Friday, October 10, 2008

မီးတွင်းမှ လွတ်ကင်းရန်

အခါတပါး၌ အသက်တရာ့နှစ်ဆယ်ရှိသော ပုဏ္ဏားကြီးနှစ်ယောက်သည် မြတ်စွာဘုရားထံ ဆည်းကပ်လျက် ဤသို့ လျှောက်ထားကြလေ၏။
အရှင်ဂေါတမ၊ အကျွန်ုပ်တို့သည် အသက် တရာ့နှစ်ဆယ် ရှိကြပါပြီ၊ အိုမင်းကြီးရင့်၍ အရွယ်အဆင့်ဆင့် လွန်မြောက်ကာ နောက်ဆုံးအရွယ်သို့ ရောက်နေကြပါပြီ၊ အကျွန်ုပ်တို့သည် အပါယ်လေးပါးမှလွတ်မြောက်ကြောင်း ကောင်းမှုကုသိုလ်တရားကို မပြုလုပ်ကြရသေးပါ၊ အရှင်ဂေါတမသည် အကျွန်ုပ်အား သံသရာရေးအတွက် စီးပွားချမ်းသာ ဖြစ်နိုင်ရာသော အဆုံးအမ သြ၀ါဒစကားကို မိန့်ကြားတော်မူပါဘုရား။
ယင်းသို့ လျှောက်သောအခါ မြတ်စွာဘုရားက-
ပုဏ္ဏားတို့-သင်တို့သည် အသက် တရာ့နှစ်ဆယ်ရှိကြပြီ၊ အိုမင်းကြီးရင့်၍ အရွယ်အဆင့်ဆင့် လွန်မြောက်ကာ နောက်ဆုံးအရွယ်သို့ ရောက်နေကြပါပြီ၊ သင်တို့သည် အပါယ်လေးပါးမှ လွတ်မြောက်ကြောင်း ကောင်းမှုကုသိုလ်တရားကိုမူကား မပြုလုပ်ကြရသေး။
ပုဏ္ဏားတို့ -ဤသတ္တလောကသည် အိုခြင်းဟူသော ဇရာမီး၊ နာခြင်းဟူသော ဗျာဓိမီး၊ သေခြင်းဟူသော မရဏမီးဖြင့် တပြောင်ပြောင် တောက်လောင်နေ၏၊
ပုဏ္ဏားတို့ ဇရာမီး၊ ဗျာဓိမီး၊ မရဏမီးတို့ဖြင့် တောက်လောင်နေသော ဤသတ္တလောက၌ အကြင်သူသည် ကိုယ်နှုတ်နှလုံးကို စောင့်စည်း၏၊ ယင်းသို့ စောင့်စည်းခြင်းသည် ထိုသူအတွက် သေလွန်သောအခါ ခိုကိုးရာ ပုန်းအောင်းမှီခိုရာ ကိုးကွယ်အားထားရာဖြစ်၏-ဟု မိန့်တော်မူ၏။
အိမ်ကို မီးလောင်သောအခါ ထုတ်ဆောင် သယ်ယူထားသော အိုးခွက်စသည်တို့သည်၎င်း၊ အိမ်၌ မီးမလောင်ဘဲ ကျန်သော ပစ္စည်းတို့သည်၎င်း၊ ထိုအိမ်ရှင်၏ အကျိုးငှါဖြစ်သကဲ့သို့ ဤအတူပင် သတ္တလောကသည် ဇရာမီး၊ ဗျာဓိမီး၊ မရဏမီးဖြင့် တောက်လောင်နေ၏၊ ဒါနပြုခြင်းဖြင့် ထုတ်ဆောင်သယ်ယူထားကြကုန်လော့၊ ပေးလှူခြင်းသည် မီးထဲမပါအောင် ထုတ်ဆောင် သယ်ယူခြင်းပင် ဖြစ်၏။
ကိုယ်နှုတ်နှလုံး စောင့်စည်းခြင်းနှင့် အသက်ရှိစဉ်အခါ ကုသိုလ်ကောင်းမှုကို ပြုခြင်းသည် သေလွန်သွားသောအခါ ထိုသူအတွက် ချမ်းသာဖို့ရန် ဖြစ်၏။
( အံ-တိက၊ ဒုတိယပဏ္ဏာသက ၁-ဗြဟ္မဏ၀ဂ်၊ ၂-ဒုတိယသုတ် )

No comments: