Saturday, November 22, 2008

ကျင့်စရာများလွန်း၍ စိတ်ပျက်သော ရဟန်း

သာဝတ္ထိမြို့၌ သူဌေးသားတယောက်သည် သာသနာ့ဘောင်ဝင်လို၍ အဘိဓမ္မာဆောင် ရဟန်းကို နိဿယည်းဆရာပြုလုပ်၍ ၀ိနည်းဓိုရ်ရဟန်းကို ဥပဇ္ဈာယ်ပြုကာ ရဟန်းပြု၏။
ဆရာဥပဇ္ဈာယ်တို့က သုတ် အဘိဓမ္မာ ၀ိနည်းဆိုင်ရာ ကျင့်ရေးကျင့်ရာများကို သင်ကြားပေး၏။
ကြားရဖန်များသောအခါ စိတ်ရှုပ်လာ၏၊ ငါကား ဒုက္ခလွတ်လို၍ ရဟန်းပြုခဲ့သည်၊ ဤမျှ များပြားသော ကျင့်စဉ်များအကြားတွင် အနေကျဉ်းကျပ်လှ၏၊ လူထွက်တော့မည်ဟု ကြံစည်မိ၏၊ မြတ်စွာဘုရား သိတော်မူရာ ထိုရဟန်းကို မေး၏
ရဟန်း-သင်သည် တခုတည်းသောတရားဆိုလျှင် ကျင့်နိုင်ပါမည်လော?
အရှင်ဘုရား တခုတည်းကိုကား ကောင်းစွာကျင့်နိုင်ပါသည်။
သို့ဖြစ်လျှင် သင်၏ စိတ်တခုတည်းကိုသာ စောင့်ထိန်းပြီး လုံခြုံစေလော့-ဟု မိန့်ကြားတော်မူပြီးလျှင် ထိုရဟန်းအား အောက်ပါအတိုင်း ဟောကြားတော်မူလေသည်။

( ပါဠိ )
သုဒုဒ္ဒသံ သုနိပုဏံ ၊ ယတ္ထကာမ နိပါတိနံ ။
စိတ္တံ ရက္ခေထ မေဓာဝီ ၊ စိတ္တံ ဂုတ္တံ သုခါဝဟံ ။

( မြန်မာပြန် )
စိတ်ကို မြင်တွေ့ရန် ခဲယဉ်းလှ၏၊ အလွန်သိမ်မွေ့၏၊ ကြုံတွေ့ရာ ကာမဂုဏ်၌ ကျရောက်တတ်၏၊
ပည်ာရှိသည် စိတ်ကို စောင့်ထိန်းရာ၏၊ စောင့်၍ လုံခြုံသောစိတ်သည် ချမ်းသာခြင်းကို ဖြစ်စေ၏။

( ဆောင်ပုဒ် )
သိမ်မွေ့နက်နဲ, မြင်ရန်ခဲသည့်, ပျံထွက်ပြေးနေ, စိတ်လေပွေကား,
ထွေရာအာရုံ, ကြုံရာကျရောက်, ကောင်းကျိုးပျောက်၏။
စောင့်ရှောက်အာရုံ, စိတ်လုံခြုံမှ, လုံခြုံစိတ်မှာ, ကောင်းကျိုးဖြာ၏။

( ဓမ္မပဒ-စိတ္တ၀ဂ် အညတရ ဥက္ကဏ္ဍိတ ဘိက္ခု ၀တ္ထု )

No comments: