Tuesday, July 22, 2008

ရွှေကျင်ဆရာတော်

ရွှေကျင်ဆရာတော်သည် မင်းတုန်းမင်းလက်ထက် မြန်မာနိုင်ငံ၌ ဗုဒ္ဓဘာသာရဟန်းတော်များ အတွင်း ပြုပြင်ပြောင်းလဲရေး ဂိုဏ်းတဂိုဏ်းကို စတင်တည်ထောင်သည့် ဆရာတော်တပါး ဖြစ်ပါသည်၊ စတင်တည်ထောင်သည့် ဆရာတော်အမည်ကိုယူ၍ ယင်းဂိုဏ်းကို ရွှေကျင်ဂိုဏ်း-ဟု ခေါ်သည်။

ဆရာတော်-ဟူသည် မြန်မာနိုင်ငံတွင် လေးစားအပ်သော ဗုဒ္ဓဘာသာရဟန်းတော်တပါးအား လေးစားမှုကိုပြသသော ဝေါဟာရတခု ဖြစ်သည်။ ရွှေကျင်ဆရာတော်ဟူသော အသုံးအနှုန်းမှာမူ မြန်မာနိုင်ငံ အထက်ပိုင်း ရွှေဘိုမြို့အနီး ဆရာတော်၏ ဇာတိချက်ကြွေ မွေးရပ်မြေ ရွှေကျင်ရွာ-၏ အမည်နှင့်တွဲဘက်၍ ရွှေကျင်ဆရာတော်-ဟု သုံးနှုန်းထားခြင်းဖြစ်သည်။

ဆရာတော်လောင်းလျာသည် ရွှေကျင်ရွာမှာပင် အရှင်ဇာဂရ-ဟူသောအမည်ဖြင့် မြင့်မြတ်သောရဟန်းအဖြစ် ရောက်ခဲ့သည်။

ရွှေကျင်ဆရာတော်သည် သာသနာပြုလုပ်ငန်းများကို အားသွန်ခွန်စိုက် ကြိုးစားလုပ်ကိုင် နေသည့် အထူးသဖြင့် ၀ိနည်းလေးစားသော စာပေပညာရှင် ဆရာတော်တပါးအဖြစ် နုပျိုစဉ်ကပင် ကျော်ကြားထင်ရှားခဲ့သည်။

ဆရာတော်မှာ ရှမ်းကလေးကျွန်း ဆရာတော် ဦးဆောင်သည့် ပြုပြင်ရေး၊ တောနေရဟန်းများ လှုပ်ရှားမှုအဖွဲ့နှင့် ရင်းနှီးကျွမ်းဝင်မှုလည်း ရှိခဲ့သည်။

၁၈၆၁-ခုနှစ်တွင် မင်းတုန်းမင်းတရားက ရွှေကျင်ဆရာတော်အား မန္တလေးရွှေမြို့တော်သစ်သို့ ပင့်ကာ ကျောင်းဆောက်လှူဒါန်းခဲ့သည်၊ နန်းဦးဆရာတော်အဖြစ် ကိုးကွယ်ခဲ့သည်၊ ကိစ္စ အများအပြားတွင် အနှိမ်ခံရဖန်များသည့် ရွှေကျင်ဆရာတော်မှာ သာသနာပိုင်နှင့် သဘောထားကွဲလွဲ ခဲ့သည်၊ ရွှေကျင်ဆရာတော်သည် နေပြည်တော်တွင်မနေလိုပဲ တောရဆောက်တည် ဧကစာရီ ဆရာတော်တပါးအဖြစ် သီတင်းသုံးခွင့်ပြုဖို့ ခွင့်ပန်ခဲ့သည်၊ မင်းတုန်းမင်းတရားကြီးကလဲ ရွှေကျင် ဆရာတော်နှင့် သူ၏ပြုပြင်ရေးဝါဒီ တပည့်နောက်လိုက်များအား သာသနာပိုင်၏ အာဏာစက် အောက်တွင် မထားတော့ရန် ဆုံးဖြတ်ခဲ့သည်၊ မြန်မာသံဃာလောကအတွင်း ရွှေကျင်ဂိုဏ်း ဖွဲ့စည်းတည်ရှိလာမှုကို ဤအဆုံးအဖြတ်တွင် အစရှာဖွေတွေ့ရှိနိုင်သည်။

မင်းတုန်းမင်းတရားသည် ရွှေကျင်ဂိုဏ်းကို မင်း၏အစောင့်အရှောက် ဆက်လက်ပေးခဲ့သည်၊ ဂိုဏ်းတိုးတက်ရေးကို ကူညီစောင့်ရှောက်ရင်း ရွှေကျင်ဆရာတော်ကိုလဲ လေးလေးစားစားဆည်းကပ် ကိုးကွယ်ခဲ့သည်၊ သို့သော် ရွှေကျင်ဆရာတော်မှာမူ သူ၏နဂိုဗီဇအတိုင်း ရှင်ဘုရင်နှင့် ကင်းကင်း နေနိုင်ခဲ့သည်၊ မင်းတုန်းဘုရင်၏ သံဂါယနာတင်ပွဲမှာလဲ မပါဝင်ခဲ့ပေ။

အင်္ဂလိပ်ပိုင် အောက်မြန်မာနိုင်ငံ (သို့) လူသူမနီး တောမြိုင်ကြီး၌သာ အချိန်များများ သီတင်းသုံးနေထိုင်ခဲ့သည်၊ မင်းတုန်းဘုရင်က သဘောတူ ကြည်ဖြူမှုမရှိသော်လဲ သီရိလင်္ကာနိုင်ငံရှိ ဘာသာရေးနှင့်ပတ်သက်သည့် အထွဋ်အမြတ်ထားရာ နေရာများသို့ ဘုရားဖူးကြွရောက်ခဲ့သည်။

၁၈၇၈-ခုနှစ်၌ သီပေါမင်း နန်းတက်လာသောအခါ ခေါင်းဆောင်မှု အခန်းကဏ္ဍကိုမျှ မယူသော်လဲ သာသနာပိုင်ဆရာတော် နှစ်ပါးတဲက တပါးအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်၊ သီပေါမင်း ပါတော်မူပြီးနောက် ၁၈၈၅-ခုနှစ်တွင် အုပ်ချုပ်သူ အင်္ဂလိပ်တို့ကရွှေကျင်ဆရာတော်အား သာသနာပိုင်အဖြစ် အသိအမှတ်မပြုတော့ပေ၊ သို့သော် ဆရာတော်၏ ဂုဏ်သတင်းမှာ ပျံလွန်တော်မူသည့် ၁၈၉၃-ခုနှစ်အထိ သီရိလင်္ကာ၊ ထိုင်းနိုင်ငံများသို့တိုင်အောင် ကျယ်ပြန့်လျက် ဆက်လက်တိုးတက်ခဲ့သည်။

ဆရာတော်၏လှုပ်ရှားမှုနှင့် အဆုံးအမ သြ၀ါဒများတွင် ကိုယ်အမူအရာ, နှုတ်အမူအရာ, စိတ်အမူအရာ နူးညံ့သိမ်မွေ့မှုဖြစ်သည့် ယဉ်ကျေးမှု ပြုပြင်ပြောင်းလဲရေးကို တုံ့ပြန်မှု တရပ်အနေဖြင့် ဗုဒ္ဓဘာသာရဟန်းဘ၀တွင် မြင့်မြတ်ဖြူစင်သည့် ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မွန်ဖြစ်ရေးကိုသာ အာရုံစိုက်သည်၊ ဗုဒ္ဓဘာသာ ရဟန်းသံဃာတော်များအတွင်း ပြုပြင်လိုသည့် မြန်မာရဟန်းသံဃာတော်များအတွက် လှုံ့ဆော်ပေးသည့် စည်းလုံးညီညွတ်စေသည့် စံပြ ပုဂ္ဂိုလ်တပါးအဖြစ် ဆရာတော်၏ ဘ၀တသက်တာလုံး ဆက်လက်ဆောင်ရွက်သွားခဲ့သည်။

စိရံ တိဋ္ဌတု လောကသမိံ ၊ သမ္မာသမ္ဗုဒ္ဓ သာသနံ ။

တသ္မိံ သဂါရ၀ါ နိစ္စံ ၊ ဟောန္တု သဗ္ဗေပိ ပါဏိနော ။

( အာစရိယ ဓမ္မပါလ )

ရွှေကျင်ဆရာတော် ဘုရားကြီး၏ ဘ၀ဖြစ်စဉ် အကျဉ်း

( ငါ့ကိုချစ်လျှင် ပြည်သူကိုချစ်) ဟု သစ္စာပေးပြီး နန်းတက်လာခဲ့သော သိရီတြိဘ၀နာဒိတျ ပ၀ရပဏ္ဍိတ မဟာဓမ္မရာဇာဓိရာဇ-ဟူသည့် ဘွဲ့တံဆိပ်နာမံကို ခံယူတော်မူသော ရတနာပူရ စတုတ္ထမြို့တည် နန်းတည် ဘကြီးတော်ဘုရား နန်းစံ၍ ၃-နှစ်ရှိလာသောအခါ ရတနာသီခ ရွှေဘိုမြို့တော်၏ တောင်ဘက် ခရီး ၆-တိုင်အကွာ ယခုခေတ် ၀က်လက်မြို့နယ် အ၀င်အပါ သက်လက်မြို့မှ အနောက် ၄-တိုင်ခန့်အကွာ ပုဂံမြို့၌ ၅၉၆-ခုနှစ်တွင် နန်းတက်သော ဓမ္မရာဇာ-ဘွဲ့ခံ ကျစွာမင်းကြီး၏ ဆွေမျိုးတော်ဖြစ်သော ရွှေပေါလှမင်း ညီအကိုမောင်နှမ ငါးဦးတို့ တည်ထောင်ခဲ့သည့်

၁။ လှတော

၂။ ကျည်းကန်

၃။ မဲကုန်း

၎။ ရေထွက်

၅။ ရွှေကျင်-ဟူသော လှတောကြီး ၅-ရွာ အ၀င်အပါ ရွှေကျင်ရွာတွင် ဇာတိကုလ အာစာရဂုဏ်တို့နှင့် ပြည့်စုံသော ကုန်သည်ကြီး ဦးမောင်-ဇနီးဒေါ်မယ်မိတို့မှ ၁၁၈၄-ခုနှစ် ၀ါဆိုလပြည့်ကျော် ၁၂-ရက် ညဥ့်သုံးချက်တီးကျော် ၁၃-ရက် အင်္ဂါနေ့သို့အ၀င် ကောင်းမြတ်သောအချိန်တွင် သဂါရ၀, သပတိဿ, ဟိရီ, သြတ္တပ္ပ, ၀ီရိယ, ပညာ, သဒ္ဓါ-စသောဂုဏ်တို့နှင့် ပြည့်စုံသော ရွှေကျင်ဆရာတော်ဘုရားကြီးကို ဖွားမြင်တော်မူသည်။

အမည်မှည့်အံ့သောနေ့၌ ပညာရှိတို့နှင့် တိုင်ပင်၍ အနာဂတ်ကာလ၌ သန့်ရှင်း စင်ကြယ်လှသော သံဃနိကာယကြီးကို ဖြစ်ပေါ်စေမည့် အကြောင်းအချက်နှင့် လိုက်ဖက် ညီညွတ်လှသော မောင်သန့်-ဟူသောအမည်ကို မှည့်ခေါ်ကြကုန်၏။

မောင်သန့် (၇)နှစ်အရွယ်သို့ရောက်သောအခါ အမိအဖတို့က ရွှေကျင်ရွာ မဟာဗောဓိကျောင်း ဆရာတော် လူမည် ဘိုးရွှန်း-ခေါ် ဦးဝရဗုဒ္ဓိ ထံသို့ ပို့အပ်ကြပြီး အသက် ၁၄-နှစ်အရွယ်ကို့ ရောက်သောအခါ ၁၁၉၈-ခုနှစ်တွင် ဦးမောင်+ဒေါ်မယ်မိတို့က ကျွေးမွေးလှူဒါန်းကာ ရှင်ပြုပေးကြ သဖြင့် ရှင်သာမဏေအဖြစ်သို့ ရောက်ရ၏။ ဘွဲ့တော်မှာ နိုးကြားသူ-ဟု အဓိပ္ပါယ်ရသော ရှင်ဇာဂရ ဖြစ်သည်။

ရှင်ဇာဂရသည် ၁၁၉၈-ခုနှစ်-၀ါ ဥပဇ္ဈာယ်အထံ၌ သီတင်းသုံးပြီး အထက်တန်း ကျမ်းဂန်ကြီးများကို ဆက်လက်သင်ယူနိုင်ရန် ၁၁၉၉-ခုနှစ် သက်တော် ၁၅-နှစ်အရွယ်တွင် ရွှေဘိုမြို့ ၀င်္ကပါဆရာတော်ကြီးထံသို့ ကြွရောက်၍ ၃-နှစ်တိုင် ပရိယတ္တိဆိုင်ရာ ကျမ်းဂန်များကို လေ့လာသင်ယူ တော်မူသည်။

သက်တော် ၁၈-နှစ် သက္ကရာဇ် ၁၂၀၂-ခုနှစ်သို့ ရောက်သောအခါ မြတ်စွာဘုရား လက်ထက်တော် ၀ိနည်းဧတဒဂ်ရ အရှင်ဥပါလိမထေရ်မှ စဉ်လာမပျက် ဆင်းသက်လာသော ဂဏ၀ိမုတ်အမိန့်အရ သီးလုံးတောရ စန္ဒိမာဘိဝံသ သိရီသဒ္ဓမ္မဓဇ မဟာဓမ္မရာဇာဓိရာဇဂုရု ဆရာတော် ဘုရား၏အထံသို့ ရောက်ကာ ၀ိနည်းဧတဒဂ်ရ အရှင်ဥပါလိမထေရ်၏အနွယ်သို့ သက်ဝင်မိ တော့သည်။

ရှင်ဇာဂရ အသက်နှစ်ဆယ်သို့ ရောက်သောအခါ ၁၂၀၈-ခုနှစ်တွင် ခမည်းတော် မယ်တော်တို့က ရွှေကျင်ရွာ၌ ရဟန်းခံပွဲပြုလုပ်ကာ ဒုတိယအကြိမ် ချီးမြှောက်ကြသဖြင့် ငယ်ဆရာ ဦးဝရဗုဒ္ဓိကို ဥပဇ္ဈာယ်ပြုလျက် ရေထွက်ရွာ ဆုတောင်းပြည့် ဘုရားဝင်းအတွင်း၌ရှိသော ဗဒ္ဓသိမ်၌ ရဟန်းအဖြစ်သို့ ရောက်တော်မူသည်၊ ရဟန်းဖြစ်သည်မှာစ၍ တိစီဝရိတ်ဓူတင်နှင့် ပိဏ္ဍပတ်ဓူတင် တို့ကို အမြဲဆောင်တော်မူသည်။

အရှင်ဇာဂရသည် ရဟန်းအဖြစ်သို့ရောက်လျှင် သဒ္ဒါကျမ်းဆိုင်ရာတို့ကို အထူးလေ့လာ လိုသေးသည်ဖြစ်၍ ထိုခေတ်က သဒ္ဒါကျမ်းများဆိုင်ရာ ကျော်စောလှသော ကမ္ဘာမူး၏အနောက်ဘက် မန်ကျီးကန်ဆရာတော်ကြီးအထံသို့ ကြွရောက်တော်မူသည်၊ မန်းကျီးကန်ဆရာတော်ကြီးးက သဒ္ဒါကျမ်းဆိုင်ရာတို့ကို အရှင်ဇာဂရအား အနည်းငယ်စစ်မေးပြီး ကျေနပ်တော်မူသည်ဖြစ်၍---

တို့ဆီမှာ နေဖို့မလိုတော့ဘူး၊ ပညာရှိအကျော်အမော်များ စုဝေးရာ အမရပူရနေပြည်တော်သို့ ကြွရောက်နည်းခံလေ-ဟု လမ်းညွှန်တော်မူသည်၊ ၄င်းလမ်းညွန်ချက်အရ အမရပူရနေပြည်တော်သို့ ကြွရောက်ကာ---

၁။ ပဲ့ပါကျောင်းတိုက်

၂။ သဲအင်း ( မင်းအို ) ကျောင်းတိုက်

၃။ မြသိန်းတန် ( စပါးတော ) ကျောင်းတိုက်နှင့်

၎။ အင်းဝ ဗားကရာကျောင်းတိုက်၌ ပရိယတ္တိဆိုင်ရာတို့ကို ဆက်လက်ဆည်းပူးတော်မူသည်။

ထိုအမရပူရ၌ သီတင်းသုံးတော်မူစဉ်မှာပင် မင်းတုန်းမင်းသားနှင့် တွေ့ဆုံရင်းနှီးခွင့်ရ၍ ဆရာရင်း ဒကာရင်းအဖြစ်သို့ ရောက်သည်။

အရှင်ဇာဂရ ငါးဝါအရတွင်

အရညကင်ဓူတင် ခလုပစ္ဆာဓူတင်တို့ကို အမြဲဆောင်တော်မူသည်။ ထို့ကြောင့် အရှင်ဇာဂရသည် တိစီဝရိတ်ဓူတင်၊ ပိဏ္ဍပါတ်ဓူတင်၊ အရညကင်ဓူတင်၊ ခလုပစ္ဆာဓူတင်တို့ကို အမြဲဆောင်၍ ကြွင်းဓူတင်(၉)ပါးတို့ကို ရံခါရံခါဆောင်ခြင်းဖြင့် ဓူတင်တေရသဆောင် ရဟန်းတော်ဟူသော ဂုဏ်ကို ရရှိတော်မူသည်။

အရှင်ဇာဂရ ၅-၀ါရပြီးနောက် ၁၂၁၈-ခုနှစ်တွင် ရှမ်းကလေးကျွန်းဆရာတော် အရှင်နန္ဒကို အမှူးထားပြီး ရေစကြိုမြို့ ဂူဖြူတောရဆရာတော် လောင်းလျာ အရှင်မေဓာတို့နှင့် တွဲဘက်၍ ရှမ်းကလေးကျွန်း တိုက်သစ် တည်ထောင်ကာ သာသနာတော်သန့်ရှင်းပြန့်ပွားထွန်းကားအောင် ဆောင်ရွက်တော်မူသည်။

၁၂၁၁-ခုနှစ်တွင် စစ်ကိုင်းမြို့အနောက်ဘက် မန်းကျည်းစဉ်ရွာ တောရကျောင်း ဂိုဏ်းအုပ် သိမ်ဖြူဆရာတော်ကြီးအထံ၌ သီတင်းသုံး၍ စာသင်သားသံဃာ ၅၀-ပါးတို့ကို စပေပို့ချ သီတင်းသုံးတော်မူပြီး ၁၂၁၃-ခုနှစ်တွင် ရွှေဘိုတောင်လက် ခေါတောရွာအနောက်ဘက် ရှမ်းကလေးကျွန်းဆရာတော်ဘုရား သီတင်းသုံးတော်မူသည့် ကောင်းပင်ကုန်းတောရ၌ သီတင်းသုံးတော်မူသည်။

၁၂၁၄-ခုနှစ် တပေါင်းလဆန်း ၁၁-ရက်နေ့တွင် မင်းတုန်းမင်းသား သီရိမဟာသီဟသူရ ဓမ္မရာဇာသည် အလိုတော်ပြည့်၍ အမရပူရ ပဉ္စမနန်းစံအဖြစ်သို့ ရောက်သည်။

၁၂၁၇-ခုနှစ်တွင် ရှိမ်းမကားရွာမြောက်ဘက် အဘယဂီရိတောင်ဝှမ်း၌ ခေမာသီဝ အဘယဂီရိ တောရကျောင်းတိုက်အတွင်း၌ သိမ်သမုတ်တော်မူသည်၊ သိမ်တော်၏အမည်ကို ဒကာဖြစ်သော အင်္ဂါနေ့ဖွား မင်းတုန်းမင်းတရား၏ ဆရာဖြစ်သော အင်္ဂါသားရဟန်းတော်က အင်္ဂါနေ့၌ သမုတ်အပ်သည်ဖြစ်သောကြောင့် အက္ခရာ ၉-လုံးဖြင့် ဇိနောရသ သာဓုပါမောဇ္ဇ-သိမ်တော်ဟု သမုတ်ခေါ်ဝေါ်တော်မူသည်၊

အင်, ကြင်း, ခက်, ကျိုင်း, ရွှေကျင်ဂိုဏ်း

၁၂၂၂-ခုနှစ် ၀ါဆိုလပြည့် ( ၂-၇-၁၈၆၀ ) တနင်္လာနေ့ ဤရက်စွဲကို သူတောင်ကောင်း ဗုဒ္ဓဘာသာဝင် မှန်သမျှတို့သည် နှစ်လိုအားရ မှတ်သားထားကြရပေမည်။ အဘယ့်ကြောင့်ဆိုသော် ဤနှစ် ဤလ ဤရက်၌ ဗုဒ္ဓ၏သာသနာ့သမိုင်းတွင် ရွှေကျင်ဂိုဏ်းဟူသော ၀ိနယနိဝါသ သဒ္ဓမ္မပဇ္ဇောတ သံဃာ့နိကာယကြီး စတင် ပေါ်ထွန်းလာခဲ့သောကြောင့်ဖြစ်သည်။

ရွှေကျင်ဆရာတော်

ရွှေကျင်ဆရာတော်၏ ရုပ်ပုံတော်မှာ မပိန်လွန်း မ၀လွန်း အရပ်တော်မြင့်မြင့် ထောင်ထောင် မောင်းမောင်း ရှိတော်မူသည်။ ဦးခေါင်းတော်ပြေပြစ်၍ ဖွံ့ဖြိုးသည်၊ နဖူးတော်ကျယ်သည်၊ နားတော်ကြီး၍ နှာတံပေါ်သည်၊ အသံတော်မှာ အသံဝါဖြစ်၍ ခံ့ညားသာယာသည်၊ သြဇာရှိသောအသံမျိုးဖြစ်သည်၊ အသားတော်မှာ အသားလတ်ဖြစ်သည်၊ ၀တ်သောသင်္ကန်းတော်မှာ ပိန္နဲဆိုး အ၀ါရင့်ရောင် တိစီဝရိတ်ဓူတင် အမြဲဆောင်ထား၍ ဤသင်္ကန်းများဖြင့် အမြဲဖူးတွေ့ရသည်၊ သင်္ကန်းတော်နွမ်းလှမှ လှူသူရှိလျှင် လဲလှယ်ဝတ်ရုံတော်မူသည်၊ သို့သော် အရောင်အသွေးမှာ အ၀ါရင့် အရောင်မှိန်မှိန်သာဖြစ်သည်၊ ၀တ်ပုံမှာ သင်းပိုင်ကို ဒူးအောက် လက်ရှစ်သစ်ခန့်၊ ဧကသီကို ဒူးအောက် လက်လေးသစ်ခန့်ချ၍ အမြဲတန်း သေသေသပ်သပ် ၀တ်ရုံ သီတင်းသုံးတော်မူသည်၊ နံနက်ပိုင်း ညဥ့်သီတင်းသုံးရာ တောရကျောင်းကလေးမှ ပြန်ကြွလာသောအခါ၌၄င်း၊ ညဥ့်အခါ ညဥ့်စာဝါချပို့အပြီး တောရကျောင်းကလေးသို့ ကြွသွားသောအခါ၌၄င်း၊ အရောင်တူ နှစ်ထပ်သင်္ကန်း ခပ်နွမ်းနွမ်းကို ပခုံးပေါ်တင်ပြီး ကြွလာသည်၊ ကြွသွားသည်တို့ကို ဖူးတွေ့ရသည်၊ အလွန်ဣနြေ္ဒရှိသော အမူအရာတော်ရှိသည်။

ဆရာတော်သည် နေ့အခါ အထက်ဂူနှင့် ၄င်းဂူအနီးဆောက်လုပ်အပ်သော အထက်စင်္ကြန်ကျောင်း၌သာ သီတင်းသုံးသည်။

တနေ့သ၌ မင်းတုန်းမင်းတရားကြီးသည် အမတ်တယောက်ကို စေလွှတ်၍ ရွှေကျင်ဆရာတော်ဘုရားကြီးအား ဆွမ်းအလှူခံကြွတော်မူရန် နန်းတော်သို့ပင့်စေသည်၊ အမတ်သည် ရွှေကျင်တိုက်သို့သွား၍ ရွှေကျင်ဆရာတော်ဘုရားကြီးထံမှောက် ရောက်ကာလ ရွှေကျင်ဆရာတော် ဘုရားကြီး သင်္ကန်းရုံတော်မူနေသည်ကို တွေ့မြင်ရ၏။

ဒကာတော် ရေမြေ့ရှင်က နန်းတော်သို့ ကြွရောက် ဆွမ်းအလှူခံတော်မူရန် ပင့်လျှောက်ပါကြောင်း လျှောက်ထားသည်၊ ဆရာတော်ဘုရားကြီးသည် မည်သို့မျှ ပြန်၍ အမိန့်မရှိဘဲ သင်္ကန်းရုံပြီးက သပိတ်ကိုလွယ်တော်မူ၍ ကျောင်းပေါ်မှ သက်ဆင်းကြွသွားတော်မူသဖြင့် အမတ်သည် နောက်မှလိုက၍ အခြေအနေကိုကြည့်ရာ မန္တလေးတောင်ခြေ၏မြောက် အဘိုးအို အမယ်အိုတို့ တဲသို့ ဆွမ်းခံကြွ၍ ဆွမ်းစားသည်ကို သိရလေသည်။ ရွှေကျင်ဆရာတော်ဘုရားကြီး ကိုလည်း နန်းတော်သို့ကြွရန် ထပ်မံမပင့်ဝံ့၊ မင်းတရားကြီးကိုလည်း မတင်ဝံ့နှင့် အချိန်ကြာမြင့်မှ နန်းတော်သို့ရောက်၍ မင်းတရားကြီးက ရွှေကျင်ဆရာတော် ကြွလာပြီလား-ဟု မေးမြန်းမှ မြင်ခဲ့သည့်အတိုင်း တင်လျှောက်ရာ မင်းတရားကြီးသည် ၀မ်းသာအားရ ရှိလှ၍ ငါကဲ့သို့မင်း ရှိသေး၏လော-ဟုဆို၍ လက်ပန်းပေါက်ခတ်သည်ဟူ၏။ အကြောင်းမူကား ရှင်ဘုရင်ကပင့်လျက် ဘုရင့်မျက်နှာကို မကြည့်၊ ဦးစွာပင့်ထားသော သူဆင်းရဲအဘိုးအိုတို့တဲသို့သာ တရားအားလျှော်စွာ ကြွသွားတော်မူခြင်းဖြင့် ယထာဓမ္မသာသနာကိုသာ သတ္တိရှိရှိ ကြည့်တော်မူသောဂုဏ်နှင့် ပြည့်စုံတော် မူသော ရဟန်းကောင်းရဟန်းမြတ်ကို အားထားကိုးကွယ်ရသော သာသနာ့ဒါယကာအနေဖြင့် ၀မ်းမြောက်သောကြောင့် ဖြစ်ပေသည်။

Saturday, July 12, 2008

ဗုဒ္ဓဘာသာဝင်တို့၏ တနေ့တာ လုပ်ငန်းစဉ်

၁။ သြကာသ ကန်တော့ရန်

၂။ သီလယူရန်

၃။ ကပ်လှူ ပူဇော်ရန်

၎။ တရားအလုပ် အားထုတ်ရန်

၅။ ဆုတောင်း အမျှဝေရန်

၁။ သြကာသ ကန်တော့ချိုး

( မဟာစည်ဆရာတော်ကြီး၏ သြကာသ ကန်တော့ချိုး )

သြကာသ သြကာသ သြကာသ ကာယကံ ၀စီကံ မနေကံ တည်းဟူသော အပြစ်ခပ်သိမ်း ပပြောက်ငြိမ်း၍ အသက်ရှည်စွာ အနာမဲ့ရေး ရန်ဘေးကင်းကြောင်း ကောင်းမှုမင်္ဂလာ ဖြစ်ပါစေခြင်း အကျိုးငှါ ဘုရားရတနာ တရားရတနာ သံဃာရတနာ တည်းဟူသော ရတနာမြတ်သုံးပါး ( မိဘ, ဆရားသမား ) တို့ကို အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏ အရှင်ဘုရား။

ကန်တော့ရသော ကောင်းမှုကံ စေတနာတို့ကြောင့် အပါယ် ၄-ပါး, ကပ် ၃-ပါး, ရပ်ပြစ် ၈-ပါး, ရန်သူမျိုး ၅-ပါး, ၀ိပတ္တိတရား ၄-ပါး, ဗျသနတရား ၅-ပါး, အနာမျိုး ၉၆-ပါး, မိစ္ဆာဒိဋ္ဌိ ၆၂-ပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည် ဖြစ်၍ မဂ်တရား ဖိုလ်တရား နိဗ္ဗာန် တရားတော်မြတ်ကို လျင်မြန်စွာ ရပါလို၏ အရှင်ဘုရား။

( မိုးကုတ်ဆရာတော်၏ သြကာသ ကန်တော့ချိုး )

သြကာသ သြကာသ သြကာသ ကာယကံ ၀စီကံ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှါ ပထမ ဒုတိယ တတိယ တကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက်အောင် ဘုရားရတနာ တရားရတနာ သံဃာရတနာ ရတနာမြတ်သုံးပါးနှင့် မိဘ ဆရာသမားတို့အား ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပူဇော် ဖူးမျှော်မာန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရား။

ကန်တော့ရသော ကောင်းမှုကံ စေတနာတို့ကြောင့် တပည့်တော်တို့ အားထုတ်ဆဲဖြစ်သော ၀ိပဿနာ ဉာဏ်သည် လျင်မြန်စွာ မဂ်ဉာဏ်သို့ ကျေးဇူးပြု၍ နိဗ္ဗာန်သို့ မျက်မှောက်ပြုရပါလို၏ အရှင်ဘုရား။

(အများသုံး သြကာသ ကန်တော့ချိုး)

သြကာသ သြကာသ သြကာသ ကာယကံ ၀စီကံ မနောကံ တည်းဟူသော ကံသုံးပါးတို့တွင် တပါးပါးသော ကံဖြင့် ပြစ်မှားကျူးလွန်မိသည်ရှိသော် ထိုအပြစ်တို့မှ ပျောက်ပါစေခြင်း အကျိုးငှါ ပထမ ဒုတိယ တတိယ တကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက်အောင် ဘုရားရတနာ တရားရတနာ သံဃာရတနာ တည်းဟူသော ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရား။

ဤသို့ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ရသော အကျိုးအားကြောင့် အပါယ် ၄-ပါး, ကပ် ၃-ပါး, ရပ်ပြစ် ၈-ပါး, ရန်သူမျိုး ၅-ပါး, ၀ိပတ္တိတရား ၄-ပါး, ဗျသနတရား ၅-ပါး, အနာမျိုး ၉၆-ပါး, ဘေး ၂၅-ပါး, ကံကြမ္မာ ၃၂-ပါး, ဥပဒ္ဒဝေါ ၁၆-ပါး, ဒဏ် ၁၀-ပါး, အပြစ် ၈-ပါးတို့မှ ဘ၀ဆက်တိုင်း ကင်းလွတ်ငြိမ်းသည်သာဖြစ်၍ အဆုံးစွန်သောဘ၀ နောက်ကာလ၌ မဂ်တရား ဖိုလ်တရား နိဗ္ဗာန် တရားတော်မြတ်ကို လျင်မြန်စွာ မျက်မှောက်ပြုရပါလို၏ အရှင်ဘုရား။


၂။ ငါးပါးသီလ ဆောက်တည်ပုံ ပါဠိ အနက် မြန်မာ

( လူများ ) အဟံ ဘန္တေ, တိသရဏေန သဟ, ပဉ္စသီလံ, ဓမ္မံ ယာစာမိ, အနုဂ္ဂဟံ ကတွာ, သီလံ ဒေထ, မေ ဘန္တေ။

ဒုတိယမ္ပိ-အဟံ ဘန္တေ,

တတိယမ္ပိ-အဟံ ဘန္တေ,

( အနက် ) ဘန္တေ-အရှင်ဘုရား။ အဟံ-တပည့်တော်သည်။ တိသရဏေန-သရဏဂုံသုံးပါးနှင့်။ သဟ-တကွ။ ပဉ္စသီလံ-အင်္ဂါငါးပါးနှင့် ပြည့်စုံသော သီလတော်မြတ်ဟု ဆိုအပ်သော။ ဓမ္မံ-ကျင့်ဝတ်သိက္ခာပုဒ်ကို။ ယာစာမိ-တောင်းပန်ပါ၏။ မေ-တပည့်တော်အား။ အနုဂ္ဂဟံ-ချီးမြှောက်ခြင်းကို။ ကတွာ-ပြု၍။ သီလံ-ငါးပါးသော ကျင့်ဝတ်သီလ သိက္ခာပုဒ်ကို။ ဒေထ-ပေးသနားတော်မူပါ အရှင်ဘုရား။

ဒုတိယမ္ပိ-နှစ်ကြိမ်မြောက်လည်း။-

တတိယမ္ပိ-သုံးကြိမ်မြောက်လည်း။-

( မြန်မာ ) အရှင်ဘုရား တပည့်တော်သည် သရဏဂုံသုံးပါးနှင့်တကွ ငါးပါးသီလကို တောင်းပါ၏၊ တပည့်တော်အား သနားစောင့်ရှောက် ချီးမြှောက်သောအားဖြင့် ငါးပါးသီလခံယူနည်း ပေးတော်မူပါ အရှင်ဘုရား။

( ဘုန်းကြီး ) ယမဟံ ၀ဒါမိ၊ တံ ၀ဒေထ ။

( အနက် ) ယံ-အကြင်စကားကို။ အဟံ-ငါသည်။ ၀ဒါမိ-ဆိုအံ့။ တံ-ထို ငါဆိုမည့်စကားကို (၀ါ) ငါဆိုသည့် အတိုင်း။ ၀ဒေထ-လိုက်ဆိုကြပါကုန်လော့။

( မြန်မာ ) ငါ ဆိုတာကို လိုက်ဆိုကြ )

( လူများ ) အာမ ဘန္တေ။

( အနက် ) ဘန္တေ-အရှင်ဘုရား။ အာမ-မှန်ပါ အရှင်ဘုရားဆိုသည့်အတိုင်း လိုက်ဆိုပါမည်အရှင်ဘုရား။

( မြန်မာ ) မှန်ပါ အရှင်ဘုရား။


( ဘုန်းကြီး ) နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

( လူများ ) နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။ ( သုံးကြိမ် )

( အနက် ) အရဟတော-လူမင်း နတ်မင်း ဗြဟ္မာမင်းတို့၏ ၀ပ်စင်းကော်ရော် ပူဇော်အထူးကို ခံယူတော်မူ ထိုက်သော။ သမ္မာသမ္ဗုဒ္ဓဿ-သစ္စာလေးပါး မြတ်တရားကို ပိုင်းခြားထင်ထင် ကိုယ်တော်တိုင် သိမြင်တော် မူသော။ တဿ ဘဂ၀တော-ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော ထိုမြတ်စွာဘုရားအား။ နမော-ရှိခိုး ပါ၏ အရှင်ဘုရား။

( မြန်မာ ) ပူဇော်အထူးကို ခံယူတော်မူထိုက်သော အလုံးစုံသောတရားတို့ကို မဖောက်မပြန် ကိုယ်တော်တိုင် သိမြင်တော်မူသော ထိုမြတ်စွာဘုရားအား ရှိခိုးပါ၏ဘုရား။

( ဘုန်းကြီး ) ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။

ဓမ္မံ သရဏံ ဂစ္ဆာမိ ။

သံဃံ သရဏံ ဂစ္ဆာမိ ။

( လူများ ) ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။

ဓမ္မံ သရဏံ ဂစ္ဆာမိ ။

သံဃံ သရဏံ ဂစ္ဆာမိ ။

( အနက် ) ဗုဒ္ဓံ-မြတ်စွာဘုရားကို။ သရဏံ-ကိုးကွယ်ရာဟူ၍။ ဂစ္ဆာမိ-ဆည်းကပ်ပါ၏။

ဓမ္မံ-တရားတော်မြတ်ကို။ သရဏံ-ကိုးကွယ်ရာဟူ၍။ ဂစ္ဆာမိ-ဆည်းကပ်ပါ၏။

သံဃံ-သံဃာတော်မြတ်ကို။ သရဏံ-ကိုးကွယ်ရာဟူ၍။ ဂစ္ဆာမိ-ဆည်းကပ်ပါ၏။

( မြန်မာ ) မြတ်စွာဘုရားကို ကိုးကွယ်ပါ၏။

တရားတော်မြတ်ကို ကိုးကွယ်ပါ၏။

သံဃာတော်မြတ်ကို ကိုးကွယ်ပါ၏။

( ဘုန်းကြီး ) ဒုတိယမ္ပိ-ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။

ဒုတိယမ္ပိ-ဓမ္မံ သရဏံ ဂစ္ဆာမိ ။

ဒုတိယမ္ပိ-သံဃံ သရဏံ ဂစ္ဆာမိ ။

( လူများ ) ဒုတိယမ္ပိ-ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။

ဒုတိယမ္ပိ-ဓမ္မံ သရဏံ ဂစ္ဆာမိ ။

ဒုတိယမ္ပိ-သံဃံ သရဏံ ဂစ္ဆာမိ ။

( အနက် ) ဒုတိယမ္ပိ-နှစ်ကြိမ်မြှောက်လည်း။

( မြန်မာ ) နှစ်ကြိမ်မြှောက် မြတ်စွာဘုရားကို ကိုးကွယ်ပါ၏။

တရားတော်မြတ်ကို ကိုးကွယ်ပါ၏။

သံဃာတော်မြတ်ကို ကိုးကွယ်ပါ၏။

( ဘုန်းကြီး ) တတိယမ္ပိ-ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။

တတိယမ္ပိ-ဓမ္မံ သရဏံ ဂစ္ဆာမိ ။

တတိယမ္ပိ-သံဃံ သရဏံ ဂစ္ဆာမိ ။

( လူများ ) တတိယမ္ပိ-ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။

တတိယမ္ပိ-ဓမ္မံ သရဏံ ဂစ္ဆာမိ ။

တတိယမ္ပိ-သံဃံ သရဏံ ဂစ္ဆာမိ ။

( အနက် ) တတိယမ္ပိ-သုံးကြိမ်မြှောက်လည်း။

( မြန်မာ ) သုံ်းကြိမ်မြှောက် မြတ်စွာဘုရားကို ကိုးကွယ်ပါ၏။

တရားတော်မြတ်ကို ကိုးကွယ်ပါ၏။

သံဃာတော်မြတ်ကို ကိုးကွယ်ပါ၏။

( ဘုန်းကြီး ) သရဏဂမနံ ပရိပုဏ္ဏံ ။

( အနက် ) သရဏဂမနံ-သရဏဂုံသည်။ ပရိပုဏ္ဏံ-သင့်သန္တာန်မှာ ပြည့်စုံပြီ။

( မြန်မာ ) သင့်သန္တာန်မှာ သရဏဂုံ ပြည့်စုံပြီ။ သရဏဂုံ တည်ပြီ။

( လူများ ) အာမ ဘန္တေ။

( အနက် ) ဘန္တေ-အရှင်ဘုရား။ အာမ-မှန်ပါအရှင်ဘုရား။

( မြန်မာ ) မှန်ပါ အရှင်ဘုရား။

( ဘုန်းကြီး ) ၁။ ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ။

၂။ အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ။

၃။ ကာမေသုမိစ္ဆာစာရာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ။

၎။ မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ။

၅။ သုရာမေရယ မဇ္ဇပ္ပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ။

( လူများ ) ၁။ ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ။

၂။ အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ။

၃။ ကာမေသုမိစ္ဆာစာရာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ။

၎။ မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ။

၅။ သုရာမေရယ မဇ္ဇပ္ပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ။

( အနက် )

၁။ ပါဏာတိပါတာ-သူတပါး၏အသက်ကို သတ်ခြင်းမှ။ ဝေရမဏိသိက္ခာပဒံ-ရှောင်ကြဉ်ရာ ရှောင်ကြဉ်ကြောင်း ဖြစ်သော သိက္ခာပုဒ်တော်ကို။ သမာဒိယာမိ-ကောင်းစွာဆောက်တည် ထိန်းသိမ်းပါ၏။

၂။ အဒိန္နာဒါနာ-သူမပေးသော သူတပါးပစ္စည်းဥစ္စာကို ခိုးယူခြင်းမှ။ ဝေရမဏိသိက္ခာပဒံ-ရှောင်ကြဉ်ရာ ရှောင်ကြဉ်ကြောင်း ဖြစ်သော သိက္ခာပုဒ်တော်ကို။ သမာဒိယာမိ-ကောင်းစွာဆောက်တည် ထိန်းသိမ်းပါ၏။

၃။ ကာမေသုမိစ္ဆာစာရာ-မိမိ မပိုင်မဆိုင်သော ကာမဂုဏ်တို့၌ မှားယွင်းဖောက်ပြန်စွာ ပြုကျင့်ခြင်းမှ။

ဝေရမဏိသိက္ခာပဒံ-ရှောင်ကြဉ်ရာ ရှောင်ကြဉ်ကြောင်း ဖြစ်သော သိက္ခာပုဒ်တော်ကို။ သမာဒိယာမိ-

ကောင်းစွာဆောက်တည် ထိန်းသိမ်းပါ၏။

၎။ မုသာဝါဒါ-မဟုတ်မမှန်သောစကားကို ပြောဆိုခြင်းမှ။ ဝေရမဏိသိက္ခာပဒံ-ရှောင်ကြဉ်ရာ ရှောင်ကြဉ်ကြောင်း ဖြစ်သော သိက္ခာပုဒ်တော်ကို။ သမာဒိယာမိ-ကောင်းစွာဆောက်တည် ထိန်းသိမ်းပါ၏။

၅။ သုရာမေရယ မဇ္ဇပ္ပမာဒဋ္ဌာနာ-ကုသိုလ်ကောင်းမှုတို့၌ မေ့လျော့စေတတ်သော သေရည်အရက်ကို သောက်သုံးခြင်းမှ။ ဝေရမဏိသိက္ခာပဒံ-ရှောင်ကြဉ်ရာ ရှောင်ကြဉ်ကြောင်း ဖြစ်သော သိက္ခာပုဒ်တော်ကို။ သမာဒိယာမိ-ကောင်းစွာဆောက်တည် ထိန်းသိမ်းပါ၏။

( မြန်မာ )

၁။ သူတပါးအသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ပါ၏။

၂။ သူမပေးသော သူတပါးဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ပါ၏။

၃။ မိမိ မပိုင်မဆိုင်သော ကာမဂုဏ်တို့၌ မှားယွင်းဖောက်ပြန်စွာ ပြုကျင့်ခြင်းမှ ရှောင်ကြဉ်ပါ၏။

၎။ မဟုတ်မမှန်သောစကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ပါ၏။

၅။ ကုသိုလ်ကောင်းမှုတို့၌ မေ့လျော့စေတတ်သော သေရည်အရက်ကို သောက်သုံးခြင်းမှ ရှောင်ကြဉ်ပါ၏။

( ဘုန်းကြီး ) တိသရဏေန သဟ ပဉ္စသီလံ ဓမ္မံ သာဓုကံ ကတွာ အပ္ပမာဒေန သမ္ပာဒေထ ။

( အနက် ) တိသရဏေန-သရဏဂုံသုံးပါးနှင့်။ သဟ-တကွ။ ပဉ္စသီလံ-အင်္ဂါငါးပါးနှင့် ပြည့်စုံသော သီလတော်မြတ်ဟု ဆိုအပ်သော။ ဓမ္မံ-ကျင့်ဝတ်သိက္ခာပုဒ်ကို။ သာဓုကံ ကတွာ-မကျိုးမပေါက် မပြောက်မကျားရအောင် ကောင်းကောင်းမွန်မွန် ရိုရိုသေသေ လေးလးစားစား စောင့်စည်း၍ ။ အပ္ပမာဒေန-မမေ့မလျော့ မပေါ့မဆ ထက်သန်သောသတိတရားဖြင့်။ သမ္ပာဒေထ-ပြည့်စုံအောင် စောင့်ထိန်းကြကုန်လော။

( မြန်မာ ) ယခုဆောက်တည်အပ်သော သရဏဂုံသုံးပါးနှင့်တကွ ငါးပါးသီလအကျင့်ကို မကျိုးမပေါက် မပြောက်မကျားရအောင် ကောင်းကောင်းမွန်မွန် ရိုရိုသေသေ လေးလးစားစား စောင့်စည်း၍ မမေ့သော သတိတရားဖြင့် ပြည့်စုံအောင် စောင့်ထိန်းကြကုန်လော။

( လူများ ) အာမ ဘန္တေ ။

( အနက် ) ဘန္တေ-အရှင်ဘုရား။ အာမ-မှန်ပါ စောင့်ထိန်းပါမည် အရှင်ဘုရား။

( မြန်မာ ) မှန်ပါ အရှင်ဘုရား။

၃။ ကပ်လှူပူဇော်ရန်

ဆွမ်းတော် ကပ်လှူပူဇော်ရန်

သြကာသ သြကာသ သြကာသ အရဟတာဒိ န၀ဂုဏေဟိ-အရဟံ အစရှိသော ကိုးပါးသော ဂုဏ်တော်တို့နှင့်၊ သမ္ပန္နာဂတံ-ပြည့်စုံတော်မူသော၊ နာထံ-လူနတ်တို့၏ ကိုးကွယ်ရာအစစ် ဖြစ်တော်မူသော၊ ဗုဒ္ဓံ-သက်တော်ထင်ရှား သဗ္ဗညုမြတ်စွာဘုရားကို၊ ဥဒ္ဒိဿ-ရည်မှတ်၍၊ စေတိယဿ-ဓာတုစေတီ, ဓမ္မစေတီ, ဥဒ္ဒိဿစေတီ, ပရိဘောဂ စေတီတော်မြတ်အား၊

( ၀ဏ္ဏ ဂန္ဓ ရသ သမ္ပန္နံ-အဆင်း အနံ့ အရသာနှင့် ပြည့်စုံသော၊ ဣမံ ပိဏ္ဍပါတ ခါဒနီယ ဘောဇနိယံ- ဤဆွမ်းခဲဘွယ် ဘောဇဉ်အရသာကို၊)

ဒေမိ-နိဗ္ဗာန်ရည်မှန်း လှူဒါန်းပါ၏ အရှင်ဘုရား၊ ပူဇေမိ-နိဗ္ဗာန်ရည်မြှော် ပူဇော်ပါ၏ အရှင်ဘုရား၊

မေ-ဘုရားတပည့်တော်၏၊ ဣဒံ ပုညံ-ဤကောင်းမှုသည်၊ အာသ၀က္ခယံ-အာသဝေါတရား လေးပါးတို့၏ ကုန်ရာကုန်ကြောင်းဖြစ်သော မဂ်ဉာဏ် ဖိုလ်ဉာဏ် မြတ်နိဗ္ဗာန်ကို၊ ၀ဟံ-ရွက်ဆောင်နိုင်သည်၊ ဟောတု-ဖြစ်ပါစေ သတည်း။

ရေချမ်းတော် ကပ်လှူပူဇော်ရန်

သြကာသ သြကာသ သြကာသ အရဟတာဒိ န၀ဂုဏေဟိ-အရဟံ အစရှိသော ကိုးပါးသော ဂုဏ်တော်တို့နှင့်၊ သမ္ပန္နာဂတံ-ပြည့်စုံတော်မူသော၊ နာထံ-လူနတ်တို့၏ ကိုးကွယ်ရာအစစ် ဖြစ်တော်မူသော၊ ဗုဒ္ဓံ-သက်တော်ထင်ရှား သဗ္ဗညုမြတ်စွာဘုရားကို၊ ဥဒ္ဒိဿ-ရည်မှတ်၍၊ စေတိယဿ-ဓာတုစေတီ, ဓမ္မစေတီ, ဥဒ္ဒိဿစေတီ, ပရိဘောဂ စေတီတော်မြတ်အား၊

( သီတလံ-အေးမြလှစွာသော၊ ဣမံ ပါနီယ ပရိဘောဇနီယံ-ဤသောက်တော်ရေ သုံးဆောင်တော်ရေကို၊)

ဒေမိ-နိဗ္ဗာန်ရည်မှန်း လှူဒါန်းပါ၏ အရှင်ဘုရား၊ ပူဇေမိ-နိဗ္ဗာန်ရည်မြှော် ပူဇော်ပါ၏ အရှင်ဘုရား၊

မေ-ဘုရားတပည့်တော်၏၊ ဣဒံ ပုညံ-ဤကောင်းမှုသည်၊ အာသ၀က္ခယံ-အာသဝေါတရား လေးပါးတို့၏ ကုန်ရာကုန်ကြောင်းဖြစ်သော မဂ်ဉာဏ် ဖိုလ်ဉာဏ် မြတ်နိဗ္ဗာန်ကို၊ ၀ဟံ-ရွက်ဆောင်နိုင်သည်၊ ဟောတု-ဖြစ်ပါစေ သတည်း။

ပန်း ကပ်လှူပူဇော်ရန်

သြကာသ သြကာသ သြကာသ အရဟတာဒိ န၀ဂုဏေဟိ-အရဟံ အစရှိသော ကိုးပါးသော ဂုဏ်တော်တို့နှင့်၊ သမ္ပန္နာဂတံ-ပြည့်စုံတော်မူသော၊ နာထံ-လူနတ်တို့၏ ကိုးကွယ်ရာအစစ် ဖြစ်တော်မူသော၊ ဗုဒ္ဓံ-သက်တော်ထင်ရှား သဗ္ဗညုမြတ်စွာဘုရားကို၊ ဥဒ္ဒိဿ-ရည်မှတ်၍၊ စေတိယဿ-ဓာတုစေတီ, ဓမ္မစေတီ, ဥဒ္ဒိဿစေတီ, ပရိဘောဂ စေတီတော်မြတ်အား၊

( ၀ဏ္ဏ ဂန္ဓ သမ္ပန္နံ-အဆင်း အနံ့နှင့် ပြည့်စုံသော၊ ဣမံ ပုပ္ဖံ-ဤပန်းကို၊)

ဒေမိ-နိဗ္ဗာန်ရည်မှန်း လှူဒါန်းပါ၏ အရှင်ဘုရား၊ ပူဇေမိ-နိဗ္ဗာန်ရည်မြှော် ပူဇော်ပါ၏ အရှင်ဘုရား၊

မေ-ဘုရားတပည့်တော်၏၊ ဣဒံ ပုညံ-ဤကောင်းမှုသည်၊ အာသ၀က္ခယံ-အာသဝေါတရား လေးပါးတို့၏ ကုန်ရာကုန်ကြောင်းဖြစ်သော မဂ်ဉာဏ် ဖိုလ်ဉာဏ် မြတ်နိဗ္ဗာန်ကို၊ ၀ဟံ-ရွက်ဆောင်နိုင်သည်၊ ဟောတု-ဖြစ်ပါစေ သတည်း။

ဆီမီး ကပ်လှူပူဇော်ရန်

သြကာသ သြကာသ သြကာသ အရဟတာဒိ န၀ဂုဏေဟိ-အရဟံ အစရှိသော ကိုးပါးသော ဂုဏ်တော်တို့နှင့်၊ သမ္ပန္နာဂတံ-ပြည့်စုံတော်မူသော၊ နာထံ-လူနတ်တို့၏ ကိုးကွယ်ရာအစစ် ဖြစ်တော်မူသော၊ ဗုဒ္ဓံ-သက်တော်ထင်ရှား သဗ္ဗညုမြတ်စွာဘုရားကို၊ ဥဒ္ဒိဿ-ရည်မှတ်၍၊ စေတိယဿ-ဓာတုစေတီ, ဓမ္မစေတီ, ဥဒ္ဒိဿစေတီ, ပရိဘောဂ စေတီတော်မြတ်အား၊

( ပဘာဝဏ္ဏေဟိ-အရောင်အဆင်းတို့ဖြင့်၊ အန္ဓကာရံ-အမိုက်မှောင်ကို၊ ၀ိနာသကံ-ပယ်ဖျောက် တတ်သော၊ ဣမံ ပဒီပဇာလံ-ဤဆီမီးလျှံကို၊ )

ဒေမိ-နိဗ္ဗာန်ရည်မှန်း လှူဒါန်းပါ၏ အရှင်ဘုရား၊ ပူဇေမိ-နိဗ္ဗာန်ရည်မြှော် ပူဇော်ပါ၏ အရှင်ဘုရား၊

မေ-ဘုရားတပည့်တော်၏၊ ဣဒံ ပုညံ-ဤကောင်းမှုသည်၊ အာသ၀က္ခယံ-အာသဝေါတရား လေးပါးတို့၏ ကုန်ရာကုန်ကြောင်းဖြစ်သော မဂ်ဉာဏ် ဖိုလ်ဉာဏ် မြတ်နိဗ္ဗာန်ကို၊ ၀ဟံ-ရွက်ဆောင်နိုင်သည်၊ ဟောတု-ဖြစ်ပါစေ သတည်း။

၎။ တရားအလုပ် အားထုတ်ရန်

ပရိကံ ပြုရန်

အရှင်ဘုရား တပည့်တော်သည် ၀ိပဿနာအလုပ် အားထုတ်နေစဉ်အတွင်း တပည့်တော်၏ ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို မြတ်စွာဘုရားနှင့် ကမ္မဋ္ဌာန်းဆရာတို့အား အပ်နှင်းပါ၏ အရှင်ဘုရား။

သမထ ပွားရန်

၁။ အရဟံ-စသား, ဂုဏ်ကိုးပါး, ၀တ်တွားပူဇော်ပါ၏ ဘုရား

၂။ အားလုံး သတ္တ၀ါ, ဘေးရန်ကွာ, ချမ်းသာ ကိုယ်စိတ် မြဲပါစေ

၃။ ငါ၏ကိုယ်မှာ, ရှိနေတာ, ရွံရှာဖွယ်ချည်းပါတကား

၎။ ငါသည် မုချ, တနေ့ကြ, သေရမှာပါတကား

ဝိပဿနာ ပွားရန်

ထိုင်-တရားရှုမှတ်နည်း

( နေရာရွေးချယ်ပါ )

၁။ တောရိပ် တောင်ရိပ်, သစ်ပင်ရိပ်, တိတ်ဆိတ်ရာမှာနေ

( ထိုင် တရားရှုမှတ်နည်း )

၁။ ခေါင်းကို တည့်ုကာ, ခါးဖြောင့်စွာ, ထိုင်ပါ ပလ္လင်ခွေ

၂။ ခွေသောအခါ, ခြေ ဘယ်-ညာ, ဆင့်ကာမထပ် ယှဉ်ထားလေ

၃။ ဘယ်လက် ပေါ်တွင်, ညာ-လက်တင်, ထိယှဉ် လက်မ ထိပ်ချင်းပေ

၎။ ဘယ်-ညာ ဒူးတွင်, လက်ကိုတင်, ထားချင် ထားနိုင်ပေ

၅။ ခြေချင်းဝတ်တွင်, လက်မှောက်ယှဉ်, ထားချင် ထားနိုင်ပေ

၆။ မျက်စိမှိတ်လိုက်, ချက်ဝမ်းဗိုက်, စိတ်စိုက်တည်နေစေ

၇။ ဖောင်းခိုက် ပိန်ခိုက်, အစဉ်လိုက်, ချိန်ကိုက် ရှုမှတ်လေ

၈။ မနှေး မမြန်, ဖောင်းပိန်ဟန်, ပုံမှန် ရှုမှတ်လေ

၉။ စ,လယ်,အဆုံး, သုံးပါးလုံး, သိမ်းကျုံးသိနေစေ

၁၀။ ထိုင်တာ ထိတာ, တိုးချဲ့ကာ, မှတ်ပါ ယောဂီတွေ ( ကာယာနုပဿနာ )

၁၂။ ကောင်း, ဆိုး, လတ်ပါ၊ ဝေဒနာ, ပေါ်တာ ရှုမှတ်လေ ( ဝေဒနာနုပဿနာ )

၁၃။ စိတ်အစဉ်မှာ, ဖြစ်ပေါ်ရာ, လိုက်ကာ ရှုမှတ်လေ ( စိတ္တာနုပဿနာ )

၁၄။ ရုပ်နာမ်ခန္ဓာ, ဖြစ်ပေါ်ရာ, လိုက်ကု ရှုမှတ်လေ ( ဓမ္မာနုပဿနာ )

၁၅။ ဒွါရခြောက်ဖြာ, ထင်ပေါ်ရာ, လိုက်ကာ ရှုမှတ်လေ

၁၆။ ယိုစီး,ပျော့,မာ၊ ပူ,အေးတာ၊ ရွေ့တာ ရှုမှတ်လေ

၁၇။ မြင်,ကြား,နံ,စား၊ ထိ,သိ,များ၊ ပိုင်းခြား ရှုမှတ်လေ

၁၈။ ပြီးသောအခါ, ဖောင်း ပိန်သာ, ပြန်ကာ ရှုမှတ်လေ

( စင်္ကြန်လျှောက်-တရားရှုမှတ်နည်း )

၁၉။ မတ်တတ်ရပ်ကာ, လက်ပိုက်ကာ, မျက်လွှာ ချပါလေ

၂၀။ နောက်ပြစ် ရှေ့ထား, လက်နေများ, နေထားသင့်အောင် ထားနိုင်ပေ

၂၁။ ခြေထောက်ပေါ်မှာ, စိတ်စိုက်ကာ, ဘယ် ညာ ရှုမှတ်လေ

၂၂။ ခြေ ကြွသောခါ, ချသောခါ, ကောင်းစွာ ရှုမှတ်လေ

၂၃။ ခြေကြွ လှမ်း ချ, သုံးချက်ပ, မုချ ရှုမှတ်လေ

၅။ ဆုတောင်း အမျှဝေရန်

မဟာစည် ဆရာတော်ဘုရားကြီး၏ ဆုတောင်း အမျှဝေ

ဤသို့ပြုရ, မြတ်ပုညကြောင့်, ချမ်းမြအေးကြည်, ဘေးမဲ့မည်သည်, ရွှေပြည် ထုတ်ချောက်, လမ်းမကောက်ဘဲ, ရောက်ရပါလို, ထိုထိုဘ၀, ကျင်လည်ရလဲ, ဒုက္ခဘေးဒဏ်, ရန်မာန်အပေါင်း, မကောင်းဟူသမျှ, မတွေ့ရဘဲ, သဗ္ဗဣစ္ဆာ, မင်္ဂလာကို, ရွယ်ကာ တ-တိုင်း ရစေသော်။

ယနေ့ယခု, ပြုပြုသမျှ, မြတ်ဘာဂကို, မိဘဆရာ, မျိုးသဟာနှင့်, ကိုယ်မှာ စောင့်ကြပ်, ကိုယ်စောင့်နတ်က, အရင်းစ၍, ရှိသမျှလုံးစုံ, ဘုံသုံးဆယ့်တစ်, ဖြစ်ဖြစ်သမျှ, ဝေနေယျတို့, ရကြပါစေ, ပေးငှဝေသည်, များထွေ သာဓု ခေါ်စေသော်။

အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော

သာဓု သာဓု သာဓု ( သုံးကြိမ် )

အများသုံး ဆုတောင်း အမျှဝေ

ဤသို့ပြုရ, မြတ်ပုညကို, ကြီးထမြင့်ခေါင်, မြင်းမိုရ်တောင်ဦး, မကကျူးသည့်, ကျေးဇူးအရှင်, မွေးမိခင်နှင့်, ဖခင်တို့အား, ရငြားပါစေ, အမျှဝေ၏။

မသွေနိစ္စ, ဤကာယကို, စောင့်ထပေတတ်, ကိုယ်စောင့်နတ်လည်း,မလပ်စေရ, ပေးဝေငှ၏။

မိတ္တဆွေညာ, ဆရာသမား, ဘိုးဘွားကစ, ယမရာဇာ, ဒေ၀ါယက္ခ, ဣန္ဒဘုမ္မာ, အာကာသနတ်, အထူးမှတ်၍, အမြတ်ပုည, ကုသလကို, ရကြပါစေ, အမျှဝေ၏။

သဗ္ဗေသတ္တာ, သတ္တ၀ါဟု, နာနာလောက, အနန္တတွင်, မပြတ်စဉ်ကာ, သတ္တာဝါသ, ဘုံကိုးဝနှင့်, ၀ိညာဏဌိတိ, တည်ရှိခုနစ်ပါး, များစွာလုံးစုံ, ဘုံသုံးဆယ့်တစ်, ဖြစ်ရှိသမျှ, ဝေနေယျအား, အမျှကုသိုလ်, ပေဝေလို၏။

ထိုကုသလ, ဤပုညကို, အမျှရကြသည်, ဖြစ်စေသာ်။

ဝသုန္ဓရေ, ဤမြေပံသု, သိလာထုလည်း, သက်သေအမှု, တည်စေသော်။

အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော

သာဓု သာဓု သာဓု ( သုံးကြိမ် )

Wednesday, July 9, 2008

ဘုရားပင့်

ဘုရားပင့်

၁။ နက္ခတ္တေဟိ ပရိဝါရော ၊ သိနေရုဂိရိမုတ္တမော ။

ဝိရောစတိ သကာဘာယ ၊ သြဘာသယံ သမန္တတော ။

၂။ တတောပိ အတိက္ကန္တောဝ ၊ ဆဟိ ရသ္မီဟိ ယော ဇိနော ။

ဧ၀မာဒိဂုဏောပေတော ၊ ဌာတု မေ ၀ရသီသကေ ။

နက္ခတ္တေဟိ-ရောင်ခြည်တထောင် အလင်းဆောင်သည့် ထွန်းပြောင်ပ၀င်း ရှင်နေမင်းမှ စသည်များစွာ နက္ခတ်တာရာအပေါင်းတို့ဖြင့်။ ပရိဝါရော-ခြံရံအပ်သော။ သိနေရုဂိရိမုတ္တမော-လောကတွင် ရှိရှိသမျှ တောင်တကာ တို့ထက် ဆတက်လွန်ကျူး တောင်ထူးတောင်မြတ် ဆတ်ဆတ်ဖြစ်လျှင်း မြင့်မိုရ်မင်းသည်။ သကာဘာယ-မိမိဝဲယာ ခြံရံကာ၍ ရောင်ဝါတင့်ထူး နက္ခတ်စုံဝင့်ကာမြူးသဖြင့် တင့်ထူးကျက်သရေ လက်လက်ဝေသော မိမိရောင်ခြည်ပန်းဖြင့်၊ သြဘာသယံ-သြဘာသယန္တော-ရောင်ဝါရွှန်းအိ ထွန်းလင်းဘိလျက်။ သမန္တတော-၀န်းကျင်ဒိသာ ရပ်မျက်နှာမှ။ ၀ိရောစတိ-တောင်မင်းကျက်သရေ ပီပြင်လေအောင် ထွန်းပြောင်ရွှန်းမြ တင့်တယ်တောက်ပပါပေ၏။

တတောပိ-တောင်တကာထွတ်မှူး လွန်ကျူးမြင့်ပို ထိုမြင့်မိုရ်တောင်မင်း၏ တင့်တယ်ခြင်းထက်လည်း။ အတိက္ကန္တောဝ-ဤ၍ဤမျှ ဂဏန်းချ၍ မမှန်းဆနိုင်အောင် ကဲလွန်၍သာလျှင်။ ယောဇိနော-အကြင်ငါးမာရ်အောင်မြင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်။ ဆဟိ ရသ္မီဟိ-ကြာညိုရောင် မည်းညိုရောင် ပုလဲညိုရောင် ဖဲညိုရောင် မြစိမ်းညိုရောင်အဆင်းကဲ့သို့ ညိုဝင်းသော နီလရောင်ခြည်တော်, နေမင်းအရောင် ရွှေအဆင်းအရောင် ပယင်းအ၀ါအရောင် သလင်းအ၀ါအရောင် သလွဲအ၀ါအရောင် ရွဲအ၀ါအရောင်ကဲ့သို့ ၀ါဝင်းသော ပီတရောင်ခြည် တော်,တိမ်နီရောင် စိန်နီရောင် ကြာနီရောင် ကမ္ဗလာနီရောင် ပတ္တမြားအနီရောင်အဆင်းကဲ့သို့ နီဝင်းသော လောဟိတရောင်ခြည်တော်, ဘောသာခွါရောင် သော်တာလရောင် မကာရ်းအဖြူရောင် ဂွမ်းအဖြူရောင် ပုလဲ အဖြူရောင် ရွဲအဖြူရောင် စံပယ်အဖြူရောင် ကြယ်အဖြူရောင် ၀ရဇိန်အဖြူရောင် ပွတ်သစ်စ ခရုသင်းကဲ့သို့ ဖြူဝင်းသော သြဒါတရောင်ခြည်တော်, မည်းရောင် နီရောင် ညိုရောင်ထည့်လောင်း ယှက်ကူးပေါင်းသဖြင့် မှည့်မောင်း မှိုင်းအုံ ရည်မှုန်သော အဆင်းရှိသော မဉ္ဖိဋ္ဌရောင်ခြည်တော်,မင်းလွင်မြူးခုန် ကဆုန်မာသ သမယ၌ မိုးဝပြင်ကျယ် ကောင်းကင်လယ်က လျှပ်ပန်းနွယ်ယှက်ကူး ပိုးစုန်းကြူးသဏ္ဍာန် မီးပန်းတွေပျံသလို အလျှံတလက်လက် တက်တဲ့ခြည် သက်တဲ့ခြည် ၀ဲတဲ့ခြည် ပျံတဲ့ခြည် ဤမှထိုမှ ထိုမှဤမှ ကူးကာပြိုးပြက် တခဲနက်သော ပဘဿရရောင်ခြည်တော် တည်းဟူသော ခြောက်ပါးသော ရောင်ခြည်တော်တို့ဖြင့်။ ၀ိရောစတိ-ဖူးမြင်ရသူ နတ်လူဗြဟ္မာ သတ္တ၀ါဟူသမျှ ဖူးမြော်၍မ၀အောင် ခြောက်ရောင်ခြည်စုံဖြာလင်း၍ ထွန်းလင်း တောက်ပတော်မူပါပေ၏ ဧ၀မာဒိ ဂုဏောပေတော-ဤသို့ ဆိုအပ်ခဲ့ပြီး ရောင်ခြည်ခြောက်လီ တင့်ထူးစည်သည့် များဘိလုံးစုံ ဂုဏ်ကျေးဇူးတော် အပေါင်းနှင့် ပြည့်စုံတော်မူသော ငါးမာရ်အောင်မြင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်။ မေ-မမ-ရှင်ပင့်ကိုးဂုဏ် ကြယ်ယုံမပြတ် ပွားများအပ်သော အကျွန်ုပ်၏။ ၀ရသီသကေ-ကိုယ်အင်္ဂါတွင် အမြတ်တင်သည့် ဥတ္တမင်္ဂ ဦးသီသ၌။ ဌာတု-မယိမ်းမယိုင် ကျောက်စာတိုင်သို့ ခိုင်ခိုင်မတ်မတ် ရပ်တန့်ရွှင်ပြုံး သီတင်းသုံးတော်မူလှည့်ပါ ရောင်ခြည်တော် နေတနှုန်းတမျှကဲ့သို့ ရွှေဘုန်းတော် အလျှံကြွပါသည့် အောင်တော်မူသခင် အရှင်မြတ်ကြီးဘုရား။

ရောင်ခြည်တော်ဖွင့် ဘုရားပင့်

စတုက္ကရံသိနိက္ခန္တာ ၊ မေရုရာဇာ ဂိရုတ္တမော ။

သောဘတေ၀ သကာဘာယ ၊ သြဘာသယံ သမန္တတော ။

တထေ၀ သောဘနော ဗုဒ္ဓေါ ၊ ဆဗ္ဗဏ္ဏရုစိယာ ဘ၀ံ ။

အနန္တဇုတိမာ ဘန္တော ၊ ဂန္တွာ မေ ဌာတု သီသကေ ။

ဂိရုတ္တမော-ကမ္ဘာပေါ်တွင် ရှိသမျှ တောင်တကာ့ထွတ်မှူး တောင်ဦးတောင်မြတ်ကြီး ဖြစ်တော်မူပေထသော။ စတုက္ကရံသိနိက္ခန္တာ မေရုရာဇာ-ရွှေ ငွေ မြ ဖလ် လေးတန်ရောင်ခြည် ထွက်လည်ကွန့်မြူး တင့်ထူးလျှံပြိုင် မဏ္ဍိုင် ချက်ဗွေ နေစက်လစက် နက္ခတ်တာရာ ကြယ်တာရာတို့ ၀ံယာပတ်ဝိုက် ဦးခိုက်ကြရာ မဟာမြင့်မိုရ်တောင်မင်းသည်။ သကာဘာယ-၀ါဝင်းရောင် ဖြူဝင်းရောင် စိမ်းလဲ့ဝင်းရောင် ဖလ်ဝင်းရောင် မှန်ဝင်းရောင် နေရောင် လရောင် တည်းဟူသော မိမိအရောင်အ၀ါတို့ဖြင့်။ သမန္တတော-နှစ်ထောင်ကျွန်းငယ် လေးသွယ်ကျွန်းကြီး သီးသီးမွမွ အဏ္ဏ၀ လေးသွယ် မြစ်ငယ်ငါးရာ ငါးဖြာမြစ်မ ရှိသမျှအကုန် လုံးစုံဒီပါ ရပ်ဒိသာ၌။ သြဘာသယံ-သြဘာသယန္တော-ထွန်းလင်း တောက်ပြောက် မြင့်မိုရ်ရောင်သာစေလျက်။ သောဘတေ၀-သောဘတေ ဣ၀-လေးကျွန်းလုံးအလယ် လွန်တင့်တယ်သကဲ့သို့။ တထေ၀-ထိုမြင့်မိုရ်တောင်ကြီး ပုံမှီးစံယူ အလားတူသာလျှင်။ ဗုဒ္ဓေါ-ဒုက္ခ သမုဒယ နိရောဓနှင့် မဂ္ဂတဖြာ လေးသစ္စာကို ဆရာမကူ သယမ္ဘူဉာဏ်ဖြင့် အလိုလို ကိုယ်တော်တိုင် သိမြင်တော်မူသော မြတ်စွာဘုရားသည်။ ဆဗ္ဗဏ္ဏရုစိယာ-ကြာညိုရောင် မည်းညိုရောင် ပုလဲညိုရောင် ဖဲညိုရောင် မြစိမ်းညိုရောင် အဆင်းကဲ့သို့ ညိုဝင်းသော နီလရောင်ခြည်တော်, နေမင်းအရောင် ရွှေအဆင်းအရောင် ပယင်းဝါရောင် သလင်းဝါရောင် သလွဲဝါရောင် ရွဲအ၀ါရောင် အဆင်းကဲ့သို့ ၀ါဝင်းသော ပီတရောင်ခြည်တော်, တိမ်နီရောင် စိန်နီရောင် ကြာနီရောင် ကမ္ဗလာနီရောင် ပတ္တမြားအနီရောင် အဆင်းကဲ့သို့ နီဝင်းသော လောဟိတရောင်ခြည်တော်, ဘော်သာ ခွါရောင် သော်တာလရောင် မကာရ်းအဖြူရောင် ဂွမ်းအဖြူရောင် ပုလဲအဖြူရောင် ရွဲအဖြူရောင် စံပယ်အဖြူရောင် ကြယ်အဖြူရောင် ၀ရဇိန်အဖြူရောင် ပွတ်သစ်စခရုသင်းကဲ့သို့ ဖြူဝင်းသော သြဒါတရောင်ခြည်တော်, မည်းရောင် နီရောင် ညိုရောင်ထည့်လောင်း ယှက်ကူးပေါင်းသဖြင့် မှည့်မောင်းမှိုင်းအုံ ရီမှုန်သော အဆင်းရှိကုန်သော မဉ္ဇိဋ္ဌ ရောင်ခြည်တော်, မင်းလွင်မြူးခုန် ကဆုန်မာသ သမယ၌ မိုးဝပြင်ကျယ် ကောင်းကင်လယ်က လျှပ်ပန်းနွယ်ယှက်ကူး ပိုးစုံးကြူးသဏ္ဍာန် မီးပန်းတွေပျံသလို အလျှံတလက်လက် တက်တဲ့ခြည် သက်တဲ့ခြည် ၀ဲတဲ့ခြည် ပျံတဲ့ခြည် ဤမှထိုမှ ထိုမှဤမှ လူးလာပြိုးပြက် တခဲနက်သော ပဘဿရရောင်ခြည်တော် တည်းဟူသော ခြောက်သွယ်သော ရောင်ခြည်တော်အပေါင်းတို့ဖြင့်။ သောဘနော-မြင်သူအများ ရှုမအားအောင် ကြွားကြွားဝင့်ဝင့် ငွါးငွါးဆင့်၍ တင့်တယ် တော်မူပေထသော။ ဘန္တေ-ရွှေဘုန်းတော်သခင် အရှင်မြတ်ကြီးဘုရား။ အနန္တဇုတိမာ-မြေအဆုံး မိုးအဆုံး စကြ၀ဠာဆုံးအောင် ပြိုင်နှုန်းမပြူ ထွန်းလင်းတောက်ပတော်မူနိုင်ပေထသော။ ဘ၀ံ-ရှင်တော်မြတ်ဘုရားကြီးသည်။ အာဂန္တွာ-တရာ့ရှစ်ကွက် ရွှေစက်အစုံ ကြာပဒုံကို ညွှန်ရုံဖြန့်မြန်း ကြွလှမ်းတော်မူခဲ့ပါ၍။ မေ-ငါးဝခန္ဓာ သမူဟာကို ငါငါထင်မှတ် အမိုက်ဇာတ်တွင် မပြတ်ခါခါ ကျင်လည်ရပါသော ဘုရားတပည့်တော်၏။ သီသကေ-လူညွန့်လူဖူး ဆံဦး ဗွေထက် ထိပ်လယ်ချက်၌။ ဌာတု-မယိမ်းမယိုင် ကျောက်စာတိုင်ကဲ့သို့ ခိုင်ခိုင်မတ်မတ် တန့်ရပ်တည်နေတော် မူလှည့်ပါ့ နေတနှုန်းတမျှကဲ့သို့ ရွှေဘုန်းတော်ကြွပါတဲ့ အရှင်မြတ်ကြီးဘုရား။

စိန်ရောင်ခြည် ဘုရားပင့်

အင်္ဂီရသဿ ဥဏ္ဏာယ ၊ ဒါဌာဟိ သေတရံသိယော ။

ဝဇိရာဝ ၀ိရောစန္တိ ၊ ဇိနော မေ ဌာတု သီသကေ ။

အင်္ဂီရသဿ-အယုတ်အလတ် အမြတ်ပိုင်းခြား လွန်ကြိုးစားသည့် သုံးပါးဆယ်လီ ပါရမီတော်အဟုန် စာဂီတော်ဂုဏ်တို့ကြောင့် ခြောက်ရောင်စုံကွန့်မြူးလျက် အင်္ဂီရသဆိုတဲ့ ဘွဲ့ထူးကို ချီးကျူးခံ့ခိုင် ဘက်မပြိုင်နိုင်အောင် လက်ကိုင်ရရှိတော်မူသော ငါးမာရ်အောင်ပြီး ဘုရားရှင်ကိုယ်တော်မြတ်ကြီး၏။ ဘမုကန္တရေ-မျက်မှောင်တော်နှစ်သွယ် အလယ်ဗဟိုတည့်တည့်၌။ သဉ္ဇာတာယ-နုဖြူထွားထွား ကောင်းစွာပေါက်ဖွား ဖြစ်ပေါ်၍နေသော။ ဥဏ္ဏာယစ-ဆွဲလို့ ဆန့်လျှင် နှစ်တောင်ခန့်ရှည်လျားသဖြင့် စိန်သားနှစ်အသွင် ငွေနန်းချည်အမျှင်ကဲ့သို့ ဖြူစင်ဝင်းသစ် လက်ယာရစ်ခွေရုံ စိန်ကြယ်ပွင့်အနေပုံလို ဥဏ္ဏလုံခေါ် မွေးရှင်တော်ဓာတ် လွန်ထူးမြတ်သည့် အရပ်တော်မှ၎င်း။ ဒါဌာဟိစ-ပတ္တမြား ခေါင်ရန်း နှင်းဆီပန်းကဲ့သို့ နီမြန်းသော နှုတ်ခမ်းတော်တို့ဖြင့် မပေါ်အောင် ဖုံးပိတ်၍ထားအပ်သော သွားတော်လေးဆယ် စွယ်တော်လေးဆူ ဖြူရာရာအရပ်တို့မှ၎င်း။ သေတရံသိယော-ပုလဲအနှစ် စိန်စစ်နမူ ဘော်ဖြူငွေရွက် ဖြန့်ကြက်စီခြယ် စိန်ကြယ်ရောင်သန်း ကေလာသငွေတောင်ကို နေအရောင်လွှမ်းဘိသကဲ့သို့ မြလေးပန်းစပယ်ငုံ ကြာဖြူပွင့်ဝတ်မှုန်လို ပုံပမာကပ် စိန်တောင်ကို တိမ်ရောင်ဟပ်ဘိသကဲ့သို့ တလျှပ်လျှပ် တဖိတ်ဖိတ် တရိပ်ရိပ် တလည်လည် ထိန်ပြောင်ကြည်သည့် စိန်ရောင်ခြည်ဓာတ် ဖြူဖွေးသောအဆင်းတော်မြတ် တို့သည်။ ၀ဇိရာဝ-စိန်နှစ်စိန်သွေး ဖြူဖွေးတောက်ပြောင်စိန်သားတောင်ကြီးကဲ့သို့။ ၀ိရောစန္တိ-ဖူးမြင်ရသူတို့၏ စိတ်ဝယ်အထူး ဘ၀င်မှာကြည်နူးလောက်အောင် ရွှင်မြူးတက်ကြွ ဘက်မမျှသဖြင့် လှပဆန်းကြယ် တင့်တယ်တော် မူကြပါပေကုန်၏။ သော ဇိနော-ထူးထွေဆန်းလည် စိန်ရောင်ခြည်တို့ကြောင့် အင်္ဂီရသံ ဘွဲ့ထူးခံသည့် ငါးမာရ်အောင်ပြီး ထိုဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်။ မေ-မမ-ခန္ဓာငါးဝ သမူဟကို အတ္တသမုတ် အကျွန်ုပ်၏။ သီသကေ-လေးထွေ ဘူတ ကာယကိုယ်တွင် အမြတ်တင်သည့် ဦးပြင်ထိပ်၌။ ဌာတု-မယိမ်းမယိုင် ကျောက်စာတိုင်ကဲ့သို့ ခိုင်ခိုင်မတ်မတ် တန့်ရပ်တည်တော်မူပါ့ စိန်ရောင်ခြည် နေတနှုန်းကဲ့သို့ ရွှေဘုန်းတော်သခင် အရှင်မြတ်ကြီးဘုရား။

အစိန္တေယျ ဘုရားပင့်

အစိန္တေယျ အစိန္တေယျ အစိန္တေယျ အပ္ပမေယျ သေဋ္ဌဇေဋ္ဌံ အရဟံ-အနုတ္တရ မည်တော်ရလျက် အရိယာစာဂ စရဏပါရမီ အလီလီရှိ ဗောဓိသမ္ဘာရ ဂုဏအပေါင်း မြင့်ညောင်းသမ္ဘာ လေးဖြာသင်္ချေ လွန်လေတသိန်း မတိမ်းမဖင့် ဖြည့်ကျင့်ရွက်ဆောင် အောင်ရာဌာနီ သုံးလီခေတ္တ ဘ၀သုံးစုံ သုံးပါးဘုံ၌ တစုံတရာ ဗြဟ္မာနတ်လူ သူရာမာရ်မင်း ရန်ခပင်းတို့ နှိမ်နင်းဖြိုဖျက် လုယက်တွန်းလှန် ကြံရန်မစွမ်း သောင်းခန်းလောကဓာတ် သုံးရပ်ကျက်သရေ အောင်မြေသာခေါင် ရွှေညောင်မဏ္ဍိုင် ရန်နိုင်သာဘိ အပရာဇိတပလ္လင် ရွှေဦးကင်ထက် မဂ္ဂင်ရှစ်ပါး တရားရိပ်ဖြူ လှစ်တော်မူလျက် လေးဆူသီလ တိကသိက္ခာ ၀ိဇ္ဇာသုံးရပ် ဆင့်လတ်ရှစ်တန် ဘိညာဏ်ခြောက်လီ သမ္ဘီဒါလေးရပ် သမာပတ်ကိုး တန်ခိုးရှစ်ဦး ဘုန်းထူးခြောက်လီ ခုနစ်မည်ဝိသုဒ္ဓိ ဗောဓိပက္ခိယ ဓမ္မကရိုဏ်း ရန်နိုင်ကိုယ်ရုံ ဗိုလ်လုံးစုံကို အုပ်ချုပ်စိုးယူ ဂေါတြဘူဝေါဒါန် အရဟံမဂ် သန်လျက်ရတနာ ယဉ်လေးဖြာဖြင့် သံသရာရဟတ် ကျင်လည်စေတတ် နှိပ်စက်တတ်ပေ ကိလေရမ္မက် သုံးထောင်ဝက်ကို ပယ်ဖျက်တွန်းလှန် အောင်ပွဲခံ၍ ခြောက်တန်အသာဓာရဏ စတုဝေသာရဇ္ဇ ဒသဗလ ဉာဏတလီ စသည်ကျေးဇူး ဂုဏ်တော်ထူးဖြင့် မြွက်ကျူးပြီးပိုင် မ,ချီနိုင်၍ စိုးပိုင်နှိမ်နင်း အမင်းမင်းတို့ သစ်ကင်းကြည်နူး အထူးတလည် တင့်တယ်ဆန်းပြား ခြယ်လှယ်ထားသည့် ပတ္တမြားစိန်ခဲ ပုလဲသန္တာ နီလာဂေါ်မုတ် ဥဿဖယား ရွှေငွေအားဖြင့် ကိုးပါးရတနာ မြွစီသွန်းခပ် လုပ်ဆောင်အပ်သည့် သင်းကျစ်ဦးခိုက် ဖိုးထိုက်နဂ္ဃ အနန္တလျှင် အ၀ိညာဏက သက်မျှကင်းကွာ မြတ်ရတနာတွင် မင်္ဂလာခေါင် ပုံဆောင်တုနှိုင်း နှိုင်းခိုင်းမအပ် မင်းမြတ်အများ ဦးဖျားထိပ်ပြင် ဆင်ယင်စိုက်ထူ သရဖူနွဲ့ညွတ် မကိုဋ်ထွတ်၌ သွင်းသွတ်စေအပ် မြိစ္ဆာညှပ်၍ တင်အပ်ရတနာ စိန္တမဏိ ဇောတိရသ်ပတ္တမြား စိန်ဖူးဖျား၌ ဖ၀ါးနှစ်မြွှာ ရွှေစကြာဖြင့် စိုက်ကာထိပါး ကြွသွားတင့်တယ် စံပယ်ခြင်းငှါ ထိုက်ပေရာ၏။ အသုရာမှတ် များနတ်ဒေ၀ါ ဗြဟ္မာသိကြား နဂါးဂဃုန် ကုမ္ဘဏ်ဂန္ဓဗ် စက္က၀တ်သေဌ်နင်း အမင်းမင်းတို့သခင် ဗောဇ္ဈင်စက္ကရတ် သူမြတ်တကာတို့၏ အဓိပတိ အပရိမာဏ အနန္တဂုဏ်အင် ရွှေဉာဏ်ရှင်ဟု မဂ္ဂင် ပါရဂူ ဖြစ်တော်မူသည့် သုံးဘုံသူဧကရာဇ် ရှင်ချစ်ဇိနော် မြတ်ကိုယ်တော်ဘုရား။

သုံးပါးအာဏာ ဒွါဒသင်္ဂါ သုံးဖြာအစပ် လေးရပ်အလွှာ ခြင်းရာနှစ်ဆယ် သုံးသွယ်ဝဋ္ဋ အာဗဒ္ဓဟု မြစ်မနှစ်မြွာ သံသရာ၌ ခန္ဓာပင်စည် တလည်လည်ဖြင့် ကြာရှည်နစ်မွန်း ပင်ပန်းကြသော တပည့်တော်တို့မှာ ထိုသံသရာစက် ၀ဲဂယက်မှ ကူးထွက်လိုလှ ဆန္ဒအာသီ အတီတာနန္တရ ဣဒ္ဓပ္ပစ္စယတာ ကြမ္မာပီဠိတ် ၀ိပရိတ်ကြောင့် ဧတ္တိစ္ဆာနု ရှေးသူ့ပညတ် ဥပါဒ် ဌီ ဘင် သုံးအင်တိုင်ကျ စမ္မခန်းယမ္မခန်း လွန်းစန်းပြတ်ကြိမ် ဆိန္နရိတ်ဘိန္နရိတ် အနိဠိသူလာ နမန္တာသုသာန် သုံးတန်ကဏ္ဍ ပါပရန်လား ဂြိုဟ်စားဂြိုဟ်နင်း ယိုယွင်းဒသာ ဇာတာမသန့် စန်းတန့်လဂ်စီး တိတ်ကြီး တဘောင် သူယောသူပျက် အိပ်မက်ခံမည် သံကျည်းငှက်ပင် ဒုမင်္ဂလ ဒုန္နိမိတ္တ ဟူသမျှတို့ ရတနတ္တယ နုဘာဝဂုဏ် ဘုန်းတော်ဟုန်ကြောင့် တစုံတခု မြူဏုဆံခြမ်း ရန်မသမ်းဘဲ ဘေးဘျမ်းအန္တရာယ် အသွယ်သွယ်တို့မှ စင်ကြယ်သန့်ရှင်း ကင်းစေလိုပါ စေတနာနှင့် သမ္မာဆန္ဒ ဥဿာဟဖြင့် အစိန္တေယျ လောကဥက္ကဌ် ဘုရားမြတ်သည် လျောက်ပတ်လှစွာ ဗုဒ္ဓါသန သေဋ္ဌဘူမိ အပရာဇိဗိမ်ာန် တန်ခွန်ဆီမီး ထီးနှင့်တကွ မွှေးစွကြိုင်လျှမ်း ဆွမ်းပန်းသြဇာ မြိုက်ရသာကို ကပ်လှူလိုပါသည်ဖြစ်၍ မြတ်စွာဘုန်းမော် ကိုယ်တော်အရှင်သည် မည်တွင်မှတ်သား ဒါယကာ ဒါယိကာမများ၏ အလှူကိုလည်း ခံတော်မူရန် ကြွလာတော်မူပါမည့်အကြောင်း လက်ဆယ်ဖြာညွတ်ပြောင်း၍ တောင်းပန်လျှောက်ကြား အသနားတော်မြတ်ခံဝံ့ပါသည် အရှင်မြတ်ဘုရား။

မြကြိုးနွယ် ဘုရားပင့်

သိရိန္ဓရဿ ဥဏ္ဏာယ ၊ သရီရတော ပဘဿရော ။

မဏိကာဝ ၀ိရောစေန္တိ ၊ ဗုဒ္ဓေါ မေ ဌာတု သီသကေ ။

သိရိန္ဓရဿ-နေလရွှေမြ ဂဟေသ၍ ဝေကြွမက်မပြေ လက်လက်ပြောင်ပြောင် ကျက်သရေကိုလည်း ဆောင်တော်မူပေထသော။ သရီရတော-၀င်းဝါရွှေတောင် နေရောင်ဟပ်သလို မြတ်ရွှေကိုယ်၏။ ဥဏ္ဏာယ-သုံးရက်လသဖွယ် ခုန်းမျက်စ နှစ်သွယ်၏အလယ်၌ တင့်တယ်ရောင်ဖြာ နှစ်တောင့်ထွာပမာဏ ကြီးစရောင်စုံ ဥဏ္ဏလုံခေါ် မွေးတော်ရှင်ဓာတ် လွန်ထူးမြတ်သော အရပ်မှ၎င်း။ ပဘဿရာ-ပြိုးပြိုးပြောင်ပြောင် တိမ်တောင်တွေဟပ် လျှပ်လျှပ်ရောင်စုံ အံ့ချီး၍မကုန်အောင် အစုံစုံပေါ်ထွက်လျက်ရှိသော။ မဏိကာဝ-အစိမ်းရောင်က တဖြာ, အ၀ါရောင်က တလှည့်, ရတနာရွှေတောင်ကို နေအရောင် ဟပ်သကဲ့သို့ ပြောင်တဲ့ခြည်, ၀င်းတဲ့ခြည်, သင်းတဲ့ခြည်, လင်းတဲ့ခြည်ထိန်ဝဲ စိန်စားပွဲပေါ်မှ ဘော်သာခွါ ငွေကလပ်နှင့် ရွှေတရပ်မွေ့ရာဝယ် ကျောက်ရတနာ မြတင်ကာပြလို့ အလှတန်ခိုးကြွယ်သည့် မြကြိုးနွယ်ရောင်တော်ရှင်တို့သည်။ ၀ိရောစေန္တိ-ဖူးမြင်ရသူ ကြည်ဖြူမြတ်လေး ဘ၀င်အေးအောင် တင့်တယ်ထွန်းပတော်မူပါကုန်၏။ သော ဗုဒ္ဓေါ-အလှတန်ခိုးကြွယ်သည့် မြကြိုးနွယ် ထိုဘုရားရှင် ကိုယ်တော်မြတ်ကြီးသည်။ မေ-ငါးပါးခန္ဓာ ရွံစရာကို လွန်စွာထင်လွဲ မြင်စွဲသွေချော် တပည့်တော်၏။ သီသကေ-ကိုယ်ဒြပ်တွင် အမြတ်တင်သည့် ဦးပြင်ထိပ်ထက်၌။ ဌာတု-မဏ္ဍိုင်မေရု အခြေစုသဖြင့် အသရေယခု ကြွတဲ့အောင် မားမားကြီး ရပ်တန့်တည်နေတော်မူလှည့်ပါ အလှတန်ခိုးကြွယ်သည့် မြကြိုးနွယ် အရှင်သူမြတ်ဘုရား။

နတ်ပင့်

နတ်ပင့်

သမန္တာ စက္က၀ါဠေသု ၊ အတြာဂစ္ဆန္တု ဒေ၀တာ ။
သဒ္ဓမ္မံ မုနိရာဇဿ ၊ သုဏန္တု သဂ္ဂမောက္ခဒံ ။
ဓမ္မဿဝနကာလော အယံ ဘဒန္တာ ။
သမန္တာ-ရှေ့နောက်ဝဲယာ ဒိသာရပ်ခွင် ဤစကြာဝဠာ ပတ်ဝန်းကျင်၌။ စက္က၀ါဠေသု-စကြာဝဠာပေါင်း တိုက်တသောင်းတို့၌။ ၀သန္တာ-ကိုယ်စီကိုယ်င နေထိုင်ကြကုန်သော။ ဒေ၀တာ-တန်ခိုးကြီးမား နတ်ဗြဟ္မာအများ တို့သည်။အတြ-ပရိတ်တော်မြတ် ရွတ်ဖတ်နေကြ ဤဒေသသို့။ အာဂစ္ဆန္တု-ညီညာဖြဖြ လာရောက်ကြပါ ကုန်လော။ မုနိရာဇဿ-မုနိထွတ်တင် ဘုရားရှင်၏။ သဂ္ဂမောက္ခဒံ-နတ်ပြည်နိဗ္ဗာန် ကျိုးနှစ်တန်ကို ဧကန်ပိုင်ပိုင် ပေးစွမ်းနိုင်သော။ သဒ္ဓမ္မံ-ဥပါဒ်အန္တရာယ် ရန်အသွယ်သွယ်ကို ကာကွယ်ပေးတတ် ပရိတ်တရားတော်မြတ်ကို။ သုဏန္တု-အာရုံတပါး စိတ်မသွားဘဲ လေးစားကြည်ဖြူ နာယူလှည့်ကြပါကုန်လော။
ဘဒန္တာ-အို နတ်အများတို့။ အယံ-ဤအခါသည်ကား။ ဓမ္မဿဝနကာလော-မြတ်ဘုရား၏ တရားဒေသနာ နာယူရမည့်အခါပေတည်း။


နတ်ပို့

ဒုက္ခပ္ပတ္တာ စ နိဒ္ဒုက္ခာ ၊ ဘယပ္ပတ္တာ စ နိဗ္ဘယာ ။
သောကပ္ပတ္တာ စ နိေဿာကာ ၊ ဟောန္တု သဗ္ဗေပိ ပါဏိနော ။
ဧတ္တာဝတာ စ အမှေဟိ ၊ သမ္ဘတံ ပုညသမ္ပဒံ ။
သဗ္ဗေ ဒေ၀ါ နုမောဒန္တု ၊ သဗ္ဗသမ္ပတ္တိ သိဒ္ဓိယာ ။
ဒါနံ ဒဒန္တု သဒ္ဓါယ ၊ သီလံ ရက္ခန္တု သဗ္ဗဒါ ။
ဘာဝနာဘိရတာ ဟောန္တု ၊ ဂစ္ဆန္တု ဒေ၀တာဂတာ ။
သဗ္ဗေပိ-ကြွင်းမဲ့ဥဿုံ အလုံးစုံလည်းဖြစ်ကုန်သော။ ပါဏိနော-ရှိရှိသမျှ သတ္တ၀ါဟူသမျှတို့သည်။ ဒုက္ခပ္ပတ္တာ-မတော်တဆ ဒုက္ခသို့ရောက်နေကြကုန်သည်။(သမာနာ-ဖြစ်ကုန်သည်ရှိသော်)။ နိဒ္ဒုက္ခာ-ဘုရားတရား သံဃာများ၏ တန်ခိုးရှိန်စော် အာနုဘော်ကြောင့် ဆင်းရဲဒုက္ခ မရှိကြကုန်သည်။ (၀ါ) ဒုက္ခကင်းကြကုန်သည်။ ဟောန္တု-ဖြစ်ကြပါစေကုန်သတည်း။
ဘယပ္ပတ္တာ-မတော်တဆ ဘေးဘယသို့ ရောက်၍နေကြကုန်သည်ရှိသော်။ နိဗ္ဘယာစ-ဘေးမရှိကြကုန်သည် လည်း။ ဟောန္တု-ဖြစ်ကြပါစေကုန်သတည်း။
သောကပ္ပတ္တာ-၀မ်းနည်းခြင်း တည်းဟူသော သောကသို့ ရောက်နေကြကုန်သည်ရှိသော်။ နိေဿာကာစ-သောကမရှိကြကုန်သည်လည်း။ ဟောန္တု-ဖြစ်ကြပါစေကုန်သတည်း။

သဗ္ဗေဒေ၀ါ-အလုံးစုံ ဤနေရာသို့ ရောက်ရှိလာကြကုန်သော နတ်ဗြဟ္မာအပေါင်းတို့သည်။ ဧတ္တာဝတာ-ဤမျှ အတိုင်းအရှည်ရှိသော မကြာခဏ ရောက်၍နေရတဲ့ အတိုင်းအရှည်ဖြင့်။ အမှေဟိ-အသင် နတ်တို့နှင့် တကွ ဖြစ်သော ငါတို့သည်။ သမ္ဘတံ-ကောင်းစွာစုဆောင်း စုပေါင်းထားအပ်ပြီးသော။ ပုညသမ္ပဒံ-ကောင်းမှု၏ ပြည့်စုံခြင်းကို။ သဗ္ဗသမ္ပတ္တိသိဒ္ဓိယာ-အလုံးစုံသော လောကီသမ္ပတ္တိ, လောကုတ္တရာသမ္ပတ္တိ၏ ပြီးစီးထမြောက် အောင်မြင်ခြင်းအကျိုးငှါ သဗ္ဗေ-အလုံးစုံ အကုန်အစင်သော နတ်ဗြဟ္မာတို့သည်။ အနုမောဒန္တု-၀မ်းမြောက်ကြ ပါကုန်လော။

အာဂတာ-စောစောက ပင့်ဖိတ်၍ ရောက်လာကြကုန်သော။ ဒေ၀တာ-ပရိတ်တရားကို နာဖို့ရန် ရည်သန်၍ နေကြသော နတ်ဗြဟ္မာအပေါင်းတို့သည်။ ဒါနံ-အလှူဒါနကို။ ဒဒန္တု-ပေးလှူကြပါကုန်လော။
သဗ္ဗဒါ-အခါခပ်သိမ်း။ သီလံ-မိမိတို့ဆိုင်ရာ ငါးပါးသီလစသည်ကို။ ရက္ခန္တု-စောင့်ရှောက်ကြပါကုန်လော။
ဘာဝနာဘိရတာ-အနိစ္စဒုက္ခ အနတ္တစသော ဘာဝနာပွားခြင်း၌ မွေ့လျော်ကြကုန်သည်။ ဟောန္တု-ဖြစ်ကြပါကုန်လော။
ဒေ၀တာ-စောစောက ဖိတ်မန်၍ ရောက်လာကြကုန်သော နတ်တို့သည်။ ဂစ္ဆန္တု-ကိုယ်စီကိုယ်င ကိုယ့်ဒေသသို့ ပြန်နိုင်ကြပါစေကုန်သတည်း။ ။