Sunday, October 5, 2008

ကြည်ညိုလေးစား ဆရာတော်ကြီးများ၏ သြ၀ါဒကထာ ( ၃ )

စာရေးသူ အမြဲတမ်းသတိရနေတဲ့ စာရေးသူရဲ့ဘ၀သခင် ကျေးဇူးရှင်ကတော့ ကျမ်းပြုအကျော်မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး (အရှင်ဇနကာဘိဝံသ) ပါပဲ၊ မဟာဂန္ဓာရုံဆရာတော်ကြီးရဲ့ စကားတခွန်းကြောင့် စာရေးသူရဲ့ဘ၀ဟာ လူဝတ်ကြောင်အဆင့်ကနေ ရှင်ရဟန်းအဆင့်ကို တိုးတက်ပြောင်းလဲလာခဲ့ရပါတယ်၊ စာရေးသူ ကိုးတန်းကျောင်းသားဘ၀မှာ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးရဲ့ ဓမ္မစကြာတရားတော်စာအုပ်ကို ဖတ်ရှုခဲ့ရပါတယ်။
အဲဒီစာအုပ်ထဲက စာရေးသူရဲ့ နှလုံးသားကို အရှိန်ပြင်းပြင်း ထိုးဖောက်ဝင်ရောက်ခဲ့တဲ့ စကားစုကတော့ “ကိလေသာ တွေဟာ နူနာရောဂါနှင့်တူတယ်၊ ကာမဂုဏ်ချမ်းသာတွေဟာ မီးပုံကြီးနှင့်တူတယ်၊ ကာမဂုဏ်ချမ်းသာ ခံစားနေတာဟာ နူနာရောဂါ ထလာလို့ ယားလွန်းတဲ့အတွက် မီးကင်ပြီးအယား ဖျောက်နေတာနဲ့တူတယ်” ဆိုတဲ့ စကားစုပါပဲ။
ပုထုဇဉ်သားအားလုံးဟာ ကိလေသာနူနာရောဂါသည်တွေချည်းပဲဆိုတဲ့ စကားတခွန်းဟာ စာရေးသူရဲ့ရင်ထဲမှာ အချိန်ရှိသမျှ ပဲ့တင်ထပ်နေခဲ့ပါတယ်၊ စာဖတ်တော့လည်း သြော်-ငါ မီးကင်နေတာ၊ ထမင်းစားတော့လဲ သြော်-ငါ မီးကင်နေတာ၊ အ၀တ်ဝတ်တော့လဲ သြော်-ငါ မီးကင်နေတာ၊ ကိုယ်ပါပဲလုပ်လုပ် မီးကင်နေတာ၊ အယားဖျောက်နေတာလို့ ဆင်ခြင်မိလျက်သား ဖြစ်နေသလို သူတပါးတွေ လုပ်နေကိုင်နေ၊ ပျော်ပါးနေတာ တွေကို မြင်တိုင်းလည်း မီးကင်းနေတာ၊ အယားဖျောက်နေတာလို့ပဲ အလိုလိုတွေးမိလျက်သား ဖြစ်နေခဲ့ပါတယ်။
( အရှင်ဆန္ဒာဓိက-ရွှေပါရမီတောရ )


စာရေးနိုင်တဲ့သတ္တိဆိုတာ ခပ်ပါးပါးလေးတွေးတတ်ရုံနဲ့တော့ မဖြစ်နိုင်ပါဘူး၊ သူတပါးနားလည်အောင် လက်ခံလာအောင် ရေးပြနိုင်ဖို့ရာ အနည်းဆုံး စာပေ၀မ်းစာပြည့်တင်းနေမှ ဖြစ်တာ၊ ဘာစာမှ ဟုတ်တိပတ်တိ ဖတ်မှတ်လေ့လာ ဆည်းပူးအားထုတ်မှုမရှိပါဘဲ စာရေးနေတယ်ဆိုတဲ့ လူကတော့ အံ့ဖွယ်ဟာသတပါး ဖြစ်နေမှာပဲ၊ လောကီဘက် လောကုတ္တရာဘက် နှံ့စပ်အောင်ထိုးထွင်းသိနိုင်ရမယ်၊ ပါဠိပါဠ်သားနဲ့ ဝေါဟာရ အသုံးအနှုန်းတွေ နိုင်နင်းကျွမ်းကျင်ရမယ်၊ ဒါတွေမှ နကန်းတလုံးမသ်ဘဲနဲ့ ရေးနေရုံဆိုရင်တော့ ထိုင်နေရင် အကောင်းသားပါပဲ၊ ဒါကြောင့် စေတနာအရင်းခံနဲ့ အပင်ပန်းခံပြီး စာတွေ ပေတွေကို ဂျာနယ်တွေ မဂ္ဂဇင်းတွေထဲ ရေးပြနေတဲ့ပုဂ္ဂိုလ်တွေဟာ အင်မတန်လေးစားစရာကောင်းတယ်၊ ပိုက်ဆံပေါလို့ လုံးချင်းစာအုပ်တွေ ရေးနေပေ မယ်လို့ စာပေ၀မ်းစာမရှိရင် စာဖတ်သူတွေက သဘောပေါက်ကြတယ်နော်၊ ငွေရှိလို့ စာအုပ်ထုတ်ရုံနဲ့တော့ လူရိုသေ ရှင်ရိုသေ ဖြစ်မလာနိုင်သေးပါဘူး။
ဂျာနယ်တွေ မဂ္ဂဇင်းတွေထဲရေးလို့ ပါလာတာကမှ ဂုဏ်တက်ပါလိမ့်မယ်၊ ဘာလို့လဲဆိုတော့ တည်းဖြတ်ဝေဖန် နိုင်တဲ့ အယ်ဒီတာတွေလက်ထဲက ထိုးဖောက်ထွက်ခဲ့ရတဲ့ စာမူတွေဖြစ်နေလို့ပါပဲ။
( ဆရာတော် ဦးအာစိဏ္ဏ-ဆေးကျောင်း၊ တမ္ပ၀တီဆင်တဲတိုက် မန္တလေး )

No comments: