Friday, October 3, 2008

ဗုဒ္ဓဘာသာ မိတ်ဆက်

ကလေးတို့ရေ လူတဦးနဲ့တဦးကြား၊ လူတစုနဲ့ တစုကြား အချင်းချင်း ညီညီညွတ်ညွတ်ရှိဖို့ဆိုတာ ညီညွတ်ခြင်းအကြောင်းတရား လေးပါးနဲ့ ပြည့်စုံမှ ဖြစ်မှာပါ။ ကလေးတို့ သိနိုင်ဖို့ ဗဟုသုတဖြစ်ဖွယ် ဖော်ပြပေးလိုက်ပါတယ်။

( ညီညွတ်ခြင်း၏ အကြောင်း )
ညီညွတ်ခြင်း၏အကြောင်း ချီးမြှောက်ထောက်ပံ့ခြင်းတရား လေးပါးမှာ-
၁။ ဒါန-ရက်ရက်ရောရော စွန့်ကြဲ ပေးကမ်း လှူဒါန်ခြင်း။
၂။ ပေယျဝဇ္ဇ-ချစ်ခင်ဖွယ်ရာ ချိုသာသောစကားကို ပြောဆိုခြင်း။
၃။ အတ္ထာစရိယ-တဦး၏အကျိုးစီးပွားကို တဦးကသိခြင်း, ဆောင်ရွက်ပေးခြင်း။
၎။ သမာနတ္ထတာ-ကိုယ်ချင်းစာတရား ထားခြင်း, မိမိကိုယ်နှင့် တန်းတူထားခြင်း။

( လင်္ကာ )
ပေးကမ်းရက်ရော, အပြောချိုသာ ၊
သူ့ကျိုးဆောင်ရွက်, မပျက်စေရာ ၊
တန်းတူကိုယ်နှင့်, အသင့်ထားပါ ၊
ညီညွတ်ရေး, အားပေး ဤလေးဖြာ ။
**********************************************************************************

( သီလ )
ဒီတခါ ဗုဒ္ဓဘာသာ မိတ်ဆက်ကဏ္ဍမှာ ကလေးတို့သိထားသင့်တဲ့ ဥပုသ်သီလနှင့် ပတ်သက်တဲ့ အချက်အလက်ကို အမေးအဖြေ ပြုလုပ်ပြီး ဖော်ပြလိုက်ပါတယ်။

မေး။ တခါ သီလ ယူထားရင် နောက်တနေ့မှာ သီလမယူဘဲ ဆက်ပီး ဥပုသ်စောင့်နိုင်ပါသလား။

ဖြေ။ ဆက်စောင့်နိုင်ပါတယ်။
သီလဟာ အမြဲကျင့်ရတဲ့ နိစ္စသီလနှင့် တခါတရံ ဆောက်တည်ရတဲ့ ဥပုသ်သီလ-လို့ နှစ်မျိုးရှိပါတယ်၊
ငါးပါးသီလဟာ နိစ္စသီလ ဖြစ်ပါတယ်၊
သီလယူထားသည်ဖြစ်စေ, မယူထားသည်ဖြစ်စေ, ခါးဝတ်သဖွယ် အမြဲလုံခြုံစေရမဲ့ သီလဖြစ်ပါတယ်။
ဥပုသ်သီလဆိုတာ အပိုတန်ဆာဆင်သလို ရွတ်ဆိုကတိက၀တ်ခံပြီး ပြုလုပ်ထားတဲ့ ရှစ်ပါးသီလဖြစ်ပါတယ်၊ ထိုဥပုသ်သီလကို မိမိကျင့်နိုင်သလောက် ရက်ပိုင်းခြားပြီး ဥပုသ်စောင့်နိုင်ပါတယ်၊ တခါဆောက်တည်ထားရင် ထိုရက်မကုန်မချင်း သီလတည်နေပါတယ်၊ ရက်အပိုင်းအခြား စေ့တဲ့အခါမှာ ရှစ်ပါးသီလသိက္ခာ အလိုလိုကျပြီး ငါးပါးသီလပဲ ကျန်ရှိနေပါတယ်။
**********************************************************************************

No comments: