Thursday, November 20, 2008

အကဲ့ရဲ့ မလွတ်သော လောက

မြတ်စွာဘုရားသခင် ဇေတ၀န်ကျောင်းတော်တွင် သီတင်းသုံးတော်မူစဉ် တနေပ၌ အတုလဥပါသကာ ခေါင်းဆောင်သော သူ၏အပေါင်းအဖော် ငါးရာတို့သည် တရားနာရန် ရောက်လာကြ၏။
ရှေးဦးစွာ ရှင်ရေ၀တ-ထံ ချဉ်းကပ်ကြ၏၊ ရှင်ရေ၀တ-သည် အနည်းငယ် နှုတ်ဆက်စကားပြောပြီး တိတ်ဆိတ်စွာ တရားထိုင်နေလေရာ ရှင်သာရတပုတ္တရာထံ သွားကြ၏။
ရှင်သာရိပုတ္တရာက ခက်ခဲနက်နဲသော အဘိဓမ္မာတရားသဘောများကို ကျယ်ဝန်းစွာ ဟောပြောရာ ငြီးငွေ့လာကြ၏။
သင့်တော်သောတရားကို နာယူမည်ဟု အရှင်အာနန္ဒာထံ သွားကြပြန်သည်၊ အရှင်မြတ်က အခြေခံတရားမျာ၏ လိုရင်းသဘောတို့ကို တိုတိုတုတ်တုတ် ဟောပြောရာ နားမရှင်းဖြစ်ကြပြန်၏၊
ထို့နောက် မြတ်စွာဘုရား၏ ရှေ့မှောက်ရောက်သွားကြပြီး လျှောက်ထားကြ၏။
အရှင်ဘုရား၊ အရှင်ရေ၀တ-က တရားမဟောပါ၊ သူ့ဘာသာ နှုတ်ဆိတ်နေပါသည်။ ရှင်သာရိပုတ္တရာ-က ကျယ်ဝန်းစွာဟော၍ ငြီးငွေ့ကြပါသည်။ အရှင်အာနန္ဒာ တရားဟောပုံမှာ တိုတိုကျဉ်းကျဉ်းဖြစ်၍ နားလည်ရန်ခက်ပါသည်၊ ဘယ်တရားနှင့်မှ အဆင်မပြေ၍ အရှင်ဘုရားထံ တရားနာရန် လာရောက်ကြပါသည်-ဟု လျှောက်ထားရာ ဘုရားရှင်က အောက်ပါဂါထာကို ဟောတော်မူသည်။

ပေါရာဏမေတံ အတုလ ၊ နေတံ အဇ္ဇတနာမိဝ ။
နိန္ဒန္တိ တုဏှိမာသီနံ ၊ နိန္ဒန္တိ ဗဟုဗာဏိနံ ။
မိတ ဘာဏိမ္ပိ နိန္ဒန္တိ ၊ နတ္ထိ လောကေ အနိန္ဒိတော ။

အို-အတုလ၊ ကဲ့ရဲ့ခြင်းသည် ရှေးရိုးစဉ်လာပေတည်း။
ဤကဲ့ရဲ့ခြင်းသည် ယခုမှဖြစ်သည်မဟုတ်၊
ဆိတ်ဆိတ်နေသူကိုလဲ ကဲ့ရဲ့ကုန်၏။
များစွာပြောသောသူကိုလဲ ကဲ့ရဲ့ကုန်၏။
နှိုင်းချိန်၍ပြောသောသူကိုလဲ ကဲ့ရဲ့ကုန်၏။
လောက၌ အကဲ့ရဲ့လွတ်သောသူ မည်သည် မရှိပေ။

လောကလူများ, စိတ်အထားကား, စကားများလျှင်, အပြစ်တင်၏။
နည်းလျှင်ကဲ့ရဲ့, ရှုံ့ ချမဲ့၏။
မချဲ့လိုရင်း, သင့်ရုံရှင်းလဲ, စိတ်တွင်းမကြိုက်, ကဲ့ရဲ့လိုက်၏။
နှစ်ချိုက်မှုကွာ, ဘာပဲ မြင်မြင်, အပြစ်တင်သည်, ဤလျှင် လူ့သဘောပေတည်း။

( ဓမ္မပဒ ကောဓ၀ဂ်၊ အတုလဥပါသကာဝတ္ထု )

No comments: