Friday, October 3, 2008

ဘုရားပွင့်ပေါ် ကျေးဇူးတော်

ဗုဒ္ဓမြတ်စွာဘုရားရှင် ပွင့်ထွန်းပေါ်ပေါက်စဉ်ကာလ ဘီစီ ၆-ရာစုမှ ၅-ရာစုအတွင်း မဟာသက္ကရာဇ် ၁၀၃-ခုနှစ် ၀န်းကျင်၌ အိန္ဒိယပြည် မဇ္ဈိမဒေသတွင် အ၀တ်မ၀တ်ဘဲ နေလေ့ရှိသော တိတ္တိ တက္ကတွန်းများ ရှိကြ၏၊ သူတို့သည် ၀တ္ထုပစဏည်းများနှင့် အ၀တ်အစားများအပေါ်မှာလည်း ခင်မင်မှု, သံယောဇဉ်တွယ်တာမှု မထား ဟူသော တဖက်စွန်းအယူအဆများဖြင့် အ၀တ်မ၀တ်ကြခြင်းလည်း ဖြစ်ပေသည်။
တိတ္တိ တက္ကတွန်းတို့သည် အို, နာ, သေ, မရှိရာ အမတနိဗ္ဗာန်ကို ကိုယ့်နည်းကိုယ့်ဟန်တို့ဖြင့် အသီးသီး ရှာဖွေနေကျချိန်လည်း ဖြစ်ပေသည်၊ အချို့က အစာအငတ်ခံပြီး ကျင့်၏၊ မိမိတို့ ခန္ဓာကိုယ်ကို ပင်ပန်းဆင်းရဲအောင် ညှဉ်းဆဲခြင်းဖြင့်ကျင့်၏၊ အညစ်အကြေးများ ကုန်ခန်းသည်ဟု ယူဆသော အတ္တကိလမထ လမ်းစဉ်ဖြင့်လည်းကျင့်၏၊ အချို့မှာ ကာမဂုဏ်ကိုခံစားပြီး စိတ်အလိုလိုက်ကာကျင့်သော ကာမသုခလ္လိက လမ်းစဉ်ဖြင့်လည်း ကျင့်၏၊ ထိုစဉ် ဗုဒ္ဓဘုရားရှင်က အလယ်အလတ်လမ်းစဉ် မဇ္ဈိမပဋိပဒါ (မဂ္ဂင်ရှစ်ပါး) လမ်းစဉ်ဖြင့် အစွန်းရောက်ကျင့်စဉ် နှစ်ခုကိုပယ်ပြီး ကျင့်ပေသည်၊ ထိုခေတ်တွင် ဗုဒ္ဓနှင့်အပြိုင် ထင်ရှားသော ဂိုဏ်းဆရာကြီး ၆-ဦးတို့ ပေါ်ပေါက်ခဲ့၏၊ ထို ၆-ဦးတို့မှာ---
၁။ ပုရာဏကဿပ
အမည်ရင်းမြှ ပုရာဏဖြစ်ပြီး ကဿပ-မှာ အမျိုးအနွယ်ဖြစ်သည်၊
သူသည် ကျွန်မျိုးကျွန်နွယ်ဖြစ်ပြီး ကျွန်ပိုင်ရှင်တဦး၏အိမ်တွင် နေထိုင်သော ကျွန်မတဦးက ပေါက်ဖွားလာသူ တဦးဖြစ်ပေသည်၊ ကျွန်ပိုင်ရှင်အိမ်၌ ကျွန်တရာပြည့်ရန် တယောက်လိုနေချိန်တွင်မှ မွေးဖွားလာသူ ဖြစ်ပေသည်၊ ကဿပ-ကို မွေးဖွားလာ၍ ကျွန်တရာပြည့်သွားသောကြောင့် ပုရာဏ (ရာပြည့်)ဟု အမည်တခု ထပ်မံတွင်သွား ပြန်သည်။
ကျွန်ပေါင်းတရာပြည့်တွင် ထူးထူးခြားခြား မွေးဖွားလာသောကြောင့် မင်္ဂလာရှိသောကျွန်အဖြစ် သတ်မှတ်ကာ အခိုင်းအစေမခံရပဲ ချမ်းချမ်းသာသာထားခြင်းကို ခံရပေသည်၊ သို့သော် သူသည် ကျွန်ပိုင်ရှင်အိမ်တွင် မနေလို၍ ထွကင်ပြေးရာ လမ်းတွင် ခိုးသားဓားပြများနှင့်တွေ့သည်၊ ပါလာသော အ၀တ်အစားများနှင့် ပစ္စည်းများ အလုခံ လိုက်ရ၏၊ ထို့ကြောင့် ပုရာဏကဿပသည် အ၀တ်မပါ ၀တ်လစ်စလစ်ဖြင့် သွားလာနေရာမှ ရွာတရွာအရောက်တွင် ရွာသူရွာသားများက ရဟန္တာအမှတ်ဖြင့် ပူဇော်ခြင်းကိုခံရဟည်၊ ထိုမှစ၍ အ၀တ်မ၀တ်တော့ပဲ ဂိုဏ်းဆရားကြီးတဦးအဖြစ် ဘ၀ကို ရပ်တည်လာသူဖြစ်သည်။
သူ၏အယူဝါဒမှာ အကိရိယ၀ါဒ-အကြောင်းကံကိုပယ်သော အယူဖြစ်သည်။
ဤအယူဝါဒသည် မည်သည့် ကာယက့, ၀စီကံ, မနောကံဖြစ်စေ၊ ကုသိုလ်ကံဖြစ်စေ၊ အကုသိုလ်ကံဖြစ်စေ၊ မြတ်သောကံဖြစ်စေ၊ ယုတ်သောကံဖြစ်စေ၊ ကောင်းမှု မကောင်းမှုပြုသော်လည်း ပြုသည်မမည်၊ ပြုရာမရောက် ဟု ယူသောအယူဖြစ်သည်။ ကံသီး, ကံပွင့်, ကံကျိုးမည်သည် မရှိဆိုသော အယူဝါဒဖြစ်သည်၊ ကုသိုလ်လည်း မဖြစ်, အကုသိုလ်လည်းမဖြစ်သော အယူကို စွဲကိုင်ထားသည်။


၂။ မက္ခလိဂေါသာလ
နွားခြံတွင်း၌ မွေးဖွားလာသူဖြစ်၍ ဂေါသာလ-ဟု အမည်တွင်သည်၊
သူလည်း ကျွန်မျိုးကျွန်နွယ်ပင် ဖြစ်သည်၊ သူသည် ချောသောမြေပြင်မှ ဆီအိုးကိုယူလာစဉ် သခင်ဖြစ်သူက `ချော်မလဲစေနဲ့´(မာခလိ)`ု သတိပေးနေစဉ်မှာပင် ဆီအိုးကျ၍ ကွဲသွား၏၊ ထို့ကြောင့် သခင်ရိုက်မည်စိုး၍ ထွက်ပြေးရာ သခင်က ပုဆိုးစကို ဆွဲထားသဖြင့် ပုဆိုးကိုချွတ်၍ ထွက်ပြေးရင် အောက်ပိုင်းဗလာဖြင့် ရွာတရွာသို့ ရောက်သွားသည်၊ သူ့ကို ရွာသူရွာသားတို့က ရဟန္တအမှတ်ဖြင့် ကိုးကွယ်ရာမှ ဂိုဏ်းဆရာကြီးတဦး ဖြစ်လာပြန်သည်။
သူ၏အယူဝါဒမှာ အဟေတုက၀ါဒ-သူ့အချိန်ကျလျှင် ချမ်းသာကြ, ဆင်းရဲကြရသော အယူဖြစ်သည်။
ဤအယူဝါဒသည် ကြောင်းကျိုးနိယာမကို လုံးဝငြင်းပယ်သော မိစ္ဆာဒိဋ္ဌိအယူဖြစ်သည်၊ သက်ရှိသက်မဲ့ ဖြစ်ရပ် အားလုံးတို့သည် အကြောင်းအကျိုးဘေကာင့် ဖြစ်နေကြသည်မဟုတ်၊ ကြုံကြိုက်သလိုတိုက်ဆိုင်၍သာ ဖြစ်နေကြသည်၊ ကောင်းမှုကံ မကောင်းမှုကံမရှိ-ဟူသော အယူဝါဒဖြစ်သည်။ ရုပ်နာမ်တရားတို့သည် အကြောင်းမရှိဘဲ ဘာသိဘာသာ ဖြစ်ပေါ်လာသည်ဟူသော အယူမှားမျိုးပင် ဖြစ်သည်။


၃။ အဇိတကေသကမ္ဗလ
အမည်ရင်းမှာ အဇိတ ဖြစ်သည်၊ သူသည် လောဘအလိုနည်းသူ, လေဘမရှိသူဖြစ်ကြောင်း လူအများထင်ရန် အတွက် လူတို့၏ဆံပင်ကို ကမ္ဗလာသဖွယ် ၀တ်ရုံလုပ်၍ ၀တ်သောကြောင့် ကေသကမ္ဗလဟုခေါ်ရာမှ အမည်ဟောင်းပါ ပေါင်းစပ်ပြီး အဇိတကေသကမ္ဗလ-ဟု အမည်တွင်သော ဂိုဏ်းဆရာကြီးဖြစ်လာသည်။
သူ၏အယူဝါဒမှာ နတ္ထိက၀ါဒ-အကျိုးဝိပါက်ကို ပယ်သောအယူဖြစ်သည်။
ကောင်းမှုကံလည်း အကျိုးမရှိ၊ မကောင်းမှုကံလည်း အကျိုးမရှိ၊ အကြောင်းအကျိုးကိုငြင်းပယ်သော အယူဝါဒ ဖြစ်သည်၊ ကောင်းသောကံ ဖြစ်ဖြစ်၊ မကောင်းသောကံ ဖြစ်ဖြစ်၊ ဘာအဓိပ္ပါယ်မှ မရှိ၊ ဘာမျှလည်း ဖြစ်စရာမရှိ-ဟု ယူဆသည်၊ အကြောင်းအကျိုးဆက်ကိုလည်း ငြင်းပယ်ရာကျသည်၊ ဤမိစ္ဆာဒိဋ္ဌိကံသည် ပဉ္စာနန္တရိယကံကြီး ထိုက်သူထက် ဆိုး၏။


၎။ ပကုဓကစ္စာယန
အမည်ရင်းမှာ ပကုဓဖြစ်သည်။
စိတ်ဆိုးလွယ်သူ ဒေါသကြီးသူ-ဟု အဓိပ္ပါယ်ရသော အမည်ပင်ဖြစ်သည်။
ကစ္စာယနမှာ သူ၏အမျိုးအနွယ်ဖြစ်၏၊
သူ၏အယူဝါဒမှာ သတ္တကာယ၀ါဒဖြစ်၍ ပထ၀ီ, အာပေါ, တေဇော, ၀ါယော, သုခ, ဒုက္ခ,နှင့်ဇီဝဟူသောကာယ ခုနစ်ပါးအယူကို ဟေပြောသည်။


၅။ သဉ္စယဗေလဋ္ဌပုတ္တ
အမည်ရင်းမှာ သဉ္စယဖြစ်သည်။ စုဝေးရာဟု အဓိပ္ပါယ်ရသဖြင့်အတတ်ပညာပေါင်းစုံ စုဝေးရာ, အတတ်ပညာများ ပြာ့်စုံသောဆရာကြီးဟု ဆိုလိုသည်။ဖခင်မှာ ဗေလဋ္ဌဖြစ်၍ သူ့အား ဗေလဋ္ဌပုတ္တ-ဟု ခေါ်ဝေါ်ကြ၏၊ သဉ္စယ အမည်ရင်းနှင့်ပေါင်းကာ သဉ္စယဗေလဋ္ဌပုတ္တ-ဟု အမည်တွင်သူဖြစ်ပေသည်၊ သဉ္စယမှ သိဉ္စည်းအမည်နှင့် ထင်ရှားသူလည်းဖြစ်ပေသည်၊ အစဦးပိုင်းတွင် အရှင်သာရိပုတ္တရာ အရှင်မောဂ္ဂလ္လာန် အပါအ၀င် တပည့်ငါးရာ တို့၏ ဆရာကြီးလည်းဖြစ်သည်။
သူ၏အယူဝါဒမှာ အမရာဝိက္ခေပ၀ါဒ-ငါးရှဉ့်ကဲ့သို့ အဖမ်းရခက်သော (၀ါ) မည်သည့်အယူဟု ဖော်ပြရန် ခက်ခဲသောအယူ
(က) မုသားကြောက်၍ စကားကို ရှောင်လွှဲပြောဆိုခြင်း။
(ခ) စွဲလမ်းမှု ဥပါဒါန်ကြောက်၍ လွှဲပြောခြင်း။
(ဂ) ပညာရှိများ စစ်မေးမည်ကိုကြောက်၍ လွှဲပြောခြင်း။
(ဃ) ညံ့ဖျင်းထုံအခြင်း အကြောင်းကြောင့် စကားကို ရှောင်လွှဲတိမ်းရှောင်ခြင်းတို့ဖြစ်သည်။
အမရာဝိက္ခေပ လေးမျိုးလုံး၌ သူတပါးက မေးမည်ကို မသိ၍ ရှောင်လွှဲနေခြင်းသာ ဖြစ်သည်။
ရှောင်နေရုံမျှတော့ မိစ္ဆာဒိဋ္ဌိအယူတော့ မဖြစ်ပေ၊ ငါ့မှာ မုသားဖြစ်လိမ့်မည်၊ ငါ့မှာ ဥပါဒ်ဖြစ်လိမ့်မည်၊ ငါ့ကို စစ်ကြော စစ်မေးကြလိမ့်မည်ဟု ငါဟူသောအတ္တစွဲ ရှီနေ၏၊ ထိုအတ္တစွဲကြောင့် မိစ္ဆာဒိဋ္ဌိအယူရှိသည်ဟု ဆိုရပေသည်၊ မသိသည်ကို မသိဟု ရိုးရိုးမနေပဲ ရှောင်လွှဲ၍ ဖြေဆိုမှုကိုပင် အကောင်းဟု စွဲစွဲမြဲမြဲ သဘောကျနေသောအယူတမျိုးဖြစ်သည်။


၆။ နိဂဏ္ဍနာဋပုတ္တ
ဂျိန်ဘုရားတဦး ဖြစ်သည်။
သူ၏ဂိုဏ်းသည် ပီဋကတ်တွင် နိဂဏ္ဍဂိုဏ်းဟု ထင်ရှားသည်၊ ကိလေသာအနှောင်အဖွဲ့ မရှိ-ဟု အဓိပ္ပါယ်ရသည်၊ ထိုဂိုဏ်းဝင်သူတိုင်း နိဂဏ္ဍဟု အမည်ရကြ၏၊ နာတိကရွာကို အပိုင်စားရသော နာဋ၏သားဖြစ်၍ နိဂဏ္ဍနာဋပုတ္တ-ဟု ခေါ်ဝေါ်ကြ၏။
သူ၏အယူဝါဒမှာ ကြမ္မာဝါဒ-ကံဟောသ်းကုန်က မောက္ခရနိုင်သည်ဟူသော အယူဝါဒကို ဟောပြော၏၊ ကံဟောင်းကုန်ပါက ဘ၀မှလွတ်မြောက်ခြင်းပင် ဖြစ်ပေသည်၊ ယခုအချိန်အထိ အိန္ဒိယပြည်တွင် ဂျိန်ဘာသာအဖြစ်ဖြင့် ထင်ရှားနေသေးသည်၊ အ၀တ်မ၀တ်ဂိုဏ်းနှင့် အ၀တ်ဖြူဝတ်ဂိုဏ်းဟူ၍ ဂိုဏ်၂-ဂိုဏ်း ရှိသည်။
သိဒ္ဓတ္ထမင်းသား-
အမည်ရင်း သိဒ္ဓတ္ထ-အမျိုးအနွယ်မှာ သာီ့ဝင် မင်းမျိုးမင်းနွယ်၊ မာဂဓတိုင်း ကပ်လ၀တ်ပြည်၌ သုဒ္ဓေါဒနဘုရင်မင်းမြတ်၏ တောင်ညာစံဒေ၀ီ မဟေသီ မာယာဒေ၀ီ မိဖုယားမှ မဟာသက္ကရာဇ် ၆၈၊ ကဆုန်လပြည့် သောကြာနေ့တွင် ဖွားမြင်တော်မူသည်၊ ၆-နှစ်တိုင် တရားကျင့်ပြီးနောက် သဗ္ဗညုတဉာဏ်တော်ကို ရရှိကာ ဘုရားဖြစ်လာတော်မူခဲ့သည်။
ဖော်ပြပါဂိုဏ်ဒဆရာကြီး ၆-ဦးတို့သည် မိမိကိုယ်ကို မိမိတို့ သဗ္ဗညုဘုရားဟု ၀န်ခံပြီးဟောပြောနေခဲ့ကြသည်၊ မဟာသက္ကရာဇ် ၁၀၃-ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓဟူနေ့တွင် ဗုဒ္ဓဂေါတမဘုရား ပွင့်ထွန်းပေါ်ပေါက်လာသည်။ ထိုအခါတွင်မှ ဂိုဏ်းဆရာကြီး ၆-ဦးသည် ဗုဒ္ဓမြတ်စွာဘုရားရှင်၏ သီလ သမာဓိ ပညာများကို မယှဉ်ပြိုင်နိုင်ကြပဲ တဖြည်းဖြည်းနဲ့ မှေးမှိန်သွားတော့သည်။ ဗုဒ္ဓ၏အယူဝါဒမှာ အနိစ္စ ဒုက္ခ အနတ္တတရားနှင့် အကြောင်းအကျိုးဆက် တရားတော်များ ဖြစ်သည်၊ အကြင်သာသနာတော်၌ အရိယာအဖြစ်ကို ပြုနိုင်သော မဂ္ဂင်ရှစ်ပါး အကျင့်တရားရှိ၏၊ ထိုသာသနာတော်၌ သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာဟူသော ပုဂ္ဂိုလ်လေးမျိုးကို ရနိုင်သည်၊ တိတ္တိတို့ ဟောပြောသောတရားတို့သည် မဂ္ဂင်ရှစ်ပါးလမ်းစဉ် မရှိ၊ အရိယာအဖြစ်ကို ပြုတတ်သောတရားမရှိ၊ သစ္စာလေးပါးတရားကို သိနိုင်သော ရဟန္တာမျိုးတို့မှ ကင်းဆိတ်ကြကုန်၏။
ဤငါဘုရားသာသနာတော်၌ ဘိက္ခုအမည်ခံသော ပုဂ္ဂိုလ်တို့သည် မဂ္ဂင်ရှစ်ပါး အကျင့်တရားကိုကျင့်၍ ကောင်းစွာအားထုတ်လျှင် ဤကမ္ဘာလောကကြီးသည် ရဟန္တာများကို အမြဲပင် မြင်တွေ့နိုင်သည်ဟု မဟာသက္ကရာဇ် ၁၄၈-ခုနှစ် ကဆုန်လပြည့် အင်္ဂါနေ့ သန်းခေါင်ယံ အရုဏ်မတက်မီ ပရိနိဗ္ဗာန်စံဝင်ခါနီး၌ သုဘဒ္ဒပရိဗိုဇ်အား ဟောကြားသွားတော်မူခဲ့သည်။

1 comment:

mingala said...

အရမ်းစိတ်ဝင်းစားဖို့ကောင်းတယ်။ နောက်များများ ရေးတင်ပါ။ ကျေးဇူး