆုံးဆိုပြီး မကောင်းမှုတွေ ပြုနေလျှင် ချစ်ရာမရောက်ဘူး၊ ဒါကြောင့် ကိုယ်ကိုယ်ကို ကောင်းအောင်ကြိုးစားရမယ်၊ တကယ့်သေဘေးနှင့် တွေ့လျှင် ကိုယ့်ကိုကိုယ်သာ အချစ်ဆုံးပဲ၊ အမေတွေ အဖေတွေ ညီအကိုမောင်နှမတွေ ရှိပါရဲ့၊ ချစ်စရာတွေ။ ဒါပေမဲ့ တကယ့်အရေးကျရင် သူတို့ ဘာမှမတတ်နိုင်ဘူး၊ တသံသရာလုံး ကိုယ့်ကိုကိုယ် အစွဲဆုံးပဲ၊ ဟုတ်တာပေါ့၊ အဖေ အမေဆိုတာ ဒီဘ၀ အဖေ အမေ ဖြစ်ပေမဲ့ နောက်ဘ၀ကျတော့ ဟုတ်ချင်မှဟုတ်မှာ၊ ကိုယ်ကတော့ ကိုယ်ပဲ၊ သူများမဟုတ်ဘူး၊ တသံသရာလုံး ကိုယ့်ကိုကိုယ် အစွဲဆုံးပဲ။
( မဟာဂန္ဓာရုံ ဆရာတော် )

ဒါယကာကြီး ဒါယကာမကြီးတို့---မချမ်းသာချင်ကြဘူးလား၊
အဲသည်လိုမေးတော့ မှန်လှပါဘုရား ချမ်းသာချင်ပါတယ်ဘုရား၊
အေး-ချမ်းသာချင်ရင် မိမိကိုယ်ကိုလဲ မချစ်နဲ့၊ သူတပါးကိုလဲ မချစ်နဲ့၊ ချစ်ရင် ဒုက္ခရောက်တတ်တယ်၊
ချစ်ခြင်းသမုဒယဟာ ဒုက္ခကိုသာ အကျိုးပေးတယ်။
အရှင်ဘုရားက မချစ်နဲ့ဆိုပေမဲ့ ချစ်သေးတာပေါ့ဘုရား၊ အဲ-ချစ်တာ မသိလို့ ချစ်တာ၊ သိရင် မချစ်ဘူး၊
အဲဒါကြောင့် မသိလို့ လိုချင်၊ လိုချင်လို့ စွဲလမ်း၊ စွဲလမ်းတော့ ပြုလုပ်၊ ပြုလုပ်တော့ ရရှိ၊ ရရှိတော့ ခံရ, ခံကြပေတော့ဟု အားပေးလိုက်ရမှာပေါ့။
မသိတာက အ၀ိဇ္ဇာ, လိုချင်တာက တဏှာ, အ၀ိဇ္ဇာနှင့်တဏှာ နှစ်ပင်ပူးလို့ အကြောင်းပြုလိုက်တော့ ဇာတိတရားကြီး ရတာပေါ့၊ အဲ-ဇာတိတရား ၀ဋ်ကောင်ကြီးရမှဖြင့် ခံရလိမ့်မယ်၊ မညဉ်းကြနဲ့၊ အဲ-သိတော့ မလိုချင်၊ မလိုချင်တော့ မပြုလုပ်၊ မပြုလုပ်တော့ မရ၊ မရတော့ ငြိမ်းတာပေါ့။
( စွန်းလွန်းဆရာတော် ဦးက၀ိ၊ မြင်းခြံ )


ဒကာတို့တတွေ အခုနေမှာ စားလည်းစားသေ, သေကြ၊ အိပ်လည်း အိပ်သေ, သေကြ၊ ဘယ်မှာနေနေ ဘာလုပ်နေနေ အသေချည်းပါပဲ၊ အဲဒါ ဒကာ ဒကာမတွေ ကိုယ်တိုင်က အသေဆုတောင်းထားကြလို့ အခု ကိုယ်ပိုင်ရနေကြတာပါ၊ ရိပ်မိကြရဲ့လား၊ လူဖြစ်ရပါလို၏ဆိုတာ လူသေ,သေရပါလို၏ ဆိုတာပဲ၊ နတ်ဖြစ်ရပါလို၏ ဆိုတော့ နတ်သေ,သေရပါလို၏ပဲ၊ ရှင်းပြီလား၊ ဒါတွေကို ကိုယ်တိုင် တောင်းယူခဲ့ကြတာ၊ ဒကာတို့က အသေနည်းရင် မကြိုက်နိုင်ဘူး၊ ဘ၀ဆက်တိုင်း ဆက်တိုင်း လူ့ပြည်, နတ်ပြည် အကြိမ်ကြိမ်တဲ့၊ အဲဒါ အသေ ဆုတောင်းတာ၊ အသေများများ ရ,ရပါလို၏ဆိုတာနဲ့ အတူတူပါပဲ။
( မိုးကုတ်ဆရာတော် ဦးဝိမလ)


သတ္တ၀ါတွေ သံသရာခရီး ကျင်လည်ခိုက်မှာ အပါယ်လေးဘုံ သံသရာမှာသာ ယေဘုယျအားဖြင့် အနေများခဲ့ကြတယ်၊ သုဂတိသံသရာဆိုတာကတော့ တခါတရံမှ အလည်အပတ် ရောက်လာတဲ့ သဘောလောက်သာ ရှိပါတယ်၊ ဒါကြောင့် အပါယ်လေးဘုံမှ အပြီးတိုင် လွတ်မြောက်ဖို့ဆိုတာ အလွန်ခက်ခဲတဲ့ လုပ်ငန်းတခု ဖြစ်ပါတယ်၊ လွတ်မြောက်ဖို့ရန် ဒီလောက်ခက်ခဲတဲ့ အပါယ်လေးဘုံမှ အပြီးတိုင် ကျွတ်လွတ်ထွက်မြောက်ဖို့ရန် သောတာပတ္တိမဂ်ကုသိုလ်ကဲ့သို့သော ကုသိုလ်တရားတခု ထင်ရှားရှိတယ်ဆိုရင် ဒီကုသိုလ်မျိုးတွေကို ရအောင်ယူထားဖို့ မကောင်းဘူးလား။
( ဖားအောက်တောရဆရာတော် )


ရဟန်းတပါးပါးသည် ပါရာဇိကကျလျှင် ရဟန်းဘ၀မှ ဆုံးရှုံးသွားပြီဖြစ်သည်၊ ထို့ကြောင့် ရဟန်းဝတ်ဖြင့် မနေရတော့ဘဲ လူထွက်ရပါတယ်၊ ထို့နောက်မှ သာသနာတွင် နေလိုသေးလျှင် ဆရာရဟန်းထံ သရဏဂုံ တောင်းခံ၍ ရှင်သာမဏေအဖြစ်ဖြင့် နေနိုင်သည်၊ ရဟန်းဘ၀ကိုကား လုံးဝရနိုင်ခွင့် မရှိတော့ပါ၊ လူမထွက်ပဲ ပေ၍နေသော်လည်း ရဟန်းကောင်း မဖြစ်နိုင်တော့ပါ၊ ထိုရဟန်းသည် အပြစ်ကြီးလွန်းလှပြီး တမလွန်ဘ၀၌ အပါယ်လေးပါးသာလျှင် လားရာရှိတော့သည်၊ ထို့ကြောင့် ပါရာဇိကကျလျှင် လူထွက်ခြင်းသည်သာ အပြစ်မှ ကုစားရာရောက်သဖြင့် လူထွက်၍ အဖြစ်နိုင်ဆုံး သာမဏေဘ၀ဖြင့် အားထုတ်နေထိုင်သင့်ကြသည်၊ သာမဏေ ဘ၀ကိုလည်း ပါရာဇိကကျသည့် ရဟန်းဘ၀မှ တိုက်ရိုက်မကူးနိုင်ပါ၊ လူဝတ်လဲပြီးမှသာ သရဏဂုံသီလ ထပ်မံ တောင်းခံ၍ သာမဏေ၀တ်သင့်သည်ကို သတိပြုသင့်ပါသည်။
( ဦးတိလောကသာရ-မြန်မာစာ သြ၀ါဒါစရိယ )


သူများတွေကို နှိုင်းယှဉ်ပြီး ကိုယ်ဘာလဲဆိုတာ စစ်ပြီး လိုတာဖြည့်ပြီး ကိုယ့်ကိုကိုယ် ပြုပြင်ရတယ်၊ ကိုယ့်ကိုကိုယ် အသာကျောထားပြီး ငါ-သူ့ထက်တော်တာပဲ ဆိုပြီး မပြင်တဲ့လူဟာ ဘယ်တော့မှ မတိုးတက်ဘူး၊ ကိုယ့်ကိုကိုယ် လိုမှန်းမသိတော့ ဖြည့်လို့မရဘူးပေါ့၊ အဲဒီလိုပုဂ္ဂိုလ်ဟာ မတော်တော့ဘူး၊ ဒါကြောင့် နေရာတကာမှာ သူများအလိုကို လိုက်မကြည့်နဲ့၊ ကိုယ်လိုတာပဲ လိုက်ကြည့်ပြီးတော့ ဖြည့်၊ ဒါကြောင့် သူတော်ကောင်းဟာ အနစ်နာခံရတယ်ဆိုတာ သူများလိုတာ မကြည့်ဘဲနဲ့ ကိုယ်လိုတာပဲ ကိုယ်ကြည့်ပြီးတော့ သူများ မလုပ်ချင်လို့ ပျင်းလို့ စိတ်ထားမကောင်းလို့ မသိလို့ စသဖြင့် မလုပ်တာတွေကို ကိုယ်ကအကုန်လုပ်၊ သူများအတင်းအဖျင်း မပြောနဲ့၊ လူဆိုတာက တယောက်နဲ့တယောက် စရိုက်ချင်းလည်း မတူဘူး၊ အကြိုက်ချင်းလည်း မတူဘူး၊ ဒါကို ကိုယ်နဲ့မတူလို့ အပြစ်ပြောလို့ မရဘူး၊ အပြစ်မပြောနဲ့။
( ဓမ္မဒူတ ဆရာတော် အရှင်ပညာဇောတ)


မြတ်စွာဘုရားရှင်က ဓမ္မပဒပါဠိတော်၌ ဘ၀သံသရာဝဋ်ဒုက္ခမှ လွတ်မြောက်စေရေးအလုပ်ဆိုတာ မိမိကိုယ်သာ မိမိ အားကိုးပြုရမယ်လို့ တိုက်တွန်းဟောကြားတော်မူခဲ့တယ်၊ နည်းလမ်းမှာ ဘုရားကို မြတ်မြတ်နိုးနိုး ကြည်ညိုပါ၊ ယုံကြည်ပါ၊ အားထားပါ၊ မှီခိုပါ၊ မြတ်နိုးပါ၊ တရားကျင့်ရေးအလုပ်ကိုသာ မြဲမြံစွာ အားထုတ်နေပါ၊ ငါ၏ အားကိုး ရာသည် တရားသာဖြစ်တယ်လို့ နားလည်ထားပါ၊ ဒါ အမှန်ဆုံးဖြစ်တယ်။
( တောင်တန်းသာသနာပြု ဦးဥတ္တမသာရ )


ဆိုပိန့်မညှာ, စေ့စေ့နာလော့, ဂင်္ဂါသဲမျှ, ပွင့်ကုန်ကြသား, ဘုရားသာသနာ, ခေတ်အခါဝယ်, လူ့ရွာနတ်၌, နင်ကြုံကြိုက်လည်း, အမိုက်မချွေ, အလိုက်နေ၍, အခြေမကြီး, အချည်းနှီးလျှင်, ရီးတီးယောင်တောင်, ခုတိုင်အောင်တည်း။
( လယ်တီဆရာတော် )


ဘာသာတရားကိုးကွယ်ခြင်းဆိုတာ မည်သည့်ဘာသာဝင်ပဲလို့ အမည်ခံရုံသက်သက်မဟုတ်ပဲ ကိုယ့်ဘ၀ ကိုယ့်လမ်း ကိုယ်ရှင်းပြီး ကိုယ့်လမ်းကို မှန်အောင်လျှောက်တတ်မှပါ၊ ဗုဒ္ဓသာသနာတော် လမ်းကြောင်းကြီးဆိုတာ ကတော့ သွားတတ်သူအတွက် ဒုက္ခခပ်သိမ်းချုပ်ငြိမ်းပြီး ဘေးရန်ကင်းကွာ အေးချမ်းစေနိုင်တဲ့ သေချာပေါက် လမ်းမှန်ကြီးတခုပါ၊ လမ်းတွေ့တုန်း တွင်အောင်သွားဖို့သာ ကိုယ့်တာဝန်ဖြစ်ပါတယ်။
( တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ယော-ဆရာတော် )


မြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေဟာ စည်းမဲ့ကမ်းမဲ့ ပရမ်းပတာ မလုပ်ဘူး၊ ပရမ်းပတာ မပြောဘူး၊ အမြဲတမ်း လူ့စည်းကမ်း လူ့ကျင့်ဝတ်နဲ့အညီ နေထိုင်တယ်၊ မကောင်းမှုဒုစရိုက်မှန်သမျှ ရှောင်ကြည်တယ်၊ စာမရီသားကောင်ဟာ သူ့အမြီးကို အသက်ထက် ပိုတန်ဖိုးထားသလို မြင့်မြတ်တဲ့သူတွေဟာ ကိုယ်ကျင့်တရားကို အသက်ထက် တန်ဖိုး ထားသည်၊ ကိုယ့်ကျင့်တရားနဲ့ပတ်သက်လာရင် နည်းနည်းမှ အစွန်းအထင်း မခံကြဘူး။
( အရှင်သံဝရာလင်္ကာရ၊ ဓမ္မပိယ ဆရာတော် )



No comments: