Monday, November 24, 2008

ကံ ကံ၏အကျိုး ( ၅ )

( စေတနာ အကျိုးပေးခြင်း )

ကျွန်တော်တို့ရွာတွင် အိန္ဒိယအမျိုးသားတဦး ရှိ၏၊ သူ့နာမည်မှာ ပုလဲဆာမိ ဖြစ်သည်၊ သူငယ်စဉ်ကပင် ရွာမှ မိသားစု တစုက ခေါ်ယူမွေးစားထားခြင်း ဖြစ်၏၊ အခုဆိုလျှင် အသက် ၅၀-ခန့်ပင် ရှိပါပြီ၊ သူ့ကိုခေါ်ယူမွေးစား ထားသော မိသားစု လူကြီးများ မရှိတော့ပြီ၊ အမွေဆက်ခံမည့်သူ မရှိသဖြင့် လယ်ဆယ်ဧကခန့်ကို ပုလဲဆာမိပင် ရရှိ၏။
ပုလဲဆာမိသည် လယ်ထဲတွင် တကိုယ်တည်းနေပြီး အလုပ်ကြိုးစားလုပ်၏၊ အလုပ်မနိုင်လွန်းမှ သူရင်းငှါး ခေါ်၏၊ ထို့ကြောင့် ငွေပိုငွေလျှံရှိလာ၏၊ ပတ်ဝန်းကျင်၏ အဆုံးအမနှင့် ဘုန်းတော်ကြီးကျောင်း၏ အဆုံးအမကြောင့် ဗုဒ္ဓဘာသာဝင် ဖြစ်လာ၏၊ ဥပုသ်သီတင်း မှန်မှန်စောင့်၏၊ လှူစရာရှိလျှင် လှူ၏၊ ကျောင်းဒကာ ကထိန်ဒကာဘွဲ့ ခံယူနိုင်သည်အထိ ဖြစ်လာ၏၊ ဥပုသ်မပျက်၊ အလှူမပျက်၊ လူမှုရေး လုပ်ငန်းများတွင် ပါဝင်တာဝန်ကျေပွန်လျက်၊
တခုသော ညတညတွင် တယောက်တည်း နေခိုက် ဓားပြတိုက်ခြင်းခံရသည်၊ ပစ္စည်းငွေကြေး အတော်ပါသွား၏၊ တရားခံများကို သူမသိနိုင်၊ တိုင်ကြားလျှင်လည်း အကျိုးထူးမည်မဟုတ်ဟု ယူဆသဖြင့် လက်လျှော့ထား၏၊
သို့ရာတွင် မည်သို့ဖန်လာသည်မသိ၊ တနေ့တွင် သူ့ကို ဓားပြတိုက်သူများက သူတို့အလိုအလျောက်ပင် ရဲစခန်းတွင် ၀န်ခံ၏၊ အမှုပေါ်သွား၏၊ သူတို့အပြစ်အလျောက် အရေးယူခြင်း ခံရသည်၊ ပုလဲဆာမိ အနေဖြင့် သူ့ပစ္စည်းများ သူ ပြန်ရလိုက်၏။
တရွာလုံးက အံ့သြကြ၏၊ သို့ရာတွင် ညီညွတ်စွာ ပြောကြသည့် စကားတော့ရှိ၏၊
ပုလဲဆာမိ ကုလားသာဆိုတယ် အလှူဒါန ရက်ရောတယ်၊ ဥပုသ်သီတင်း မှန်မှန်စောင့်တယ်၊ သာရေး နာရေး လူမှုရေးမှာ ကူညီစိတ်ရှိတယ်၊ သူ့စေတနာ သူ့အကျိုးပေးပြီး သူ့ရဲ့ကောင်းမှုများ အတွက် သူပြန်ပြီး ခံစားရတာပေါ့-ဟူ၍ ဖြစ်လေသည်။
( မောင်ကောင်းယဉ် )
*********************************************************************************

( ကိုယ်ပြုသည့်ကံ ကိုယ်ပြန်ခံ )

ဆပ်ပြာုန်းရွာမှ ဂေါပကလူကြီး ဦးသာမောင်၏ ကောင်းမြတ်သော ဂုဏ်သတင်းကား မွေးပျံ့လှပေသည်၊ ဦးသာမောင်သည် ရွာထဲတွင် ပေါ်ပေါက်လာသော သာမှု နာမှု ကိစ္စအ၀၀ကို ရှေ့တန်းမှ ဦးဆောင်၍ လုပ်ကိုင်တတ်၏၊ ကိုယ့်ထက် ဆင်းရဲနွမ်းပါးသူများကို သနားညှာတာတတ်၏၊ တကိုယ်ကောင်းစိတ် မရှိ၊ အတ္တဟိတ ပရဟိတ သူ့အကျိုး ကိုယ့်အကျိုးကို မျှမျှတတ သိတတ် မြင်တတ်သူဖြစ်၏၊ ထို့ကြောင့် ဦးသာမောင်ကို တရွာလုံးက လေးစားချစ်ခင်ကြသည်။
ဦးသာမောင်နှင့် အိမ်နီးချင်းဖြစ်သူ ဦးစံဒွေးသည်လည်း အလားတူ ဂေါပကအဖွဲ့ဝင်တဦး ဖြစ်သည်၊ သို့သော် ဦးစံဒွေးကား ဦးသာမောင်ကဲ့သို့ စိတ်ကောင်းရှိသူ မဟုတ်၊ တနေ့တွင် ဦးသာမောင်၏ အိမ်၌ ရွာဦးဘုရားအတွက် ကောက်ခံရရှိသော အလှူငွေများကို စာရင်းရှင်းပွဲပြုလုပ်သည်၊ ထိုစာရင်းရှင်ွးဲ့တွင် ဦးသာမောင်၏ ဖော်ထုတ်မှုကြောင့် န၀ကမ္မအလှူငွေများကို အလွဲသုံးစားပြုထားသူ ဦးစံဒွေးမှာ ဂေါပကအဖွဲ့မှ နုတ်ထွက်လိုက်ရလေသည်၊ ဦးစံဒွေးတယောက် လူပုံအလယ်တွင် အရှက်ရခဲ့သည်၊ ထိုအချိန်မှစ၍ ဦးသာမောင့်အပေါ် ဦးစံဒွေး ရန်ငြိုးထားခဲ့သည်၊ ဦးသာမောင်တို့ မိသားစု ပျက်စီးရာ ပျက်စီးကြောင်း အမျိုးမျိုး ကြံစည်အားထုတ်သည်၊ သို့သော် မအောင်မြင်ခဲ့။
ဦးသာမောင်သည် နံနက် ၄-နာရီအချိန်တွင် မှန်မှန် လမ်းလျှောက်ထွက်တတ်သည်၊ ဤသည်ကို ဦးစံဒွေး ကောင်းကောင်းသိထားသည်၊ အိမ်နီးချင်းပေမို့ တဦး၏လှုပ်ရှားမှုကို တဦးက အလွယ်တကူ သိနိုင်သည်။
တခုသောည၏ ၃-နာရီခန့် အချိန်တွင် ဦးစံဒွေးသည် ၀ါးရင်းတုတ် တချောင်းကိုကိုင်၍ ဦးသာမောင့် အိမ်တံခါးဝမှ စောင့်နေ၏၊ လမ်းလျှောက်ထွက်လာမည့် ဦးသာမောင်အား ချောင်းမြောင်းရိုက်နှက်ရန်ဖြစ်သည်၊ အချိန်အတန် ကြာသည့်တိုင် တစုံတရာထူးခြားမှု မရှီသေး၊ နံနက် ၃-နာရီသာသာခန့်တွင် ဦးသာမောင့်အိမ်ရှေ့မှ လူရိပ်မည်းမည်းတခု ပေါ်လာသည်၊ ထိုလူရိပ်မည်းမည်းသည် ခြံတံခါးကို ငြင်သာစွာ ဖွင့်၍ လမ်းဘက်ထွက်လာသည်၊ အသင့်စောင့်နေသော ဦးစံဒွေးသည် အံကိုကြိတ်၍ လက်ထဲမှ ၀ါးရင်းတုတ်နှင့် တအားလွှဲကာ ထိုသူ့ကို ရိုက်လေသည်။
အမယ်လေး၊ သေပါပြီဗျ-ဟူသော အသံနှင့်အတူ ဦးစံဒွေး၏ ရင်အစုံသည်လည်း တုန်လှုပ်သွားလေသည်။
ဟင်-သား ဖြစ်ရလေကွာ ငါ့နှယ်။
စင်စစ် ဦးစံဒွေးရိုက်မိသူကား ဦးသာမောင်မဟုတ်၊ သူ့သား လူပျို ဖြစ်နေသည်၊ ဦးသာမောင်၏ သမီးပျိုနှင့် ချိန်းတွေ့ရာမှ ပြန်လာခြင်း ဖြစ်သည်၊ ဦးစံဒွေးသည် မိမိသားလူပျိုနှင့် ဦးသာမောင့်သမီးတို့ လူငယ်သဘာဝ တိတ်တခိုးလေး မေတ္တာမျှနေကြသည်ကို မရိပ်မိခဲ့၊ အခုတော့ ဦးစံဒွေး ရင်ကျိုးရပြီ၊ သား လူနာကို နီးရာဆေးရုံသို့ လှည်းနှင့်ပို့သည်၊ ဦးစံဒွေးမှာ သားအတွက် ဆေးဖိုးတွေ သောက်သောက်လဲ ကုန်ကာ စီးပွားရေး အကြီးအကျယ် ယိုယွင်းကျဆင်း သွားတော့သည်၊ ဤကား ကိုယ်ပြုသည့်ကံ ကိုယ့်ထံ ပြန်ခြင်းပေတည်း။
( မှိုင်းမောင်မောင်-အညာမြေ )
( မြတ်မင်္ဂလာ-၁၉၉၀-ဒီဇင်္ဘာလ )

No comments: