Friday, October 17, 2008

ပုံပြင် ( ၃ )

( ထူးဆန်းသည့် ကံကြမ္မာ )

တခါတုန်းက သူဋ္ဌေးကြီးတဦး ရှိလေသည်၊ သူသည် အတိတ်က ပြုလုပ်ခဲ့ဖူးသော ကံ၊ ပစ္စုပ္ပန်၏ ကံ ဖြစ်သော ကံတရား၏ သဘောတရားကို ယုံကြည်သူမဟုတ်။
တနေ့တွင် ပညာရှိ ပုရောဟိတ် တယောက်က သူဋ္ဌေးကြီးကို ဟောလိုက်၏။
သင်ပိုင်ဆိုင်တဲ့ အဖိုးတန် ပစ္စည်းရတနာတွေဟာ တနေ့ကျရင် သင်ရဲ့ အိမ်နီးချင်း ဆင်းရဲသားက ပိုင်ဆိုင်လိမ့်မယ်။
သူဋ္ဌေးကြီးက ဘယ်နည်းနှင့်မျှ မဖြစ်နိုင်ကြောင်း အကျောက်အကန် ငြင်းဆိုသည်၊ သို့ရာတွင် စိုးရိမ်စိတ်က မကင်းပေ။
ထို့ကြောင့် သူပိုင်ပစ္စည်းများ ထုထည်ကြီးမားသော ပစ္စည်းများကို ရောင်းချ၏၊ ထို့နောက် အဖိုးတန် စိန်များကို ၀ယ်ယူလိုက်၏၊ စိန်များက ပစ္စည်းသေးသလောက် တန်ဖိုးအနဂ္ဃထိုက်၏၊ ယင်းတို့ကို သေသေချာချာ ထုပ်လျက် ခေါင်းပေါင်းတွင် ထည့်ထား၏။
အင်း-ငါ့ရဲ့ ပစ္စည်းတွေဟာ အိမ်နီးချင်း ဆင်းရဲသားဆီ ဘယ်နည်းနဲ့မှ ရောက်မှာမဟုတ်ပါဘူး-ဟု တွေး၏၊ ခေါင်းပေါင်းကို သွားလေရာ ပေါင်းထား၏၊
များမကြာမီ သူသည် သင်္ဘောခရီးထွက်၏၊ ပင်လယ်ပြင်၏ အရသာခံယူရင်း စည်းစိမ်ယူနေ၏၊ ထိုစဉ် ရုတ်တရက် လေပြင်းတိုက်ခတ်ရာ ဦးခေါင်းထက်မှ ခေါင်းပေါင်းသည် လွင့်စဉ်ပြီး ပင်လယ်ထဲသို့ ကျသွားလေသည်၊ ထိုအခါ စဉ်းစားမိလိုက်သေး၏၊ အင်း-ကျယ်ပြန့်လှတဲ့ ပင်လယ်အောက်ကျသွားတဲ့ ငါ့ပစ္စည်းတွေ အိမ်နားက ဆင်းရဲသား ရယူခွင့်ရှိတော့မှာ မဟုတ်ပါဘူး။
သို့ရာတွင် ကံကြမ္မာကား ဆန်းကြယ်လှ၏၊ ဆင်းရဲသားသည် ဈေးမှ ဟင်းလျာအတွက် ငါးဝယ်လာ၏၊ ၀မ်းဗိုက်ကို ခွဲလိုက်သည့်အခါ ရတနာထုပ်ကို တွေ့ရလေသည်၊ သူဋ္ဌေးကြီး၏ ပစ္စည်းများဖြစ်၏၊ သူဋ္ဌေးကြီးမှာ မည်သို့မျှ မပြောသာတော့၊ ထူးဆန်းသည့် ကံကြမ္မာကိုသာ အံ့သြမဆုံးအောင် ဖြစ်ရလေသည်။
( မောင်ကောင်းယဉ် )
**********************************************************************************

( ကောင်းမှု ပြုသူ )

တခါက တောရွာမှ လူငယ်တေယောက်သည် မြို့သို့တက်၍ လက္ခဏာကျမ်းတတ်ဆရာကြီး တဦးထံတွင် ပညာသင်ကြားနေသည်၊ ဆရားကြီးက သူ့အား စာပေနှင့် လောကကျင့်ဝတ်ကောင်းကငို သင်ပေးသည်၊ တနေ့တွင် ဆရာကြီးသည် တပည့်ဖြစ်သူ၏ လက္ခဏာကို ကြည့်မိရာ ဆင်းဆင်းရဲရဲဖြင့် အသက်မွေးမြူရမည့် အဖြစ်ကို တွေ့ရ၍ သနားသဖြင့် ပြန်လွှတ်လိုက်လေ၏။
နောက်တနှစ်ခန့် ကြာသောအခါ တပည့်ဖြစ်သူသည် ၀တ်ကောင်းစားကောင်းများကို သပ်ရပ်စွာ ၀တ်ဆင်ပြီး ဆရားကြီးအား သွားကန်တော့သည်၊ ဆရာကြီးလည်း တပည့်ဖြစ်သူ၏ အခြေအနေ ပြောင်းလဲတိုးတက်လာပုံကို မြင်ရ၍ လွန်စွာအံ့သြပြီး အကျိုးအကြောင်းကို မေးကြည့်၏။
ထိုအခါ တပည့်ဖြစ်သူက ဆရာကြီးအား သူ၏ဖြစ်ပုံ အကြောင်းစုံကို ပြောပြ၏။
ကျွန်တော် ဆရာကြီးထံမှ ထမင်းထုပ်ထမ်း၍ ပြန်လာရာ လမ်းခရီးအကြားမြှ နေလည်း မွန်းတည့်လုနီးပါပြီ၊ ထိုအခါ ရဟန်းတပါး ဆွမ်းလာရပ်သဖြင့် ကျွန်တော်မစားဘဲ အကုန်လုံး ရဟန်းတော်အား လောင်းလှူလိုက်ပါသည်၊ ရဟန်းတော်လည်း မျှတရုံ့ဘုဉ်းပေးပြီး အကျန်ကို ကျွန်တော့အား ပြန်စွန့်သွားပါသည်၊ ထို့ပြင် ရွာရောက်သောအခါမှာလည်း ဆရာကြီးသင်ပေးသည့်အတိုင်း အများအကျိုးကို တတ်နိုင်သမျှ ဆောင်ရွက်ပါသည်၊ ရွာအ၀င် တံခါးဝ၌ ချိုင့်ဗွက်ကြီးကို ကျွန်တော်တယောက်တည်း ကြိုးစားမြေဖို့ခဲ့ပါသည်၊ ရွာအတွက် လိုအပ်သော ရေတွင်းတွင်းကိုလည်း ဦးဆောင်တူးခဲံပါသည်၊ ထိုအခါမှစ၍ ရွာက ကျွန်တော့အား ရှေ့ဆောင်လမ်းပြ ထားကြပြီး စပါး၊ ပဲ၊ နှမ်း၊ ကောက်ပဲသီးနှံများ ထောက်ပံ့ဘ=ကြပါသည်၊ ကျွန်တော်လည်း ရသမျှ အသီးအနှံတို့ကို မတည်ပြီး မိမိအတွက်ရော ရပ်ရွာအတွက်ပါ အရောင်းအ၀ယ် လုပ်ပေးပါသည်၊ သို့နှင့် တစတစ ကြီးပွားတိုးတက်လာပြီး ယခုလို ဆရာကြီးကို လာရောက်ကန်တော့ရခြင်း ဖြစ်ပါသည်။
တပည့်ဖြစ်သူသည် ဆရာကြီး တွေ့ရှိရသော လက္ခဏာအရဆိုလျှင် ဆင်းဆင်းရဲရဲ အသက်မွေးမြူရမလို ဖြစ်ပါသည်၊ သို့သော် ရဟန်းတော်အား ဆွမ်းလောင်းခြင်း၊ ဆရာကြီးစကား နားထောင်၍ ရပ်ရွာအကျိုး သယ်ပိုးခြင်း၊ စသော ကုသိုလ်ကောင်းမှုများကြောင့် ကြီးပွားတိုးတက်ကြောင်း ဆရာကြီး ဆင်ခြင်သုံးသပ်မိလေသည်။
( မောင်အေးနိုင် )
*********************************************************************************

( ကိုယ်လုပ်တာ ကိုယ်ခံ )

ရသေ့တပါးသည် ရွာတရွာ၏ အနီး၌ သစ်ခက်ကျောင်းကလေး တကျောင်းဆောက်ပြီးနေသည်၊ ရသေ့ သည် ထိုသစ်ခက်ကျောင်းကလေးတွင် တရားဘာဝနာ စီးဖြန်းနေလေသည်၊ နေ့စဉ် နေ့တိုင်း နံက်အချိန်တွင် ရွာထဲသွားပြီး ဆွမ်းဆန်နှင့်စားဖွယ်များ အလှူခံသည်၊ ရွာထဲတွင် အိမ်ပေါက်စေ့ သွားပြီး သူတပါးအတွက် ကောင်းကျိုးဆောင်ရွက်လျှင် စိတ်ချမ်းသာ ကိုယ်ချမ်းသာ ဖြစ်ရမည်၊ သူတပါးအတွက် ဆိုးကျိုးလုပ်လျှင် ဆင်းရဲဒုက္ခရောက်ရမည်၊ ကိုယ်လုပ်သည့်အတိုင်း အကျိုးခံစားရမည်-ဟူသော သြ၀ါဒကိုလည်း ပေးလေသည်။
ထိုရွာ၌ မိန်းမကြီးတယောက်ရှိသည်၊ ထိုမိန်းမကြီးသည် ရသေ့၏ သြ၀ါဒစကားကို ကြားကြားနေရသည်၊ သို့သော်လည်း ရသေ့ပြောသော တရားစကားကို အယုံအကြည်မရှိပေ၊ သူ့မျက်မှေက်ြတွင် များသောအားဖြင့် မကောင်းမှု ဒုစရိုက်ကျူးလွန်သူများသည် ချမ်းချမ်းသာသာနေရပြီး မကောင်းမှု ရှောင်ကြဉ်နေသူများက ဆင်းဆင်းရဲရဲနေကြရသည်၊ ထိုမိန်းမကြီါ်သာ ရသေ့၏သြ၀ါဒစကားကို စမ်းသပ်ကြည့်လိုသည့် စိတ်ဆန္ဒပေါ်လာလေသည်၊ မကောင်းတဲအလုပ်ကို လုပ်တဲ့အတွက် ဘယ်လိုအကျိုးသက်ရောက်မှု ဖြစ်ပေါ်လာတယ်ဆိုတာ သိရအောင် ငါ စမ်းကြည့်မယ်-ဟူ၍ ဆုံးဖြတ်လိုက်လေသည်။

No comments: