အရှင်သာရိပုတ္တရာ၏ တပည့် သာဝတ္ထိပြည် သူကြွယ်မတဦးသည် ပဋိသန္ဓေရင့်မာချိန် ရောဂါတခုဖြင့် ကွယ်လွန်သည်၊ အလောင်းကို မီးရှို့ရာ ၀မ်းဗိုက်အတွင်းရှိ ပါရမီရင့်သန်ပြီးသော ကလေးသည် ဘေးရန်မရှိ၊ ချမ်းသာစွာ မီးပုံပေါ်မှ ပေါ်ထွက်လာ၏၊ အမျိုးများက ကောက်ယူမွေးမြူပြီး ခုနစ်နှစ်အရွယ်ရောက်သော် အရှင်သာရိပုတ္တရာထံ အပ်နှံ၍ ရှင်သာမဏေပြုစေသည်။
မကြာမြင့်မီပင် ပဋိသမ္ဘိဒါနှင့် တကွ ရဟန္တာအဖြစ်သို့ရောက်ပြီး သံကိစ္စသာမဏေ-ဟု ထင်ရှားလာ၏။
ထိုသံကိစ္စသာမဏေသည် ရဟန်းသုံးကျိပ်နှင့် တောကျောင်း၌နေစဉ် တနေ့တွင် ခိုးသားများသည် လူသတ်၍ ဗလိနတ်စာကျွေးရန် သာမဏေကို ခေါ်ဆောင်သွားကြလေသည်၊ တောထဲတွင် အကြိမ်ကြိမ် ခုတ်သတ်ရန် ကြိုးစားသော်လည်း ဓား လှံတို့သည် ခွေ၍ ကျိုး၍သာသွားသည်၊ ဈာန်ဝင်စားနေသော ရဟန်းသာမဏေမှာ အန္တရာယ်တစုံတရာ မဖြစ်ပေ၊ ထိတ်လန့်ကြောက်ရွံ့လာသော ခိုးသားများသည် မှားကြောင်းဝန်ချ၍ ရဟန်းပြုပေးပါရန် တောင်းပန်ရာ ရှင်သာရိပုတ္တရာထံ ခေါ်ဆောင်သွားပြီး ရဟန်းပြုပေးလေသည်၊ ဤအဖြစ်နှင့် ပတ်သက်၍ ဘုရားရှင်က အောက်ပါအတိုင်း ဟောတော်မူသည်။
ယော စ ၀ဿသတံ ဇီဝေ ၊ ဒုဿီလော အသမာဟိတော ။
ဧကာဟံ ဇီဝိတံ သေယျော ၊ သီလ၀န္တဿ ဈာယိနော ။
သီလ သမာဓိ မရှိဘဲ အနှစ်တရာပတ်လုံး အသက်ရှည်နေရခြင်းထက်
သီလရှိ၍ သမထ ၀ိပဿနာကို ရှုနေသောသူ၏ တရက်မျှ အသက်ရှည်ရခြင်းသည် မြတ်၏။
( ဆောင်ပုဒ် )
သီလ သမာဓိ၊ မရှိချည်းနှီး၊ အသက်ကြီးလာ၊ နှစ်တရာထက်၊
တရက်တာမျှ၊ သမထနှင့်၊ ၀ိပဿနာ၊ ဘာဝနာငွေ့၊ ပျော်မွေ့တတ်သူ၊ မြတ်သောဟူ၏။
( သဟဿဝဂ်၊ သံကိစ္စသာမဏေရ၀တ္ထု )
Wednesday, December 10, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment