Friday, October 31, 2008

တရားရကြောင်း

သံပေါက်ကဗျာ ဤလင်္ကာ နှုတ်မှာဆောင်၍မှတ်
၁။ မျက်စိ မြင်တုံ, ရူပါရုံ, လူပုံ မမှတ်ရ ။
မျက်စိက မြင်, မနှိုင်းယှဉ်, ဤတွင် တရားရ ။

၂။ နားက ကြားတုံ, သဒ္ဒါရုံ, လူပုံ မမှတ်ရ ။
နားက ကြားလျှင်, မနှိုင်းယှဉ်, ဤတွင် တရားရ ။

၃။ နှာခေါင်း နံတုံ , ဂန္ဓာရုံ, လူပုံ မမှတ်ရ ။
နှာခေါင်း နံလျှင်, မနှိုင်းယှဉ်, ဤတွင် တရားရ ။

၎။ လျှာက စားတုံ, ရသာရုံ, လူပုံ မမှတ်ရ ။
လျှာက စားလျှင်, မနှိုင်းယှဉ်, ဤတွင် တရားရ ။

၅။ ကိုယ်က ထိတုံ, ဖောဋ္ဌဗ္ဗာရုံ, လူပုံ မမှတ်ရ ။
ကိုယ်က ထိလျှင်, မနှိုင်းယှဉ်, ဤတွင် တရားရ ။

၆။ စိတ်က ကြံတုံ, ဓမ္မာရုံ, လူပုံ မမှတ်ရ ။
စိတ်က ကြံလျှင်, မနှိုင်းယှဉ်, ဤတွင် တရားရ ။

၇။ ဖြစ်ခဲ့ပြီးတာ, အရာရာ, ပြန်ကာ မတွေးနဲ့ ။
အနာဂတ်ရေး, မျှော်ကာတွေး, ပူဆွေးမနေနဲ့ ။
ပစ္စုပ္ပန် ဖြစ်ဆဲ, ခန္ဓာလည်း, အစွဲမကြီးနဲ့ ။

သစ္စာလေးပါး လင်္ကာ

သစ္စာလေးပါး ဤတရား ပိုင်းခြားသိအောင်မှတ်။
၁။ ဖြစ်ပျက်သမျှ, သင်္ခါရ, ဒုက္ခသစ္စာမှတ်။ ( ဒုက္ခသစ္စာ )
၂။ ဖြစ်ပျက်မှုပင်, ငါကောင်ထင်, ခင်မင်သမုဒယမှတ်။ ( သမုဒယသစ္စာ )
၃။ ရုပ်နာမ်အားလုံး, ဖြစ်ပျက်သုဉ်း, ချုပ်ဆုံးနိဗ္ဗာန်မှတ်။ ( နိရောဓသစ္စာ )
၎။ ချုပ်ဆုံးမှုတွင်, ဉာဏ်သက်ဝင်, သိမြင်မဂ္ဂမှတ် ။ ( မဂ္ဂသစ္စာ )

၁။ ဖြစ်ခြင်း ပျက်ခြင်း, ဖောက်ပြန်ခြင်း, မယွင်း ဒုက္ခသစ္စာမှတ် ။
၂။ ဖြစ်ချင်တာက, သမုဒယ, ဒုက္ခဖြစ်ကြောင်းမှတ် ။
၃။ ဖြစ်ပျက်ကိုမြင်, မဖြစ်ချင်, မဂ္ဂင်တရားမှတ် ။
၎။ ဖြစ်ပျက်မြင်မှ, မဂ်လမ်းကျ, ဒုက္ခငြိမ်းကြောင်းမှတ် ။
၅။ ဖြစ်ပျက်ကိုကြံ, မဂ်လမ်းမှန်, နိဗ္ဗာန်ရောက်ကြောင်းမှတ် ။
၆။ မဖြစ်ပါမှ, နိရောဓ, ဒုက္ခအေးကြောင်းမှတ် ။

Wednesday, October 22, 2008

မှန်ကြည့်သောအခါ

ရဟန်းတို့ သင်တို့သည် သူတပါး၏ စိတ်ဖြစ်ပုံ၌ လိမ္မာကျွမ်းကျင်မှု မရှိလျှင် မိမိ၏စိတ်ဖြစ်ပုံ၌ လိမ္မာကျွမ်းကျင်သူဖြစ်အောင် လုပ်မည်-ဟု ကျင့်ဆောင်အပ်၏။
ရဟန်းတို့ အဘယ်သို့လျှင် မိမိ၏စိတ်ဖြစ်ပုံကို လိမ္မာကျွမ်းကျင်သူ ဖြစ်နိုင်သနည်းဆိုသော်
ဥပမာအားဖြင့်-အသက်အရွယ်နုပျို၍ အလှပြုပြင် ဆင်ယင်တတ်သည့် အလေ့ရှီသော မိန်းမပျို ယောက်ျားပျို တို့သည်ြေးမုံမှန်၌ဖြစ်စေ၊ ကြည်လင်သော ရေခွက်၌ဖြစ်စေ၊ မိမိ၏မျက်နှာရိပ်ကို ကြည့်သည်ရှိသော် အကယ်၍ မှန်ထဲ ရေခွက်ထဲတွင် မိမိ၏မျက်နှာ၌ မြူအညစ်အကြေးကို ဖြစ်စေ၊ မှဲ့ခြောက် ၀က်ခြံကိုဖြစ်စေ၊ မြင်လျှင် ထိုမြူအညစ်အကြေး သို့မဟုတ် မှဲ့ခြောက် ၀က်ခြံ စသည်ကို ဖယ်ရှားသုတ်သင်ရန် လုံ့လထုတ်၍ ပြုလုပ်ရသည်၊ အကယ်၍ မှန်ထဲ ရေခွက်ထဲတွင် မိမိမျက်နှာ၌ မြူအညစ်အကြေးကို ဖြစ်စေ၊ မှဲ့ခြောက် ၀က်ခြံ စသည်ကိုဖြစ်စေ မမြင်လျှင် ငါ တကိုယ်လုံး စင်ကြယ်နေပါတကား-ဟု ၀မ်းမြောက်မှု စိတ်အလိုပြည့်မှု ဖြစ်ရ၏။
ရဟန်းတို့ ဤဥပမာအတိုင်းပင် ငါသည် သူများစည်းစိမ်ကို ရလိုသမှု ရှေးရှုကြံသည့် အဘိဇ္ဈာဖြစ်နေခြင်းက များသလော၊
သူများစည်းစိမ်ကို ရလိုသမှု ရှေးရှုကြံသည့် အဘိဇ္ဈာ မဖြစ်ဘဲ နေခြင်းက များသလော၊
ငါသည် စိတ်ဓာတ်ပျက်စီးနေခြင်းက များသလော၊
စိတ်ဓာတ်မပျက်စီးနေခြင်းက များသလော၊
ငါသည် ထိုင်းမှိုင်းမှု ထိနမိဒ္ဓ နှိပ်စက်နေခြင်းက များသလော၊
ထိုင်းမှိုင်းမှု ထိနမိဒ္ဓ ကင်းနေခြင်းက များသလော၊
ငါသည် စိတ်ပျံ့လွင့်နေခြင်းက များသလော၊
စိတ်မပျံ့လွင့်ပဲ နေခြင်းက များသလော၊
ငါသည် ယုံမှားသံသယဖြစ်နေခြင်းက များသလော၊
ယုံမှားသံသယကို လွန်မြောက်နေခြင်းက များသလော၊
ငါသည် အမျက်ဒေါသ ထွက်နေခြင်းက များသလော၊
အမျက်ဒေါသ မထွက်ပဲ နေခြင်းက များသလော၊
ငါသည် စိတ်ညစ်နေခြင်းက များသလော၊
စိတ်မညစ်ပဲ နေခြင်းက များသလော၊
ငါသည် ကိုယ်ပင်ပန်းနွမ်းနယ်နေခြင်းက များသလော၊
ကိုယ်မပင်ပန်းပဲ လန်းဆန်းနေခြင်းက များသလော၊
ငါသည် ပျင်းရိနေခြင်းက များသလော၊
ထက်သန်သော လုံ့လရှိခြင်းက များသလော၊
ငါသည် စိတ်မတည်မငြိမ် ဖြစ်နေခြင်းက များသလော၊
စိတ်တည်ငြိမ်နေခြင်းက များသလော၊-ဟု ဆင်ခြင်ခြင်းသည် ကုသိုလ်တရားတို့၌ လွန်စွာကျေးဇူးများလှ၏။
ရဟန်းတို့ ထိုသို့ဆင်ခြင်သောသူသည် ပကယ်၍ သူများစည်းစိမ်ကို ရလိုသမှု ရှေးရှုကြံသည့် အဘိဇ္ဈာ ဖြစ်နေခြင်းက များသည်၊ စိတ်ဓာတ်ပျက်စီးနေခြင်းက များသည်၊ ထိုင်းမှိုင်းမှု ထိနမိဒ္ဓ နှိပ်စက်နေခြင်းက များသည်၊ စိတ်ပျံ့လွင့်နေခြင်းက များသည်၊ ယုံမှားသံသယဖြစ်နေခြင်းက များသည်၊ အမျက်ဒေါသ ထွက်နေခြင်းက များသည်၊ စိတ်ညစ်နေခြင်းက များသည်၊ ကိုယ်ပင်ပန်း နွမ်းနယ်နေခြင်းက များသည်၊ ပျင်းရိနေခြင်းက များသည်၊ စိတ်မတည် မငြိမ်ဖြစ်နေခြင်းက များသည်-ဟု သိလျှင် ထိုယုတ်ညံ့သည့် မကောင်းသော တရားတို့ကိုသာလျှင် ပယ်ရန် လွန်ကဲသော ဆနဓကို၎င်း၊ လုံ့လကို၎င်း၊ အားထုတ်မှုကို၎င်း၊ အပူတပြင်း အားထုတ်မှုကို၎င်း၊ မဆုတ်နစ်မှုကို၎င်း၊ သတိကို၎င်း၊ အဆင်ခြင်ဉာဏ် သမ္ပဇဉ်ကို၎င်း၊ ပြုသင့်၏။
( အံ-ဒသက၊ ဒု-ပဏ္ဏာသက၊ သစိတ္တသုတ် )

Tuesday, October 21, 2008

ကတညုတ ကတဝေဒီ

မေတ္တာရှေ့ဦး၊ ပြုပေဖူးဟု၊ ကျေးဇူးသိမှု၊ ကတညုတည့်၊
ထိုသူထက်ပင်၊ ကျေးဇူးအင်ကို၊ ထင်ထင်မချွတ်၊ ပြောဆိုတတ်က၊ သူမြတ်မှန်လှ၊
ကတဝေဒီ၊ ဟူတုံပြီရှင့်၊
ဤလူ့ဘ၀၊ လူ့လောက၌၊ ဉာဏသမ္ပဇဉ်၊ ကင်းမယှဉ်ပဲ၊ ကတညုတ၊ ကတဝေဒီ၊
မသိတတ်သူ၊ လူမသမာ၊ ထိုများစွာတို့၊ ချမ်းသာစီးပွား၊ လျော့ပါးယိမ်းယိုင်၊ မြဲမနိုင်ဘူး။
ဓမ္မကရိုဏ်းစစ်ရေ၊ ကျဖျားရေသို့၊ သရေမတိုး၊ ဘုန်းရောင်ညှိုးလျက်၊ တန်ခိုးနေ့ည၊
ဆုတ်လပမာ၊ ယုတ်တတ်စွာ၏။ ( မဃဒေ၀ )

မိမိအပေါ်တွင် သူတထူးတို့ ပြုပေးခဲ့ဖူးသော ကျေးဇူးတရားကို အမှန်အတိုင်း အရှိအတိုင်း သိနေခြင်းကို-ကတညုတ-ဟု ခေါ်၏။
ကျေးဇူးသိရုံတင်မကပဲ မိမိအပေါ်တွင် တင်ရှိနေသော ကျေးဇူးတရားကို မမေ့မလျော့ပဲ (မေ့လျော့မထားဘဲ) သိတတ်, ပြောဆိုတတ်ပြီး အခါအခွင့်ပေးလာလျှင် တုံ့ပြန်ကျေးဇူးဆပ်ခြင်းကို ကတဝေဒီ-ဟု ခေါ်၏။
ယင်းနှစ်မျိုးကို မသိတတ်သောသူများသည် ယခုပစ္စုပ္ပန်လောကတွင် ပစ္စည်းဥစ္စာမချမ်းမသာဖြစ်ပြီး ဆုတ်ယုတ်လျော့ပါး၏၊
ရဟန်းသံဃာတော်များ အသုံးပြုသည့် ဓမ္မကရိုဏ်း-ဟုခေါ်သော ရေစစ်မှကျသည့် ရေကဲ့သို့ တဖြည်းဖြည်း လျော့ပါးလာပြီး ဘုန်းကျက်သရေမတိုးဘဲ တန်ခိုးပါဝါ အာဏာများ ကျဆင်းနိုင်၏၊
လမင်းကြီးသည် လပြည့်ကျော် တရက်မှစပြီး တဖြည်းဖြည်းချင်း ကွယ်ပျောက်လျော့ပါးသကဲ့သို့ ကျေးဇူးကန်းသောသူများသည်လည်း ဆင်းရဲမွဲတေလျက် တန်ခိုးဂုဏ်သိရ်များ ဆုတ်ယုတ်လျော့ပါးသွားနိုင်၏။
ထို့ပြင် မူဂပက္ခဇာတ် ( တေမိယဇာတ် ) တော်၌
ယႆ ရုကၡႆ ဆာယာယ ၊ နိသီေဒယ် သေယယ် ၀ါ ။
န သာခံ တႆ ဘေဥၥယ် ၊ မိတ္တဒုဗ္ဘောတိ ၀ုစ္စတိ ။
သစ်ပင်တပင်အောက်မှာ ခေတ္တခဏ နေထိုင်ခြင်း၊ အိပ်ခြင်း ပြုလုပ်ဖူးလျှင် ၄င်းသစ်ပင်ကို ချိုးဖျက်ခုတ်လှဲသောသူကို မိတ်ဆွေပျက် မိဆ်ဆွေဆိုး ဆိုရ၏။-ဟု ဘုရားရှင်ဟောကြားထားရာ သက်ရှိပုဂ္ဂိုလ်မျိုးကို မဆိုထားနှင့် သက်မဲ့အရာဝတ္ထုဖြစ်သော ခိုနားဖူးသည့် သစ်ပင်ကိုပင် မဖျက်ဆီးသင့်ပေ။ မခုတ်လှဲသင့်ပေ။
အရိပ်နေနေ အခက်ချိုးချိုး-အလုပ်မျိုးကို မလုပ်ရဟု ပြောဆိုခြင်းသည်လည်း ကတညုတ ကတဝေဒီ အဓိပ္ပါယ်မျိုးပင် ဖြစ်၏။
ကတညုတ ကတဝေဒီ-ဆိုသောစကားသည် မြန်မာ့နယ်ပယ်တွင် အသုံးဆွင်ကျယ်လျက်ရှိပြီး မြန်မာမှု နားလည်သူတိုင်း ကြားဖူးနေကြ၏၊ သို့သော်လည်း မြန်မာလို တိတိကျကျ နားလည်ကြသူကား မများလှပေ၊
တလုပ်ကျွေးဖူး သူ့ကျေးဇူး၊
သားရေပေါ်အိပ် သားရေနား စား-စသော စကားရပ်များလည်း ကတညုတ ကတဝေဒီ-အဓိပ္ပါယ်ကို ဖော်ဆောင်ထားသည့် စကားများပင်ဖြစ်၏၊ ထမင်း မုန့် သစ်သီးစသည့် အစားအစာများကို ပေးကျွေးဖူးသော သူများအား စားသောက်ဖူးသောသူများက ကျေးဇူးသိတတ်ရမည်၊ ကျေးဇူးသိရုံတင်မကပဲ အခြေအနေနှင့် အချိန်အခါပေးသည့်အခါ တုံ့ပြန်ကျေးဇူးဆပ်ရမည်၊ ကျေးဇူးမဆပ်နိုင်စေကာမူ ကျေးဇူးမဲ့ခြင်း ကျေးဇူးကန်းခြင်း ကျေးစွပ်ခြင်းမျိုးကို လုံးဝ မပြုလုပ်ရပေ။

Sunday, October 19, 2008

ကြည်ညိုလေးစား ဆရာတော်ကြီးများ၏ သြ၀ါဒကထာ ( ၅ )

အတိတ်ဆိုသည်, လွန်ပြီးပြီ, ပြန်လည် မတွေး-မဆွေးရာ ။
အနာဂတ်ရေး, မရောက်သေး, တွေးလို့ မပူ-မဆွေးရာ ။
ယခုလက်တွေ့, မျက်မှောက်ရှေ့, စေ့စေ့ သုံးသပ်ပါ ။
ဖြစ်ပြီးကုန်ပျောက်, အဆစ်ပေါက်, ရောက်ပြီး ပျောက်ပြန်တာ ။
မမှိတ်မသုံ, ဉာဏ်ဖြင့်ထုံ, မတုန် မလှုပ်ရာ ။
အရ အရှုံး, လောကထုံး, နှလုံး မူလေပါ ။
ကောင်းဆိုးမလင့်, ဂုဏ်အဆင့်, နိမ့်မြင့် ဖြစ်မြဲပါ ။
ချိန်ညီမျှသား, စိတ်ကိုပွား, တရားပြည့်သောခါ ။
ဘေးရန်အားလုံး, လက်စတုံး, လမ်းဆုံး နိဗ္ဗူတာ ။

အခက်အခဲ ရှိစမြဲတည့်၊ ဆင်းရဲဒုက္ခ ရင်းတည်မှလျှင်၊ သုခအကျိုး ဆဆတိုးလိမ့်။

အမျိုးဘာသာ၊ သာသနာလည်း၊ လူသာမူလ၊ အရင်းကျ၏။

လုံ့လ မထူး၊ ဉာဏ်မကူက၊ ကံမူသိမ်ဖျင်း၊ ပျက်ပြိုဆင်း၏၊
လုံ့လလည်းထူ၊ ဉာဏ်လည်းကူသော်၊ ဉာဏ်မူလည်းပွင့်၊ ကံလည်းမြင့်၏။

လောကဓံလေလှိုင်း၊ မုန်တိုင်းဆင်စေ၊ လျှိုမြောင်ချောက်ကြား၊ ကျသွားပါစေ၊
မရှုံ့မမဲ့၊ အားနွဲ့ မခွေ၊ ကျားတို့ဇွဲ၊ အားခဲကျင့်ဆာင်လေ။

အလုပ်ဟူသမျှ၊ လုပ်ခါစ၊ ဒုက္ခအရင်းတည်၊
တစတစ၊ လုပ်ရင်းက၊ သုခ ရကြမည်။
( မြောင်မြဆရာတော် အရှင်ဉာဏိက )

ပညာကောင်းမှာ၊ ဒေသနာ၊ သုံးရာ မကုန်နိုး။
မေတ္တာကောင်းမှာ၊ ရန်တကာ၊ ပယ်ကွာ ရေချမ်းအိုး။
သဒ္ဓါကောင်းမှာ၊ နောင်ဖို့ပါ၊ ချမ်းသာ ဆင့်ဆင့်တိုး။
( ညောင်ပင်သာ-ဦးပုည )

Saturday, October 18, 2008

ကံ ကံ၏အကျိုး ( ၃ )

( လက်ဖြောင့် လေးခွသမား )

တောင်တွင်းကြီးမြို့ အနောက်ဘက် ဆယ်မိုင်အကွာရှိ ရွာတရွာတွင် မောင်ချော-ဟူသော လူငယ်တယောက်ရှိ၏၊ အမည်နှင့်လိုက်အောင် ရုပ်ချော အပြောချိုသူမို့ ရွာနီးချုပ်စပ် ပတ်ဝန်းကျင်တွင် လူချစ်လူခင်များလှသည်၊ ထိုမှတပါး လေးခွပစ်ရာတွင် လက်ဖြောင့်လှသော သူ့အရည်အချင်းကိုလည်း ရွာက အသိအမှတ်ပြုထား၏၊ ထန်းပင် မကျည်းပင် ထိပ်ဖျားတွင် နားနေသော စာကလေးပင် သူပစ်လျှင် တချက်တည်းနှင့် မြေပေါ်ကျသည်၊ သူ့လက်ချက်ကြောင့် ပေါင်ကျိုး တောင်ပံကျိုးသွားသော စာကလေးနှင့် ဆက်ရက် ချိုးငှက်တို့ မနည်းပြီ။
တနေ့တွင် မောင်ချောသည် ဆွေမျိုးမျာရှိရာ နှစ်မိုင်ကွာ ရွာတရွာသို့ သွားရောက်လည်ပတ်၏၊ လေးခွတလက်နှင့် ငှက်ပစ်ထွက်သည့် အကျင့်လည်း မဖျောက်၊ နောက်တနေ့တွင် သူသည် ငှက်ပစ်ထွက်ရာမှ လက်တဖက်မှာ လေးခွ၊ တဖက်မှာ စာကလေးကို ကိုင်လျက် ပြန်အလာ အိမ်ရှေ့မှာ ရပ်ထားသော နွားလှည်းပေါ် နောက်မြီးခို တက်လိုက်၏၊ လှည်းပေါ်တွင် ဆီတိုင်ကီ တင်ထားသဖြင့် သူတက်အလိုက်မှာ လှည်းထောက်ပြုတ်၍ လှည်းနောက်လှန်ပြီး မောင်ချောအပေါ် ဆီတိုင်ကီ ပိပါလေတော့၏။
လူကြီးများလာရောက်၍ အခြေအနေကို လေ့လာလိုက်တော့မောင်ချော ပေါင်းကျိုးမှန်း သိရလေပြီ၊ တလလောက် ဆေးစည်း၊ ဆေးကုတော့မှ ပေါင်ရိုးဆက်ပြီး လမ်းလျှောက်နိုင်သည်၊ သို့သော် မူလပုံမှန် အနေအထားကိုတော့ ပြန်မရောက်ပေ၊ လမ်းလျှောက်လျှင် ထော့နဲ့ ထော့နဲ့ ဖြစ်နေ၏။
ထိုအခါမှစ၍ ယနေ့ထက်တိုင် မောင်ချော ငှက်မပစ်တော့ပေ၊ ယခု မောင်ချော အသက် ၅၀-ကျော်ပါပြီ။
( မောင်ကျေးဇူး )
**********************************************************************************

( ဗုဒ္ဓဝေယျာဝစ္စ အကျိုးထူး )

စာရေးသူတို့၏ ဖြူးမြို့နယ် ဇေယျဝတီမြို့တွင် ဦးထွန်းကြည်-ဆိုသော (ပင်စင်စား) တဦးရှိသည်၊ ၄င်းသည် ငယ်စဉ်ကတည်းက ဘာသာတရား ကိုင်းရှိုင်းလှသူ တဦး ဖြစ်ပါသည်၊ ဇေယျဝတီမြို့ရှိ ရပ်ကွက်ပေါင်းစုံ ဘာသာရေးလုပ်ငန်းတွင် ရှေ့ဆုံးမှ ပါဝင်ဆောင်ရွက်သူတဦးလည်း ဖြစ်သည်၊ မြို့တွင် ပဋ္ဌာန်းအဖွဲ့ ခေါင်းဆောင်လည်း ဖြစ်သည်၊ ထို့ပြင် ဦးထွန်းကြည်သည် ဇေယျဝတီ မိုးကုတ်ဝိပဿနာ ကမ္မဋ္ဌာန်းကျောင်း၏ ဗုဒ္ဓဝေယျဝစ္စ အကျိုးဆောင်တဦးလည်း ဖြစ်သည်၊ သာသနာ တိုးတက်ပြန့်ပွားရေးအတွက် ရပ်ကွက် အလှူအတန်းများတွင် အလှူခံခြင်းစသော ဘာသာရေး လုပ်ငန်းများ၌ ရှေ့တန်းမှ ပါဝင်သူတဦး ဖြစ်သည်၊ ဗုဒ္ဓဝေယျယ၀စ္စ ကိစ္စနှင့် ပတ်သက်၍ သွားရောက်ခေါ်လျှင် အချိန်မရွေး လိုက်၏၊ ကူညီ၏။
ဝါတွင်းကာလတွင် ဦးထွန်းကြည်သည် သက်သတ်လွတ်စား၍ အဓိဋ္ဌာန်ဝင်ခြင်း၊ ဂုဏ်တော်ပွားများ ပုတီးစိပ်ခြင်းများ ပြုလုပ်၍ နေခဲ့သည်၊ ဦးထွန်းကြည်သည် မျက်စိမှိတ်၍ ဘုရားကို အာရုံပြုပြီး စိတ်ထဲမှလည်း ဘုရားတပည့်တော်သည် အရှင်ဘုရား၏ ဝေယျာဝစ္စများကို ငယ်စဉ်မှစ၍ ယနေ့အထိ ဆောင်ရါက်နေသူတဦး ဖြစ်ပါသည်၊ ယခု စားဝတ်နေရေး ပြေလည်စွာဖြင့် ဗုဒ္ဓဝေယျာဝစ္စများကို ဆထက်တိုး၍ ဆောင်ရွက်နိုင်ပါစေသတည်း-ဟု သစ္စာပြု အဓိဋ္ဌာန်သည်၊ ထို့နောက် ထီထိုးရာ၆-ကြိမ်မြောက် ငါးကျပ်တန် အောင်ဘာလေ ထီဖွင့်ပွဲတွင် ဆ-၉၄၂၇၁၁-ဖြင့် ကျပ်ငါးထောင်ဆုကို ဆွတ်ခူးခဲ့ပါသည်။
ဤသည်မှာ ဗုဒ္ဓ၏ ဝေယျာဝစ္စ လုပ်ငန်းများကို ဆောင်ရွက်ခြင်းကြောင့် လောလောဆယ် အကျိုးပေးသည်ဟု အများက ပြောဆိုနေကြပါသည်။
( အုံးသောင်-မြပုရစ်ဖူး )
***********************************************************************************

( မိဘ ပြစ်မှားသူ )

မောင်ကိုအေး-ရွှေတွင်းပိလို့-တဲ့၊
ကနီမြို့နယ်အတွင်းမှ ရွာတရွာတွင် ဖြစ်ပါသည်၊ ထိုရွာသည် ရိုးရာတောင်သူ လုပ်ငန်းအပြင် ရွှေကျင်လုပ်ငန်းလည်း လုပ်ကိုင်ပါသည်၊ မြေအောင် အတောင် သုံးဆယ်၊ လေးဆယ်မှသည် ခုနစ်ဆယ်၊ ရှစ်ဆယ်တိုင်အောင် တူးပြီး ဘေးသို့ လိုဏ်ဖွဲ့ကာ မြေကို ယူကြပါသည်၊ တူးပြီးမြေကို တွင်းပေါ်နေသူက တောင်း-စသည်ဖြင့် တင်ယူပါသည်၊ ထိုမြေကိုမှ ရေဖြင့်လောင်းကာ ရွှေကို ကျင်ယူရပါသည်၊ ထိုရွာနေ မောင်ကိုအေးသည်လည်း ရွှေကျင်လုပ်ငန်း လုပ်ကိုင်ပါသည်။
တနေ့သောအခါ မောင်ကိုအေးလည်း လုပ်ငန်းဝင်ရန် အဖော်များနှင့်အတူ ရွှေတွင်းသို့ သွားလေ၏၊ မောင်ကိုအေးက တွင်းထဲဆင်းပြီးတူး၍ တယောက်က တွင်းပေါ်မှနေ၍ မြေတင်ပါသည်၊ တူး၍ များမကြာမီ ရွှေတွင်းလိုဏ်မှာ တဖြည်းဖြည်း အိကျလာကာ လုံးဝ ပြိုကျသွားလေ၏၊ မောင်ကိုအေးလည်း ရွှေတွင်းပြိုကျမှုကြောင့် တွင်းထဲ၌ ပိတ်မိသွားတော့၏၊ ၄င်းအတွက် အသက်ရှင်ရေးကား မျှော်လင့်ချက် မရှိပြီ။
သို့ဖြင့် မောင်ကိုအေး ရွှေတွင်းပိကြောင်း ရွာထဲတွင် ပြေတိုနေကြ၊ သနားနေကြ၏၊ ၀မ်းနည်းနေကြ၏၊ စင်စစ်မူ သူပြုခဲ့သော ကံကြောင့် သူဒဏ်ခံရခြင်း ဖြစ်ပါသည်၊ အမှန်တရားကို မဖုံးကွယ်တတ်သော ကံတရား၏ အပြစ်ပေးခြင်းကို ခံရခြင်း ဖြစ်ပါသည်၊ ၄င်းပြုခဲ့သော ကံကား ဤသို့တည်း။
အမေ့နှယ်ဗျာ-ဒီလိုယောက်ျားမျိုးမှ ရွေးယူရ ရှာယူရတယ်လို့၊ ယောက်ျားတွေ ပေါလွန်းလို့၊
မောင်ကိုအေးသည် ထိုစကားဖြင့် မိခင်အား မကြာခဏ ဆူပူလေ့၊ မြည်တွန်လေ့ရှိပါသည်၊ မောင်ကိုအေး၏ ဖခင်သည် အတိတ်ကံကြမ္မာကြောင့် ခန္ဓာကိုယ်မသန့်သော ရောဂါ စွဲကပ်နေသူဖြစ်ပါသည်၊ ထိုရောဂါကို အပြစ်ရှာလျက် မိခင်အား မကျေမနပ်ဖြစ်နေ၏၊ မိခင်ကမူ ဖခင်အား ထိုသို့ မပြောသင့်ကြောင်း၊ ဖခင်သည် ဖခင်သာဖြစ်ကြောင်း ဆုံးမသော်လည်း နားမ၀င်ခဲ့ချေ၊ ဆုံးမ မရသည့်အပြင် ဖခင်၏ ရောဂါအမည်ကိုပင် ဖော်ထုတ်ကာ ရင့်သီးစွာပြောဆိုလာ၏၊ တဖန် မိခင်ကိုသာမက မိခင်၏ မိခင်ကြီး (အဘွား) ကိုပါ ဆူပူလာပြန်ချေ၏၊ ငေါက်ငန်းလာပြန်၏၊ မြည်တွန်လာပြန်၏။
ခင်ဗျားကြီး အထိန်းညံ့လို့ ခန္ဒာကိုယ်မသန့်တဲ့ ဒီလူကြီးနဲ့ နေရတာ၊ ခင်ဗျားမို့ ပေဒစားတယ်၊ ခင်ဗှား အတော်ညံ့တာပဲ၊ တခြားယောက်ျားတွေ ပေါလွန်းလို့ဗျာ။
အဘွားကိုလည်း ထိုစကားဖြင့် မကြာခဏ ပြောဆို ငေါက်ငမ်းနေတော့၏၊ မပြောဆိုရန် မည်သို့မျှ ဆုံးမ မရတော့ချေ၊ မိဘနှစ်ပါးနှင့် အဘွားကြီးအား စိတ်ရော နှုတ်ပါ စော်ကားပြစ်မှားနေတော့၏၊ ရွှေကျင်းမဆင်းမီ နှစ်ရက်အလိုကလည်း ပြောနေကျ၊ ဆူနေကျ စကားဖြင့် ဆူပူလိုကသေး၏၊ မပြစ်မှားထိုက်သော မိဘနှင့် အဘွား တို့အား ပြစ်မှားခြင်းဟူသော အကုသိုလ်၏ အပြစ်ဒဏ်ခတ်ခြင်းကို ခံလိုက်ရတော့သည်။
မိဘနှင့်အတူ မပြစ်မှားထိုက်သော ပုဂ္ဂိုလ်တို့အား ကာယကံဖြင့် ပြစ်မှားခြင်းကို ထားလေဦး၊ မနောကံ ၀စီကံတို့ဖြင့် ပြစ်မှားခြင်းသည်ပင် ဤမျှတိုင် မကောင်းကျိုးခံရပေသည်၊ မောင်ကိုအေး ရွှေတွင်းပခံရခြင်းသည် လက်တွေ့ သာဓက တရပ်ပင် ဖြစ်ပါသည်။
( ဆားထုံး-မောင်ဆွေနိုင် )
***********************************************************************************

( ရက်စက်သူနှစ်ဦး၏ ကံ )

လွန်ခဲ့သော ဆယ်နှစ်ခန့်က ကျွန်တော်တို့ရွာတွင် ဦးကျန်၊ ဒေါ်မြ ဆိုသူ ရက်စက်သော လင်မယား ၂-ယောက် ရှိကြသည်၊ သူတို့သည် လယ်ယာလုပ်၍ စားသောက်ကြသည်၊ တနေ့တွင် ဦးကျန်သည် လယ်ရေသွင်းရန် ဆယ်ဖို့ သွားရာ မျောက်မလေးကို မိစိန်ဟူ၍ မှည့်ခေါ်ထားသည်။
မျောက်မလေး မိစိန်ကို လျှော်ကြိုးဖြင့် ချည်ရမည့်အစား သံကြိုး သေးသေးဖြင့် ခါးကို တင်းကြပ်စွာ ချည်ထားသည်၊ မျောက်မလေးသည် ဟိုဆော့ ဒီဆော့နဲ့ ဆော့ဖန်များသောအခါ ခါဒမှသံကြိုးဖြင့် ပွတ်တိုက်သဖြင့် အနာဖြစ်လာသည်၊ ဒေါ်မြသည် စိတ်မထင်လျှင် မထင်သလို ဆဲရေးတိုင်းထွာကာ မျောက်မလေး ချည်ထားသောကြိုးကို ဆောင့်ဆောင့်ဆွဲပြီး ရိုက်နှက်ကာ ညှဉ်းပန်းသည်၊ မျောက်မလေးသည် အနာ နာသဖြင့် ညည်းညူရှာသည်၊ အစာကိုလည်း ၀လင်အောင်ကျွေးရမည်ကို ဂရုမစိုက်၊ ဘေးအိမ်များက သနားလို့ကျွေးမှ စားရသည်၊ ဦးကျင်ကလည်း စာနာမှု လုံးဝမရှိ၊ မျောက်မလေးကို ရိုက်နှက်သေးသည်၊ မျောက်မလေးခါးမှ အနာသည် တနေ့ထက် တနေ့ ဆိုးရွားလာသည်၊ အစာကို မစားနိုင်၊ တမှိုင်မှိုင်နေရင်း ဝေဒနာကို ခံစားနေရရှာသည်၊ မကြာမီ မျောက်မလေး မိစိန်သည် ခါးမှအနာကြောင့် သေဆုံးသွားသည်။
တနှစ်ခန့်ကြာသောအခါ ဦးကျန်သည် ခရီးသွားရင်း ရေချိုးရာ အပူရှပ်ပြီး လမ်းတွင် သေဆုံးသွားသည်၊ ဒေါ်မြလည်း ဖျားပြီး အိပ်ရာထဲတွင် လဲလေသည်၊ ဖျားနာနေရာမှ နာတာရှည်ဖြစ်ပြီး မထနိုင်ဘဲရှိရာ ခါးနှင့်တင်ပါးတို့တွင် အနာပေါက်လေသည်၊ ဆရာအမျိုးမျိုးနှင့် ကုသသော်လည်း သက်သာမှုလုံးဝမရှိသည့်အပြင် အနာမှာ လောက်များကျလာသည်၊ ဒေါ်မြသည် နာကျင်လွန်းသဖြင့် အော်ဟစ်ညည်းတွားရာ ဘေးအိမ်များမှပင် နားမခံနိုင်အောင် ရှိသည်၊ အနာမှ အပုပ်နံ့များလည်း အနံ့မခံနိုင်အောင် ဆိုးဝါးလှသည်၊ လူမသေဘဲ အရှင်ပုပ်နေသည်ကို တွေ့မြင်ရသည်၊ ဤသို့ မျောက်မလေး မိစိန်ကို ကြင်နာမှုကင်းကာ ပြုသည့်ဒဏ်ကို မျက်မှောက်မှာပင် ဆိုးဝါးစွာ ခံစားရင်း ၆-လခန့်ကြာသောအခါ ဒေါ်မြသည် သေဆုံးသွားလေသည်။
( မောင်ညီစု-၀န်းသို )
မြတ်မင်္ဂလာ ၁၉၉၀-စက်တင်ဘာလ။

Friday, October 17, 2008

ပုံပြင် ( ၃ )

( ထူးဆန်းသည့် ကံကြမ္မာ )

တခါတုန်းက သူဋ္ဌေးကြီးတဦး ရှိလေသည်၊ သူသည် အတိတ်က ပြုလုပ်ခဲ့ဖူးသော ကံ၊ ပစ္စုပ္ပန်၏ ကံ ဖြစ်သော ကံတရား၏ သဘောတရားကို ယုံကြည်သူမဟုတ်။
တနေ့တွင် ပညာရှိ ပုရောဟိတ် တယောက်က သူဋ္ဌေးကြီးကို ဟောလိုက်၏။
သင်ပိုင်ဆိုင်တဲ့ အဖိုးတန် ပစ္စည်းရတနာတွေဟာ တနေ့ကျရင် သင်ရဲ့ အိမ်နီးချင်း ဆင်းရဲသားက ပိုင်ဆိုင်လိမ့်မယ်။
သူဋ္ဌေးကြီးက ဘယ်နည်းနှင့်မျှ မဖြစ်နိုင်ကြောင်း အကျောက်အကန် ငြင်းဆိုသည်၊ သို့ရာတွင် စိုးရိမ်စိတ်က မကင်းပေ။
ထို့ကြောင့် သူပိုင်ပစ္စည်းများ ထုထည်ကြီးမားသော ပစ္စည်းများကို ရောင်းချ၏၊ ထို့နောက် အဖိုးတန် စိန်များကို ၀ယ်ယူလိုက်၏၊ စိန်များက ပစ္စည်းသေးသလောက် တန်ဖိုးအနဂ္ဃထိုက်၏၊ ယင်းတို့ကို သေသေချာချာ ထုပ်လျက် ခေါင်းပေါင်းတွင် ထည့်ထား၏။
အင်း-ငါ့ရဲ့ ပစ္စည်းတွေဟာ အိမ်နီးချင်း ဆင်းရဲသားဆီ ဘယ်နည်းနဲ့မှ ရောက်မှာမဟုတ်ပါဘူး-ဟု တွေး၏၊ ခေါင်းပေါင်းကို သွားလေရာ ပေါင်းထား၏၊
များမကြာမီ သူသည် သင်္ဘောခရီးထွက်၏၊ ပင်လယ်ပြင်၏ အရသာခံယူရင်း စည်းစိမ်ယူနေ၏၊ ထိုစဉ် ရုတ်တရက် လေပြင်းတိုက်ခတ်ရာ ဦးခေါင်းထက်မှ ခေါင်းပေါင်းသည် လွင့်စဉ်ပြီး ပင်လယ်ထဲသို့ ကျသွားလေသည်၊ ထိုအခါ စဉ်းစားမိလိုက်သေး၏၊ အင်း-ကျယ်ပြန့်လှတဲ့ ပင်လယ်အောက်ကျသွားတဲ့ ငါ့ပစ္စည်းတွေ အိမ်နားက ဆင်းရဲသား ရယူခွင့်ရှိတော့မှာ မဟုတ်ပါဘူး။
သို့ရာတွင် ကံကြမ္မာကား ဆန်းကြယ်လှ၏၊ ဆင်းရဲသားသည် ဈေးမှ ဟင်းလျာအတွက် ငါးဝယ်လာ၏၊ ၀မ်းဗိုက်ကို ခွဲလိုက်သည့်အခါ ရတနာထုပ်ကို တွေ့ရလေသည်၊ သူဋ္ဌေးကြီး၏ ပစ္စည်းများဖြစ်၏၊ သူဋ္ဌေးကြီးမှာ မည်သို့မျှ မပြောသာတော့၊ ထူးဆန်းသည့် ကံကြမ္မာကိုသာ အံ့သြမဆုံးအောင် ဖြစ်ရလေသည်။
( မောင်ကောင်းယဉ် )
**********************************************************************************

( ကောင်းမှု ပြုသူ )

တခါက တောရွာမှ လူငယ်တေယောက်သည် မြို့သို့တက်၍ လက္ခဏာကျမ်းတတ်ဆရာကြီး တဦးထံတွင် ပညာသင်ကြားနေသည်၊ ဆရားကြီးက သူ့အား စာပေနှင့် လောကကျင့်ဝတ်ကောင်းကငို သင်ပေးသည်၊ တနေ့တွင် ဆရာကြီးသည် တပည့်ဖြစ်သူ၏ လက္ခဏာကို ကြည့်မိရာ ဆင်းဆင်းရဲရဲဖြင့် အသက်မွေးမြူရမည့် အဖြစ်ကို တွေ့ရ၍ သနားသဖြင့် ပြန်လွှတ်လိုက်လေ၏။
နောက်တနှစ်ခန့် ကြာသောအခါ တပည့်ဖြစ်သူသည် ၀တ်ကောင်းစားကောင်းများကို သပ်ရပ်စွာ ၀တ်ဆင်ပြီး ဆရားကြီးအား သွားကန်တော့သည်၊ ဆရာကြီးလည်း တပည့်ဖြစ်သူ၏ အခြေအနေ ပြောင်းလဲတိုးတက်လာပုံကို မြင်ရ၍ လွန်စွာအံ့သြပြီး အကျိုးအကြောင်းကို မေးကြည့်၏။
ထိုအခါ တပည့်ဖြစ်သူက ဆရာကြီးအား သူ၏ဖြစ်ပုံ အကြောင်းစုံကို ပြောပြ၏။
ကျွန်တော် ဆရာကြီးထံမှ ထမင်းထုပ်ထမ်း၍ ပြန်လာရာ လမ်းခရီးအကြားမြှ နေလည်း မွန်းတည့်လုနီးပါပြီ၊ ထိုအခါ ရဟန်းတပါး ဆွမ်းလာရပ်သဖြင့် ကျွန်တော်မစားဘဲ အကုန်လုံး ရဟန်းတော်အား လောင်းလှူလိုက်ပါသည်၊ ရဟန်းတော်လည်း မျှတရုံ့ဘုဉ်းပေးပြီး အကျန်ကို ကျွန်တော့အား ပြန်စွန့်သွားပါသည်၊ ထို့ပြင် ရွာရောက်သောအခါမှာလည်း ဆရာကြီးသင်ပေးသည့်အတိုင်း အများအကျိုးကို တတ်နိုင်သမျှ ဆောင်ရွက်ပါသည်၊ ရွာအ၀င် တံခါးဝ၌ ချိုင့်ဗွက်ကြီးကို ကျွန်တော်တယောက်တည်း ကြိုးစားမြေဖို့ခဲ့ပါသည်၊ ရွာအတွက် လိုအပ်သော ရေတွင်းတွင်းကိုလည်း ဦးဆောင်တူးခဲံပါသည်၊ ထိုအခါမှစ၍ ရွာက ကျွန်တော့အား ရှေ့ဆောင်လမ်းပြ ထားကြပြီး စပါး၊ ပဲ၊ နှမ်း၊ ကောက်ပဲသီးနှံများ ထောက်ပံ့ဘ=ကြပါသည်၊ ကျွန်တော်လည်း ရသမျှ အသီးအနှံတို့ကို မတည်ပြီး မိမိအတွက်ရော ရပ်ရွာအတွက်ပါ အရောင်းအ၀ယ် လုပ်ပေးပါသည်၊ သို့နှင့် တစတစ ကြီးပွားတိုးတက်လာပြီး ယခုလို ဆရာကြီးကို လာရောက်ကန်တော့ရခြင်း ဖြစ်ပါသည်။
တပည့်ဖြစ်သူသည် ဆရာကြီး တွေ့ရှိရသော လက္ခဏာအရဆိုလျှင် ဆင်းဆင်းရဲရဲ အသက်မွေးမြူရမလို ဖြစ်ပါသည်၊ သို့သော် ရဟန်းတော်အား ဆွမ်းလောင်းခြင်း၊ ဆရာကြီးစကား နားထောင်၍ ရပ်ရွာအကျိုး သယ်ပိုးခြင်း၊ စသော ကုသိုလ်ကောင်းမှုများကြောင့် ကြီးပွားတိုးတက်ကြောင်း ဆရာကြီး ဆင်ခြင်သုံးသပ်မိလေသည်။
( မောင်အေးနိုင် )
*********************************************************************************

( ကိုယ်လုပ်တာ ကိုယ်ခံ )

ရသေ့တပါးသည် ရွာတရွာ၏ အနီး၌ သစ်ခက်ကျောင်းကလေး တကျောင်းဆောက်ပြီးနေသည်၊ ရသေ့ သည် ထိုသစ်ခက်ကျောင်းကလေးတွင် တရားဘာဝနာ စီးဖြန်းနေလေသည်၊ နေ့စဉ် နေ့တိုင်း နံက်အချိန်တွင် ရွာထဲသွားပြီး ဆွမ်းဆန်နှင့်စားဖွယ်များ အလှူခံသည်၊ ရွာထဲတွင် အိမ်ပေါက်စေ့ သွားပြီး သူတပါးအတွက် ကောင်းကျိုးဆောင်ရွက်လျှင် စိတ်ချမ်းသာ ကိုယ်ချမ်းသာ ဖြစ်ရမည်၊ သူတပါးအတွက် ဆိုးကျိုးလုပ်လျှင် ဆင်းရဲဒုက္ခရောက်ရမည်၊ ကိုယ်လုပ်သည့်အတိုင်း အကျိုးခံစားရမည်-ဟူသော သြ၀ါဒကိုလည်း ပေးလေသည်။
ထိုရွာ၌ မိန်းမကြီးတယောက်ရှိသည်၊ ထိုမိန်းမကြီးသည် ရသေ့၏ သြ၀ါဒစကားကို ကြားကြားနေရသည်၊ သို့သော်လည်း ရသေ့ပြောသော တရားစကားကို အယုံအကြည်မရှိပေ၊ သူ့မျက်မှေက်ြတွင် များသောအားဖြင့် မကောင်းမှု ဒုစရိုက်ကျူးလွန်သူများသည် ချမ်းချမ်းသာသာနေရပြီး မကောင်းမှု ရှောင်ကြဉ်နေသူများက ဆင်းဆင်းရဲရဲနေကြရသည်၊ ထိုမိန်းမကြီါ်သာ ရသေ့၏သြ၀ါဒစကားကို စမ်းသပ်ကြည့်လိုသည့် စိတ်ဆန္ဒပေါ်လာလေသည်၊ မကောင်းတဲအလုပ်ကို လုပ်တဲ့အတွက် ဘယ်လိုအကျိုးသက်ရောက်မှု ဖြစ်ပေါ်လာတယ်ဆိုတာ သိရအောင် ငါ စမ်းကြည့်မယ်-ဟူ၍ ဆုံးဖြတ်လိုက်လေသည်။

ဘ၀ပရိယာယ်

ဘုံအထွေထွေ
ပုံသေမရှိ
နွေးဦးခါတွင်
လွင့်ဝါကြွေကျ
သစ်ရွက်ဘ၀သို့
ဂတိမမြဲ
သံသာထဲဝယ်
တ၀ဲလည်လည်
ဆုံလည်သည့်နွား
ရဟတ်ခြားသို့
ကွဲပြား ကိုယ်ဟန်
သွင်သဏ္ဍာန်ကို
ဉာဏ်ဖြင့်ရှုမျှော်
ဆင်ခြင်ပါသော်
သြော်-ဘ၀ပရိယာယ်
အသွယ်သွယ်ပါတကား။
( ဓမ္မဗျူဟာ ၂၀၀၈-ခုနှစ် စက်တင်ဘာလ )

အာသန္နကံ

ဖိစီး ဝေဒနာ၊ ကျရောက်လာသော်
ထွေရာလေးပါး၊ စိတ်မသွားပဲ
ညွတ်တွား ၀ိပဿနာ၊ ရိပ်သာရှာ၍
ဆရာကောင်းထံ၊ နည်းနာခံကာ
ရုပ်နာမ် အနိစ္စ၊ ဒုက္ခသစ္စာ
သူ ငါ မနှော၊ အနတ္တသဘော
ဉာဏ်စောကြော၍
ကောင်းသောအာသန္နကံ
ထင်မြင်ရန်တွက်၊ ကျန်ရှိရက်ကို
ဝိပဿနာမဂ်ဖြင့် နေသင့်သည်။
(ဓမ္မဗျူဟာ ၂၀၀၈-ခုနှစ်၊ သြဂုတ်လ )

ရပ်ပြစ် ရှစ်ပါး

မြတ်စွာဘုရား ဟောကြေားသော တရားကို ကြားနာ ကျင့်သုံးခွင့် မရဘဲ အခွင့်ကောင်းမှ လက်လွတ်ဆုံးရှုံးသူ ရှစ်မျိုးကို ရပ်ပြစ်ရှစ်ပါး သင့်သူများ-ဟု ဆိုပါသည်၊ ၄င်းတို့မှာ---
၁။ မြတ်စွာဘုရားပွင့်ချိန်၌ ငရဲသို့ ရောက်နေသူ
၂။ မြတ်စွာဘုရားပွင့်ချိန်၌ တိရစ္ဆာန်ဘ၀သို့ ရောက်နေသူ
၃။ မြတ်စွာဘုရားပွင့်ချိန်၌ ပြိတ္တာဘ၀သို့ ရောက်နေသူ
၎။ မြတ်စွာဘုရားပွင့်ချိန်၌ အသိစိတ်ကင်းမဲ့၍ ရုပ်ခန္ဓာချည်းသာ ရှိသော အသညသတ် ဗြဟ္မာဖြစ်နေသူ
၅။ မြတ်စွာဘုရားပွင့်ချိန်၌ မြတ်စွာဘုရားနှင့် ရဟန်းသံဃာများ သွားလာပေါက်ရောက်ခြင်း မရှိသည့် ပစ္စန္တရာဇ်
အရပ်၌ လူဖြစ်နေသူ
၆။ မြတ်စွာဘုရားပွင့်ချိန်၌ မြတ်စွာဘုရားနှင့် ရဟန်းသံဃာများ သွားလာပေါက်ရောက်ရာ မဇ္ဈိမဒေသ-အရပ်၌
လူဖြစ်သော်လည်း လွဲမှားသော မိစ္ဆာဒိဋ္ဌိ-အယူ ရှိနေသူ
၇။ မြတ်စွာဘုရားပွင့်ချိန်၌ မြတ်စွာဘုရားနှင့် ရဟန်းသံဃာများ သွားလာပေါက်ရောက်ရာ မဇ္ဈိမဒေသ-အရပ်၌
လူဖြစ်သော်လည်း ဆွံ့အသူ၊ နားမကြားသူ၊ အကောင်းအဆိုးကို နားမလည်နိုင်အောင် ထုံထိုင်းသူ ဖြစ်နေသူ
၈။ မဇ္ဈိမဒေသအရပ်၌ ကိုယ်အင်္ဂါ ချို့တဲ့မှုမရှိဘဲ အကောင်းအဆိုးကို နားလည်သောလူ ဖြစ်လာသော်လည်း မြတ်စွာဘုရား ပွင့်ချိန်မဟုတ်၍ မြတ်စွာဘုရား၏ တရားကို ကြားနာခွင့်မရသူတို့ ဖြစ်ပါသည်။

မြတ်စွာဘုရား ပွင့်ချိန်တွင် မဇ္ဈိမဒေသအရပ်၌ အကောင်းအဆိုးကို နားလည်သောလူ ဖြစ်လာသူကား ရပ်ပြစ်ရှစ်ပါးမှ ကင်းလွတ်၍ အခွင့်ကောင်းရသူ ဖြစ်ပါသည်။
( အံ-အဋ္ဌကနိပါတ် အက္ခဏသုတ် )

Thursday, October 16, 2008

အရှင်ဉာဏတိလောက

ဂီတဆရာဘ၀မှ ဗုဒ္ဓဘာသာဝင်အဖြစ်သို့ ကူးပြောင်းခဲ့သော ဂျာမန် ဘုန်းတော်ကြီး

အရှင်ဉာဏတိလောက

၁၉၀၃-ခုတွင် မြန်မာနိုင်ငံသို့ ထူးခြားသော ဂျာမန်လူမျိုးတဦး ရောက်ရှိလာသည်၊ သူသည် အသက် ၂၅-နှစ် အရွယ်ခန့်ရှိသော လူငယ်တဦးဖြစ်သည်။

သူရောက်လာသည်မှာ နိုင်ငံရေးအတွက်လဲ မဟုတ်၊ စီးပွါးရေးအတွက်လဲ မဟုတ်၊ ပညာရေးအတွက်လဲ မဟုတ်၊ အုပ်ချုပ်ရေးအတွက်လဲ မဟုတ်၊ ခရစ်ယာန်သာသနာပြုရေးအတွက်လဲ မဟုတ်၊ ဗုဒ္ဓဘာသာရဟန်းအဖြစ် ခံယူရန်အတွက် ထူးထူးခြားခြား ရောက်ရှိလာခြင်း ဖြစ်ပေသည်။

သူသည် ရှေးဦးစွာ သာမဏေအဖြစ် ခံယူသည်၊ ထို့နောက် တနှစ်အကြာတွင် ရဟန်းအဖြစ် ခံယူသည်၊ သူ၏ ဘွဲ့အမည်မှာ အရှင်ဉာဏတိလောက-ဖြစ်သည်၊ ဂျာမန်လူမျိုးများထဲမှ ပထမဦးဆုံး ဗုဒ္ဓဘာသာရဟန်းအဖြစ် စွန့်စားခံယူသူပင်တည်း၊ ထိုစဉ်က သူ၏ ပစ္စည်းလေးပါး ဒါယကာမှာ မင်းကြီးကတော် ဒေါ်မြမေပင် ဖြစ်ပေသည်။

အရှင်ဉာဏတိလောက၏ လူအမည်မှာ အန်ထွန်ဝေါ်လတာဖလော်ရု(စ်)ဂူးအက် ( Anton Walter Florus Gueth ) ဖြစ်သည်။ သူ့ကို ၁၈၇၈-ခုတွင် ဂျာမဏီနိုင်ငံ ၀ိစ်ဘန်ဒင်မြို့၌ ဖွားမြင်သည်၊ သူ၏ဖခင်သည် ထိုမြို့ရှိ အထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဖြစ်လေသည်။

အန်ထွန်ဂူးအက်သည် အရွယ်ရောက်သောအခါ ရှေးဦးစွာ အထက်တန်းကျောင်း၌ ပညာဆည်းပူးသည်၊ ထို့နောက် ဂီတပညာကို ၀ါသနာပါသဖြင့် လေ့လာဆည်းပူးသည်၊ သူသည် ဂီတပညာကို ဖရင့်ဖတ်မြို့ ဂီတသိပ္ပံမှ ပါမောက္ခ အိုင်ဝမ်နော်-ထံတွင်လည်း ဆည်းပူးသည်၊ ပဲရစ်မြို့ ဂီတသိပ္ပံမှ နာမည်ကျော် ဂီတပညာရှင် ချားလ်(စ်)မာရီ ၀ိဒေါ်-ထံတွင်လည်း ဆည်းပူးသည်၊ သူသည် တေးသီချင်းဖွဲ့ဆိုခြင်း အတတ်ပညာနှင့် တယောထိုးအတတ်ပညာတို့ကို အထူးကျွမ်းကျင်တတ်မြောက်ခဲ့သည်။

အန်ထွန်ဂူးအက်-သည် ပညာစုံသောအခါ တယောဆရာ ဂီတပညာရှင်အဖြစ် အသက်မွေးဝမ်းကျောင်းပြု၍ နေထိုင်ရာ အထူးကျော်ကြားအောင်မြင်ခဲ့သည်။

သူသည် ဂီတပညာကို လေ့လာဆည်းပူးစဉ်ကပင် ဒဿနိကဗေဒပညာကို စိတ်ပါဝင်စားခဲသည်၊ထိုပကြောင့် အားလပ်ချိန်များတွင် ဒဿနိကဗေဒဆိုင်ရာ စာအုပ်စာတမ်းများကို ဖတ်ရှုလေ့လာခဲ့သည်၊ တယောဆရာ ဖြစ်လာသောအချိန်တွင်ကား ဒဿနိကဗေဒဆိုင်ရာ စာအုပ်များကို ပိုမိုဖတ်ရှုလေ့လာခဲ့သည်၊ ဤတွင် သူသည် ဗုဒ္ဓတရားတော်များကို ဖတ်ရှုမိကာ စတင်စိတ်ဝင်စားလာခဲ့သည်။

တနေ့သ၌ သူသည် ဗုဒ္ဓတရားတော်ကို စိတ်ဝင်စားရာမှ လေ့လာလိုက်စားလိုသောစိတ် ဖြစ်ပေါ်လာသည်၊ သို့ဖြင့် သူသည် သီဟိုဠ်နိုင်ငံ ( သီရိလင်္ကာ ) သို့ တကိုယ်တည်း ထွက်လာခဲ့သည်၊ ထိုနိုင်ငံ၌ ဗုဒ္ဓတရားတော်ကို၎င်း၊ ပါဠိနှင့်သက္ကတဘာသာတို့ကို၎င်း ကျနစွာ လေ့လာဆည်းပူးသည်၊ ထို့နောက် ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူလိုက်လေသည်။

အန်ထွန်ဂူးအက်သည် ဗုဒ္ဓဘာသာဝင်အဖြစ်ကို ခံယူပြီးနောက် လောကီချမ်းသာ ကြီးပွားတိုးတက်မှု အ၀၀ကို စွန့်လွှတ်လိုက်သည်၊ မြန်မာနိုင်ငံသို့ လာရောက်၍ ရဟန်းပြု နေထိုင်လေသည်။

သူသည် မြန်မာနိုင်ငံ၌ သီတင်းသုံးနေထိုင်စဉ် ပါဠိဘာသာနှင့် ဗုဒ္ဓစာပေတို့ကို ထပ်မံလေ့လာ ဆည်းပူးသည်၊ ထိုစဉ်က သူသည် နှဲကြိုးဆရာတော်နှင့် အလွန်ခင်မင်ရင်းနှီးခဲ့သည်၊ နှဲကြိုးဆရာတော်ကား ဓမ္မကထိကအများ လက်စွဲပြုရသော ၀ဋ္ဋဘေဒနီကျမ်းကို ရေးသားခဲ့သူ ဖြစ်ပေသည်။

အာနႏၵေမေတၱယ်

အာနႏၵေမေတၱယ်

ရူပဗေဒ ဓာတ်ခွဲဆရာဘ၀မှ ဗုဒ္ဓဘာသာဝင်အဖြစ်သို့ ကူးပြောင်းခဲ့သော အင်္ဂလိပ် ဘုန်းတော်ကြီး အရှင်အာနန္ဒာမေတ္တေယျသည် ၁၈၇၂-ခု ဒီဇင်္ဘာလ ၈-ရက်နေ့တွင် အင်္ဂလန်ပြည် လန်ဒန်မြို့၌ ဖွားမြင်သည်။

အဖအမည်မှာ မစ်စနာဘင်းနက် ဖြစ်သည်။ အရှင်အာနန္ဒာမေတ္တေယျ၏အမည်မှာ ချားလ် (စ်) ဟင်နရီ အယ်လင်ဘင်းနက် ( Charles Henry Allan Bennett ) ဖြစ်သည်။

အဖသည် လျှပ်စစ်အင်ဂျင်နီယာ တယောက် ဖြစ်သည်၊ အမိသည် ဗရင်ဂျီခရစ်ယာန် ဘာသာဝင်ဖြစ်သည်၊ အဖသည် အယ်လင် ငယ်စဉ်ကပင် ကွယ်လွန်အနိစ္စရောက်ခဲ့သဖြင့် မစ္စတာ မက္ကရီကာ အမည်ရှိ ပုဂ္ဂိုလ်တဦးက သားအဖြစ်မွေးစားခဲ့ပေသည်။

အယ်လင်သည် ငယ်စဉ်ကပင် ကျန်းမာရေးမကောင်းရှာပေ၊ ပန်းနာရောဂါ၏ ဖိစီး နှိပ်စက် ခြင်းကို ခံရသည်။ ထို့ကြောင့် သူ့ကို ဘတ်(သ်)မြို့ရှိ ကျောင်း၌ ပို့ထားရသည်။

ဘတ်(သ်)မြို့သည် ကျန်းမာရေးအတွက် ရာသီဥတုကောင်းမွန်သောကြောင့် ဖြစ်သည်။

အယ်လင်သည် ကျန်းမာရေးမကောင်းသော်လည်း ပညာဉာဏ်ကား အလွန်ထက်မြက်သည်၊ အထူးသဖြင့် သိပ္ပံပညာတွင် အလွန်ထူးချွန်သည်၊ ထို့ကြောင့် ကျောင်းထွက်သောအခါ ရူပဗေဒ ဓာတ်ခွဲဆရာအလုပ်ဖြင့် အောင်မြင်စွာ အသက်မွေးဝမ်းကျောင်း ပြုနိုင်ခဲ့သည်။

အယ်လင်သည် ဓာတ်ခွဲဆရာလုပ်နေစဉ် တနေ့သ၌ ဆာ-အက်ဒွင် အာနိုး-၏ ဗုဒ္ဓ၏ ဖြစ်စဉ်နှင့် ဗုဒ္ဓတရားတော်ကို ဖွဲ့ဆိုသော အာရှအလင်းရောင် The Light of Asia အမည်ရှိ ကဗျာရှည်ကြီးကို ဖတ်ရှုမိပြီး ဗုဒ္ဓကို ကြည်ညိုသွားသည်၊ ဗုဒ္ဓတရားတော်ကို သက်ဝင်ယုံကြည်သွားသည်၊ အာရှအလင်းရောင် ဗုဒ္ဓ၀င်ကဗျာကို ဖွဲ့ဆိုသူ ဆာ-အက်ဒွင် အာနိုးကား ဗုဒ္ဓဘာသာဝင် မဟုတ်ပေ။ ထိုကဗျာရှည်ကို အာနိုးသည် ခရစ်နှစ် ၁၈၇၉-ခုနှစ်တွင် ဖွဲ့ဆိုသည်၊ ထိုအချိန်မှာ မြန်မာနိုင်ငံတွင် သီပေါမင်း နန်းတက်စ အချိန်ဖြစ်သည်။

အယ်လင်သည် သူ့ရောဂါအတွက် အနားယူရန် ဆေးခွင့်ယူလိုက်သည်၊ သူ၏ရောဂါမှာ အပူပိုင်းဒေသနှင့် သင့်လျှော်သဖြင့် အာရှနိုင်ငံသို့ ခရီးထွက်အနားယူရန် ရည်မှန်းသည်၊ အာရှနိုင်ငံသို့ ခရီးထွက်ရာတွင် တချက်ခုတ် နှစ်ချက်ပြတ် သဘောမျိုးဖြစ်စေရန် ဗုဒ္ဓဘာသာထွန်းကားရာနိုင်ငံသို့ သွားရောက်ရန် ရည်မှန်းပြန်သည်၊ သို့ဖြင့် နောက်ဆုံး၌ သူသည် သီဟိုဠ်နိုင်ငံ ( ယခု သီရိလင်္ကာ ) သို့ အနားယူခရီးထွက်ရန် ရွေးချယ်လိုက်သည်၊ ထို့နောက် ၁၈၉၈-ခု အသက် ၂၆-နှစ်အရွယ်တွင် သီဟိုဠ်နိုင်ငံသို့ ထွက်ခွါလာခဲ့ပေသည်။

၁၉၀၁-ခု ဇူလိုင်လတွင် သီဟိုဠ်နိုင်ငံ ကိုလံဘိုမြို့ရှိ ဘီအိုဆိုဖီ အသင်းတိုက်၌ ဗုဒ္ဓ၏ သစ္စလေးပါးတရားတော်ကို ဟောပြောခဲ့သည်၊ ထိုစဉ်က သူသည် အသက် ၂၉-နှစ်အရွယ်ရှိသည်။ ထိုဟောပြောချက်သည် ဗုဒ္ဓတရားတော်နှင့် ပတ်သက်၍ သူ၏ပထမဦးဆုံးသော ပွဲဦးထွက် တရားပင် ဖြစ်သည်။

အယ်လင်သည် သီဟိုဠ်၌ ၃-နှစ်ကျော်မျှ နေထိုင်ပြီး ၁၉၀၁-ခု နှစ်ကုန်ခါနီးတွင် သီဟိုဠ်မှ မြန်မာနိုင်ငံသို့ ထွက်လာခဲ့သည်၊ ရှေးဦးစွာ စစ်တွေမြို့သို့ ရောက်ရှိသည်၊ ထိုမြို့တွင် နေထိုင်ကာ ထိုနှစ်ဖြစ်သည့် ၁၉၀၁-ခုနှစ် ဒီဇင်္ဘာလ ၈-ရက် အသက် ၂၉-နှစ် ပြည့်သောနေ့တွင် သာမဏေဘ၀သို့ ကူးပြောင်းခဲ့သည်၊ ဒီဇင်္ဘာလ ၈-ရက်ကား သူ၏မွေးနေ့ပင်တည်း။

သူသည် အယ်လင်ဘင်းနက်အမည်ကိုဖျောက်၍ ( အာနန္ဒာ မေတရိယ ) ဟူသော ဘွဲ့အမည်ကို ခံယူလိုက်သည်၊ နောင်အခါ ထိုဘွဲ့အမည်သည် ပါဠိတော်နှင့်လည်း မကိုက်ညီ၊ ပါဠိသဒ္ဒါ နှင့်လည်း မကိုက်ညီဟုဆိုကာ အာနန္ဒာမေတ္တေယျ-ဘွဲ့အမည်ကို ပြောင်းလဲခဲ့သည်။

ထို့နောက် ၁၉၀၂-ခု မေလ ၂၁-ရက် ( ကဆုန်လပြည့်နေ့ ) တွင် ရဟန်းဘောင်သို့ တက်ရောက်ခဲ့သည်။ သူ၏ ဥပဇ္ဈာယ်ဆရာမှာ ရွှေပြား-ဆရာတော် ဖြစ်သည်ဆို၏။

စံကင်းဆရာတော်ကြီးသည် မြန်မာသက္ကရာဇ် ၁၂၃၂-ခုနှစ် ( ခရစ်နှစ် ၁၈၇၀ ) တွင် ဖွားမြင် ခဲ့သည်။ အရှင်အာနန္ဒာမေတ္တေယျ-ထက် ၂-နှစ်ခန့် ကြီးလေသည်။

အဂ်လိပ်လူမျိုးထဲမှ ဗုဒ္ဓဘာသာ ရဟန်းဘ၀သို့ ကူးပြောင်းသူတို့တွင် အရှင်အာနန္ဒာမေတ္တေယျ သည် ပထမဆုံး မဟုတ်ပေ။ ဒုတိယသာ ဖြစ်ပေသည်။ ပထမဆုံးမှာ မစ္စတာ ဂေါဒန်ဒူဂလက်-အမည်ရှိ အင်္ဂလိပ်အမျိုးသား ဖြစ်သည်။ ထိုပုဂ္ဂိုလ်သည် ၁၈၉၉-ခုတွင် ကိုလံဘိုမြို့ ဇယဆေကရာမ-ကျောင်းတိုက်၌ အသောက-ဘွဲ့အမည်ဖြင့် ရဟန်းပြုခဲ့သည်။ ထို့နောက် မြန်မာပြည်တွင် ကြွရောက် နေထိုင်ပြီး ၁၉၀၅-ခုနှစ်၌ စစ်တွေမြို့တွင် ပံလွန်တော်မူခဲ့သည်။ သို့ရာတွင် ဘိက္ခု အသောကသည် အင်္ဂလန်သို့ ပြန်လည်ကြွရောက်ခြင်း မရှိသဖြင့် အင်္ဂလန်ပြည်သားများသည် သူ့ကိုရဟန်းဝတ်ဖြင့် မဖူး တွေ့လိုက်ရပေ။ ယခု အရှင်အာနန္ဒာမေတ္တေယျ ကြွရောက်လာသောအခါတွင်မှ အင်္ဂလိပ်လူမျိုး ဗုဒ္ဓ သားတော်ရဟန်းကို ပထမဆုံးအကြိမ် ဖူးတွေ့ရခြင်း ဖြစ်ပေသည်။

ဗုဒ္ဓတရားတော်နှင့် ပတ်သက်သည့် ဟောကြားချက်များကိုမူ လန်ဒန်မြို့သူမြို့သားများသည် အရှင်အာနန္ဒာမေတ္တေယျ ကြွရောက်မလာမီ လွန်ခဲ့သော သုံးနှစ်ခန့်မှစ၍ နာကြားခဲ့ရသည်။ ၁၉၀၅-ခု တွင် မစ္စတာ အာ-ဂျေ-ဂျက်ကဆန် အမည်ရှိ အင်္ဂလိပ်လူမျိုးတဦးသည် လန်ဒန်မြို့ ရီဂျင့်ပန်းခြံ၌ ဗုဒ္ဓ တရားတော်ကို စတင်ဟောပြောခဲ့သည်။ ထင်းရှူးသေတ္တာကို တရားစင်လုပ်လျက် မိမိနှစ်သက်ရာ ဟောပြောခွင့်ရှိသော တရားပွဲကလေးများတွင် ၀င်ရောက်ဟောပြောရခြင်း ဖြစ်သည်။ ထိုပုဂ္ဂိုလ်သည် ဂျေ-အာ-ပိန်း အမည်ရှိ အင်္ဂလိပ်လူမျိုးတဦးနှင့် ပူးတွဲလျက် စာအုပ်ဆိုင်တဆိုင်ဖွင့်ကာ ဗုဒ္ဓစာပေ ဆိုင်ရာ စာအုပ်စာတမ်းများကို ရောင်းချခြင်းလည်းပြုသည်။ ဂျေ-အာ-ပိန်းမှာ မြန်မာပြည်တွင် စစ်မှုထမ်းခဲ့သော စစ်မှုထမ်းဟောင်း တယောက်လဲဖြစ်သည်။ သူတို့နှစ်ဦးသည် ၁၉၀၆-ခုတွင် အင်္ဂလန် ဗုဒ္ဓဘာသာအသင်းကို စတင်တည်ထောင်ခဲ့ကြသည်။ မကြာမီပင် သူတို့သည် မြန်မာပြည်ရှိ အရှင်အာနန္ဒာမေတ္တေယျနှင့် ဆက်သွယ်မိကြလေသည်။

Wednesday, October 15, 2008

ဘာသာရေး ပြဿနာ ( ၃ )

ဘဒ္ဒန္တ တိလောကသာရ ဖြေသည်။


( ဗုဒ္ဓဘာသာနှင့် ရိုးရာနတ် )
မေး။ ၀ိပဿနာတရား အားထုတ်ခဲ့သည်အထိ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူကို
ရိုးရာနတ် အန္တရာယ်ပြုနိုင်ပါသလား ဘုရား။
ကြက်ကိုသတ်၍ ရိုးရာနတ် မစားလျှင် ပါးစပ်ရွဲ့၊ နားကိုက် စသည့်ရောဂါအမျိုးမျိုး ထိခိုက်မှုအန္တရာယ်အမျိုးမျိုး ဖြစ်တတ်သည်ဟု ဆိုပါသည်၊ ကိုယ်တိုင်လည်း မြင်ဖူးပါသည်၊ ရိုးရာနတ်ကို မပုတ်ခတ်ဘဲ မေတ္တာပို့ အမျှဝေနေလျှင် အန္တရာယ်ကင်းနိုင်ပါသလားဘုရား။
( နော်အေးအေးမူ )
ကြာပန်းရွာ၊ သထုံမြို့

ဖြေ။ ရိုးရာမျှသာမဟုတ်၊ ယခင် နတ်ကိုးကွယ်သူဖြစ်ခဲ့သည့်တိုင်အောင် ဗုဒ္ဓဘာသာဝင်စစ်စစ်ဖြစ်၍ ဒါနမှုကို မပြတ်ပြုခြင်း၊ ငါးပါးသီလကို အမြဲဆောက်တည်၍ အခါအားလျှော်စွာ ရှစ်ပါးသီလ (ဥပုသ်)ကို ဆောက်တည်ခြင်း၊ ၀ိပဿနာဘာဝနာ ပွားများခြင်း၊ မေတ္တာနှင့်နေခြင်း၊ ဘုရားဂုဏ်တော်ကို ပုတီးစိပ် ပွားများခြင်း။ စသည်တို့ ကျင့်သုံးနေထိုင်လျှင် မည်သည့်ရိုးရာနတ်မျှ မနှောက်ယှက်နိုင်ပါ။
ဗုဒ္ဓမြတ်စွာ လက်ထက်တော်အခါက ရိုးရာနတ်မျှမက ဗြဟ္မာကိုးကွယ်သူများပင် ဗုဒ္ဓမြတ်စွာ သာသနာတော်တွင်းသို့ ၀င်ရောက်ခဲ့ကြပါသည်၊ သို့သော် ဗုဒ္ဓဘာသာဝင်ဖြစ်ရုံ၊ အမည်ခံရုံဖြစ်ပြီး ကိုယ်ခံဘာသာတရား ခိုင်ခိုင်ခံ့ခံ့မရှိဘဲ ရိုးရာကို ပုတ်ခတ်ဝေဖန်နေလျှင်ကား နတ်နှင့်ဆိုင်ရာတို့က အန္တရာယ်ပေးပေလိမ့်မည်၊ ထို့ကြောင့် မိမိကသာ ဗုဒ္ဓဘာသာတရားတော်ကို နှစ်နှစ်ကာကာ အားထုတ်၍ ပရိတ်တော်များကို ရွတ်ဆိုခြင်း၊ ဆိုင်ရာတို့အား မေတ္တာပို့ခြင်း၊ အမျှဝေခြင်းတို့ဖြင့် စိတ်လက်ချမ်းသာစွာ နေဖို့လိုပါသည်။
မြတ်စွာဘုရားက နာဋပုတ္တဂိုဏ်းမှ ဗုဒ္ဓသာသနာသို့ ၀င်ရောက်လာသော ဥပါလိသူကြွယ်အား ဗုဒ္ဓသာသနာသို့ ၀င်ရောက်၍ ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်နေသည့်တိုင်အောင် သင်-ယခင်က ကိုးကွယ်ခဲ့သော နာဋပုတ္တဂိုဏ်းအား ပေးကမ်းခြင်း၊ ပူဇော်ပသခြင်းများကို မဖြတ်နဲ့၊ ပေးကမ်းမြဲ ပူဇော်ပသမြဲ ပေးကမ်းပါ၊ ပူဇော်ပသပါ-ဟု မိန့်တော်မူပါသည်၊ ထိုပကြောင့် ဗုဒ္ဓဘာသာဖြစ်သော်လည်း ရိုးရာကို လုံးလုံးမပစ်ပယ်ပဲ နတ်အတွက်ပဲ သတ်သတ်၊ ဘုရားအတွက်ပဲ သတ်သတ် သတ်ဖြတ်မှုမှန်သမျှ အပြစ်ရှိသည်သာဖြစ်၍ ကြက်ဝက်ကို သတ်ခြင်းစသော အကုသိုလ်မှုများမှတပါး အခြားပူဇော်ပသမှုကို ပြုနိုင်ပါသည်၊ ကိုးကွယ်မဟုတ်သော ပူဇော်ပသမှုမျိုးတို့ကို ဘုရားသော်မှ ခွင့်ပြုကြောင်း မှတ်သားထားစေချင်ပါသည်၊ အထူးမြှ သာသနာ့ရှေ့ဆောင်ဖြစ်သော သံဃာတော်များထံ အစဉ်ချဉ်းကပ်၍ ဗုဒ္ဓဘာသာဆိုင်ရာ ကျင့်သုံးဖွယ်ရာ သုတပဒေသာများကို ဆည်းပူးလေ့လာလျက် ဗုဒ္ဓဘာသာစစ်စစ် အစဉ်ဖြစ်နေရန် အားထုတ်၍ နေပါ-ဟု တိုက်တွန်းလိုပါသည်။
************************************************************************************

ကမ္မ၀ါဖတ်ခြင်း ဆိုင်ရာ

မေး။ အိမ်ခြံမြေတို့၌ အန္တရာယ်ကင်း ကမ္မ၀ါစာ ဖတ်သည့်အခါတွင် အချို့ဆရာတော် သံဃာတော်တို့က ဆောင့်ကြောင့်ထိုင်၍ ဖတ်ကြပါသည်။
အချို့က တင်ပလ္လင်ခွေထိုင်၍ ဖတ်ကြပါသည်။
တခါတလေ သာမဏေများပင် ၀င်၍ဖတ်သည်ကို တွေ့ရပါသည်၊ ထို့ကြောင့် ကမ္မ၀ါစာဖတ်ရာ၌ ထိုင်ပုံထိုင်နည်း သာမဏေများ ဖတ်အပ်-မဖတ်အပ် နှင့် အနည်းဆုံး သံဃာအပါးရေ မည်မျှရှိမှ ဖတ်၇ကြောင်း ဖြေကြားပေးတော်မူပါဘုရား။
( အရှင်စန္ဒိမာ-ဂုဏ၀တီကျောင်းတိုက်၊ အေးစေတီရပ်၊ ချောက်မြို့ )

ဖြေ။ ကမ္မ၀ါစာသည် ကံဆောင်ကမ္မ၀ါစာနှင့် အန္တရာယ်ကင်း ကမ္မ၀ါစာ ဟူ၍ နှစ်မျိုးရှိပါသည်၊ ရဟန်းခံခြင်း ကထိန်ခင်းခြင်း စသည် ကံကြီါ်ကံငယ် ကိစ္စများနှင့် စပ်သော ကံဆောင်ကမ္မ၀ါစာများကို ရွတ်ဖတ်ကြရာ၌ သိမ်အတွင်းတွင် ရဟန်းသံဃာဂိုဏ်ဒပြည့်ဖြစ်စေ၍ ဥက္ကုဋိက-ပါဠိအရ ဖဆာင့်ကြောင့်ထိုင်ကာ ဌာန်ကရိုဏ်း စသည် ညီညွတ်မှန်ကန်စွာ ရွတ်ဆိုဖတ်ကြားကြရပါသညါ။
အန္တရာယ်ကင်း ကမ္မ၀ါစာ၌မူ ဤကံသို့ရွတ်ဆိုရမည်ဟု မဆိုသာပါ၊ ကမ္မ၀ါစာကို ပရိတ်တော်များ ရွတ်ဆိုသကဲ့သို့ ရွတ်ဆိုလိုလျှင်လည်း ရွတ်ဆိုနိုင်ပါသည်၊ ကံဆောင်မဟုတ်၍ ကံပျက်ခြင်းစသည် အပြစ်မရှိ၊ အန္တရာယ် ကင်းခြင်းသာ လိုအပ်ပါသည်။
အန္တရာယ်ကင်း ပဗ္ဗာဇနိယ ကမ္မ၀ါစာတွင် ၁၂၇၃-ခုနှစ် ၀ါဆိုလအတွင်း ပဲခူးမြို့ တာဝဘူတာရုံရွာ၌ ဘွားရွှေငုံသည် ဖျားနာ အသည်းအသန် ရှိနေ၍ သံဃာတော်များကို လွယ်လင့်တကူ ပင့်မရသည့်အတွက် မရွှေမြ၊ မသိန်းမေ၊ မရွှေမေ၊ ဒေါ်ငြိမ်းအေးတို့ လေးယောက် ကမ္မ၀ါစာပါသောနည်းများကို ကြည့်၍ အမိန်ေ့တော်ပြန်ခြင်း၊ ကမ္မ၀ါစာဖတ်ခြင်း စသည်ကိုပြုပြီး ပရိတ်ရေတိုက်ခြင်း ဖျန်ူခြင်း၊ ပရိတ်ကြိုးကို လက်မှာချည်ခြင်း၊ စသည်ကိုပြုသဖြင့် ချက်ခြင်းကျန်းမာသွားကြောင်း-စသည် ယင်း ကံသာမူ ပဗ္ဗာဇနိယ ကမ္မ၀ါစာ အုပ် ၁၆-၌ ဖော်ပြပါရှိသဖြင့် ရဟန်းများသာမဟုတ် သာမဏေများ လူများလည်း ဖတ်နိုင်ကြောင်း ထင်ရှားပါသည်။
***********************************************************************************

လူဝတ်ကြောင် နှင့် ဆယ်ပါးသီလ

မေး။ လူဝတ်ကြောင်များ ဆယ်ပါးသီလဆောက်တည်လျှင် မည်ကဲ့သို့ ကျင့်ကြံနေထိုင်ရမည်ကို ဖြေကြားပေးတော်မူပါရန်။
( ဟင်္သာတ-ဦးအောင်ဖေ၊ ဟင်္သာတမြို့ )

ဖြေ။ ဆယ်ပါးသီလသည် ခံယူ၍ ဆောက်တည်ခြင်း၊ မခံယူပဲ ဆောက်တည်ခြင်း ဟူ၍ ၂-မျိုးရှိပါသည်။ လူဝတ်ကြောင် (လူဝတ်လူစား) ဖြင့် ရဟန်းသံဃာစသည်များထံ၌ ခံယူ၍ဆောက်တည်လျှင်လည်း ဆောက်တည်နိုင်ပါသည်။
သို့မဟုတ် ရသေ့စသည်တို့ကဲ့သို့ ဖန်ရည်ဆိုးသောအ၀တ်ကို ၀တ်၍လည်း ဆောက်တည်နိုင်ပါသည်။
ဖန်ရည်ဆိုးသောအ၀တ်ကို ၀တ်လျှင် ဆယ်ပါးသီလ အထူးခံယူဖွယ်မလို၊ အလိုလို ခ့ယူပြီးဖြစ်၍ မဆောက်တည် မစောင့်ရှောက်ပဲ မနေရတော့ပေ၊
ရသေ့၊ ယောဂီ၊ သီလရှင် စသော ဖန်ရည်ဆိုးဝတ်ပုဂ္ဂိုလ်တိုင်းပင် ဆယ်ပါးသီလကို နိစ္စသီလအဖြစ် ဆောက်တည် ကျင့်သုံးရတော့သည်။

လူဝတ်ကြောင်ဖြင့် ခံယူဆောက်တည်မှုမှာ နိစ္စသီလမဟုတ်၊ ခံယူသော နေ့တနေ့တာ၊ သို့မဟုတ် မိမိစောင့်ရှောက်နိုင်သမျှ စောင့်ရှောက်နိုင်၏၊ သို့သော် ရှစ်ပါးသီလထက်ပို၍ ဆောက်တည်ထားသမျှ ကာလပတ်လုံး အိမ်မှုရေးရာများကို စွန့်လွှတ်ထားနိုင်ရမည်၊ ဖန်ရည်ဆိုးအ၀တ် ၀တ်းထားသူကဲံသို့ ကျင့်သုံးနိုင်ရမည်။
လယ်ျတီဆရာတော်ဘုရားကြီးက ဤဆယ်ပါးသီလသည် နိစ္စ-အနိစ္စ နှစ်မျိုးရ၏၊ အိမ်မှုရေးရာကို စွန့်လွှတ်၍ အ၀တ်ကြောင်ဟူသော ပကတိလူတို့အ၀တ်ကို ပယ်၍ အရဟတ္တဓဇ အ၀င်အပါ ညောင်ခေါက် စသည် ဆိုးအပ်သော ယောဂီအ၀တ်ကို ၀တ်သူ လူသူတော်ကောင်းတို့အား ထိုဆယ်ပါးသီလသည် နိစ္စသီလမျိုး ဖြစ်၏။
ယောဂီဝတ်ကို ၀တိမိသည်နှင့်တပြိုင်နက် ထိုသူအား ဆယ်ပါးသီလသည် တည်လေတော့၏၊ ယောဂီဝတ်ကို ၀တ်မိသည်နှင့်တပြိုင်နက် မမြတ်သောအကျင့်ကို ကျင့်ခြင်း၊ နေလွဲ ညစာ စားခြင်း၊ ရွှေငွေကိုင်ခြင်း၊ စသည်တို့ကို မပြုလုပ်ရတော့ပြီ၊ လွန်ကျူးမိလျှင် အပြစ်ရှိ၏-ဟု သီလ၀ိနိစ္ဆယ၌ ဆိုတော်မူထားပေသည်။
အထူးမှာ-လူဝတ်ကြောင်တို့သည် ဆယ်ပါးသီလကို ဆောက်တည်ထားက မိမိပိုင်ဥစ္စာဖြစ်သော အိမ်မှာရှိသည့် ရွှေငွေဘဏ္ဍာများ၌ အာလယဖြတ်ထားသင့်သည်၊ ယင်းတို့ကိစ္စကို မဆောင်ရွက်ခြင်း၊ ယင်းတို့၌ သာယာမှုကို ပယ်ရှားခြင်းနှင့် လူမှုကိစ္စများကို လုံးဝရှောင်ရှားနိုင်ရန် အရေးကြီးပေသည်၊ ထို့ကြောင့် ဆယ်ပါးသီလရှင်သည် ၀တ်ကြောင်ကိုစွန့်၍ ဖန်ရည်ဆိုးအ၀တ်နှင့်သာ လျှော်သည်ဟု ရှေးဆရာတို့ ဆိုပေသည်၊ ဖြစ်နိုင်လျှင် ၄င်းသီလခံယူထားက အိမ်ကိုမပြန်ဘဲ ကျောင်းကန်တို့တွင်သာ နေထိုင်အိပ်စက်သင့်ပါသည်။
**********************************************************************************

ဥပုသ်သည် ကျင့်ဝတ်

မေး။ ရှစ်ပါးသီလ ( ဥပုသ်) စောင့်ထိန်းသူသည် မည်ကဲ့သို့ ကျင့်သုံးနေထိုင်ရသည်ကို ဖြေကြားတော်မူပါရန်၊
ရှစ်ပါးသီလ စောင့်ထိန်းထားလျှင် တဘက်ပုဝါများကို ခြုံသိုင်းထားရပါသလား၊
စားပွဲ ကုလားထိုင်နှင့် စား၍ ရပါသလားဘုရား။
( မြိုင်မြိုင်-သံဖြူဇရပ်မြို့ )

ဖြေ။ ရှစ်ပါးသီလ ဥပုသ်စောင့်ထိန်းသူသည် ထိုစောင့်သုံးသော ဥပုသ်နေ့၌ လူမှုကိစ္စများကို မလုပ်ဆောင်ဘဲ စားဖွယ် သောက်ဖွယ်များကို စောစောထ၍ ချက်ပြုတ်ပြီး ကျောင်းသို့သွားကာ နံက် စောနိုင်သမျှစောစွာ သီလခံယူရန် လိုပါသည်၊ ဆွမ်းစသော လှူဖွယ်ဝတ္ထုများကို လှူဒါန်း၍ မိမိကိုယ်တိုင်လည်း နေမလွဲမီ စားသောက်ရပါသည်။
တဘက်ပုဝါများမြှ ရဟန်းသံဃာရှေ့သို့ သွားရောက်ချိန်၊ သီလခံယူချိန် စသည်များမှာသာ ခြုံသိုင်းရန် လိုပါသည်။
ကျောင်းကန် ဘုရား ရဟန်ဒသံဃာရှေ့တို့တွင် အမျိုးသား အမျိုးသမီးတိုင်းပင် လုံလုံခြုံခြုံ ၀တ်စားဆင်ယင်ရ ပါသည်၊ ကျောင်းမှာပင် စားသောက်ကြ၍ စားပွဲကုလားထိုင် ပြဿနာမပေါ်ပါ၊ စနစ်ကျသော ဥပုသ် စည်းကမ်းတွင် အိမ်ပြန်၍ ထမင်းစားသောက်ရခြင်းမျိုး မရှိပါ၊ အကြောင်းမညီညွတ်၍ အိမ်မှာ ထမင်းစားရပါက လည်း ဥစ္စာသယန မဟာသယန သိက္ခာပုဒ်နှင့် လျှော်ကန်မှုမရှိလှဟု ဆိုသင့်ပါသည်၊ အမှန်မှာ ဥပုသ်သည်-သည် နေ့လယ်ပိုင်း ညနေပိုင်းများတွင်လည်း ကျောင်းကန်ဘုရားများ၌ နေထိုင်၍ ရတနာသုံးပါး ဝေယျဝစ္စပြုခြင်း၊ တရားနာခြင်း၊ တရားဘာဝနာ ပွားများခြင်း၊ ပုတီးစိပ်ခြင်း တို့ဖြင့်သာ အချိန်ကို ကုန်စေသင့်ပါသည်။
( မြတ်မင်္ဂလာစာစောင်၊ ၁၉၉၀-ခု စက်တင်ဘာလ )

လက်နက်ဘေး ကာကွယ်စေသော ဂါထာ

မာရာရိဗလ ၀ိသဋ္ဌာ၊ ကုဏ္ဌာ နာနာဝိဓာယုဓာ ။
လဇ္ဇမာနညဝေသေန ၊ ဇိနပါဒါ နတာ တ၀ ။
ဧတေန သစ္စ၀ဇ္ဇေန ၊ ပရိဝဇ္ဇန္တု သဗ္ဗဒါ ။

ဇိန-ငါးပါးအောင်မြင် ရှင်တော်မြတ်ဘုရား၊
မာရာရိဗလ ၀ိသဋ္ဌာ-မာရ်နတ်မင်းတည်းဟူသော ရန်သူ၏ စစ်သည်တော် တပ်သားတို့ ထပ်မနား ပစ်လွှတ်အပ်ကုန်သော၊
နာနာဝိဓာ-အထူးထူးအပြားပြားရှိကုန်သော၊
အာယုဓာ-လက်နက်တို့သည်၊
ကုဏ္ဌာ-မထက်လုံးလုံး တုံးကြကုန်သည်ဖြစ်၍၊
လဇ္ဇမာနာ-ရှက်ကုန်သည်၊( ဟုတွာ-ဖြစ်၍ )၊
အညဝေသေန-လက်နက်အသွင်မှတပါး ပန်းပွင့်အသွင်အားဖြင့်၊
တ၀-ရှင်တော်မြတ်ဘုရား၏၊
ပါဒါနတာ-ခြေတော်အစုံကို ခိုလှုံဦးတိုက်ကြပါကုန်သည်ဘုရား၊
ဧတေန သစ္စ၀ဇ္ဇေန-ဤမှန်သော သစ္စာစကားကြောင့်၊
သဗ္ဗဒါ-အခါခပ်သိမ်း၊
ပရိဝဇ္ဇန္တု-လက်နက် ခဲယမ်းမီးကျောက်များ မထိပါစေသား။

Sunday, October 12, 2008

ချောင်းဆိုး သလိပ်ပုပ် တမာနှင့်အုပ်

ချောင်းဆိုးပြီး သလိပ်ပုပ် အစိမ်း, အ၀ါများ ဖြစ်လျှင်-
၁။ တမာရွက်ရင့်ရင့် အစိမ်းကို ထောင်း၍ အရည်ညှစ်ထားသော သတ္တုရည် (ရေနွေးကြမ်းပန်းကန်) တလုံး။
၂။ ငရုတ်ကောင်းစေ့ ၃-စေ့၊
၃။ ဆား အနည်းငယ်၊
ရောမွှေပြီး တနေ့ တကြိမ်-နှစ်ကြိမ် အထက်ပါအချိုးအစားအတိုင်း ဖော်စပ်၍ သောက်ပါ။
( အောင်လှသန်း-မင်းဘူး )
သြဂုတ်လ-၂၀၀၈ နက္ခတ္တ။

ယောက်ျားမှာ ဆီး၊ မိန်းမမှာ မီး

ဆီးနည်း, ဆီးအောင့်, ဆီးကျဉ်, ဆီးပူ, ဆီးတစက်တစက်သွား, ဆီးရောဂါနှိပ်စက် ခံခဲ့ရသော်
အုန်းသီးနုနု အုန်းရည်ရယ်
ကွမ်းစားထုံး အရည်ကြည် လက်ဖက်ပန်းကန် တလုံးစာရယ်
နှစ်မျိုးရောပြီး ပုလင်းတလုံးထဲထည့်ပြီး တညသိပ်ထားပါ။
အဲဒီအရည်ကို မနက် နေ့လည် ညနေ အိပ်ရာဝင် တနေ့သုံးကြိမ် သုံးရက်ဆက်သောက်လျှင်
ဆီးရောဂါ သက်သာပျောက်ကင်းပါလိမ့်မယ်။
( လွမ်းသစ္စာ-ကေတု )
သြဂုတ်လ ၂၀၀၈-နက္ခတ္တ။

ပန်းနာ ရင်ကျပ် သလိပ်ကပ်သော်

ပန်းနာရင်ကျပ် သလိပ်ကပ်သော်
ချင်း (ဂျင်း) ၅-ကျပ်သား၊
ထန်းလျက် ၂-ကျပ် ၅၀-သား၊
ဆား (သင့်ရုံ)
ရေ အနည်းငယ်ထည့်
သုံးခွက်တခွက်တင် ကျိုပြီး နံက် နေ့လည် ညနေ သုံးကြိမ်၊ သုံးရက် သောက်ပါ ပျောက်၏။
( စံမြရွှေ-လှိုင် ရိုးမမြေ )
သြဂုတ်လ ၂၀၀၈-နက္ခတ္တ။

အပူလောင် အမာရွတ်ပျောက်နည်း

မီးလောင်, အပူလောင်, ဆီပူလောင်သူများအား ကြုံတွေ့ခဲ့ရပါက ခရုသင်းကဲ့သို့ အဖြူကွက်နှင့် အပူလောင်အမာရွတ် ကျန်မနေရစ်ဘဲ နဂိုအသားအရေရောင်ကဲ့သို့ ပြန်လည်ဖြစ်စေရန် ( အနာသက်သာ ပျောက်ကင်းစမှ စ၍ ) ကွမ်းသီးအား ကျောက်ပျဉ်တွင် သွေး၍ ရရှိသော ကွမ်းသီးအရည်အား နေ့စဉ် မကြာခဏ အနည်းဆုံး တနေ့(၃)ကြိမ်ထက်မနည်း လိမ်းပေးစေခြင်းဖြင့် မူလအသားအရေ အရောက်ကဲ့သို့ပင် ပြန်ဖြစ်ကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။
( ခင်မောင်လေး-ဖန်ခါးမြေ )
သြဂုတ်လ ၂၀၀၈-နက္ခတ္တ။

ခါးနာ ဒူးနာ မခက်ပါ

ခါးနာ ဒူးနာ ဖြစ်ခဲ့သော်
ပထမ ရေနွေးကို ပွက်ပွက်ဆူအောင်တည်ပါ၊
ရေနွေးဆူလျှင် ၄င်းရေနွေးအိုးထဲသို့ ဘဲဥ-တလုံးကို ထည့်ပြုတရမည်၊
ဘဲဥကို ရေနွေးအိုးထဲသို့ ထည့်ပြီးသည်နှင့် ချက်ချင်းပင် တစ်, နှစ်, သုံး, လေး, ငါး-------တရာအထိ ရေတွက်ပါ။
ရေတွက်၍ တရာပြည့်သည်နှင့် ဘဲဥကို ရေနွေးအိုးထဲမှ ပြည်လည် ဆယ်ယူရပါမည်။
ထို့နောက် ဘဲဥပြုတ်ကို ပန်းကန်တလုံးထဲ ဖောက်ထည့်ပါ၊ ပြီးလျှင် သကြားသင့်ရုံ (စားကောင်းရုံ) ထည့်ပြီး
သမအောင် မွှေပေးပါ၊ အခြားဘာမှ ထည့်စရာ မလိုပါ၊
၎င်းဘဲဥကို ကုန်အောင် စားသုံးရမည်။

ထိုနည်းအတိုင်း နေ့စဉ် ဘဲဥတလုံးစီ စားသုံးရမည်၊ အနည်းဆုံး မိမိအသက်၏ တ၀က် အလုံးရေအထိ စားသုံးရမည်၊ ( ဥပမာ ) အသက် ၄၀-နှစ်ရှိလျှင် အနည်းဆုံး ဘဲဥ အလေုံးရေ (၂၀ ) စားသုံးရမည်၊
ထိုထက် များများစားသုံးနိုင်လျှင် ပိုကောင်းပါသည်။
ထိုကဲ့သို့ စားသုံးခြင်းဖြင့် ခါး-ဒူးတို့တွင် ရိုးတွင်းခြင်ဆီ ခန်းခြောက်ခြင်းကို ပြန်လည်ဖြည့်တင်းပေးပြီး ခါးနာ ဒူးနာများ သက်သာပျောက်ကင်းသွားပါလိမ့်မည်။
( ဦးမျိုးတင့်-မော်လမြိုင် )
သြဂုတ်လ ၂၀၀၈-နက္ခတ္တရောင်ခြည်။

Friday, October 10, 2008

တဆင့်တဆင့် ပါရမီရင့်ရန်

ဗုဒ္ဓဘာသာဝင်တိုင်း ကံ-ကံ၏အကျိုးကို ယုံကြည်ကြသည်၊ သံသရာဘ၀ကို ယုံကြည်ကြသည်၊ ယုံကြည်သည့် အတိုင်း နောက်နောက်ဘ၀များ အဆင့်အတန်းမြင့်အောင် ကြိုးစားကြသည်သာမကသံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်အောင် ရည်ရွယ်၍ ကုသိုလ်ပြုတိုင်း နိဗ္ဗာန်ဆုကို အမြဲဆုတောင်းကြသည်။
ထိုရည်ရွယ်ချက်ပြည့်စုံရန် အမှန်ကန်ဆုံးလမ်းစဉ်မှာ ယောနိသော မနသိကာရ-စိတ်ကောင်းထားပြီး သီလကိုလုံခြုံအောင် စောင့်ထိန်းကာ ၀ိပဿနာဘာဝနာကို စွဲမြဲပွားများရန် ဖြစ်သည်၊ ထိုသို့ပြုလုပ်ရာ၌ မိမိရည်ရွယ်သောအဆင့်ကို မိမိမျှော်မှန်းသော ကာလအပိုင်းအခြားအတွင်းတွင် မရရှိသော်လည်း စိတ်ဓာတ် အားမလျောံရန် အရေးကြီးပါသည်၊ ရှင်တော်ဘုရား လက်ထက်တော်တွင် ကိုယ်တော်မြတ် ကိုယ်တိုင် ဟောကြားတော်မူသော တရားကို တိုက်ရိုက်နာယူရပါလျက်ပင် ပါရမီအနည်းအများအလျောက် ကြိုးစားအားထုတ် အရှီန်ယူနေရသေးသည်ကို သတိပြုကြရန် လိုပါသည်။
ဤသံသရာလွတ်မြောက်စေရေးနှင့် ပတ်သက်၍ ဗုဒ္ဓရှင်တော်ဘုရားက ပုဂ္ဂိုလ်သုံးမျိုးသုံးစား ခွဲခြားပြတော်မူခဲ့သည်။
ထိုသုံးမျိုးမှာ-
၁။ သံခိတ္တ ရုစိ-အကျဉ်းဟောပြသောတရားကို နှစ်သက်ပြီး သဘောအဓိပ္ပါယ် ရှင်းလင်းစွာ သိမြင်ကာ ကျွတ်တန်းဝင်သူတမျိုး။
၂။ မဇ္ဈိမ ရုစိ-အလယ်အလတ် ရှင်းလင်းဟောပြမှ သဘောပေါက်သိမြင် ကျွတ်တန်းဝင်သူ တမျိုး။
၃။ ၀ိတ္ထာရ ရုစိ-တရားအဓိပ္ပါယ်ကို ရှုထောင့်အမျိုးမျိုးမှ ဝေဖန်ဆန်းစစ်ပြီး အကျယ်တ၀င့်ဟောပြမှ နားလည်ဉာဏ်မြင် ကျွတ်တန်းဝင်သူ တမျိုး-ဟူ၍ သုံးမျိုးပြတော်မူခဲ့ပါသည်။

၁။ အလောင်းတော် ဒုက္ကရစရိယာကျင့်နေစဉ် ရေပူရေချမ်း ကမ်းလှန်း၍ ၀တ်ကြီးဝတ်ငယ်ပြုစုကြသော ပဉ္စ၀ဂ္ဂီ ရသေ့တို့သည် ဓမ္မစကြာတရား၊အနတ္တလက္ခဏတရားတို့ကို ကြားနာပြီးနောက် လွယ်ကူစွာ မဂ်ဖိုလ်ရပြီး ကျွတ်တန်းဝင်ကြရာ သံခိတ္တ ရုစိ-ပုဂ္ဂိုလ်များ ဖြစ်ကြပါသည်။
၂။ တရားတော်ကို အကြိမ်ကြိမ်နာယူပြီး မေးမြန်းရှင်းလင်း အဓိပ္ပါယ်လင်းမှ တဖြည်းဖြည်း ဉာဏ်စင် ကျွတ်တန်းဝင်ကြသော ဥရုဝေလ ကဿပ, နဒီ ကဿပ, ဂယာ ကဿ အမှူးပြုသော ရှင်ရသေ့များကား မဇ္ဈိမရုစိ-ပုဂ္ဂိုလ်ဟု သတ်မှတ်တော်မူကြပါသည်။
၃။ မြတ်စွာဘုရား၏သားတော် ငယ်ရွယ်စဉ်ပင် သာမဏေဖြစ်ပြီး ဘုရားရှင်၏ အနီးတွင်နေကာ အထူးထူးသော ဒေသနာများကို ကြားနာနေရ၏၊ ထိုမျှမက အဂ္ဂသာဝက, မဟာသာဝကကြီးများ၏ တရားများကိုလည်း ကြားနာမှတ်သားရ၏၊ လက်ထဲတွင် သဲမှုန်များထည့်ပြီး ဤမျှများပြားသော အဆုံးအမများကို ကြားနာမှတ်သားရ လိုပါ၏-ဟူသော ဆန္ဒဖြင့် အဆုံးအမတရားများကို နာယူသူလည်းဖြစ်၏၊ သာမဏေရ ပဥှာ-မှစပြီး ရာဟုလာသံယုတ်ပါ တရားများကို ထုံထားသူလည်းဖြစ်၏၊ သို့ပင် ဖြစ်သော်လည်း နှစ်ပေါင်း အတော်အတန်ကြာမှ အရဟတ္တဖိုလ် ရောက်တော်မူလေသည်၊ ထို့ကြောင့် အရှင်ရာဟုလာကို ၀ိတ္ထာရ ရုစိ-ပုဂ္ဂိုလ်ဟု ယူဆနိုင်ပေသည်။
ရှင်တော်ဘုရား၏ အနီးကပ်ရှိနေသော ရှင်ရာဟုလာပင် နှစ်ပေါင်းများစွာ ကြိုးစားယူမှရသော မဂ်တရား ဖိုလ်တရားကို ရှင်ရာဟုလာ၏ ခြေဖျားမျှမမှီသော ကျွန်ုပ်တို့သည် ရည်မှန်းချက်ကို အလွယ်တကူ မတွေ့မြင်ရသဖြင့် စိတ်ပျက်အားလျှော့ခြင်း မဖြစ်ရန် သတိပြုရပါမည်၊ စွဲစွဲမြဲမြဲ ဇွဲကောင်းကောင်းဖြင့် ကြိုက်နှစ်သက်ရာ နည်းနာကို လေ့လာအားထုတ်ရန် လိုအပ်လှပါသည်။ တဆင့်တဆင့် ပါရမီရင့်ပြီး မဂ်ဖိုလ်နိဗ္ဗာန်ရောက်ရမည်ဧကန်-ဟု ဇွဲသန်သန် ကြိုးစားနိုင်ကြပါစေ။

မီးတွင်းမှ လွတ်ကင်းရန်

အခါတပါး၌ အသက်တရာ့နှစ်ဆယ်ရှိသော ပုဏ္ဏားကြီးနှစ်ယောက်သည် မြတ်စွာဘုရားထံ ဆည်းကပ်လျက် ဤသို့ လျှောက်ထားကြလေ၏။
အရှင်ဂေါတမ၊ အကျွန်ုပ်တို့သည် အသက် တရာ့နှစ်ဆယ် ရှိကြပါပြီ၊ အိုမင်းကြီးရင့်၍ အရွယ်အဆင့်ဆင့် လွန်မြောက်ကာ နောက်ဆုံးအရွယ်သို့ ရောက်နေကြပါပြီ၊ အကျွန်ုပ်တို့သည် အပါယ်လေးပါးမှလွတ်မြောက်ကြောင်း ကောင်းမှုကုသိုလ်တရားကို မပြုလုပ်ကြရသေးပါ၊ အရှင်ဂေါတမသည် အကျွန်ုပ်အား သံသရာရေးအတွက် စီးပွားချမ်းသာ ဖြစ်နိုင်ရာသော အဆုံးအမ သြ၀ါဒစကားကို မိန့်ကြားတော်မူပါဘုရား။
ယင်းသို့ လျှောက်သောအခါ မြတ်စွာဘုရားက-
ပုဏ္ဏားတို့-သင်တို့သည် အသက် တရာ့နှစ်ဆယ်ရှိကြပြီ၊ အိုမင်းကြီးရင့်၍ အရွယ်အဆင့်ဆင့် လွန်မြောက်ကာ နောက်ဆုံးအရွယ်သို့ ရောက်နေကြပါပြီ၊ သင်တို့သည် အပါယ်လေးပါးမှ လွတ်မြောက်ကြောင်း ကောင်းမှုကုသိုလ်တရားကိုမူကား မပြုလုပ်ကြရသေး။
ပုဏ္ဏားတို့ -ဤသတ္တလောကသည် အိုခြင်းဟူသော ဇရာမီး၊ နာခြင်းဟူသော ဗျာဓိမီး၊ သေခြင်းဟူသော မရဏမီးဖြင့် တပြောင်ပြောင် တောက်လောင်နေ၏၊
ပုဏ္ဏားတို့ ဇရာမီး၊ ဗျာဓိမီး၊ မရဏမီးတို့ဖြင့် တောက်လောင်နေသော ဤသတ္တလောက၌ အကြင်သူသည် ကိုယ်နှုတ်နှလုံးကို စောင့်စည်း၏၊ ယင်းသို့ စောင့်စည်းခြင်းသည် ထိုသူအတွက် သေလွန်သောအခါ ခိုကိုးရာ ပုန်းအောင်းမှီခိုရာ ကိုးကွယ်အားထားရာဖြစ်၏-ဟု မိန့်တော်မူ၏။
အိမ်ကို မီးလောင်သောအခါ ထုတ်ဆောင် သယ်ယူထားသော အိုးခွက်စသည်တို့သည်၎င်း၊ အိမ်၌ မီးမလောင်ဘဲ ကျန်သော ပစ္စည်းတို့သည်၎င်း၊ ထိုအိမ်ရှင်၏ အကျိုးငှါဖြစ်သကဲ့သို့ ဤအတူပင် သတ္တလောကသည် ဇရာမီး၊ ဗျာဓိမီး၊ မရဏမီးဖြင့် တောက်လောင်နေ၏၊ ဒါနပြုခြင်းဖြင့် ထုတ်ဆောင်သယ်ယူထားကြကုန်လော့၊ ပေးလှူခြင်းသည် မီးထဲမပါအောင် ထုတ်ဆောင် သယ်ယူခြင်းပင် ဖြစ်၏။
ကိုယ်နှုတ်နှလုံး စောင့်စည်းခြင်းနှင့် အသက်ရှိစဉ်အခါ ကုသိုလ်ကောင်းမှုကို ပြုခြင်းသည် သေလွန်သွားသောအခါ ထိုသူအတွက် ချမ်းသာဖို့ရန် ဖြစ်၏။
( အံ-တိက၊ ဒုတိယပဏ္ဏာသက ၁-ဗြဟ္မဏ၀ဂ်၊ ၂-ဒုတိယသုတ် )

ကံ ကံ၏အကျိုး ( ၂ )

( ဇီဝိတဒါန )
ကျွန်ုပ်သည် ငယ်စဉ်ကတည်းကပင် ကျန်းမာရေးချို့တဲ့ခဲ့သည်၊ ဆေးနှင့်ကျွန်ုပ်သည် ဖွားဖက်တော်ဖြစ်ဟန်တူသည်၊ ဆေးနှင့်ကင်း၍ နေရသည့်အချိန်ကား ခပ်ရှားရှား၊ ကြာသော် ကျွန်ုပ်သည် ဆေးဆို အတော်ရွံမုန်းလာသည်၊ ဆေးခန်းသွားရမည်ကိုပင် ၀န်လေးလာပါသည်၊ မတတ်သာ၍ ဆေးခန်းသွားရလျှင်လည်း ဆေးမထိုးရဘဲ သောက်ဆေးသောက်ရုံဖြင့် ပျောက်လျှင် သောက်ဆေးမျှလောက်ကိုသာ သောက်ချင်သည်၊ ထိုးဆေးကိုကား မထိုးချင်ပေ၊ ဤမျှလောက်အထိ ဆေးနှင့် ဆေးခန်းကို ရွံမုန်းလာသည်၊ သို့သော် မိမိကျန်းမာရေးက မကောင်းလေတော့ မသောက်ချင်ဘဲနဲ့ ဆေးကို သောက်နေရသည်၊ မသွားချင်ဘဲနဲ့ ဆေးခန်းကို သွားနေရသည်။
ထို့ပြင် အခြားဦးပဉ္စခင်းများကား ရေကို ချိုချင်သည့်အချိန်တွင် ချိုးနေကြသည်၊ ချိုချင်သလောက်လဲ ချိုးနေကြသည်၊ ဆွမ်းဝိုင်းတွင်လည်း ဘုဉ်းပေးချင်သည့်ဟင်းကို ဘုဉ်းပေးနေကြသည်၊ ဘုဉ်းပေးချင်သလောက် ဘုဉ်းပေးနေကြသည်၊ ထိုပုဂ္ဂိုလ်များကို မြင်ရသောအခါ ကျွန်ုလွန်စွာအားကျမိသည်၊ ထိုပုဂ္ဂိုလ်တို့ကဲ့သို့ ရေကိုချိုးချင်သည့်အချိတွင် ချိုးချင်သည်၊ အစာအာဟာရကို ဘုဉ်းပေးလိုရာကို ဘုဉ်းပေးချင်သည်၊ သို့သော် မိမိ ကျန်းမာရေး အခြေအနေက ခွင့်အပေး၊ အစားအသောက် ရေချိုးမမှားလိုက်နဲ့ မှားလျှင် ဆေးရှာဖို့သာ ပြင်ရတော့သည်။
ထို့ကြောင့် ကျွန်ုပ်သည်လည်း ကျန်းမာရေးကောင်းရန် တောင့်တမိသည်၊ ကျန်းမာရေးကောင်းမွန်စေမည့် နည်းလမ်းများကို ရှာမိသည်၊ အဋ္ဌသာလိနီအဋ္ဌကထာ၌ ဇီဝိတဒါနများကို ပြဆိုထားပါသည်၊ ထိုဇီဝိတဒါနများ၌ ငှက်ကလေးများကို လှောင်အိမ်မှလွှတ်ခြင်း-ဟူသော အဘယဒါနလည်း ပါဝင်ပါသည်၊ ထိုအဋ္ဌကထာ လာသည့်အတိုင်း ကျွန်ုပ်သည် မိမိကျန်းမာရေးကောင်းမွန်ရန် ရည်သန်၍ လွန်ခဲ့သည့် ၁၃၄၈-ခုနှစ်တွင် ၃-ကြိမ်၊ ၁၃၅၀-ပြည့်နှစ်တွင် ၁-ကြိမ်၊ ပေါင်း ၄-ကြိမ်တိုင် စာငှက်ကလေးများကို လွှတ်ပေးခဲ့ပါသည်။
ကျွန်ုပ်သည် လွှတ်လိုက်ပြီးနောက် ငှက်ကလေးတိုင်း၏နောက်က လိုက်ကြည့်နေမိသည်၊ သူတို့ ချမ်းမြေ့ရွှင်မြူးစွာ ပျံသွားသွားပုံကို ကြည့်ရသည်မှာ လွန်စွာကြည်နူးဖွယ် ကောင်းလှသည်။
၎င်းတို့သည် ဤမျှကျဉ်းမြောင်းသော လှောင်အိမ်ထဲသို့ ဘယ်အခချိန်ကာလက ရောက်နေကြသည်လည်းမသိ၊ သွားချင်ရာသို့လည်း မသွားရ၊ စားချင်ရာကိုလည်း မစားရ၊ မိမိ၏ သားသမီးမိဘများနှင့်လည်း မတွေ့ရသဖြင့် စိတ်ဒုက္ခ အတော်ရောက်ရှာနေကြပေလိမ့်မည်၊ သို့အတွက် လှောင်အိမ်ထဲမှ လွတ်မြောက်ရန် ရုန်းကန် လှုပ်ရှားနေကြခြင်းဖြစ်သည်။
ယခုသော်ကားကျွန်ုပ်ကကယ်တင်လိုက်သဖြင့် ၄င်းတို့မှာ လှောင်အိမ်ထဲမှ လွတ်မြောက်ခွင့် ရသွားကြပေသည်၊ မိမိတို့ သွားလိုရာသို့ သွားနိုင်ကြပေသည်၊ မိမိတို့ စားလိုရာကို စားနိုင်ကြပေသည်၊ မိမိတို့၏ သားသမီးမိဘများနှင့်လည်း ပြန်လည်တွေ့ကြုံရပေတော့မည်၊ သူတို့၏လိုအင်ဆန္ဒအ၀၀ ပြည့်စုံကြပေတော့မည်။
ဤသို့ ငှက်ကလေးများလွှတ်ပြီး မကြာမီပင် ကျွန်ုပ်မှာလည်း ကျန်းမာရေး သိသိသာသာ ကောင်းမွန်လာပါသည်၊ ငှက်ကလေးများကို လွှတ်ရာ၌ မူလက ကျွန်ုပ်ရည်ရွယ်ချက်မှာ မိမိ၏ကျန်းမာရေး ကောင်းမွန်ရန်ဖြစ်ပါသည်၊ ယခုသော်ကား မိမိရည်ရွယ်ချက်ပြည့်စုံရုံမျှမက ငှက်ကလေးများ၏ လိုအင်ဆန္ဒလည်း ပြည့်စုံသွားသဖြင့် ကျွန်ုပ်အဖို့ စိတ်ချမ်းသာသောအကျိုးကိုလည်း ရရှိခဲ့ပါသည်၊ ဇီဝိတဒါန၌ အကျုံးဝင်သော အဘယဒါနသည် မိမိ၏ဆန္ဒ, သူတပါး၏ဆန္ဒ, နှစ်ဦးနှစ်ဝ၏ အလိုဆန္ဒကို ပြည့်စုံစသည်ကို လက်တွေ့သိရှိရပါသည်။
( ၀ါခင်းကုန်း-အရှင်အာသဘ )
***********************************************************************************

(ဒါန နှင့် ဂုဏ်တော်ကျေးဇူး )
မစန်းစန်းမြင့်သည် မန္တလေးမြို့ ဒေးဝန်းရပ် B-R ရိပ်မွန်တွင် နေထိုင်သူဖြစ်သည်၊ အသက်အားဖြင့် ၂၅-နှစ်သာ ရှိသေးသည်၊ သူသည် အိပ်ရာဝင်တိုင်း ဘုရားဂုဏ်တော်များကို ပွားများပြီးမှ အိပ်လေ့ရှိသည်၊ အထူးအားဖြင့် ယေစ ဗုဒ္ဓါ-ဂါထာ၊ ဒိဝါ တပတိ-ဂါထာ။ အဋ္ဌာနမေတံ-စသော အန္တရာယ်ကင်း ဂါထာများကို ရွတ်ဖတ်ပွားများလေ့ ရှိသည်။
မစန်းစန်းမြင့်သည် ၁၃၅၁-ခု တပေါင်းလပြည့်ကျော်၎-ရက်နေ့တွင် မိမိ၏ဇာတိဖြစ်သော စစ်ကိုင်းမြို့နယ် မိုးသောက်ကျေးရွာသို့ ခေတ္တအလည်ပြန်လေသည်၊ သူသည် ရွာ၌ရှိသော သက်ကြီးရွယ်အိုတချို့နှင့် ဆင်းရဲနွမ်းပါးသူ တချို့ကို၎င်း၊ ရွာ၌ရှိသော ဓမ္မာရုံသို့ ၀တ်တက်ရန်လာကြသော ပရိသတ်အပေါင်းကို၎င်း။ ငွေကြေးနှင့် ပစ္စည်းများ လှူဒါန်းလေသည်။
ထို့နောက် မစန်းစန်းမြင့်သည် ၄င်းရွာမှ ပြန်ခဲ့သည်၊ အပြန်တွင် ကားစီးလာရာ၌ ချိုင့်ကြီးရွာအနီးတွင် ကာသည် စက်ချွတ်ယွင်းပြီး မှောက်သွားလေသည်၊ လူအများအပြား ဒဏ်ရာအမျိုးမျိုးရကာ ဆေးရုံ တက်သူတက်၊ ဆေးခန်း ပြသူပြ၊ ဖြစ်ကြရလေသည်။
မစန်းစန်းမြင့်မူကား အနည်းငယ် ပွန်းရုံမှတပါး ဘာမျှမဖြစ်ခဲ့ပါ၊ ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးကို အောက်မေ့ပြီး အလှူဒါနပြုခြင်း၊ ဂုဏ်တော်များနှင့် အန္တရာယ်ကင်း ဂါထာတော်များကို အမြဲပွားများခဲ့ခြင်းကြောင့် ချက်ချင်းလက်ငင်း အကျိုးထူးများ ခံစားရသည်-ဟု ကောက်ချက်ချမိပါသည်၊ ယခုအခါ မစန်းစန်းမြင့်သည် မန္တလေးမြို့ စိန်ပန်းရပ် မဟာစည်သာသနာ့ရိပ်သာ၌ ၁၀-ရက် တရားစခန်းဝင်နေကြောင်း သိရပါသည်။
( အရှင်ဒေ၀သမ-ဇယမေဒနီ )
**********************************************************************************

( တန်ပြန် အကျိုးပေး )
ကိုလှမျိုးသည် ကျွန်တော်တို့မြို့နယ်ရှိ ရွာတရွာမှဖြစ်သည်၊ တဦးတည်းသောသားဖြစ်ပြီး မိဘများက ချမ်းသာသည်၊ သို့သော် ကိုလှမျိုးသည် မိုက်မဲလှသည်၊ သူ့အသက်သတ်ခြင်း၊ ဖဲရိုက်ခြင်း၊ အရက်သောက်ခြင်းဖြင့် ဆိုးပေတေနေသည်၊ ရွာ၏ လူမိုက်ခေါင်းဆောင်ကြီးသဖွယ် ဖြစ်သည်။
သူသည် အချိန်ရှိတိုင်း သေနတ်တလက်နှင့် တောလိုက်ထွက်သည်၊ ရသော သားကောင်များကို ချက်၍ အရက်နှင့် သောက်စားလေ့ရှိသည်။
တနေ့တွင် ကိုလှမျိုးသည် ဆင်ဦးစီးအဖွဲ့တဖွဲ့နှင့် တောရွတြရွာသို့ ပါသွားသည်၊ ထိုရွာရှိ လူများသည် တောလိုက်ခြင်းကို ၀ါသနာပါကြသည်၊ ကိုလှမျိုးအတွက် အကြိုက်တွေ့သွားသည်၊ တနေ့တွင် ကိုလှမျိုးနှင့်ရွာခံ ဂဒူးလူမျိုး ဆန်နန်ဘောက်တို့သည် သေနတ်တယောက်တလက်စီဖြင့် တောထဲထွက်ခဲ့ကြသည်။
တောနက်အတွင်း၌ ချေဖို ချေမ(ဂျေဖို-ဂျေမ၊ ဂျီဖို-ဂျီမ) နှစ်ကောင်ကို တွေ့ပြီး အဖိုကို ကိုလှမျိုးက ပစ်မည်၊ အမကို ဆန်နန်ဘောက်က ပစ်မည်-ဟု နေရာခွဲလိုက်ကြသည်၊ ချေဖိကို ကိုလှမျိုးက ပစ်ချက်က ဦးသွားသောကြောင့် ချေဖိုမှာ ခေါင်းကိုမှန်ပြီး သေဆုံးသာံးသည်၊ ဆန်နန်ဘောက်မူ မပစ်လိုက်ရပေ၊ ချေမမှာ ထွက်ပြေးသွားသည်။
ချေဖိုသေကို နှစ်ဦးသားထမ်းကာ အရိပ်ကောင်းသော သစ်ပင်တပင်အောက်တွေင် နားကြသည်၊ ချေသေကိုချပြီး ဆန်နန်ဘောက်က သေနတ်ကို သစ်ပင်ရင်းတွင် ထောင်ထားသည်၊ ကိုလှမျိုးသည် သစ်ပင်ကိုမှီပြီး ရပ်နေသည်၊ ထိုအချိန်တွင် ဆန်နန်ဘောက် သေနတ်သည် အလိုအလျောက် မောင်းပြုတ်ပြီး ကျည်ဆန်ထွက်ကာ ကိုလှမျိုး နောက်စေ့ကို ဖောက်သွားသည်၊ ကိုလှမျိုးသည် နေရာတွင် အသက်ထွက်သွားသည်၊ ကိုလှမျိုး သတ်ခဲ့သော ချေဖိုဦးခေါင်း သေနတ်မှန်သကဲ့သို့ ကိုလှမျိုး ခံသွားရသည်၊ သူတပါးအသက် သတ်ခဲ့သော အကုသိုလ်ကံကြောင့် ခံသွားရခြင်းဖြစ်ပါသည်။
( ၀င်းချစ်သူ-ထီးချိုင့် )

ပုံပြင် ( ၂ )

( နိုင်ရာ နိုင်ရာ )
ရှေးအခါက တိုင်းပြည်တပြည်၏ မင်းနေပြည်တော်အနီးတွင် ဘုရင်မင်းမြတ်ကိုးကွယ်သော ရသေ့ကြီးတပါး သီတင်းသုံးနေထိုင်သည့် ကျောင်းရှိ၏၊ ရသေ့ကြီး၏ကျောင်းဝင်းသည် ကျယ်ဝန်းသည့်အပြင် ရေကန်ကြီး တကန်လည်း ရှိသည်၊ ရေကန်ကြီးထဲတွင် ရသေ့ကြီးက ငါးများကို လွှတ်ထားလေသည်။
ထိုငါးများကို မည်သူမျှ မဖမ်းဆီးရ၊ ဖမ်းဆီးသောသူသည် မင်းပြစ်မင်းဒဏ် ကျခံရမည်ဟု ဘုရင်မင်းမြတ်က အမိန့် ထုတ်ပြန်ထားပြီး အစောင့်ထားရှိပေသည်။

တနေ့တွင်ရသေ့ကြီးကျောင်းမှ ကျောင်းသားလေးများ ကန်အတွင်းမှ ရေများခပ်၍ သယ်ယူနေကြစဉ် ရေသည် ကြည်လင်နေသဖြင့် ကန်အတွင်းမှ ငါးကြီးတကောင်သည် ငါးကလေးများကို ကိုက်၍ ဖမ်းယူစားသောက် နေသည်ကို တွေ့မြင်ကြသည်၊
ထိုအခါ ကလေးများက ရသေ့ကြီးထံ ပြေးသွား၍ “အရှင်ဘုရား၊ ရေကန်ထဲမှ ငါးကြီးက ငါးကလေးတွေကိုဖမ်းပြီး စားနေပါတယ်ဘုရား”ဟု လျှောက်ထားကြသည်၊ ရသေ့ကြီးက “အေး-တနေ့ သူ့ကိုလည်း နိုင်တဲ့သူ ပေါ်လာဦးမှာပါကွယ်”ဟု အမိန့်ရှိ၏။

မကြာမီ ရက်အတွင်းမှာပင် သူခိုးတယောက်သည် ကန်အတွင်းမှ ငါးကြီးကိုတွေ့မြင်၍ အစောင့်အလစ်တွင် ပိုက်ကွန်ဖြင့်ပစ်၍ ဖမ်းယူသွားလေသည်၊ ကျောင်းသားလေးများက မြင်ပြန်သဖြင့် ရသေ့ကြီးထံသွား၍ “အရှင်ဘုရား၊ ကန်ထဲကငါးကြီးကို သူခိုးဖမ်းသွားပြီဘုရား”ဟုလျှောက်ကြပြန်သည်၊ “အေး-သူ့ကိုလည်း နိုင်တဲ့သူ ပေါ်လာဦးမှာပဲကွယ်”ဟု အမိန့်ရှိပြန်သည်။

ထိုသတင်းကို အစောင့်များ ကြားသိကြ၍ သူခိုးကို ချက်ချင်းလိုက်လံဖမ်းဆီးသည်၊ မကြာမီ ထိုသူခိုးကို ဖမ်းဆီးရရှိလိုက်သည်၊ ဤအကြောင်းကို ကျောင်းများက ရသေ့ကြီးအား “အရှင်ဘုရား၊ ငါးကြီးဖမ်းသွားတဲ့ သူခိုးကို အစောင့်တွေ ဖမ်းမိသွားပြီဘုရား”ဟု လျှောက်ထားကြသည်၊ “အေး-ဒါကြောင့် တနေ့ နိုင်ရာနိုင်ရာ ပေါ်လာကြတယ်လို့ ပြောတာပေါ့”ဟု အမိန့်ရှိလေသည်။
( ကိုညီစု-၀န်းသို )
************************************************************************************

( ကြင်နာသနားမှုမှ ရသော ဆု )
တခါက ရွာတရွာတွင် သူဌေးကြီးတဦး ရှိလေသည်၊ ထိုသူဌေးကြီးတွင် လှပာဉ်ကျေးသော သမီးတယောက်ရှိ၏၊ ထိုသမီးကလေး အရွယ်ရောက်သောအခါ ထိုရွာကိုအုပ်ချုပ်သော ရွာစား၏သားက ထိမ်းမြားလိုကြောင်း စကားဆို၏၊ ထို့အတူပင် ကုန်သည်တဦး၏ သားကလည်း သူဌေးသမီးကို လက်ဆက်လိုကြောင်း တောင်းခံလာသည်။
သူဌေးကြီးလည်း သမီးကို မည်သူနဲ့ ထိမ်းမြားပေးရမည်ကို မဝေခွဲတတ်ပေ၊ လုလင်နှစ်ဦးမှာလည်း လက်ရုံးရည် နှလုံးရည် ပြည့်ဝနေကြသည်၊ တဦးနှင့်ထိမ်းမြားပေးလျှင် ကျန်တဦးက ရန်ငြိုးထားမည်ကိုလည်း သူဌေးကြီးက စိုးရိမ်နေမိသည်။
တနေ့သော် သူဌေးကြီးက အကြံတခုရလေသည်၊ သူဌေးကြီးသည် လက်သမားတဦးကိုခေါ်၍ အရွယ်တူ ပုံစံတူ တဲငယ်နှစ်လုံးကို ဆောက်စေသည်၊ အပြင်မှကြည့်လျှင် တဲအတွင်းသို့ မမြင်ရစေရန် စီမ့ထားလေသည်။
ကုန်သည်သားကို ဦးစွာခေါ်၍ ပထမတဲအတွင်း ၀င်စေသည်၊ ထို့နောက် တဲတံခါးကိုပိတ်၍ ရွာစားသားကို အခေါ်ခိုင်းလိုက်လေသည်၊ ရွာစားသား ရောက်လာသောအခါ “အမောင်-ငါ၏သမီးကို အမောင်နှင့် ကုန်သည်တို့က လက်ဆက်လိုကြောင်း တောင်းခံလာသည်၊ သင်တို့နှစ်ဦးစလုံးမှာလည်း ငြင်းပယ်စရာ အကြောင်း မရှိ၊ ငါမဆုံးဖြတ်တတ်၍ အမောင်ကိုယ်တိုင် ဆုံးဖြတ်ပါ၊ ငါ-တဲနှစ်လုံးဆောက်ထားသည်၊ ပထမတဲအတွင်း၌ ကုန်သည်သားကို ထည့်ထားသည်၊ ဒုတိယတဲအတွင်း၌ ဆာလောင်မွတ်သိပ်နေသော ကျားတကောင်ထည့်ထားသည်၊ အမောင်-ငါ၏သမီးကို နှစ်သက်ရာ တဲအတွင်းသို့ ထည့်ပါ၊ ပထမတဲအတွင်းသို့ ထည့်သော် ကုန်သည်သားနှင့် ထိမ်းမြားပေးလိုက်ရမည်၊ ဒုတိယတဲအတွင်းသို့ ထည့်သော် ကျားစာဖြစ်လိမ့်မည်၊ အမောင့်ကိုလည်း အပြစ်မယူပါ၊ ကြိုက်သလိုဆုံးဖြတ်နိုင်သည်-ဟု ဆိုကာ တဲရှိရာသို့ ခေါ်ခဲ့လေသည်။
တဲရှိရာရောက်သောအခါ ရွာစားသားက ဤသို့စဉ်းစားလေသည်၊ သူဌေးသမီးကို ပထမတဲအတွင်းသို့ဖြစ်စေ, ဒုတိယတဲအတွင်းသို့ဖြစ်စေ, ထည့်ပါက ငါးနှင့် ဖူးစာဆုံမည်မဟုတ်၊ ပထမတဲအတွင်း ထည့်လျှင် ကုန်သည်သားနှင့် ဖူးစာဆုံလိမ့်မည်၊ ဒုတိယတဲအတွင်းထည့်၍ ကျားစားပါက ငါသည် တသက်လုံး စိတ်မကောင်း ဖြစ်လိမ့်မည်၊ ကုန်သည်သားလည်း ၀မ်းနည်းပူဆွေးလိမ့်မည်၊ သူဌေးသမီး၏ မိဘဆွေမျိုးများလည်း ပူဆွေးသောကရောက်လိမ့်မည်၊ အစစအရာရာ ကောင်းမွန်စေရန် င် အနစ်နာခံမှဖြစ်မည်၊ ကုန်သည်သားနှင့် သူဌေးသမီးကို ပေါင်းဖက်စေ၍ အားလုံးပျော်ရွှင်စေရမည်-ဟု ဆုံးဖြတ်ကာ သူဌေးသမီးကို “ပထမတဲအတွင်းသို့ ၀င်ပါ”ဟု ပြောပြီး ပြန်သွားလေသည်။ သူဌေးကြီးလည်း ပထမတဲအတွင်းမှ ကုန်သည်သားကို ထွက်စေ၍ အိမ်ပြန်ခိုင်းလိုက်သည်။
နောက်တနေ့တွင် ကုန်သည်သားကိုခေါ်၍ အထက်ပါနည်းအတိုင်း ဆုံးဖြတ်ခိုင်းလေသည်၊ ကုန်သည်သားက ဤသို့တွေး၏၊ သူဌေးသမီးကို ပထမတဲအတွင်းထည့်လျှင် ရွာစားသားနှင့် ရလိမ့်မည်၊ ကျားရှိသည့် တဲအတွင်း ၀င်စေလျှင် ကျားစားပြီး သေမည်၊ င်နှင့်ဖူးစာဆုံရန် အခွင့်အလမ်းမရှိ၊ ငါနှင့်ဖူးစာမဆုံပဲ ရွာစားသားနှင့် ရွှေလက်တွဲ၍ ပျော်ရွှင်နေသည်ကို ငါ-မမြင်လို၊ ကျားစာကျွေးလိုက်လျှင် မည်သူမျှရမည်မဟုတ်-ဟု တွေးကာ ဒုတိယတဲအတွင်းသို့ သင်စေ၍ ပြန်သွားလေသည်၊ သူဌေးကြီးလည်း မိမိလိုချင်သည့်အဖြေကို ရ၍ အလွန် ၀မ်းသာနေလေသည်၊ အမှန်မှာ ဒုတိယတဲအတွင်း၌ ကျားထည့်မထားပေ။
ထို့နောက် ရက်များမကြာမီ ရွာစားသားနှင့် သူဌေးကြီးသမီးတို့၏ မင်္ဂလာပွဲကို စည်ကားစွာ ကျင်းပပေးလိုက် လေသည်။
( မမြင့်စီ )

သမ္ပတ္တိစက် လေးပါး

နတ်လူတို့အား စည်းစိမ်ဥစ္စာ တိုးတက်ကြောင်းတရား လေးပါးကို သမ္ပတ္တိစက် လေးပါးဟု ခေါ်သည်။ ထိုသမ္ပတ္တိစက် လေးပါးမှာ---
၁။ သင့်လျော်လျောက်ပတ်သော အရပ်၌ နေခြင်း-ပဋိရူပဒေသ၀ါသစက်။
၂။ သူတော်ကောင်းတို့ကို မှီဝဲဆည်းကပ်ခြင်း-သပ္ပူရိသူပ နိဿယစက်။
၃။ မိမိကိုယ်ကို ကောင်းစွာထိန်းသိမ်း စောင့်ရှောက်ခြင်း-အတ္တသမ္မာပဏိဓိစက်။
၎။ ရှေးက ပြုခဲ့ဘူးသော ကုသိုလ်ကောင်းမှု ရှိခြင်း-ပုဗ္ဗေစ ကတပုညတာစက် တို့ ဖြစ်ပါသည်။
( အံ-စတုက္ကနိပါတ် စက္ကသုတ် )

က၀ိ လေးမျိုး

၁။ မိမိဘာသာ ကြာမြင့်စွာ ကြံစည်စဉ်းစား၍ ကဗျာလင်္ကာ စာပေတို့ကို ရေးသားဖွဲ့ဆိုနိုင်သော စိန္တက၀ိ။
၂။ မိမိလေ့လာမှတ်သားထားသော စာတွေ့အကြောင်းအရာတွေကို မှီး၍ ကဗျာလင်္ကာစာပေတို့ကို
ရေးသားဖွဲ့ဆိုနိုင်သော သုတက၀ိ။
၃။ တစုံတခုသောအနက်သဘောကို အကျယ်ချဲ့၍ဖြစ်စေ၊ အကျဉ်းချုပ်၍ဖြစ်စေ၊ ကဗျာလင်္ကာစာပေတို့ကို
ရေးသားဖွဲ့ဆိုနိုင်သော အတ္ထက၀ိ။
၎။ တစုံတခုသောအကြောင်းအရာကို တွေ့မြင်ရသည့်အခါ စိတ်ကူးဉာဏ် ကွန့်မြူးလာပြီး ချက်ချင်း ကဗျာလင်္ကာ
စာပေတို့ကို ရေးသားဖွဲ့ဆိုနိုင်သော ပဋိဘာနက၀ိ-ဟူ၍ ကဗျာလင်္ကာ စာပေတိုပကို ရေးသားဖွဲ့ဆိုနိုင်သော ပညာရှိ၊ က၀ိပုဂ္ဂိုလ် လေးမျိုးရှိကြောင်း အင်္ဂုတ္တိုရ် စတုက္က က၀ိသုတ်၌ ဟောကြားပါသည်။
( အံ-စတုက္က က၀ိသုတ် )

၂၄-ပစ္စည်း စည်းချဂါထာ

အန္တရယ်ကင်း ၂၄-ပစ္စည်း စည်းချနည်းကို ယုံကြည်စွာ ပြုလုပ်လိုသူများအတွက် ဖော်ပြလိုက်ပါသည်။

တနင်္ဂနွေနေ့ စည်းချလိုလျှင် အရှေ့မြောက်ထောင့် တနင်္ဂနွေထောင့်မှ စရွတ်ပါ၊ အရှေ့မြောက်ထောင့်ကို လက်ညှိုးထိုး၍၄င်း, စိတ်မှ မှန်း၍၄င်း ဟေတုပစ္စယော, အာရမ္မဏပစ္စယော, အဓိပတိပစ္စယော- ဟု ပစ္စည်းသုံးခု ရွတ်ပါ။

ထိုမှ တနင်္လာထောင့် အရှေ့အရပ်တွင် အနန္တရပစ္စယော, သမနန္တရပစ္စယော, သဟဇာတပစ္စယော,ဟု သုံးခုရွတ်ပါ။
ဤသို့ဖြင့် အရှေ့တောင်ထောင့် အင်္ဂါထောင့်တွင် သုံးခု။
တောင်ဘက် ဗုဒ္ဓဟူးထောင့်တွင် သုံးခု။
အနောက်တောင်ထောင့် စနေထောင့်တွင် သုံးခု။
အနောက်ဘက် ကြာသပတေးထောင့်တွင် သုံးခု။
အနောက်မြောက်ထောင့် ရာဟုထောင့်တွင် သုံးခု။
မြောက်ဘက် သောကြာထောင့်တွင် သုံးခု။
ရွတ်လျှင် ၂၄-ပစ္စည်း ပြီးဆုံးသွားပါသည်။ ပြီးဆုံးလျှင် စရွတ်သည့် တနင်္ဂနွေထောင့်မှာပင် ဟေတုပစ္စယော, အာရမ္မဏပစ္စယော, အဓိပတိပစ္စယော-ဟု ပြန်အုပ်ရပါသည်။
အကယ်၍ သုံးကြိမ်စည်းချလိုပါက နောက်ဆုံးတတိယအကြိမ်မှာမှ မိမိစချသည့်ထောင့်၌ ဟေတုပစ္စယော, အာရမ္မဏပစ္စယော, အဓိပတိပစ္စယော ကို ပြန်အုပ်ရပါသည်။

တနင်္လာနေ့ရွတ်လျှင် တနင်္လာထောင့်မှ စ၍ရွတ်ရပါသည်။ အခြားနေ့များတွင်လည်း ထိုနည်းတူပင် ရွတ်ရပါသည်။

၁။ (အရှေ့မြောက်ထောင့်) ဟေတုပစ္စယော, အရမ္မဏပစ္စယော, အဓိပတိပစ္စယော။
၂။ (အရှေ့အရပ်) အနန္တရပစ္စယော, သမနန္တရပစ္စယော, သဟဇာတပစ္စယော။
၃။ (အရှေ့တောင်ထောင့်) အညမညပစ္စယော, နိဿယပစ္စယော, ဥပနိဿယပစ္စယော။
၎။ (တောင်အရပ်) ပုရေဇာတပစ္စယော, ပစ္ဆာဇာတပစ္စယော, အာသေ၀နပစ္စယော။
၅။ (အနောက်တောင်ထောင့်) ကမ္မပစ္စယော, ၀ိပါကပစ္စယော, အာဟာရပစ္စယော။
၆။ ( အနောက်အရပ်) ဣန္ဒြိယပစ္စယော, ဈာနပစ္စယော, မဂ္ဂပစ္စယော။
၇။ ( အနောက်မြောက်ထောင့်) သမ္ပယုတ္တပစ္စယော, ၀ိပ္ပယုတ္တပစ္စယော, အတ္ထိပစ္စယော။
၈။ ( မြောက်အရပ်) နတ္ထိပစ္စယော, ၀ိဂတပစ္စယော, အ၀ိဂတပစ္စယော။
၁။ ( အရှေ့မြောက်ထောင့်) ဟေတုပစ္စယော, အာရမ္မဏပစ္စယော, အဓိပတိပစ္စယော။

Thursday, October 9, 2008

ဘာသာရေး ပြဿနာ ( ၂ )

ဘဒ္ဒန္တ တိလောကသာရ ဖြေသည်။


( အလှူဒါန မှုကိစ္စ )
မေး။
၁။ အလှူဒါနပြုရာတွင် ဆုတောင်းမှ ရပါသလားဘုရား၊ မည်သည့်ဆုမျိုး တောင်းရပါသနည်း။
၂။ အလှူဒါန စုပေါင်းပြုလုပ်ရာတွင် စေက်ချသူ ( ရေစက်ခွက်ကိုင်သူ ) နှင့် မကိုင်သူ မည်သူပို၍ ကုသိုလ်ရပါနည်း
၃။ အမြတ်ဆုံးအလှူသည် မည်သည့်အလှူဖြစ်ပါသနည်း ဖြေကြားတော်မူပါရန်။
( ဦးမြင့်မောင် ကျေး/ဂျာ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း၊ ကန်ဘလူမြို့ )

ဖြေ။ ( ၁ ) လူမိုက် အလှူ၊ ပေးပါမူလည်း၊ ရွယ်ချူဖိုလ်မဂ်၊ မပန္နက်တည့်-ဟု အရှင်မဟာသီလ၀ံသက စပ်ဆိုပါသည်၊ အလှူဒါနပြုလုပ်ကြရာတွင် မဂ်ဖိုလ်နိဗ္ဗာန်ဆုကို မတောင်းဆိုလျှင် လူမိုက်ပင်ဖြစ်သည်ဟု ဆိုလိုသည်။ ဒါနပြုမှု၊ သီလဆောက်တည်မှု၊ ပြုလုပ်တိုင်းပင် ဆရာတော်များက ဣဒံ မေ ပုညံ နိဗ္ဗာနဿ ပစ္စယော ဟောတု-ဟူသော ဆုတောင်းကို တိုင်ပေးလေ့ရှိပါသည်၊ ဤကဲ့သို့ နိဗ္ဗာန်ဆုကို တောင်းမှလည်း မိမိပြုသော ဒါနမှု၊ သီလမှုများမှာ ပါရမီဒါန၊ ပါရမီသီလ ဖြစ်၍ နိဗ္ဗာန်မျက်မှောက်ပြုသည်အထိ အကျိုးပေးပါလိမ့်မယ်။
ဆုမတောင်းဘဲ ပြုသော ဒါနမှုစသည်များမှာ လူ့စည်းစိမ် နတ်စည်းစိမ်ဖြစ်သည့် ၀ဋ်အတွင်းမှာသာအကျိုးပေးပေ
လိမ့်မယ်၊ ထို့ကြောင့် နိဗ္ဗာန်ဆုကို တောင်းဖြစ်အောင် တောင်းသင့်ပါသည်။

( ၂ ) စုပေါင်း၍ အလှူဒါနပြုရာတွင် ဦးဆောင်ပုဂ္ဂိုလ် တဦးဦးကသာ ရေစက်ခွက်ကို ကိုင်၍ ရေစက်ချလေ့ ရှိပါသည်၊ အိမ်တအိမ်မှ အလှူလုပ်ရာတွင်လည်း အိမ်၏ဦးဆောင်ပုဂ္ဂိုလ်၊ ပဓာနပုဂ္ဂိုလ်များက ရေစက်ချလေ့ ရှိပါသည်၊ လူစေ့ လက်စေ့ ရေစက်ခွက် မကိုင်သော်လည်း စေတနာအတူတူ ထားကြသူများဖြစ်က အတူတူပင် ကုသိုလ်ရပါသည်။

( ၃ ) သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ-ဟုမြတ်စွာဘုရား သံယုတ်ပါဠိတော်၌ ဟောတော်မူသည့်အတိုင်း
အလှူဒါန ဟူသမျှတွင် ဓမ္မဒါနက မြတ်သည်ဟု ဆိုရပါမည်၊
ဓမ္မဒါနဟူသည်မှာ တရားဟောခြင်း၊ ပါဠိအဋ္ဌကထာ ကျမ်းဂန်များကို ပို့ချခြင်း၊ ပြဿနာကို ဖြေဆိုခြင်း၊ ကမ္မဋ္ဌာန်းတရားကို ညွှန်ကြားခြင်း စသည်များနှင့် ပရိယတ္တိ ပဋိပတ္တိ သာသနာတော်များကို ချီးမြှောက်သော ရှင်ပြုခြင်း။ ရဟန်းခံခြင်း၊ ပိဋကတ်စာပေများကို လှူဒါန်းခြင်းနှင့် ကထိန်ခင်း လှူဒါန်းခြင်း စသည်များပင် ဖြစ်သည်။
*********************************************************************************

( သမ္ဗုဒ္ဓေဂါထာနှင့် ပရိတ်တော်များ )
မေး။ ၁။ သမ္ဗုဒ္ဓေဂါထာ ဘုရားရှိခိုးကို မည်သူရေးခဲ့ပါသနည်း။
၂။ ပရိတ်တော်များကို တဦးတယောက်တည်း ရွတ်ဖတ်သင့်ပါသလား။ ဖြေကြားတော်မူပါရန်။

ဖြေ။ သမ္ဗုဒ္ဓေဂါထာဟူသည်မှာ စိန္တိတံ သတ္တသင်္ချေယံ-စသောဂါထာအရ အသင်္ချေ ၂၀-အတွင်း၌ ပွင့်တော်မူကုန်သော ဘုရားရှင်ပေါင်း ငါးသိန်းတသောင်းနှစ်ထောင်နှစ်ကျိပ်ရှစ်ဆူ-တို့အား ရှိခိုးဂါထာဖြစ်သည်။ ယင်းဂါထာသည် သီဟိုဠ်ပြု ဂါထာ၊ မြန်မာပြုဂါထာ ဟူ၍ နှစ်မျိုးရှိရာ သမ္ဗုဒ္ဓေအစချီသော ဂါထာမှာ မြန်မာပြုဂါထာဖြစ်ပါသည်။ ယင်းဂါထာကို ပုဂံခေတ် အရှင်ဉာဏဂမ္ဘီ ပြုစုသော တထာဂတုပ္ပတ္တိ ကျမ်းပြုအရှင် ဉာဏဂမ္ဘီပင် ပြုစုရေးသားခဲံသလော၊ ယင်းထက် ရှေးကျသလော မသေချာပါ။ သီဟိုဠ်ဂါထာမှာ ဗုဒ္ဓါ အနုန္နာ မရိယာ သုသင်္ခယေ-ဟု အစချီကာ ဖွဲ့ဆိုထားပါသည်၊ ၁၂-လုံးဘွဲ့ ဣန္ဒ၀ံသ ဂါထာမျိုးဖြစ်၍ သီဟိုဠ်ရဟန်းတော်တို့ နှုတ်ဖြင့်ရွတ်ဆိုရာ၌ သာယာနာပျော်ဘွယ် ဖြစ်သော်လည်း မြန်မာတို့နှုတ်ဖြင့် ရှစ်လုံးဘွဲ့ သတ္တဂါထာမျိုးလောက် အရွတ်အဆိုမလွယ်ပေ၊ ထို့ကြောင့် ရှေးပုဂံခေတ် မြန်မာရဟန်းတော်များက မြန်မာ့နှုတ်နှင့် လျော်အောင် စီစဉ်ရေးသားခဲ့ဟန် တူပါသည်၊ ဤတွင် သီဟိုဠ်သမ္ဗုဒ္ဓေ ဂါထာကို အောက်တွင် ဖော်ပြလိုက်ပါသည်။
ဗုဒ္ဓါ အနုန္နာ မရိယာ သုသင်္ခယေ၊
ဗုဒ္ဓါ အနုန္နာ သုဟလာ ဓိသင်္ခယေ။
ဗုဒ္ဓါ ရိယာ ဃေပကု လက္ခကပ္ပေ၊
ဝန္ဒာမိ တေ ဇိရနိရက္ကမေ အဟံ။

အဓိပ္ပါယ်ချုပ်မှာ ၇-သင်္ချေတွင်း၌ ပွင့်ကုန်သော တသိန်းနှစ်သောင်း ငါးထောင်သော ဘုရားရှင်တို့၎င်း၊
၉-သင်္ချေအတွင်း၌ ပွင့်ကုန်သော သုံးသိန်းရှစ်သောင်း ခူနစ်ထောင်သော ဘုရားရှင်တို့၎င်း၊
၎-သင်္ချေတွင် ပွင့်ကုန်သော နှစ်ကျိပ်ရှစ်ဆူသော ဘုရးရှင်တို့၎င်း၊
ဤသို့ သုံးဆူပေါင်း ငါးသိန်း တသောင်း နှစ်ထောင် နှစ်ကျိပ် ရှစ်ဆူ-ကုန်သော ဘုရားရှင်တို့ကို အကျွန်ုပ်သည် ရှိခိုးပါ၏-ဟု ဆိုလိုပါသည်။

( ၂ ) ပရိတ်တော်များမှာ တဦးတယောက်တည်းလည်း ရွတ်ဆို၍ ရပါသည်၊ အဖွဲ့အစည်း အစုအပေါင်းနှင့်လည်း ရွတ်ဆို၍ရပါသည်၊ ဌာန်ကရိုဏ်းကျကျ အဖြတ်အတောက် မှန်ကန်စွာ ရွတ်ဆိုနိုင်ရန် လိုပါသည်။နေ့စဉ် ပရိတ်မေတ္တာဘာဝနာများ ရွတ်ပွား၍ သတ္တ၀ါများအား အမျှဝေပါက အန္တရာယ်ဟူသမျှမှ ကင်းစင်ဝေးကွာ၍ ကောင်းကျိုးချမ်းသာများ ဖြစ်ပွားနေမည်မှာ သေချာလှပါသည်။
*********************************************************************************

( လာဘမုနိ နှင့် ၀ိသုဒ္ဓိ ၇-ပါး )
မေး။ ၁။ လာဘမုနိဘုရား ဘယ်နှစ်ဆူရှိပါသနည်း၊ ကိုးကွယ်သူ၌ အဘယ်အကျိုးများ ရနိုင်ပါသနည်း။
၂။ ၀ိသုဒ္ဓိ ၇-ပါး တရားတော်သည် တခုစီ တက်ရပါသလား၊ တူရာပေါင်း၍ တက်ရပါသလား၊ ဖြေကြားပေးတော်မူပါဘုရား။
( မောင်သန်းထွန်း-သာအောင်၊ မြန်မာ့ဆက်သွယ်ရေးစခန်း၊ မအူပင်မြို့ )

ဖြေ။ ၁။ ပိဋကတ်တော်တွင် လာဘမုနိဟူ၍ မရှိပါ။
အာဂါရမုနိ၊ အနာဂါရမုနိ၊ သေက္ခမုနိ၊ အသေက္ခမုနိ၊ ပစ္စေကမုနိ၊ မုနိမုနိ-ဟူ၍ ၆-ပါးသာ ရှိပါသည်။(စူဃနိဒ္ဒေသ ၇၃ )။
လာဘမုနိ စသည်တို့မှာ ခေတ်အားဆလျှာ်စွာ နောက်မှပေါ်ထွန်းလာသော အမည်များဖြစ်ပါသည်၊ လက်တော်၌ အမြိုက်အိုးပုံပါသော ပုံတော်များကို လာဘမုနိ-ဟု အမည်ပေးထားပြီး ကိုးကွယ်သုတို့အား လာဘ်ပေါများသည်-ဟု ဆိုပါသည်၊ ဆိုင်ရာတို့မှ စာအုပ်များထုတ်ကာ အကျယ်ရေးသားထားသည်ကို တေံ့နိုင်ပါသည်၊ ရှာဖွေ၍ ဖတ်ရှုနိုင်ပါသည်။

၂။ ၀ိသုဒ္ဓိ ၇-ပါးနှင့်စပ်၍ လယ်တီဆရာတော် ဘုရားကြီးက
ကျမ်းဂန်တို့၌ သီလ၀ိသုဒ္ဓိ ပြည့်စုံမှ စိတ္တ၀ိသုဒ္ဓိကို လုပ်ရမည်၊
စိတ္တ၀ိသုဒ္ဓိ ပြည့်စုံမှ ဒိဋ္ဌိဝိသုဒ္ဓိကို လုပ်ရမည်၊
ဒိဋ္ဌိဝိသုဒ္ဓိ ပြည့်စုံမှ ကင်္ခါဝိတရဏ ၀ိသုဒ္ဓိကို လုပ်ရမည်၊
ကင်္ခါဝိတရဏ ၀ိသုဒ္ဓိ ပြည့်စုံမှ အနိစ္စ ဒုက္ခ အနတ္တ ဘာဝနာအလုပ်ကို လုပ်ရမည်-ဟု
ပဋိပတ်ကျင့်စဉ် အထင်အရှားရှီနေသည်မှာ ယခုဘ၀၌ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို အလျင်အမြန်ရရန် အားထုတ်သောသူတို့၏ ကျင့်စဉ်ပေတည်း-ဟု ဗောဓိပက္ခိယ ဒီပနီတွင် ဆိုသည်။

ပုဂ္ဂိုလ် ၆-မျိုးတို့တွင် ဥဂ္ဃဋိတညူ ပုဂ္ဂိုလ်နှင့် ၀ိပဉ္စိတညူ ပုဂ္ဂိုလ်တို့မှာ ဘုရား ရဟန္တာတို့နှင့် တွေ့ကြုံနာကြားရ၍ ၄င်းတို့ကိုယ်တိုင်ကလည်း အလွန်ဉာဏ်ထက်မြက်ကြသဖြင့် ၀ိသုဒ္ဓိ ၇-ပါးကို တသီးတခြား အထူးကျင့်နေဖွယ် မလိုပါ၊ သို့သော်လည်း နေယျပုဂ္ဂိုလ်အဖို့မှာ ပါဠိသင်ခြင်း၊ အဖန်ဖန်ဆွေးနွေး မေးမြန်းရခြင်း၊ လမ်းမှန်အောင် နှလုံးသွင်းရခြင်း၊ ကလျာဏမိတ္တတို့ကို ဆည်းကပ်ရခြင်း စသည်တို့ဖြင့် အချိန်ယူ၍ ကျင့်ကြံရသောကြောင့် ၀ိသုဒ္ဓိ ၇-ပါးကို တခုစီတက်ရန် လိုပေလိမ့်မည်။

ဘိုးဘွားသက်ရှည်

ဘုန်းကြီးတို့တော့ ဘုရားပညတ်တော်မူထားခဲ့တဲ့ ဥပဒေအတိုင်း လိုက်နာပြီး ဘုရားကြိက်တဲ့ ပရိယတ်၊ ပဋိပတ် အလုပ်ကို မှန်မှန်လုပ်ပြီး ဘုရားရှင်ကို ပူဇော်တယ်၊ နတ် လူ သတ္တ၀ါတွေကို မေတ္တာပို့တယ်၊ အထူးသဖြင့်တော့ ဘုန်းကြီးပြုသမျှ ဒါန သီလ ဘာဝနာ ကုသိုလ်များကို ကိုယ်စောင့်နတ်၊ ကျောင်းစောင့်နတ်၊ တောတောင်စောင့်နတ်၊ ဘုမ္မစိုး၊ ရုက္ခစိုး၊ အာကာသစိုး။ စတုလောကပါလနတ်၊ သာသနာစောင့်နတ်များကို အမျှပေးဝေတယ်၊ သုခိတ ဒုက္ခိတ သတ္တ၀ါတွေကို အမျှပေးဝေတယ်၊ မေတ္တာပို့သတယ်၊ နတ်လူသတ္တ၀ါတွေ ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ရွှင်လန်းကြပါစေ-လို့ အချိန်ရှိတိုင်း စွဲစွဲမြဲမြဲ မေတ္တာပို့တာပဲ၊ ဒီမေတ္တာတန်ခိုးတွေကြောင့် ဘုန်းကြီး အသက်ရှည်နေတာ ဖြစ်ပါလိမ့်မယ်၊ ရောဂါလည်း ကြီးကြီးမားမား တခါမျှ မဖြစ်ဖူးပါဘူး၊ ဘယ်ဆေးမှလည်း စွဲစွဲမြဲမြဲ မမှီဝဲရပါဘူး၊ ယနေ့ထိ မျက်စိလည်းကြည်၊ နားလည်းကြည်၊ သွားလည်းကောင်း၊ ခါးလည်းမတ်၊ တောင်ဝှေးတောင် မကိုင်ရသေးပါဘူး။
( ၁၃၅၀-ခု သက်တော် ၉၅-နှစ်ရှိ ရွှေဟင်္သာဆရာတော် စစ်ကိုင်း )


အဘိုးကို ဘယ်ဆေးတွေ မှီဝဲသလဲ၊ ရောဂါကင်းလိုက်တာ-လို့ မေးကြ၊ ပြောကြသူတွေ များတယ်၊
အဘိုးကတော့ ဘယ်ဆေးရယ်လို့မှ မယ်မယ်ရရ မမှီဝဲပါဘူး၊ ဘုန်းကြီးဘိုး လျှာပွတ်ဆေး လောက်ပဲ မှီဝဲတယ်၊ ဒါကလဲ တခါတလေမှပါ၊
အဲ-တခုတော့ သူများတွေထက် စွဲစွဲမြဲုမြဲ လုပ်တာရှိတယ်၊ ဒါကတော့ လမ်းပြင်တဲ့အလုပ်ပဲ၊ မိုးတွေရွာလို့ လူသွားလမ်းတွေပေါ်မှာ ရွံ့ဗွက်တွေဖြစ်နေရင် ပက်ထုတ်၊ မြေဖို့ ပြုပြင်ပေးတယ်၊ ကျောက်ခဲခင်းဖို့လိုရင်လဲ ခင်းပေးတယ်၊ ချိုင့်တွေ ဗွက်တွေ မရှိစေဘဲ လမ်းကို ညီညွတ်ပြေပြစ်အောင် လုပ်ရမှ အားရတယ်၊ လမ်းပြင်တဲ့အခါမှာလည်း ကိုယ့် ကာယ ဉာဏ စွမ်းအားရှိသလောက် မှန်မှန်လုပ်တယ်၊ ဘယ့်သူ့ကိုမှ ၀ိုင်းဝန်းကူညီပေးကြပါလို့ မခိုင်းဖူးပါဘူး၊ အိမ်အလုပ်ကိစ္စပြီးတာနဲ့ လမ်းပြင်ကိစ္စ စီစဉ်လုပ်ကိုင်တာပဲ၊ ဒီ ပုရောင်းရွာလမ်းမှ မဟုတ်ဘူး၊ ဟို မော်လမြိုင် ကျိုက်သလ္လန်ဘုရား သွားရာလမ်း၊ သာသနာ ၂၅၀၀-ဘုရား တွေကိုလည်း တလှည့်စီ ပြုပြင်ပါတယ်၊ ဒီလို အလုပ်နှင့် လက်နဲ့ မပြတ် လုပ်နေတော့ အစာ စားလို့ကောင်းတယ်၊ အစာစားနိုင်တော့ ကျန်းမာရေး ညီညွတ်တာပေါ့၊ ကိုယ်ကာယလှုပ်ရှားမှုလည်း နေ့စဉ် ရနေတာကိုး၊ လမ်းသွားလမ်းလာများ ( ခရီးသွား ပြည်သူများ ) ခလုတ်မထိ ဆူးမငြိဘဲ ပြေပြစ်ချောမွေ့တဲ့ လမ်းပေါ်မှာ လျှောက်လှမ်းကြရလို့ စိတ်ချမ်းမြေ့မှု ရကြပါစေ ဆိုတဲ့ စေတနာက အဘိုးမှာ အမြဲဖြစ်နေတော့ ဒီစေတနာနှင့် ဆက်နွယ်တဲ့ ပီတိစိတ်လေးတွေကပဲ အဘိုးကို ရွှလန်းနုပျိုစေတယ်၊ ဒီတော့ အသက်ရှည်တာပေါ့ကွယ်၊ ဘာရောဂါမှ ကြီးကြီးမားမား မ၀င်ဖူးသေးပါဘူး၊ စေတနာ့ဝန်ထမ်း လမ်းပြင်လာတာ အခုဆို အနှစ် ၄၀-ကျော်ခဲ့ပြီ၊ တံတားခင်းခဲ့တာလည်း ၁၅-ခုထက် မနည်းတော့ဘူးပေါ့။
( အသက် ၈၉-နှစ်ရှိ ဘိုးဘိုး နိုင်ဘလှိုင်၊ မော်လမြိုင် ပုရောင်းကျေးရွာ )။


တို့က ရောဂါကင်းတာလဲ မပြောနဲ့၊ သိတတ်တဲ့အရွယ်ကတည်းက သူတပါးကို မညှဉ်းဆဲခဲ့၊ နှိပ်စက်ကလူ မပြုခဲ့ဖူးဘူး၊ မိဘတွေနှင့် အကိုကြီး အမကြီးတွေ စိတ်ဆင်းရဲအောင် မလုပ်ခဲ့ဘူး၊ မိဘစကားကို မြေ၀ယ်မကျ နားထောင်တယ်။
အိမ်ထောင်ကျပြီးတော့လဲ ကိုယ့်ရဲ့ခင်ပွန်းသည်ကို စိတ်ဆင်းရဲအောင် မလုပ်ခဲ့ဘူး၊ ရှိတာလေးနဲ့ လောက်အောင် စား၊ ရတာလေးနဲ့ လှအောင် ၀တ်တယ်၊ တဦးနှင့်တဦး အဆင်ပြေအောင် နေထိုင်တယ်။
မိဘတွေကိုလဲ မသေခင်မှာ ပြုစုပေးတယ်၊ စိတ်ချမ်းသာအောင် ထားတယ်၊ မိဘသေမှ ငိုနေလို့ အပိုပဲ၊ မသေခင် စိတ်ချမ်းသာအောင်ထားမှ ကျေးဇူးဆပ်ရာ ရောက်တာ၊ သေပြီးတော့လည်း သူတို့ပေးခဲ့တဲ့ အမွေအနှစ်တွေထဲက ခွဲထုတ်ပြီး သူတို့ကို ရည်မှန်းကုသိုလ်ပြုတယ်၊ အခုဆို အဘွားမှာ ခင်ပွန်းသည်လည်း မရှိတော့ဘူး၊ ဒီတော့ သေသွားတဲ့ မိဘတွေနဲ့ ခင်ပွန်းသည်ကို ကျေးဇူးဆပ်သောအားဖြင့် ငါးပါးသီလကို အမြဲစောင့်ထိန်းတယ်၊ ၀ါတွင်းဝါပ ဥပုသ်နေ့တိုင်း ဥပုသ်သီလစောင့်ထိန်းတယ်၊ ဂုဏ်တော်ပုတီး နေ့စဉ်စိပ်တယ်၊ ကမ္မဋ္ဌာန်းတရား နေ့စဉ်ပွားတယ်၊ ပြီးတော့ ရှင်ပြုရဟန်းခံ အလှူလည်း လှူပြီးခဲ့ပြီ၊ ဘုရားအို ဘုရားဟောင်းနှစ်ဆူကိုလည်း ပြုပြင်ခဲ့တယ်၊ ဒီကိုယ်ပြုသမျှ ဒါန သီလ ဘာဝနာ ကုသိုလ်တွေကို မိဘတွေနဲ့ ခင်ပွန်းသည်ကို အမျှပေးဝေတယ်၊ သတ္တ၀ါတွေကို မေတ္တာပို့တယ်၊ ဒါတွေကြောင့် အဘွားအသက်ရှည်နေတယ်။
( အသက် ၉၁-နှစ်ရှိ အဘွားမှင်၊ စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ဥသျှစ်ကျေးရွာ )





တောင်ပုလုဆရာတော်ကြီး၏ အလွယ်ကူဆုံး မေတ္တာပွားနည်း

လောကတွင် မေတ္တာခြုံမှ လုံသည်-ဟူသော ဆိုရိုးစကားရှိပါသည်၊ မေတ္တာတရား၏ အရေးပါးမှုကို ဖော်ညွှန်းခြင်း ဖြစ်ပေသည်၊ သုံးလူ့ထိပ်ထား ဘုရားရှင်ကိုယ်တော်မြတ်ကြီးကလည်း လူ နတ် ဗြဟ္မာ သတ္တ၀ါအပေါင်းတို့အား မေတ္တာတရား ပွားများကြရန် အထူးဟောကြားတော်မူခဲ့ပါသည်၊ မေတ္တာတရား ပွားများခြင်းကြောင့် လူနတ်တို့ ချမ်းသာခဲ့ကြပုံ အထောက်အထားများ များစွာရှိခဲ့ပါသည်။

တနေ့လျှင် သုံးကြိမ် ထမင်းအိုးကြီး အလုံးတရာ လှူသူ၏ ဒါနအကျိုးထက်
တနေ့လျှင် သုံးကြိမ် နွားနို့ တကြိမ်ညှစ်စာမျှ မေတ္တာပွားများသူ၏ ကုသိုလ်အကျိုးက
သာလွန်ကြီးမြတ်ကြောင်း ဘုရားရှင် ဟောကြားတော်မူခဲ့ပါသည်။

မေတ္တာပွားများ အားထုတ်သူတို့ ရရှိနိုင်သော အကျိုး ( ၁၁ ) ပါးမှာ-
၁။ ချမ်းသာစွာ အိပ်ရခြင်း
၂။ ချမ်းသာစွာ နိုင်းရခြင်း
၃။ ကောင်းသောအိပ်မက် မြင်မက်ခြင်း
၎။ လူတို့ ချစ်မြတ်နိုးခြင်း
၅။ နတ်တို့ ချစ်မြတ်နိုးခြင်း
၆။ နတ်တို့ စောင့်ရှောက်ခြင်း
၇။ မီးမလောင်၊ အဆိပ်မသင့်၊ လက်နက်မထိခြင်း
၈။ လျင်မြန်စွာ စိတ်တည်ကြည်စေခြင်း
၉။ မျက်နှာကြည်သာရွှင်ပြခြင်း
၁၀။ မတွေမဝေ သေရခြင်း
၁၁။ မဂ်ဖိုလ် မရနိုင်သေးလျှင် ဗြဟ္မာ့ဘုံသို့ လားရခြင်းတို့ ဖြစ်ပေသည်။

( လင်္ကာ )
အိပ်-နိုး ချမ်းသာ၊
ကောင်းစွာ အိပ်မက်၊
ချစ်လျက် လူ-နတ်၊
စောင့်လတ် နတ်များ၊
မီးဆိပ်ဓားတို့၊ ရှောင်ရှား ကိုယ်မှာ၊
လျင်စွာစိတ်တည်၊
ရွှင်ကြည်မျက်နှာ၊
သေကာမတွေ၊
လားလေဗြဟ္မာ၊ ဆယ့်တဖြာသည်၊
မေတ္တာပွားမှု အကျိုးတည်း။

ယနေ့ခေတ် ပရိယတ် ပဋိပတ် အားထုတ်လျက်ရှိသော ဆရာတော်ကြီးများကလည်း မေတ္တာတရား ပွားများကြရန် အထူးဟောကြားတော်မူကြပါသည်။

အလွယ်ကူဆုံးမေတ္တာပွားနည်းမှာ-
မိမိထွေးပစ်လိုက်သော တံတွေးပင်ဖြစ်လင့်ကစား ၄င်းတံတွေးကို သောက်သုံးသည့် သတ္တ၀ါများရှိကြောင်း
ထမင်းစားပြီး ပန်းကန်ဆေးရေ၊ လက်ဆေးရေများလည်း သောက်သုံးသည့် သတ္တ၀ါများရှိကြောင်း
၎င်းရေများကို အလဟဿသွန်မပစ်ပဲ
( ဤရေတို့ကို သောက်သုံးကြသော သတ္တ၀ါများ ၀၀လင်လင် ရှိကြပါစေ၊ မျှတကြပါစေ ) ဟု
မေတ္တာပွားများရုံမျှပင်လျှင် ကြီးမားသောအကျိုးကို ရရှိနိုင်ပါသည်။

Wednesday, October 8, 2008

ပဋိစ္စသမုပ္ပါဒ် လင်္ကာ

ပဋိစ္စသမုပ္ပါဒ် ရှစ်လုံးဘွဲ့ မြန်မာဂါထာ

၁။ စက္ခုဓာတ်မ ရူပဓာတ်ဖို ။

ဒွိန္နံစုံတွဲ ဖြစ်မြဲနဂို ။

ဝိညာဉ်စက္ခု မြင်မှု ဖိုဖို ။

တိဏ္ဏံဖေဿာ သဘောအလို ။

၂။ သောတ ဓာတ်မ သဒ္ဒဓာတ်ဖို ။

ဒွိန္နံစုံတွဲ ဖြစ်မြဲနဂို ။

ဝိညာဉ်သောတ ကြားကြထိုထို ။

တိဏ္ဏံဖေဿာ သဘောအလို ။

၃။ ဃာနဓာတ်မ ဂန္ဓဓာတ်ဖို ။

ဒွိန္နံစုံတွဲ ဖြစ်မြဲနဂို ။

ဝိညာဉ်ဃာန နမ်းကြထိုထို ။

တိဏ္ဏံဖေဿာ သဘောအလို ။

၎။ ဇိဝှါဓာတ်မ ရသဓာတ်ဖို ။

ဒွိန္နံစုံတွဲ ဖြစ်မြဲနဂို ။

ဝိညာဉ်ဇိဝှ လျက်ကြထိုထို ။

တိဏ္ဏံဖေဿာ သဘောအလို ။

၅။ ကာယဓာတ်မ ဖေဋ္ဌဓာတ်ဖို ။

ဒွိန္နံစုံတွဲ ဖြစ်မြဲနဂို ။

ဝိညာဉ်ကာယ တွေ့ကြထိုထို ။

တိဏ္ဏံဖေဿာ သဘောအလို ။

၆။ မနောဓာတ်မ ဓမ္မဓာတ်ဖို ။

ဒွိန္နံစုံတွဲ ဖြစ်မြဲနဂို ။

ဝိညာဉ်မန သိကြထိုထို ။

တိဏ္ဏံဖေဿာ သဘောအလို ။

၇။ ဖဿဓာတ်မင်း အရင်းထူထောင် ။

ဝေဒနာမီး ထိန်ညီးတပြောင် ။

ဝေဒနာစက် စဉ်ဆက်သူဆောင် ။

တဏှာခြောက်ပါး ပေါက်ပွားလေအောင် ။

၈။ တဏှာမီးပွင့် ကြီးရင့်ကုံလုံ ။

ဥပါဒါန်လေး အရေးတပုံ ။

ဥပါဒါန်မျိုး တန်ခိုးဖုံဖုံ ။

ဘ၀ကြီး အပြီးပေါ်ရတုံ ။

၉။ ဘ၀ရှိလို့ ဇာတိပေါ်သည် ။

လေးဖြာသန္ဓိ ဇာတိအမည် ။

ဇာတိမူလ သူစပြန်ပြီ ။

ဇရာယိုယွင်း အိုမင်းတလီ ။

၁၀။ နာခြင်း သေခြင်း မကင်းနိုင်ချေ ။

ပဋိစ္စဓာတ် ရဟတ်ဘုံဗွေ ။

စိုးရိမ်ပူဆွေး ငိုကြွေးထွေထွေ ။

ဒုက္ခစက် ရတက်ပူလို့ပွေ ။

၁၁။ ၀ဋ်ခင်းညွတ်ကွင်း လွတ်ကင်းလိုလျှင် ။

နာမ်ခဲ ရုပ်ခဲ ချုပ်လဲပြုပြင် ။

သူပဲ ကိုယ်ပဲ ဖြိုခွဲထင်မြင် ။

ဥဒယ ရှုကြဉာဏ်သို့ထင် ။

၁၂။ ၀ိဇ္ဇာဉာဏ်စက် သန်လျက်ကိုကိုင် ။

မောဟပိတ်ဆီး ရိပ်ကြီးဂနိုင် ။

ဒိဋ္ဌိခိုသော ထိုတောကိုချိုင် ။

အမှန်သိ သန္တိဘုံသို့တိုင် ။

ခန္ဓာငါးပါး လင်္ကာ

ခန္ဓာငါးပါး ရှဝ်လုံးဘွဲ့ မြန်မာဂါထာ

၁။ ရူပံ ဤရုပ် ၊ ရေမျြုပ်သဏ္ဍာန် ။

အနိစ္စပဲ ၊ မမြဲအမှန် ။

မကင်းဘဲမို့ ၊ ဆင်းရဲပူပန် ။

အနတ္တ ၊ မှတ်ကြ ဧ၀ကန် ။

၂။ ဝေဒနာစက် ၊ ရေပွက်သဏ္ဍာန် ။

အနိစ္စပဲ ၊ မမြဲအမှန် ။

မကင်းဘဲမို့ ၊ ဆင်းရဲပူပန် ။

အနတ္တ ၊ မှတ်ကြ ဧ၀ကန် ။

၃။ သညာနာမ်မှတ် ၊ တံလျှပ်သဏ္ဍာန် ။

အနိစ္စပဲ ၊ မမြဲအမှန် ။

မကင်းဘဲမို့ ၊ ဆင်းရဲပူပန် ။

အနတ္တ ၊ မှတ်ကြ ဧ၀ကန် ။

၎။ သင်္ခါရက္ခော ၊ ငှက်ပျောသဏ္ဍာန် ။

အနိစ္စပဲ ၊ မမြဲအမှန် ။

မကင်းဘဲမို့ ၊ ဆင်းရဲပူပန် ။

အနတ္တ ၊ မှတ်ကြ ဧ၀ကန် ။

၅။ ၀ိညာဉ်လက်ဖွဲ့ ၊ မျက်လှည့်သဏ္ဍာန် ။

အနိစ္စပဲ ၊ မမြဲအမှန် ။

မကင်းဘဲမို့ ၊ ဆင်းရဲပူပန် ။

အနတ္တ ၊ မှတ်ကြ ဧ၀ကန် ။

၆။ နာမ်ရော ရုပ်ရော ၊ ဒုက္ခော ဒုက္ခံ ။

ဖြစ်လျှင် ပျက်မြဲ ၊ မလွဲ အမှန် ။

ဝူပသမော ၊ သုခေါ နိဗ္ဗာန် ။

ဝိမုတ္တိ ၊ သုဒ္ဓိသန္တိကံ ။

Tuesday, October 7, 2008

ဟိတေသီ

ထူးခြား၍ အတူယူဖွယ်ကောင်းသော သာသနာ့အကျိုးဆောင်အဖွဲ့များတွင် ရန်ကုန်မြို့ မဟာစည်သာသနာ့ရိပ်သာမှ ဟိတေသိ-အဖွဲ့လည်း တခုအပါအ၀င်ဖြစ်သည်။
ဟိတေသီ-အဖွဲ့ကို ၁၉၆၆-ခုနှစ် ဧပြီလ ၅-ရက်နေ့တွင် စတင်ဖွဲ့ စည်းခဲ့တ=သည်။ ယင်းသို့ ဖွဲ့စည်းရာ၌ ဟိတေသီအဖွဲ့အား အမည်ပေးရာတွင် ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးက ဟိတံ ဧသတီတိ ဟိတေသီ-ဟု မိန့်ကြားတော်မူခဲ့သည်။
ဟိတံ-အကျိုးစီးပွားကို၊ ဧသတိ-ရှာမှီးတတ်၏၊ ဣတိတသ္မာ-ထိုသို့ အကျိုးစီးပွားကို ရှာမှီးတတ်သောကြောင့်၊ ဟိတေသီ-ဟိတေသီမည်၏။-ဟု အနက်ဖွင့်ဆိုတော်မူခဲ့သည်။
ဟိတေသီ-ဟူသည် အကျိုးစီးပွားကို ရှားမှီးတတ်သော အသင်းအဖွဲ့-ဟူ၍ အနက်ရသည်။
အကျိုးစီးပွားဆိုရာ၌ မိမိအကျိုးစီးပွား၊ သူတပါးအကျိုးစီးပွား၊ မိမိ သူတပါး နှစ်ဦးသားတို့၏ အကျိုးစီးပွား-ဟူ၍ သုံးမျိုးရှိသည်။
ထို့ပြင် မျက်မှောက်အကျိုးစီးပွား၊ တမလွန်အကျိုးစီးပွား ဟူ၍လည်း ရှိသေးသည်။
ထိုမှတဖြာ လောကီအကျိုးစီးပွား၊ လောကုတ္တရာအကျိုးစီးပွား ဟူ၍လည်း အမျိုးအစား များစွာရှိသေးသည်။
ထိုအကျိုးစီးပွား တမျိုးမျိုးကို ဖြစ်စေ၊ အများကို ဖြစ်စေ၊ အလုံးစုံကို ဖြစ်စေ၊ ရအောင်ရှာမှီးသော သူ၊ သို့မဟုတ် ရှာမှီးသော ပုဂ္ဂိုလ်၊ အသင်းအဖွဲ့ကို ဟိတေသီ-ဟု ခေါ်ဆိုနိုင်သည်။

ကြည်ညိုလေးစား ဆရာတော်ကြီးများ၏ သြ၀ါဒကထာ ( ၄ )

( ပတ်ဝန်းကျင်နှင့် သင့်အောင်နေ )
ပတ်ဝန်းကျင်နှင့် သင့်အောင်နေပါ၊ ပတ်ဝန်းကျင်နှင့် သင့်ဖို့ကလဲ လောဘ၊ ဒေါသ၊ မောဟ၊ မာန တရားတွေကို တတ်နိုင်သမျှ ထိန်းချုပ်ပါ၊ တဖက်သားကို နိုင်လိုမင်းထက် မလုပ်ကြနဲ့၊ ဒါဆို ပတ်ဝန်းကျင်နှင့် သင့်ပါတယ်။

( ခဲယဉ်းတဲ့အကြောင်းတရား လေးပါး )
၁။ ချိုသောဆေး ရှားတယ်။
၂။ ဆေးဆရာသူတော်ကောင်း ရှားတယ်။
၃။ စီးပွားဥစ္စာအရှာအဖွေကောင်းတဲ့ မိတ်ဆွေ ရှားတယ်။
၎။ စိတ်ဖြောင့်ပြီး ပညာရှိတဲ့မိတ်ဆွေ ရှားတယ်။
ဒီတော့ အပေါင်းအသင်း ပေါင်းတဲ့နေရာမှာ စိတ်ဖြောင့်ရှိတဲ့ မိတ်ဆွေပညာရှိကို ရွေးပေါင်းပါ။

( လောဘမကြီးရမယ့် အရာ သုံးမျိုး )
၁။ စီးပွားဥစ္စာကို မရှာဘဲလည်း မနေနဲ့၊ လောဘတကြီးလဲ မရှာနဲ့။
၂။ မစားဘဲလည်း မနေနဲ့၊ လောဘတကြီးလဲ မစားနဲ့။
၃။ မပြောဘဲလည်း မနေနဲ့၊ လောဘတကြီးလဲ မပြောနဲ့။
အဲဒီသုံးမျိုးကို လောဘကြီးမိရင် ဒုက္ခတွင်းထဲ ကျတတ်တယ်။

( နေ့စဉ်လုပ်ငန်း )
၁။ နံက်စောစော ဘုရားဝတ်ပြုတယ်။
၂။ တရားမှတ်တယ်။
၃။ ပုတီးစိပ်တယ်။
၎။ လမ်းလျှောက် တရားမှတ်တယ်။
၅။ လာရောက်ကန်တော့သူတွေကို တရားဟောတယ်။
၆။ စာပေဖတ်တယ်။
၇။ ကျမ်းဂန်ရေးတယ်။
၈။ နိုင်ငံတော် သြ၀ါဒအရေး လုပ်တယ်။

( ပုတီးစိပ်တာကတော့ )
၁။ ၃၂-ကောဋ္ဌာသ ၃-ပါတ်
၂။ လက္ခဏာရေးသုံးပါး ၃-ပါတ်
၃။ ဘုရားဂုဏ်တော် ၃-ပါတ်
၎။ တရားဂုဏ်တော် ၃-ပါတ်
၅။ သံဃာ့ဂုဏ်တော် ၃-ပါတ်
၆။ ပဋ္ဌာန် ၂၄-ပစ္စည်း ၃-ပါတ် စိပ်တယ်။
( ရွှေပြည်ဆရာတော် ဦးသုမနာဘိဝံသ )
*********************************************************************************

ဒေါသသည် မီးနှင့်တူ၏၊
ပူပြင်းလောင်မြိုက်နိုင်တာမို့ မကောင်းဘူး၊
အသက်လဲ တိုစေတတ်တယ်၊

မေတ္တာတရားဟာ အေးမြပြီးအကောင်းဆုံး ဖြစ်တယ်၊
မေတ္တာကြောင့် ရုပ်နာမ် နှစ်ခုစလုံး အေးချမ်းကြည်လင်ရသလို သတ္တ၀ါအားလုံးအတွက်လဲ အကျိုးရှိတယ်။

မကောင်းတာလုပ်လျှင် မကောင်းကျိုးပေးမယ်၊
ကောင်းတာလုပ်လျှင် ကောင်းကျိုးပေးမယ်၊
ဒါကြောင့် ကောင်းတာကိုပဲ နေ့စဉ်လုပ်ကြပါ။
( ဘဒ္ဒန္တ လာဘ၀ံသ-သီပေါမြို့ )
*********************************************************************************

ဘာသာရေး ပြဿနာ ( ၁ )

ဘဒ္ဒန္တ တိလောကသာရ ဖြေသည်။

( ဝေါဟာရ အထူးများ )
( မေး )။ ဘုရားပွဲများတွင် သံဃာတော်များအား မုန့်စသည် လောင်းလှူရာတွင် မုန့်တပေါက်၊ ၀က်သားတပေါက် ဟူ၍၄င်း၊
နာရေးကိစ္စများ၌ ဆွမ်းသွတ်သည်၊ ဆွမ်းစဉ်သည် ဟူ၍၄င်း သုံးစွဲခေါ်ဆိုကြပါသည်၊
အဘယ့်ကြောင့် ထိုကဲ့သို့ ခေါ်ဆိုသည်ကို ရှင်းပြတော်မူပါရန်။
( မောင်ဘအေး၊ တိုးတက်ရေးစာကြည့်သင်း၊ ရွာထောင်ရွာ၊ မုံရွာမြို့နယ် )

( ဖြေ )။ အချို့အရပ်များတွင် မုန့်ဖုတ်သည်၊ မုန့်လုပ်သည်ကို မုန့်ဖောက်သည်ဟု ခေါ်၍ လုပ်ပြီးသော မုန့်တအိုး လုံးကို မုန့်တဖောက်၊ (မုန့်တဘောက်) ထို့အတူ ၀က်သားတအိုးကို ၀က်သာ တဖောက်၊ (၀က်သာတဘောက်)ဟု ခေါ်ရာမှ ဤဝေါဟာရများ ဖြစ်လာရန် အကြောင်းရှိပါသည်။
နာရေးကိစ္စ ရက်လည်စသည်တို့၌ ဆွမ်းကို သံဃာတော်တို့၏ သပိတ်အတွင်း သွတ်သွင်းလှူဒါန်းသည်ကို သပိတ်သွတ်သည်ူ၍၄င်း၊ သံဃာ ငါးပါး ဆယ်ပါး စသည် အစဉ်အတိုင်း ဆွမ်းများစဉ်တန်းလှူဒါန်းခြင်းကို ဆွမ်းစဉ်သည် ဟူ၍၄င်း ခေါ်ပါသည်။
ဒေသအခေါ်အဝေါ်များမှာ တနေရာနှင့်တနေရာ မတူကြပါ၊
သင်ပုတ်လှူ၊ ဂေါ်ဆွမ်း၊ ဘုံဆွမ်း၊ တန်းဆွမ်း၊ ဆွမ်းလုံးချ စသည့်ဝေါဟာရများမှာလည်း ဒေသအားလျှော်စွာ ရှိကြသဖြင့် လေ့လာဖွယ် မှတ်သားဖွယ်များပင် ဖြစ်ပါသည်။
********************************************************************************

( ပဋ္ဌာန်းနှင့် ပုတီးစိပ် )
( မေး )။ ဓမ္မစာအုပ်အမျိုးမျိုးတွင် ပုတီးစိပ်နည်း အမျိုးမျိုးပါရှိရာ ပဋ္ဌာန်း ၂၄-ပစ္စည်း ပုတီးစိပ်နည်း မတွေ့ရပါ၊ ၄င်း ပဋ္ဌာန်း ၂၄-ပစ္စည်းကို အနုလုံ ပဋိလုံ ပုတီးစိပ်၍ အကျိုး ရှိ/မရှိ သိလိုပါသည် အရှင်ဘုရား။
( မောင်ခိုင်မြင့်-တောင်ငူ )

( ဖြေ )။ ဗုဒ္ဓါနုဿတိ-ဘုရားရှင်၏ဂုဏ်ကို အဖန်ဖန် အောက်မေ့ခြင်း၊
ဓမ္မာနုဿတိ-တရားတော်ကို အဖန်ဖန် အောက်မေ့ခြင်း၊
သံဃာနုဿတိ-သံဃာတော်၏ဂုဏ်ကို အဖန်ဖန် အောက်မေ့ခြင်းဟူ၍ ပုတီးစိပ်ရာ၌ အနုဿတိ သုံးမျိုးကို အသုံးပြုကြသည်၊
ဤတွင် ပဋ္ဌာန် ၂၄-ပစ္စည်းကို အနုလုံဖြစ်စေ ပဋိလုံဖြစ်စေ ပုတီးစိပ်လျှင် ဓမ္မာနုဿတိဘ၀နာ ဖြစ်နိုင်သဖြင့် လွန်စွာအကျိုးရှိပါသည်၊ ဤသို့ ဓမ္မာနုဿတိအနေဖြင့် တရားတော်ကို အထပ်ထပ်ပွားများခြင်း၊ ပုတီးစိပ်ခြင်းတို့ကြောင့် ဤဘ၀မှာပင် မဂ်တရား ဖိုလ်တရားများကို မျက်မှောက်ပြုနိုင်ကြောင်း အကယ်၍ မျက်မှောက်မပြုရသည့်တိုင်အောင် လူ့ဘုံ နတ်ရပ် မြတ်သောသုဂတိဘ၀သို့ လားရခြင်းအကျိုးများကို ရနိုင်ကြောင်း ၀ိသုဒ္ဓိမဂ်တွင် ဆိုထားသည်ကို တွေ့ရပါသည်။
*********************************************************************************

( နိဗ္ဗာန် ယာဉ် )
( မေး )။ အသုဘယာဉ်ကို နိဗ္ဗာန်ယာဉ်ဟု အဘယ့်ကြောင့် ခေါ်ပါသနည်း၊ ယင်းသို့ ခေါ်ခြင်းကြောင့် ဘာသာမတူသူများက နိဗ္ဗာန်ဆုတောင်းသည်ကို တမျိုးထင်နေကြပါသည်၊ နိဗ္ဗာန်ယာဉ်ဟူသော အမည်အစား အသုဘယာဉ်ဟု ပြင်ဆင်သင့်၊ မသင့် ဖြေကြားပေးတော်မူပါရန်။
( မောင်စိုးနြင့်-လမ်းမတော်မြို့နယ် )

( ဖြေ )။ ရှေးဆရာမြတ်များက
သေခြင်းတပါး၊ ဤတရားကား၊ များပြားလူ့ဘောင်၊ အကျိုးဆောင်သည်၊ အိုအောင်အောင်းမေ့၊ စီးဖြန်းကြ-ဟု မိန့်တော်မူသည်။
သေခြင်းတရား မရဏာနုဿတိကို အခါခပ်သိမ်း ဆင်ခြင်းပွားများနေလျှင် နိဗ္ဗာန်မဂ်ဖိုလ်ကို အမြန်ဆုံး မျက်မှောက်ပြုနိုင်ကြောင်း ဟောကြပါသည်၊ အလွန်မာန်မာနကြီးသော ခေမာမိဖုရားကြီး စသည်တို့ကို သေခြင်းတရားပြ၍ တရားထူးကို ရစေပါသည်၊
သားသေ၍ သောကများနေသော ကိသာဂေါတမီအားလည်း သေခြင်းတရားကို မြင်အောင်ပြ၍ မြတ်စွာဘုရား တရားဟောပါသည်၊
ယသသူဌေးသားနှင့် အဖော် ၅၅-ဦးတို့သည် ဇရပ်တွင် အလိုလိုသေ၍ ပုပ်နေသော အသုဘအလောင်းကောင်ကို ဆောင်ယူသင်္ဂြိုဟ်ခဲ့ပါသည်၊ ထို့ကြောင့် ယသသူဌေးသားဘ၀တွင် သူငယ်ချင်းတစု မဂ်ဖိုလ်နိဗ္ဗာန်တရားကို လွယ်လွယ်နှင့် ရနိုင်ခဲ့ပါသည်၊
ထိုပကြောင့် မိမိတို့အနီးတွင် တဦးဦးသေလွန်၍ အသုဘကြုံလျှင် သေခြင်းတရာကို ပွားများခြင်း၊ ရှုဆင်ခြင်ခြင်းနှင့် အသုဘကို ၀ိုင်းဝန်းပို့ဆောင် သင်္ဂြိုဟ်ပေးခြင်းဖြင့် နိဗ္ဗာန်တရားကို ဤမျက်မှောက်ဘ၀တွင် မြင်သိစေနိုင်အောင်၊ သို့မဟုတ် နောက်နောက်ဘ၀တို့တွင် လွယ်လွယ်ကူကူ မြင်သိနိုင်အောင်၊ ပါရမီဖြစ်အောင် အားထုတ်နိုင်ရန်အတွက် လူသေ အသုဘတင် ယာဉ်ကို နိဗ္ဗာန်ယာဉ်၊ ကျန်ရစ်သူများ နိဗ္ဗာန်ရရေး အားပေးဖြစ်ပေါ်စေသော ယာဉ်-ဟု ရှေးက ဝေါဟာရပြုခဲ့ဟန် တူပါသည်။ ရှေးက အခမဲ့ကုသိုလ်ဖြစ် အသုဘပို့သောယာဉ်ကို နိဗ္ဗာန်ယာဉ်ဟု ခေါ်ခြင်းဖြစ်သောလည်း ယင်းဝေါဟာရအတိုင်း ခေါ်ဝေါ်နေခြင်းပင် ဖြစ်ပေသည်၊ သို့သော် ယခုခေတ်တွင် အသုဘယာဉ်ဟုလည်း ခေါ်ဝေါ်နေကြပါသည်၊ နိဗ္ဗာန်ယာဉ်ဟူသော ဝေါဟာရမှာ ဖော်ပြပါအတိုင်း နက်နဲသောသဘောကို ဆောင်သော်လည်း ဗုဒ္ဓဘာသာတို့အဖို့ တွေးတောစဉ်းစား သံဝေဂပွားနိုင်သဖြင့် အကျိုါ်ရှိသော ဝေါဟာရဖြစ်ပါသည်။
*********************************************************************************

( သမ္ဗုဒ္ဓေဂါထာလာ ဘုရားပေါင်း )
( မေး )။ သမ္ဗုဒ္ဓေဂါထာတွင် ဂေါတမမြတ်စွာဘုရားအလောင်း ကမ္ဘာသင်္ချေ နှစ်ဆယ်အတွင်း တွေ့ကြုံဆုပန်ရသော ဘုရားပေါင်း ငါးသိန်းတသောင်းနှစ်ထောင်နှင့် နှစ်ကျိပ်ရှစ်ဆူဟု ဆိုပါသည်၊ ယသောဓရာထေရီ အပါဒါန်တွင် ဘုရား ကုဋေ ရာပေါင်းထောင်ပေါင်း များစွာ၌ ဆုပန်ခဲ့ကြောင်းဆိုထား၍ ဘုရားလောင်းထက်ပင် ပိုနေပါသေးသည်၊ ပါဠိတော်ဖြစ်သော ထေရီဂါထာကို ထောက်၍ နောက်မှရေးသော သမ္ဗုဒ္ဓေဂါထာက မှန်ကန်နိုင်ဘွယ်မရှိဟု အချို့အချို့သော ရှေးဆရာတော်ကြီးများက သမ္ဗုဒ္ဓေဂါထာကို မယုံကြည် အလေးမပြုဟု ကြားဖူးပါသည်၊ ထိုပြဿနာကို ရှင်းလင်းပြတော်မူပါရန်။
( ဓမ္မာစရိယ ဦးသန်းထွန်း-မော်လမြိုင်မြို့ )

( ဖြေ )။ ယသောဓရာထေရီ အပါဒါန်တွင် သဋ္ဌိကောဋိသဟဿ-စသည်ဖြင့် ကောဋိသဟဿ ပါဠိများစွာဖြင့် ပါရှိပါသည်၊ ထေရီအပါဒါန်မှာ အဋ္ဌကထာဟူ၍ မရှိသဖြင့် မည်သို့ဖွင့်ဆိုမည် မသိရသော်လည်း အင်္ဂုတ္တရအဋ္ဌကထာ (အံ-ဋ္ဌ-၃-၂၇၀ ) ဝေလာမသုတ် အဖွင့်တွင် ကောဋိသဒ္ဒါကို ဒသ ( တကုဋေကို တဆယ် )ဖြင့် အဓိပ္ပါယ်ယူရကြောင်း၊ ၀တ္ထကောဋသဟဿာနိ-အဖွင့်တွင် ဣဓ ပန ဒသ သာဋကာတိဝုတ္တံ-ဟု ဖွင့်ပြထားပါသည်၊ ထိုအဖွင့် အဋ္ဌကထာစကားအရ ထေရီအပါဒါန်လာ ကောဋိတခုကို တဆယ်ယူပါလျှင် သမ္ဗုဒ္ဓေ လာ ဘုရားအရေအတွက်နှင့် ကိုက်ညီလာနိုင်ပါသည်၊ ဓမ္မာစရိယ ဦးသန်းထွန်းအနေဖြင့် ထေရီဂါထာလာကောဋိသဟဿများကို အင်္ဂုတ္တရအဋ္ဌကထာအဖွင့်နှင့် တိုက်ဆိုင်လေ့လာ တွက်ချက်ကြည့်ပြီး သံသယရှင်းလင်းစေလိုပါသည်။ ( ဤစကားနှင့်စပ်သော အခြားရှင်းလင်းချက် တမျိုးကိုလည်း ဇိနတ္ထပကာသနီ ကျမ်းဦး စသည်၌ ကြည့်ရှု ဆင်ခြင်၍ သဘောကျစေလိုပါသည် )။
********************************************************************************

( အဋ္ဌာနမေတံ ပါဠိတော်မူ )
( မေး )။ အဋ္ဌာနမေတံ ဘိက္ခဝေ-ပါဠိမှာ ဘုရားနှုတ်တော်ထွက် အစစ် ဖြစ်ပါသလားဘုရား၊
အနုပက္ကမေန ဘိက္ခဝေ တထာဂတံ ပရိနိဗ္ဗာယန္တိ-ပုဒ်ပါ ဘုရားဟောတော်မူခဲ့ပါသလားဘုရား။
( ဦးမြင့်ထူး-အမှတ် ၈၊ ဦးဘိုးခင်လမ်း၊ သူဖဋ္ဌးကုန်း၊ ကြည့်မြင်တိုင် )

( ဖြေ )။ ၄င်းပါဠိ အစအဆုံးမှာ
အဋ္ဌာနမေတံ ဘိက္ခဝေ အန၀ကာသော ယံ ပရူပက္ကမေန တထာဂတံ ဇီဝိတာ ဝေါရောပေယျ၊ အနုပက္ကမေန ဘိက္ခဝေ တထာဂတံ ပရိနိဗ္ဗာယန္တိ-ဟူ၍ပင်ဖြစ်ပါသည်။
မူရင်းမှာ ၀ိနည်း စူဠ၀ါ ပါဠိတော် (နှာ-၃၅၅) လောဟိတုပ္ပါဒက အခန်းတွင်၎င်း၊
ယင်း (နှာ-၃၅၇) နာဠာဂီရိ ပေသန-အခန်းတွင်၎င်း ပါရှိပါသည်။
အနက်မြန်မာပြန်မှာ-
ဘိက္ခဝေ-ရဟန်းတို့၊ ပရူပက္ကမေန-သူတပါးတို့၏ လုံ့လပယောဂဖြင့်၊ တထာဂတံ-မြတ်စွာဘုရားကို၊ ယံ-အကြင်အကြောင်းကြောင့်၊ ဇီဝိတာ-ဇီဝိတိနြေ္ဒမှ၊ ဝေါရောပေယျ-ချရာ၏၊ ဧတံ-ဤသို့ ချနိုင်ခြင်းသည်၊ အဋ္ဌာနံ-အကြောင်းမဟုတ်၊ အန၀ကာသော-အခွင့်မဟုတ်၊ (ထုံးစံမရှိ)။
ဘိက္ခဝေ-ရဟန်းတို့၊ တထာဂတာ-မြတ်စွာဘုရားတို့သည်၊ အနုပက္ကမေန-သူတပါးတို့၏ လုံ့လပယောဂ ကင်းသဖြင့်၊ ၀ါ-အလိုလိုသာ၊ ပရိနိဗ္ဗာယန္တိ-ပရိနိဗ္ဗာန် ၀င်စံတော်မူကြကုန်၏။ ဟူ၍ ဖြစ်ပါသည်၊
အနုပက္ကမေန ဘိက္ခဝေ-စသော နောက်ပိုဒ်ပါမှသာ ဘုရားဟောတော်မူရင်း ပြည့်စုံပါသည်။
********************************************************************************

( ကျောင်းပရိဝုဏ်အတွင်း ဖိနပ် စီးကောင်း မစီးကောင်း )
( မေး )။ ၁။ ကျောင်းပရိဝုဏ်အတွင်း လူများ ဖိနပ် စီးကောင်း မစီးကောင်း သိလိုပါသည်ဘုရား။
၂။ ကျောင်းတိုက်ပိုင် ဆရာတော်က ဖိနပ်စီးခွင့် ပြုနိုင် မပြုနိုင် သိလိုပါသည်ဘုရား။
( ရှင်ပုည-အရိယ၀ံသကျောင်းတိုက် ဘာအံမြို့ )

( ဖြေ )။ ကျောင်းပရိဝုဏ်အတွင်း လူများ ဖိနပ်စီကောင်း မစီးကောင်းနှင့်ပတ်သက်၍ ကိုးကာဖော်ပြကြရသော အထောက်အထားမှာ ရာဇာ ကိရ ပုဗ္ဗေ စေတိယင်္ဂဏေ သဥပါဟနော အဂမာသိ၊ နိသဇ္ဇနတ္ထာယ ပညတ္တကဋသာရကဉ္စ အဓောတေဟိ ပါဒေဟိ အက္ကမိ။ ( ဒီ-ဋ္ဌ ၁-၁၂၆ ) ပါဠိဖြစ်သည်။
ဗိမ္ဗိသာရမင်းကြီး ခြေဖ၀ါး ဓားခွဲခံရပြီး နတ်ရွာစွရသည်မြှ ရှေးရှေးဘ၀က စေတီ ယင်ပြင်တော်၌ ဖိနပ်စီး၍ သွားခဲ့ဖူးခြင်းနှင့် ရဟန်းသံဃာတို ထိုင်ရန်ခင်းထားသော အခင်း (ဖျာ) ပေါ်ကို ခြေမဆေးဘဲ (ပေကျံသော ခြေဖြင့်) နင်းသွားဖူးသောကြောင့် ဖြစ်ရသည်ဟု အဓိပ္ပါယ်ရသည်၊ ဈွှေယင်ပြင်ဟုသာဆို၍ ကျောင်းပရိဝုဏ်ဟုကား မဆိုပါ၊ ကျောင်းနှင့်စပ်၍ကား သံဃာများ နေထိုင်ရန် ခင်းထားသောဖျာ စသည့် အခင်းပေါ်၌ ခြေမဆေးဘဲ ပေပေကျံကျံ ခြေဖြင့် နင်းသွးခြင်းကို ဆိုပေသည်။
ဤဖိနပ်ကိစ္စမှာ အမျိုးသာယဉ်ကျေးမှုနှင့် ဆက်စပ်နေဟန် တူပါသည်။ မြန်မာ့ယဉ်ကျေးမှုအရ လေးစားအပ်သော ပုဂ္ဂိုလ်တို့ရှေ့သို့ ဖိနပ်ချွတ်၍ သွားရသည့်ထုံးစံ ရှီပေသည်၊ ယင်းမြန်မာယဉ်ကျေးမှုမှာလည်း ဗုဒ္ဓဘာသာ မူရင်းမှ သက်ဆင်းရာ အိန္ဒိယယဉ်ကျေးမှုနှင့်လည်း ဆက်စပ်လာပုံရပါသည်၊ ဘာသာရေး အဆောက်အအုံများသို့ ၀င်တိုင်းပင် အိန္ဒိယနိုင်ငံတွင်လည်း ဖိနပ်ချွတ် အလေ့ရှိနေပေသည်၊ အိန္ဒိယနည်းတူပင် သီရိလင်္ကာ၊ နီပေါလ် စသည့်နိုင်ငံများမှာလည်း ဤအတူ ဖိနပ်ချွတ်လေ့ရှီသည်၊ အရှေ့ဘက် နိုင်ငံများ၌ကား ဤဓလေ့မရှိကြပါ၊ အထူးတလည် ရိုသေလေးစားမှု ဂါရ၀နိဝါတ တရားအရ မြန်မာ့ရှေးထုံးစဉ်လာ ဖြစ်နေသဖြင့် ဘုရားကျောင်းကန်တို့မှာသာမက မိမိတို့အိမ်ပေါ် တိုက်ခန်းတို့မှာပင် ဖိနပ်ချွတ်ခြင်းမှာ ယဉ်ကျေးသောအမူအရာများဖြစ်၍ လက်ခံထိုကသောကိစ္စပင် ဖြစ်ပါ၏၊ အထူးမှာ သံဃာတော်များထိုင်ရန် ခင်းထားသော ဖျာအခင်းတို့တွင် ပေကျံသောခြေတို့ဖြင့် မနင်းမိရန်နှင့် ကျောင်းပေါ်တက်ရာ၌ ခြေကိုစင်ကြယ်အောင် သုတ်သင်ရန် အရေးကြီးကြောင်းကိုပါ သတိပြုကြရန်ပင်၊ ယဉ်ကျေးမှုနှင့်စပ်လျင်း၍ ဖိနပ်ချွတ်ခြင်းဖြစ်၍ ကျောင်းဆရာတော်တို့၏ ခွင့်ပြုမှု မပြုမှုတို့ကို ဤတွင် ထည့်သွင်းစဉ်းစားရန် လိုတော့မည် မထင်ပါ။
( အမရပူရ မဟာဂန္ဓာရုံကျောင်းတိုက်နှင့် မဟာစည် သာသနာ့ရိပ်သာကျောင်းတိုက် စသည့် အချို့ကျောင်းတိုက်ကြီးတို့တွင်မူ ကျောင်းပေါ်မှာသာ ဖိနပ်စီးခွင့် မပေးပဲ၊ ကျောင်းပရိဝုဏ်အတွင်း ဖိနပ်စီးခွင့် ပေးထားပါသည်။)

အန္တရာယ်အမျိုးမျိုးမှ လွတ်ကင်းစေနိုင်သော အံ့ဖွယ် စည်းချဂါထာ

မဟာပရိနိဗ္ဗာန်သို့ ၀င်စံတော်မူကြကုန်သော ဘုရားရှင်အနန္တ၊ တရားတော် အနန္တ၊ သံဃာတော် အနန္တ၊ ပစ္စေကဗုဒ္ဓါ အနန္တ၊ ဓာတ်တော် မွေတော် အနန္တ၊ စေတီတော် ပုထိုးတော် အနန္တ၊ ကုဋေကိုးထောင်ကျော်သော သိက္ခာပုဒ်တော် အားလုံး၊ ပိဋကတ် သုံးပုံ၊ နိကာယ် ငါးဖြာ၊ အင်္ဂါ ကိုးတန်၊ ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင် အားဖြင့် တဆဲ့သုံးဌာနအားလုံးတို့သည် တပည့်တော်၏ ခန္ဓာကိုယ်၌ ယနေ့ကစပြီး နိဗ္ဗာန်သို့ဝင်သည့်တိုင်အောင် ကြွရောက်တည်နေတော်မူကြပါကုန်၍ အရှင်ဘုရားတို့၏ တန်ခိုးတေဇော် အာနုဘော်တော်ကြောင့် ၀င်ဝင်သမျှ လာလာသမျှသော အကုသိုလ်နှင့် ကိလေသာတို့ကို ကုန်ခန်းချုပ်ငြိမ်း ကင်းဝေးစေ၍ မြတ်စွာဘုရားစသော တဆဲ့သုံးဌာနအားလုံးတို့ဖြင့် ယနေ့ကစ၍ နိဗ္ဗာန်အထိ တံတိုင်းကြီး၊ စည်းရိုးကြီး၊ သီတာ ၇-တန်၊ တောင်စဉ် ၇-ထပ်၊ အသင်္ချေစီ၊ အနန္တစီ၊ ကာဆီး၍ စည်းချပါ၏၊ ဤစည်းများအတွင်းသို့ ဘုရားမကြိုက်၊ တရားမကြိုက်၊ သံဃာမကြိုက်၊ မဂ်မကြိုက်၊ ဖိုလ်မကြိုက်၊ နိဗ္ဗာန်မကြိုက်သော အကုသိုလ်ကိလေသာ ၀ိပါက်မှန်သမျှ အနန္တတို့သည် ၀င်ခွင့်မရ၊ လာခွင့်မရ၊ သီခွင့်မရ၊ နှိပ်စက်ခွင့်မရကြပဲ ရှိသမျှတို့ပါ ဈာပန ပြာကျပါစေသတည်း။ ရုပ်နာမ်ဓမ္မ သင်္ခါရတို့ကို ဘုရားရှင်တိုင်းမြင်သလို မြင်ရပါစေသတည်ါ်။ အရိယာတိုင်း မြင်သလို မြင်ရပါစေသတည်း။ ပစ္စေကဗုဒ္ဓါတိုင်း မြင်သလို မြင်ရပါစေသတည်း၊ တွေ့ရပါစေသတည်း၊ မျက်မှောက်ပြုရပါစေသတည်း အရှင်မြတ်ကြီးတို့ဘုရား။
( တေဇစက္ကီဆရာတော် )

စိတ်ကို ဂရုစိုက်ပါ

အခါတပါး၌ အနာထပိဏ်သူဌေးသည် မြတ်စွာဘုရားထံသို့ ဆည်းကပ်လာ၏၊ ထိုအခါ မြတ်စွာဘုရားက အနာထပိဏ်သူဌေးအား ဤသို့မိန့်ကြားတော်မူသည်။
ဒါယကာ၊ စိတ်ကိုမစောင့်ရှောက်လျှင် ကာယကံမှု၊ ၀စီကံမှု၊ မနောကံမှု၊ ( ကိုယ်မှု၊ နှုတ်မှု၊ စိတ်မှု ) များလည်း မစောင့်ရှောက်သည်ပင် မည်၏၊
မစောင့်ရှောက်ဘဲထားသော ကာယကံမှု၊ ၀စီကံမှု၊ မနောကံမှုများသည် မကောင်းသောတရားဖြင့် စိုးစွတ်၏၊ မကောင်းသောတရားဖြင့် စိုစွတ်သော ကာယကံမှု၊ ၀စီကံမှု၊ မနောကံမှုများသည် ပုပ်ဆွေး၏။
ယင်းသို့ပုပ်ဆွေးနေသော ကာယကံမှု၊ ၀စီကံမှု၊ မနောကံမှု ရှီနေသောသူ၏ သေခြင်းသည် ကောင်းသော သေခြင်း မဖြစ်နိုင်။
ဒါယကာ၊ စိတ်ကို ( လွှတ်မထားဘဲ ) စောင့်ရှောက်လျှင် ကာယကံမှု၊ ၀စီကံမှု၊ မနောကံမှုများလည်း စောင့်ရှောက်အပ်သည်ပင် မည်၏။
စောင့်ရှောက်အပ်သော ကာယကံမှု၊ ၀စီကံမှု၊ မနောကံမှုသည် မကောင်းသောတရားဖြင့် မစိုစွတ်ချေ။
မကောင်းသောတရားဖြင့် မစိုစွတ်သော ကာယကံမှု၊ ၀စီကံမှု၊ မနောကံမှုသည် စင်ကြယ်လတ်ဆတ်၏။
ယင်းသို့ စင်ကြယ်လတ်ဆတ်သော ကာယကံမှု၊ ၀စီကံမှု၊ မနောကံမှု ရှိနေသောသူ၏ သေခြင်းသည် ကောင်းသော သေခြင်း ဖြစ်၏။
( တိကအင်္ဂုတ္တိုရ်၊ တတိယပဏ္ဏာသက ၁-သမ္ဗောဓ၀ဂ်၊ ၇-အရက္ခိတသုတ် )

ကြီးပွားချင်ရင် စိတ်ကို သတိထား

ရဟန်းတို့ ၊ မိမိအကျိုးစီးပွားကို အလိုရှိသောသူသည် အချက်လေးခု၌ မမေ့မလျှော့ သတိထားပြီး စိတ်ကို စောင့်ရှောက်ရမည်၊ အဘယ်အချက်လေးခုနည်း ဆိုသော်---
( ၁ ) တပ်မက်စရာအာရုံတို့၌ ငါ့စိတ်ကို မတပ်မက်စေလင့်ဟု မမေ့မလျော့ သတိထားပြီး စိတ်ကိုစောင့်ရှောက်ရမည်။

( ၂ ) အမျက်ထွက်စရာကိစ္စတို့၌ ငါ့စိတ်သည် အမျက်မထွက်စေလင့်ဟု မမေ့မလျော့ သတိထားပြီး စိတ်ကိုစောင့်ရှောက်ရမည်။

( ၃ ) တွေဝေစရာကိစ္စတို့၌ ငါ့စိတ်သည် မတွေဝေစေလင့်ဟု မမေ့မလျော့ သတိထားပြီး စိတ်ကိုစောင့်ရှောက်ရမည်။

( ၄ ) မာန်ယစ်စရာအကြောင်းတို့၌ ငါ့စိတ်သည် မာန်မယစ်စေလင့်ဟု မမေ့မလျော့ သတိထားပြီး စိတ်ကိုစောင့်ရှောက်ရမည်။

ရဟန်းတို့ မိမိအကျိုးစီးပွားကို အလိုရှိသောသူသည် ဤအချက်လေးခု၌ မမေ့မလျော့ သတိထားပြီး စိတ်ကိုစောင့်ရှောက်ရမည်။
( စတုက္ကအင်္ဂုတ္တိုရ်၊ တတိယပဏ္ဏာသက ၃-ကေသိဝဂ်၊ ၇-အာရက္ခသုတ် )

ဇွဲ

ယောက်ျားတံခွန် ၊ လူရည်ချွန်က ။
ကောင်းကင်တမွတ် ၊ ကြယ်ကိုဆွတ်လည်း ၊
မလွတ်စတမ်း ၊ ရမြဲလမ်းတည်း ။

Monday, October 6, 2008

အစားအစာနှင့် ကျန်းမာရေး

( ခရမ်းချဉ်သီး )
ခရမ်းချဉ်သီး နေ့စဉ်စားသုံးပေးလျှင် နေလောင်ခြင်းနှင့် ပါးရေတွန့်ခြင်းမှ ကာကွယ်ပေးနိုင်ကြောင်း အင်တာနက်သတင်းတရပ်က ဆိုသည်။
မန်ချက်စတာနှင့် နယူးကာဆယ် တက္ကသိုလ်များမှ ဗြိတိသျှသိပ္ပံပညာရှင်များသည် လူ ၁၀-ဦးအား နေ့စဉ် ခရမ်းချဉ်သီးအနှစ်လက်ဖက်ရည်ဇွန်းငါးဇွန်း တိုက်ကျွေးပြီး သုတေသနပြုလေ့လာခဲ့ရာ ၄င်းတို့မှာ အသားအရေကောင်းလာသည့်အပြင် နေလောင်ဒဏ်မှလည်း ကာကွယ်နိုင်ကြောင်း လေ့လာတွေ့ရှိခဲ့သည်ဟု ဆိုသည်။
ခရမ်းချဉ်သီ စားသုံးခြင်းကြောင့် အရေပြားပေါ်တွင်ရှိသော အရေးအကြောင်းများ ဖြစ်ပေါ်ခြင်း၊ တွန့်ခြင်းများကို ကာကွယ်ပေးနိုင်သည့်အပြင် အရေပြားကင်ဆာအထိ ကာကွယ်ပေးနိုင်သည်ဟု သုတေသနပညာရှင်များက ပြောကြားကြသည်။

( ရွှေပဲသီး )
ရွှေပဲသီးအရောင်မှာ အများအားဖြင့် အစိမ်းရောင်ရှိသည်၊ ရွှေပဲသီးသည် နှစ်စဉ် နွေရာသီကာလများ၌ အပေါများဆုံးဖြစ်သည်၊ ရွှေပဲသီးစားသုံးလျှင် သွေးတိုးလျှော့ကျနိုင်ကြောင်း ဗြိတိသျှ သုတေသနပညာရှင်များက ပြောကြားကြသည်။
ရွှေပဲသီးတွင် ပါဝင်သော ဓာတ်များမှာ အမျှင်ဓာတ်၊ မက်ကနီး(စ်)၊ သံဓာတ်၊ ပရိုတိန်း၊ ဖော့စ်ပရပ်(စ်)၊ ကော့ပါး၊ ဗီတာမင် ဘီ-၁၊ ပိုတက်စီယမ်ဓာတ်တို့ ဖြစ်သည်၊ အများဆုံးပါဝင်သောဓာတ်မှာ အမျှင်ဓာတ်ဖြစ်သည်၊ ရွှေပဲသီးတွင် အဖိုးတန်ဓာတ်ပစ္စည်းများ ပါဝင်ခြင်းကြောင့် ကျမ်းမာရေးကို အထောက်အကူပြုသော ဟင်းသီး ဟင်းရွက်ဖြစ်သည်။
ရွှေပဲသီးကို သီတင်းတပါတ်လျှင် ၃-ကြိမ်ခန့် ပုံမှန်စားသုံးပေးပါက ကိုလက်စထရော ကျဆင်းခြင်း၊ သွေးပေါင်ချိန် ကျခြင်း၊ နှလုံးရောဂါဖြစ်ပွားမှု လျှော့ကျစေခြင်း စသော အကျိုးကျေးဇူးများ ရရှိမည်ဖြစ်သည်၊ ရွှေပဲသီး ပုံမှန် စားသုံးသူ လူလတ်ပိုင်းအရွယ် အမျိုးသား၊ အမျိုးသမီး ၁၆၀၀၀ တို့ကို ၅-နှစ်ကြာ လေ့လာသုတေသနပြုခဲ့ရာ နှလုံးရောဂါဖြစ်ပွားမှု နည်းပါးကြောင်း တွေ့ရှိရသည်ဟု ဗြိတိသျှ သုတေသနပညာရှင်များက ပြောကြားကြောင်း အခြားအင်တာနက်သတင်းတရပ်တွင် ဖော်ပြထားသည်ကို တွေ့ရှိရပေသည်။
( စောဝင်းသိမ်း )
မြတ်မင်္ဂလာ ၂၀၀၈-ခု စက်တင်ဘာ။