Thursday, November 13, 2008

ဆွမ်းထူး ဆွမ်းမြတ်

ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်အတွင်း၌ ထူးခြား၍ လူသိများသော ဆွမ်းစားရမှု သုံးလေးကြိမ်မျှ ရှိခဲ့ပါသည်။

( ၁ )။ တကြိမ်မှာ ဘုရားဖြစ်တော်မူသည့်နေ့တွင် သုဇာတာ သူဌေးသမီး လှူဒါန်းသောဆွမ်းဖြစ်၏၊
ဤဆွမ်းမှာ ဘုဉ်းပေးသုံးဆောင်ရာ၌ ထူးခြားမှု ရှိစေသကဲ့သို့ပင် ဤဆွမ်းဖြစ်အောင် စီမံပြုလုပ်သော သုဇာတာ၏ အပြုအမူကြောင့်လည်း ပိုမိုထူးခြား လူသိများခဲ့သည်။
သို့ရာတွင် ဤဆွမ်းအတွက် သုဇာတာ၏ ရည်ရွယ်ရင်းကား ဘုရားရှင် သို့မဟုတ်-ယနေ့ညဥ့်ပိုင်းတွင်ပင် ဘုရားဖြစ်တော်မူမည့် သိဒ္ဓတ္ထ၇ဟန်းအတွက် မဟုတ်၊ သူကိုးကွယ်လာခဲ့သော ဆုတောင်းပြည့် ညောင်ပင်စောင့် နတ်မင်းသို့သာ ရည်ရွယ်ရင်းဖြစ်ပေသည်။
မထူးခြားဘဲရှိမည်လော၊ ဤအလှူအတွက် ရှေးမဆွကပင် နွားမတထောင်ကို နွယ်ချိုတော၌ ကျောင်း၍ ထိုတထောင်သော နွားမကို ငါးစုပြုပြီးလျှင် ရှစ်ရာသော နွားမတို့၏ နို့ရည်ကို နှစ်ရာသော နွားမတို့၌ တိုက်၏။
၎င်းနှစ်ရာကို ငါးစုပြန်စု၍ တရာ့ခြောက်ဆယ်သော နွားမတို့၏ နို့ရည်ကို လေးဆယ်သော နွားမတို့၌ တိုက်၏။
ထိုလေးဆယ်ကို ငါးစုပြုပြန်၍ ၃၂-ကောင်သော နွားမတို့၏ နို့ကို ရှစ်ကောင်သော နွားမတို့၌ တိုက်ကြပြန်၏။
ထိုရှစ်ကောင်သော နွားမတို့၏ နို့ရည်ဖြင့်သာ ဃနာနို့ဆွမ်း ချက်သည်။

ထို့ထက်ထူးခြားဟန်ကားဘုရားလောင်းတော် ဘုဉ်းပေးရမည့် ဆွမ်းဖြစ်မှန်းသိသော သိကြားမင်းက ချက်သောဆွမ်းအိုးကို မီးထိုးပေးသည်။
မဟာဗြဟ္မာကြီးက ဆွမ်းအိုးကို ထီးမိုးပေးသည်။
စတာမဟာရာဇ်နတ်မင်းကြီး လေးယောက်တို့က အရပ်လေးမျက်နှာမှ လက်နက်ထမ်းကာ စောင့်ရှောက်ပေး၏။

မစောင့်ရှောက်၍ မဖြစ်၊ တောထွက်တော်မူစဉ် မျြို့တံခါးဝကပင် စတင်နှောက်ယှက်လျက်ရှိနေသော မာရ်နတ်ယုတ်၏ ဘေးရန်အန္တရာယ် ရှိနေသည်မဟုတ်လော၊ နတ်အများတို့က လေးကျွန်းတမြင့်မိုရ် ထိုထိုအရပ်တို့၌ ရှိလေသမျှသော အရသာမျိုးစုံကို ဖြည့်တင်းပေးသည်။

ထိုနတ်ဗြဟ္မာတို့၏ ရည်ရွယ်ချက်ကား အရသာရှိစေသော ဆွမ်းဖြစ်ကာမျှမဟုတ် ဘုရားဖြစ်ပြီးနောက် ဆွမ်းမစားဘဲ သတ္တသတ္တာဟ ခုနစ်ရက် ခုနစ်လီ စံနေတော်မူသည်အထိ ပြီးပြည့်စုံအောင် ရည်ရွယ်ရင်းဖြစ်၏။

အမြိုက်သုဓာ၊ နတ်စားငှါနှင့်
များစွာလျော့လျား၊ မထူးခြားတည့်
ဘုရားဟူက၊ ပွင့်စမူးမူး။ ထိုနေ့ဦး၌၊
ရဖူးစမြဲ၊ မလွဲဖြစ်တမ်း၊ နို့သစ်ဆွမ်းကို၊
မြစ်ရေကမ်းစ၊ ထက်ဝက်လှလျက်၊
သတ္တသတ္တာ၊ နောင်လာစိစစ်၊
ခုနစ်ခါလည်၊ ကြားသည်အံ့ဟူ၊
ဝံ့ဆည်တာတွယ်၊ မျှအောင်ရွယ်သို့၊
လေးဆယ့်ကိုးလုတ်၊ မယုတ်အင်ပြည့်၊ သပ္ပါယ်ဖြည့်လျက်။ ( ပါရမီတော်ခန်း ပျို့ အပိုဒ် ၁၁ )

ဤဆွမ်းကား ဘုရားတကာတို့ ရလာမြဲဖြစ်သည့်အတိုင်း ကျမ်းပြုဆရာ ကဗျာဆရာတို့ကပင် အထူးတလည် သီကုံးဖွဲ့ဆိုအပ်သည့် ထူးခြားသော ဆွမ်းတော်ပင် ဖြစ်လေသည်။

( ၂ )။ ဒုတိယဆွမ်းသည်ကား သောဏသတို့သား၏ ဆွမ်း-ဖြစ်ပေသည်၊ ဤဆွမ်းဖြစ်ပေါ်လာမှု၏ ထူးခြားပုံကား-
မဇ္ဈိမဒေသရှိ ဆန်စပါးမျိုးစုံတို့အနက် အကောင်းဆုံးသော အမျိုးအစားမှာ စွပယ်ဖူးဆန် ဖြစ်၏၊ ဤဆန်ကို ချက်လိုက် ပြုတ်လိုက်လျှင် ထွက်ပေါ်လာသော ထမင်းလုံးမှာ ဖြူဖြူဖွေးဖွေး စံပယ်ဖူးလေးများပမာ ဖြစ်ပေါ်လာသောကြောင့် စံပယ်ဖူးဆန်-ဟု ခေါ်၏၊ မွှေးကြိုင်ပြီး အဆီအနှစ်နှင့်လည်း ပြည့်စုံသည်၊ ယင်းစံပယ်ဖူးဆန်ကို လူတိုင်းမစားနိုင်၊ မင်းစိုးရာဇာ အထက်တန်းလွှာတို့သာ စားသုံးနိုင်၏။
သောဏသတို့သား၏ မိဘတို့က ယင်းစံပယ်ဖူးစပါး အမျိုးအစားကောင်းကောင်းကို ရွေးချယ်ဝယ်ယူပြီးလျှင် သီးသန့်မြေတွင် ရေဖြင့်မစိုက်၊ နို့ရည်ဖြင့်သာ စိုက်စေပြီးလျှင် ထွက်ပေါ်လာသောစပါးကို နံ့သာမျိုးစုံ၊ နံ့သာနှစ်၊ နံ့သာပြောင်းတို့ဖြင့် လိမ်းကျံမွမ်းထုံအပ်သော ကျီသုံးလုံးတွင် ထည့်သွင်းပိတ်လှောင်ပြီးနောက် နှစ်ချို့စပါးအဖြစ် ကျီတလုံးကို သုံးနှစ်တကြိမ်ကျဖွင့်၍ သောဏသတို့သားအား ချက်ပြုတ်စားသုံးစေ၏၊ ချက်ပြုတ်ရာ၌လည်း စပါးလုံးကို တလုံးချင်းနွှာစေ၍ နို့ရည်ဖြင့်သာ ချက်ပြုတ်ရသည်။

ယင်းသောဏသတို့သား ဟူသည်ကား နောင်အခါတွင် ဘုရားရှင်ဒေသနာတော်၌ ၀ီရိယကြီးမားခြင်းအရာ၌ ဧတဒဂ်သခင်ဖြစ်လာသော ဘ၀ပါရမီထူးရှင် သောဏကောဠိဝိသထေရ်ပင် ဖြစ်လေ၏။
ဘုရားရှင်သည် နာမကျန်းဖြစ်တော်မူပြီးနောက် နာလန်ထစအချိန်၌ ဆွမ်းကောင်းဆွမ်းမွန်ဖြင့် ပြုစုဘုဉ်းပေးစေလိုသော အရှင်သာရိပုတ္တရာမထေရ်က ယင်း-သောဏသတို့သား၏ဆွမ်းကို ကြွရောက်အလှူခံပြီးလျှင် ဘုရားရှင်အား ဆက်ကပ်လေသည်၊ ထူးခြားသောဆွမ်းပင် ဖြစ်ပေ၏။


( ၃ )။ နောက်တမျိုးကား သုဇာတာတို့၊ သောဏတို့ဆွမ်းလို ကောင်းမွန်လှသောကြောင့် ထူးခြားခြင်းမဟုတ်၊ လူတို့စကားဖြင့် ပြောရပါမူ - ဘုရားရှင် သက်တော်တလျှောက်လုံး၌ မမေ့နိုင်လောက်အောင် စားသုံးတော်မူခဲ့ရသော အညံ့ဆုံး၊ မကောင်းဆုံးဆွမ်း ဖြစ်၏၊ ယင်းဆွမ်းသည်ကား ဝေရဉ္ဇာတိုင်းတွင် ဘုရားရှင် ၀ါကပ်တော်မူစဉ် တ၀ါတွင်းလုံး ဘုဉ်းပေးတော်မူခဲ့ရသော မုယောဆွမ်းကြမ်းပင် ဖြစ်ပေ၏။

လူတို့စားသော ဆန်ဆိုး၊ ဆန်ညံ့မျှပင်မဟုတ်၊ မြင်းစားသော မုယောဆန်များကို ညီတော်အာနန္ဒာက ဆုံဖြင့် ထုထောင်းဆက်ကပ်ကာ ရေဖြင့်မျှောချ ဘုဉ်းပေးတော်မူခဲ့ရသော မသေရုံ အာဟာရမျှ ဖြစ်ပေသည်၊ ယင်းဆွမ်းမှာ ထူးခြားလှသောကြောင့် ၀ိပါက်တော် တပါးအဖြစ်ပင် ပိဋကတော်တွင် မှတ်တမ်းတင်ခဲ့ရပေသည်။

ဝေရဉ္ဇာတိုင်း ၊ သမိုင်းအကျော်
ဝါတော်ကပ်တော့ ၊ မာရ်နတ်နိုးဆော်
မုယောဆွမ်းမို့ ၊ ကြမ်းကြမ်းထော်ထော်
ဘုဉ်းပေးရ ၊ ရှေးက ဘယ်ဝဋ်နော် ။

မထင်မရှား ၊ မျိုးသားဖြစ်တုံ
ရဟန်းတော်များ ၊ ဆွမ်းစားခိုက်ကြုံ
ဆွမ်းကြမ်းစားဟု ၊ ပြစ်မှားဆိုပုံ
ဝစီထွက် ၊ ၀ိပါက်တော်တဲ့ယုံ ။ ( လယ်တီ ပဏ္ဍိတ )

ဖုဿဘုရားရှင် လက်ထက်တော်တွင် ဘုရားရှင်နှင့် သံဃာတော်များ ဆွမ်းဘုဉ်းပေးတော်မူခိုက် မြင်တွေ့ရသော အလောင်းတော်ကား-ဒီဦးပြည်း ရဟန်းတွေဟာ ဘာအလုပ်ကိုမှ မလုပ်ချင်ကြဘူး၊ ပျင်းပျင်းရိရိနေထိုင်ပြီး လူအများလှူဒါန်းတဲ့ ဆွမ်းဘောဇဉ်တွေကို ၀အောင်စားပြီး အားတိုင်းအိပ်လို့ နေကြတယ်၊ ဒီလို ရဟန်းတွေကို သိမ်မွေ့လှစွာ အရသာရှိတဲ့ ဃနာနို့ဆွမ်းကို လှူဒါန်းသဖြင့် ဘာအကျိုးရှိမလဲ၊ အလွန်ကြမ်းတဲ့ မုယောဆွမ်းကို စားနေထို့တော်ကြတယ်-ဟု နှုတ်သရမ်းမိပါတယ်။
မည်သို့ဆိုစေ ဘုရားရှင်၏ ထူးခြားသော ဆွမ်းတရပ်အဖြစ် သတ်မှတ်ရမည့်ဆွမ်းပင် ဖြစ်လေသည်။


( ၄ ) ယခု ဖော်ပြမည့် ဆွမ်းကား ထူးခြားရုံသာမက အလွန်ထူးခြားသည့် ဆွမ်းဟု ဆိုနိုင်ပေသည်။
အကြောင်းသော်ကား ယနေ့ခေတ်တိုင်အောင် အငြင်းအခုံ ပြဿနာဖြစ်၍ မဆုံးနိုင်သောဆွမ်း၊ ဘုရားရှင်၏ နောက်ဆုံး ဘုဉ်းပေးတော်မူသောဆွမ်း ဤဆွမ်းကြောင့်ပင် ဘုရားရှင်သည် ၀မ်းတော်လားရာ ပရိနိဗ္ဗာန် စံဝင်တော်မူရသည်ဆိုသော ဆွမ်း၊ ပန်းပဲဆရာ၏-သား စုန္ဒဥပါသကာ၏ ၀က်ပျိုသားဆွမ်း သို့မဟုတ်-ပါဠိဝေါဟာရအားဖြင့် သူကရမဒ္ဒ၀ဆွမ်း ဖြစ်သောကြောင့် ဖြစ်၏။
စုန္ဒဒါယကာ စီမံထားသော သူကရမဒ္ဒ၀ဟူသည် အလွန်လည်း မငယ်၊ အလွန်လည်း မအိုသော ၀က်ပျိုသားဖြစ်၍ ထိုအသားသည် နုလည်းနု၍ ညက်လည်းညက်ညော၏-ဟု ကျမ်းကြီးတကျမ်းတွင် ဖော်ပြ၏၊
အခြားကျမ်းတခုက သူကရမဒ္ဒ၀ဟူသည် နွားနို့မှဖြစ်သော အရသာငါးမျိုးဖြင့် ချက်အပ်သော နူးညံ့သော ထမင်း၏အမည်ဖြစ်သည်ဟု ဖော်ပြသည်၊
အခြားကျမ်းတခုကလည်း သူကရမဒ္ဒ၀ဟူသည် ရသာယတန ဆေးကျမ်း၌လာသော ရသာယတန အစီအရင် အတိုင်း စီမံအပ်သော စားဖွယ်တမျိုးဖြစ်၏၊ ထိုရသာယတန အစာမျိုးသည် အသက်ရှည်စေနိုင်သောကြောင့် ဘုရားရှင်အား ပရိနိဗ္ဗာန် မစံပါစေနှင့်ဟူသော စေတနာဖြင့် စီမံဆက်ကပ်ခြင်းဖြစ်သည်ဟု ဖော်ပြသည်။
ကုလားပါမောက္ခကြီး တဦးကလည်း သူကရမဒ္ဒ၀ဟူသည် အမွေးထူ၍ ညိုမှောင်သော အရောင်ရှိသဖြင့် မြေကြီးမှထွက်သောအခါ ၀က်နှင့်တူသောကြောင့် သူကရ-ဟု ခေါ်ဟန်တူသည်။
ယင်းသစ်ဥသည် အိန္ဒိယပြည်မြောက်ပိုင်းရှိ သူတော်သူမြတ်တို့၏ အာဟာရတမျိုးဖြစ်၍ ၀မ်းမီးညံ့သူများကို တိုက်ကျွေးသော ဟိန္ဒူဆေးဆရာတို့၏ လက်သုံးဆေးဖြစ်၏၊ ယင်းသစ်ဥကို စုန္ဒဒါယကာက နွားနို့နှင့်ပျစ်အောင် ကျို၍ စီရင်အပ်သော နို့ဃနာတမျိုးသာ ဖြစ်သင့်ပါသည်ဟု ဆိုသည်။
ဘုရားရှင်၏ ၀ိပါက်တော် ၁၂-ပါးကို ဖော်ပြသော လယ်တီပဏ္ဍိတ-ကမူ ဘုရားရှင်သည် စုန္ဒဒါယကာလှူအပ်သော ၀က်ပျိုသားကိုစား၍ ၀မ်းတော်လားကာ ပရိနိဗ္ဗာန်စံတော်မူရသည်ဟု အပြတ်မိန့်သည်။

ဆဒ္ဒန်ဆယ်စီး ၊ အားကြီးလျင်မြန်
ဝမ်းတော်သွန်ငြား ၊ ရွှေအားမသန်
ခွေယိုင်နွဲ့လို့ ၊ မြန်းခဲ့နိဗ္ဗာန်
ဖြေစေကြောင်း ၊ ကံဟောင်းထုတ်လို့ပြန် ။

ရောဂါကုစား ၊ သမားဉာဏ်ကျယ်
ရှင်သူဌေးသား ၊ ဆေးဝါးကုတယ်
ခ,မပေးလို့ ၊ ဟိုရှေးဘုန်းကြွယ်
ဝမ်းလားဆေး ၊ တိုက်ကျွေး ၀ဋ်ဟောင်းလည် ။ ( လယ်တီ ပဏ္ဍိတ )

အထက်ပါ အဆိုအမိန့်များကို အပြန်အလှန် သုံးသပ်ပြီးနောက် မဟာဂန္ဓာရုံ ဆရာတော် အရှင်ဇနကာဘိဝံသ-က အောက်ပါအတိုင်း အဆုံးအဖြတ်ပြုသည်။

သူကရမဒ္ဒ၀၌ နတ်တို့သည် နတ်သြဇာထည့်ကြကုန်၏၊ နတ်သြဇာကို စားကြသော နတ်များသည် အသားမစားကြ၊ မြတစွာဘုရား၏ နောက်ဆုံး အာဟာရသည် ၀က်သားဖြစ်လျှင် အသားမစားဘဲ နတ်သြဇာကိုသာ စားနေကြသောနတ်တို့သည် ၀က်သားဟင်း၌ နတ်သြဇာထည့်ဖို့ရန် ကြံစည်မည်မဟုတ်ပါ၊ အသားဟင်းမဟုတ်သောကြောင့်သာ နတ်သြဇာထည့်ကြသည်ဟု ယူဆဖွယ်ရှိ၏၊ ထို့ကြောင့် သူကရမဒ္ဒ၀ကို လေးလေးနက်နက် စဉ်းစားသောအခါ ၀က်ပျိုသားဟင်း မဟုတ်သည့်ဘက်မှ အားကောင်းနေပါသည်။
သူကရမဒ္ဒ၀ကို ဘုဉ်းပေးတော်မူပြီးသောအခါ မြတ်စွာဘုရားမှာ သွေးဝမ်းသွန်ရောဂါဖြစ်၏၊ သို့သော် သူကရမဒ္ဒ၀ကို ဘုဉ်းပေးတော်မူသောကြောင့် မဟုတ်၊ ဆေးဆရာဖြစ်တုန်းက ၀မ်းကျဆေးကို သူဌေးသားအား လိမ်၍ပေးဖူးသော အကုသိုလ်ကံတည်းဟူသော ကမ္မ၀ဋ်ပါလာသောကြောင့် ဖြစ်ပါသည်။
( နောက်ဆုံးဆယ်လ မြတ်ဗုဒ္ဓ စာ-၁၀၅ )

ယင်းသို့ ၀က်သား ဟုတ်/မဟုတ် ပြဿနာအပြင် ပရိနိဗ္ဗာန်စံခါနီးဆဲဆဲ၌ ဘုရားရှင်ကိုယ်တော်တိုင် မိန့်ကြားတော်မူအပ်သော စကားတရပ်ကြောင့်လည်း ဤဆွမ်းသည် အလွန်ထူးခြား၏။

အာနန္ဒာ-စုန္ဒဒါယကာအဖို့ သူ၏ဆွမ်းကြောင့် ငါဘုရား ၀မ်းတော်လားရသည်ဟု တစုံတယောက်က ပြောလာသောစကားကို ကြားရခြင်းဖြင့် နှလုံးမသာမယာ မဖြစ်စေလင့်၊ စင်စစ်ဆိုသော် စုန္ဒသည် ငါဘုရားအတွက် နောက်ဆုံးဆွမ်းကို ပေးလှူရသူဖြစ်သောကြာင့် အလွန်ကံကောင်းသူ ဖြစ်ပါသည်။
ဘုရားဖြစ်မည့်နေ့၌ ဘုဉ်းပေးရသော သုဇာတာ၏ ဃနာနို့ဆွမ်းသည်၎င်း၊ ပရိနိဗ္ဗာန်စံတော်မူမည့် နေ့၌ ဘုဉ်းပေးရသော စုန္ဒ၏ဆွမ်းသည်၎င်း၊ ဤဆွမ်းနှစ်မျိုးသည် အခြားသောဆွမ်းတို့ထက် သာ၍အကျိုးကြီးပါသည်။

No comments: