( စေတနာ အကျိုးပေးခြင်း )
ကျွန်တော်တို့ရွာတွင် အိန္ဒိယအမျိုးသားတဦး ရှိ၏၊ သူ့နာမည်မှာ ပုလဲဆာမိ ဖြစ်သည်၊ သူငယ်စဉ်ကပင် ရွာမှ မိသားစု တစုက ခေါ်ယူမွေးစားထားခြင်း ဖြစ်၏၊ အခုဆိုလျှင် အသက် ၅၀-ခန့်ပင် ရှိပါပြီ၊ သူ့ကိုခေါ်ယူမွေးစား ထားသော မိသားစု လူကြီးများ မရှိတော့ပြီ၊ အမွေဆက်ခံမည့်သူ မရှိသဖြင့် လယ်ဆယ်ဧကခန့်ကို ပုလဲဆာမိပင် ရရှိ၏။
ပုလဲဆာမိသည် လယ်ထဲတွင် တကိုယ်တည်းနေပြီး အလုပ်ကြိုးစားလုပ်၏၊ အလုပ်မနိုင်လွန်းမှ သူရင်းငှါး ခေါ်၏၊ ထို့ကြောင့် ငွေပိုငွေလျှံရှိလာ၏၊ ပတ်ဝန်းကျင်၏ အဆုံးအမနှင့် ဘုန်းတော်ကြီးကျောင်း၏ အဆုံးအမကြောင့် ဗုဒ္ဓဘာသာဝင် ဖြစ်လာ၏၊ ဥပုသ်သီတင်း မှန်မှန်စောင့်၏၊ လှူစရာရှိလျှင် လှူ၏၊ ကျောင်းဒကာ ကထိန်ဒကာဘွဲ့ ခံယူနိုင်သည်အထိ ဖြစ်လာ၏၊ ဥပုသ်မပျက်၊ အလှူမပျက်၊ လူမှုရေး လုပ်ငန်းများတွင် ပါဝင်တာဝန်ကျေပွန်လျက်၊
တခုသော ညတညတွင် တယောက်တည်း နေခိုက် ဓားပြတိုက်ခြင်းခံရသည်၊ ပစ္စည်းငွေကြေး အတော်ပါသွား၏၊ တရားခံများကို သူမသိနိုင်၊ တိုင်ကြားလျှင်လည်း အကျိုးထူးမည်မဟုတ်ဟု ယူဆသဖြင့် လက်လျှော့ထား၏၊
သို့ရာတွင် မည်သို့ဖန်လာသည်မသိ၊ တနေ့တွင် သူ့ကို ဓားပြတိုက်သူများက သူတို့အလိုအလျောက်ပင် ရဲစခန်းတွင် ၀န်ခံ၏၊ အမှုပေါ်သွား၏၊ သူတို့အပြစ်အလျောက် အရေးယူခြင်း ခံရသည်၊ ပုလဲဆာမိ အနေဖြင့် သူ့ပစ္စည်းများ သူ ပြန်ရလိုက်၏။
တရွာလုံးက အံ့သြကြ၏၊ သို့ရာတွင် ညီညွတ်စွာ ပြောကြသည့် စကားတော့ရှိ၏၊
ပုလဲဆာမိ ကုလားသာဆိုတယ် အလှူဒါန ရက်ရောတယ်၊ ဥပုသ်သီတင်း မှန်မှန်စောင့်တယ်၊ သာရေး နာရေး လူမှုရေးမှာ ကူညီစိတ်ရှိတယ်၊ သူ့စေတနာ သူ့အကျိုးပေးပြီး သူ့ရဲ့ကောင်းမှုများ အတွက် သူပြန်ပြီး ခံစားရတာပေါ့-ဟူ၍ ဖြစ်လေသည်။
( မောင်ကောင်းယဉ် )
*********************************************************************************
( ကိုယ်ပြုသည့်ကံ ကိုယ်ပြန်ခံ )
ဆပ်ပြာုန်းရွာမှ ဂေါပကလူကြီး ဦးသာမောင်၏ ကောင်းမြတ်သော ဂုဏ်သတင်းကား မွေးပျံ့လှပေသည်၊ ဦးသာမောင်သည် ရွာထဲတွင် ပေါ်ပေါက်လာသော သာမှု နာမှု ကိစ္စအ၀၀ကို ရှေ့တန်းမှ ဦးဆောင်၍ လုပ်ကိုင်တတ်၏၊ ကိုယ့်ထက် ဆင်းရဲနွမ်းပါးသူများကို သနားညှာတာတတ်၏၊ တကိုယ်ကောင်းစိတ် မရှိ၊ အတ္တဟိတ ပရဟိတ သူ့အကျိုး ကိုယ့်အကျိုးကို မျှမျှတတ သိတတ် မြင်တတ်သူဖြစ်၏၊ ထို့ကြောင့် ဦးသာမောင်ကို တရွာလုံးက လေးစားချစ်ခင်ကြသည်။
ဦးသာမောင်နှင့် အိမ်နီးချင်းဖြစ်သူ ဦးစံဒွေးသည်လည်း အလားတူ ဂေါပကအဖွဲ့ဝင်တဦး ဖြစ်သည်၊ သို့သော် ဦးစံဒွေးကား ဦးသာမောင်ကဲ့သို့ စိတ်ကောင်းရှိသူ မဟုတ်၊ တနေ့တွင် ဦးသာမောင်၏ အိမ်၌ ရွာဦးဘုရားအတွက် ကောက်ခံရရှိသော အလှူငွေများကို စာရင်းရှင်းပွဲပြုလုပ်သည်၊ ထိုစာရင်းရှင်ွးဲ့တွင် ဦးသာမောင်၏ ဖော်ထုတ်မှုကြောင့် န၀ကမ္မအလှူငွေများကို အလွဲသုံးစားပြုထားသူ ဦးစံဒွေးမှာ ဂေါပကအဖွဲ့မှ နုတ်ထွက်လိုက်ရလေသည်၊ ဦးစံဒွေးတယောက် လူပုံအလယ်တွင် အရှက်ရခဲ့သည်၊ ထိုအချိန်မှစ၍ ဦးသာမောင့်အပေါ် ဦးစံဒွေး ရန်ငြိုးထားခဲ့သည်၊ ဦးသာမောင်တို့ မိသားစု ပျက်စီးရာ ပျက်စီးကြောင်း အမျိုးမျိုး ကြံစည်အားထုတ်သည်၊ သို့သော် မအောင်မြင်ခဲ့။
ဦးသာမောင်သည် နံနက် ၄-နာရီအချိန်တွင် မှန်မှန် လမ်းလျှောက်ထွက်တတ်သည်၊ ဤသည်ကို ဦးစံဒွေး ကောင်းကောင်းသိထားသည်၊ အိမ်နီးချင်းပေမို့ တဦး၏လှုပ်ရှားမှုကို တဦးက အလွယ်တကူ သိနိုင်သည်။
တခုသောည၏ ၃-နာရီခန့် အချိန်တွင် ဦးစံဒွေးသည် ၀ါးရင်းတုတ် တချောင်းကိုကိုင်၍ ဦးသာမောင့် အိမ်တံခါးဝမှ စောင့်နေ၏၊ လမ်းလျှောက်ထွက်လာမည့် ဦးသာမောင်အား ချောင်းမြောင်းရိုက်နှက်ရန်ဖြစ်သည်၊ အချိန်အတန် ကြာသည့်တိုင် တစုံတရာထူးခြားမှု မရှီသေး၊ နံနက် ၃-နာရီသာသာခန့်တွင် ဦးသာမောင့်အိမ်ရှေ့မှ လူရိပ်မည်းမည်းတခု ပေါ်လာသည်၊ ထိုလူရိပ်မည်းမည်းသည် ခြံတံခါးကို ငြင်သာစွာ ဖွင့်၍ လမ်းဘက်ထွက်လာသည်၊ အသင့်စောင့်နေသော ဦးစံဒွေးသည် အံကိုကြိတ်၍ လက်ထဲမှ ၀ါးရင်းတုတ်နှင့် တအားလွှဲကာ ထိုသူ့ကို ရိုက်လေသည်။
အမယ်လေး၊ သေပါပြီဗျ-ဟူသော အသံနှင့်အတူ ဦးစံဒွေး၏ ရင်အစုံသည်လည်း တုန်လှုပ်သွားလေသည်။
ဟင်-သား ဖြစ်ရလေကွာ ငါ့နှယ်။
စင်စစ် ဦးစံဒွေးရိုက်မိသူကား ဦးသာမောင်မဟုတ်၊ သူ့သား လူပျို ဖြစ်နေသည်၊ ဦးသာမောင်၏ သမီးပျိုနှင့် ချိန်းတွေ့ရာမှ ပြန်လာခြင်း ဖြစ်သည်၊ ဦးစံဒွေးသည် မိမိသားလူပျိုနှင့် ဦးသာမောင့်သမီးတို့ လူငယ်သဘာဝ တိတ်တခိုးလေး မေတ္တာမျှနေကြသည်ကို မရိပ်မိခဲ့၊ အခုတော့ ဦးစံဒွေး ရင်ကျိုးရပြီ၊ သား လူနာကို နီးရာဆေးရုံသို့ လှည်းနှင့်ပို့သည်၊ ဦးစံဒွေးမှာ သားအတွက် ဆေးဖိုးတွေ သောက်သောက်လဲ ကုန်ကာ စီးပွားရေး အကြီးအကျယ် ယိုယွင်းကျဆင်း သွားတော့သည်၊ ဤကား ကိုယ်ပြုသည့်ကံ ကိုယ့်ထံ ပြန်ခြင်းပေတည်း။
( မှိုင်းမောင်မောင်-အညာမြေ )
( မြတ်မင်္ဂလာ-၁၉၉၀-ဒီဇင်္ဘာလ )
Monday, November 24, 2008
Saturday, November 22, 2008
ဘာသာရေး ပြဿနာ ( ၅ )
ဘဒ္ဒန္တ တိလောကသာရ-ဖြေသည်။
( သရဏဂုံ ကိစ္စ )
( မေး )။ သရဏဂုံ ဆောက်တည်ရာ၌
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ၊ တကြိမ်တည်းသာ ရွတ်ဆို၍ ရသည်-ဟု ယုံကြည်ပါသည်၊ ဤအမြင် မှန်ပါသလား။
( ဦးသက်ဝေ-ပေါက်ခေါင်း )
( ဖြေ )။ ပထမဆုံး သရဏဂုံ ပေါ်စဖြစ်သော တပုဿ ဘလ္လိကတို့ ဆောက်တည်သည့် ဒွေဝါစိက သရဏဂုံတွင် ဧတေ မယံ ဘန္တေ ဘဂ၀န္တံ သရဏံ ဂစ္ဆာမ ဓမ္မဉ္စ-ဟုသာရှိသည်၊
ထို့အတူ ရှင်ယသ မယ်တော် စသည်တို့ သရဏဂုံ သုံးပါး ခံယူဆောက်တည်ရာ၌လည်း
သောဟံ ဘန္တေ ဘဂ၀န္တံ သရဏံ ဂစ္ဆာမိ ဓမ္မဉ္စ သံဃဉ္စ-ဟူ၍ တကြိမ်စီသာ ဆိုကြပါသည်၊
သို့သော် သာသနာတော်အခြေကျ၍ သရဏဂုံဖြင့် ရဟန်းခံခြင်း၊ ရှင်ပြုခြင်း၊ လူပုဂ္ဂိုလ်တို့ ဆောက်တည်ခြင်းတို့၌
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ၊ ဟူ၍ ပါဠိအနေအထားကို ပြောင်းလဲပေးထားပြီး ပိုမိုလေးစား၍ အားထားရိုကျိုးမှု ဖြစ်စေရန် ဒုတိယမ္ပိ၊ တတိယမ္ပိ ထည့်၍ ၃-ကြိမ် ဆိုစေတော်မူပါသည်။
ယင်းအစဉ်အလာအတိုင်းပင် ဗုဒ္ဓဘာသာ ထုံးစံတခု ဖြစ်လာကာ ၃-ကြိမ် သီလတောင်းခြင်း၊ နမော တဿ ၃-ကြိမ်ဆို၍ ဘုရားရှိခိုးခြင်း စသည်တို့ ဖြစ်လာရပါသည်၊ ထို့ကြောင့် သရဏဂုံကို ၃-ကြိမ်ဆို၍ ဆောက်တည်ခြင်းသာ မှန်ကန်သော အစဉ်အလာ ဖြစ်ပါသည်။
*********************************************************************************
( ပရိမိတ္တဇာလသုတ် )
( မေး )။ ပရိမိတ္တဇာလသုတ်၏ ဆိုလိုရင်းကို သိလိုပါသည်၊
ဥပမာ-မင်္ဂလသုတ်တွင် မင်္ဂလာတရား ၃၈-ပါးသည်၎င်း၊
ဓမ္မစကြာတွင် သစ္စာလေးပါး တရားသည်၎င်း၊ ဆိုလိုရင်းဖြစ်ပါသည်၊
ပရိမိတ္တဇာလသုတ်၏ ဆိုလိုရင်းကို ရှင်းရှင်းလင်းလင်း မသိရပါ၍ ရှင်းလင်းပေးတော်မူပါဘုရား။
( မြင့်ဆွေ-ကမာဝက်၊ မွန်ပြည်နယ် )
( ဖြေ )။ ပရိမိတ္တဇာလသုတ်တွင် နတ် ဘီလူး ၁၈-ဦး၏ အမည်တို့ကို ဖော်ပြ၍ ယင်းတို့က သတ္တ၀ါတို့အား နှိပ်စက်ညှင်းဆဲပုံ၊ မြတ်စွာဘုရားနှင့် ရှင်မဟာမောဂ္ဂလာန်တို့ကိုသာ ကြောက်လန့်ပုံ၊ ရတနာသုံးပါးအား ရှိခိုး၍ စောင့်ရှောက်ပါရန် တောင်းပန်ပုံနှင့် ရတနာသုံးပါး၏ တန်ခိုးကြောင့် ဘေးရန်များ ကင်းပျောက်ပါစေ-ဟု ဆိုထားပုံကို ဆိုလိုရင်းအနေဖြင့် တွေ့ရပါသည်၊
ဤသုတ်မှာ မည်သည့်ပါဠိတော်တွင်မျှ မပါရှိပါ၊ သံဂါယနာ အဆင့်ဆင့်တွင်လည်း မပါဝင်ပါ၊ ဘုရားဟော မဟုတ်သည့်ပြင် ပါဠိအနေအထား အသွားအလာလည်း မကောင်း၊ အနက်ပေးရာတွင်လည်း ပါဠသေသ (ပါဌ်ပို) များထည့်၍ ကြံကြံဖန်ဖန် အနက်ပေး အဓိပ္ပါယ်ဖော်ထားရပါသည်၊ နောက်ဆရာတို့ စီစဉ်ခဲ့ပုံ ရပါသည်၊
သို့သော် ဘုရားဟော မဟုတ်သော်လည်း သမ္ဗုဒ္ဓေရွတ်၍ အန္တရာယ်ကင်းခြင်း၊
ရှင်သီလ၀ိ ဆယ်ဂါထာရွတ်၍ လာဘ်ပေါများခြင်း၊ စသည်တို့ကဲ့သို့ ပရိမိတ္တဇာလသုတ် ရွတ်ဆို၍ ဘေးဥပါဒ်များ ပျောက်ငြိမ်းခြင်းတို့လည်း ရှိပါသည်၊ ဘုရားဟောမဟုတ်သည့်တိုင်အောင် ရတနာသုံးပါး ဂုဏ်ကို ယုံကြည်မှု ရှေ့ထား၍ ရါတ်ပွားသရဇ္ဈာယ်ခြင်းဖြင့် အကျိုးမယုတ်နိုင်ပါ။

( အသက်သိက္ခာ ဂုဏ်ဝါ ကြီးသူတို့အား ရှိခိုးခြင်း )
( မေး )။ မိမိထက် အသက်သိက္ခာ ဂုဏ်ဝါ ကြီးသူတို့အား ရှိခိုးခြင်းကြောင့် ရအပ်သည့် အကျိုးတရားများကို သိလိုပါသည်။
( မောင်ဉာဏ်လင်း-သုံးဆယ် )
( ဖြေ )။ အဘိဝါဒန သီလိဿ ၊ နိစ္စံ ၀ုဒ္ဓါ ပစာယိနော ။
စတ္တာရော ဓမ္မာ ၀ဍ္ဎန္တိ ၊ အာယု ၀ဏ္ဏော သုခံ ဗလံ ။ ဟု
ဓမ္မပဒပါဠိတော်တွင် ဘုရားဟောတော်မူသည့်အတိုင်း မိမိထက် အသက်သိက္ခာ ဂုဏ်ဝါ ကြီးသူတို့အား ရှိခိုးခြင်းကြောင့် အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ စိတ်ချမ်းသာ ကိုယ်ချမ်းသာ ရှိခြင်း၊ ကိုယ်အား ဉာဏ်အား ကြီးမားခြင်း အကျိုးတရား လေးမျိုးကို မျက်မှောက်ဘ၀တွင်ပင် ရရှိနိုင်ပါသည်။

( တစ္ဆေခြောက်ခြင်း )
( မေး )။ ၁-စာရေးတံ ယူသောအရာ၌ ဧတဒဂ်ရ ရဟန္တာ၏ ဘွဲ့မည်တော်အမှန်ကို သိလိုပါသည်၊
ကုဏ္ဍဓာန-ဟူ၍၄င်း၊ ကောဋဓာန-ဟူ၍၄င်း နှစ်မျိုးတွေ့နေရပါသည်ဘုရား။
၂-တစ္ဆေခြောက်သည်၊ တစ္ဆေခြောက်ခံရသည်ဆိုသော အကြောင်းခြင်းရာကို ရှင်းပြပေးတော်မူပါရန်။
( မျိုးမမ-ရန်ကုန် )
( ဖြေ )။ ၁-စာရေးတံ ယူသောအရာ၌ ဧတဒဂ်ရ (ပထမ သလာကဂါဟက ဘွဲ့ထားရ) ရဟန္တာ၏ ဘွဲ့အမည်မှာ
အရှင်ကုဏ္ဍဓာန-ဖြစ်ပါသည်၊ ကောဋဓာန-ဟူသည်မှာ ပုံနှိပ်မှု၏ အမှား ဖြစ်စရာ ရှိပါ၏။
၂- ၀ိနိပါတပေတ (ပြိတ္တာ)များမှာ အလွန်ဆိုးဝါးသော အဆင်းရှိကြသည်၊
ယင်းတို့၏ အတ္တဘောကို တန်ခိုးဖြင့်၎င်း၊ ဆေးမြစ်စသည်တို့ဖြင့်၎င်း၊ ကွယ်၍ထားကြရသည်၊
တခါတရံ မိမိ၏ဘ၀ဟောင်းက မိတ်ဆွေများကို တွေ့လျှင် ငတ်မွတ်လှသဖြင့် အစားအစာတောင်းလို၍ (သို့မဟုတ်) ကုသိုလ်ပြုလုပ်ပြီး အမျှဝေစေလို၍ ကိုယ်ကို ဖော်ပြမိတတ်ကြသည်၊ ထိုအခါ ဆိုးဝါးသော အတ္တဘောကို တွေ့ရ၍ ခြောက်လှန့်သည်ဟု ထင်ရသည်။
( ပါဠိလို တဇ္ဇေ-(ခြောက်လှန့်)-ဖြစ်၍ တဇ္ဖေ-တစ္ဆေ-ဟု ခေါ်ဝေါ်ကြရာမှ တစ္ဆေ-ဟူသော ဝေါဟာရ ဖြစ်လာရသည်ဟု ဆိုသည်။)
သူတို့ကိုယ်တိုင်က ခြောက်ခြင်း၊ လှန့်ခြင်းလည်း အနည်းအပါး ရှိကောင်းရှိမည်၊ သို့သော် အများအားဖြင့် ဤသို့ အကူအညီတောင်းခြင်းမျိုးသာ ဖြစ်ရာ ခြောက်လှန့်သည်ဟု ဆိုကြသည်မှာ အလွန်သနားစရာပင် ကောင်းပေသည်၊ ထိုအခါမျိုးတွင် အခြောက်ခံရသူများက ကြောက်လန့် ထွက်ပြေးခြင်းမျိုးမလုပ်ပဲ ကုသိုလ်ကောင်းမှုကို အမျှဝေကြရန်၊ သို့မဟုတ်-ကုသိုလ်တခုခု ပြုပေးကြရန်သာ သင့်ပေသည်။

( ငါးပါးသီလနှင့် နေ့လွဲညစာ စသည် )
( မေး )။ ၁-ငါးပါးသီလ အကျိုးအပြစ်ကို သိလိုပါသည်ဘုရား။
၂-၀ိကာလဘောဇနာ စသော သိက္ခာပုဒ် ၃-ခု ကျိုးပျက်သော ဥပုသ်သည်၏ အပြစ်တို့ကိုလည်း သိလိုပါသည်ဘုရား။
( ဦးချစ်မောင်-ယင်းမာပင်၊ သာစည်မြို့နယ် )
(ဖြေ )။ ၁-ငါးပါးသီလကို စောင့်သုံးခြင်းကြောင့် အပါယ်ဘေးကင်း၍ သုဂတိလမ်းကြောင်းပွင့်ကာ နိဗ္ဗာန်အထိ အကျိုးရပါသည်။
ငါးပါးသီလပျက်စီးက ငါးပါးသီလစောင့်သုံးသူ၏ အကျိုးရရှိမှုနှင့် ဆန့်ကျင်ဘက် အပြစ်ရှိပါသည်-ဟု အကျဉ်းဆုံး ဖြေကြားအပ်ပါသည်။
၂-သီလသည် ၀ါရိတ္တသီလ, စာရိတ္တသီလ ဟု နှစ်မျိုးရှိသည်၊ ငါးပါးသီလသည် ၀ါရိတ္တသီလ၊ မစောင့်မနေရ အမြဲနိစ္စ စောင့်ရှေက်ြရသော သီလမျိုးဖြစ်သည်။
ပျက်လျှင် အပါယ်ငရဲကျရောက်နိုင်သည်။
အဗြဟ္မစရိယ, ၀ိကာလ ဘောဇန, နစ္စဂီတနှင့် ဥစ္စာသယန သိက္ခာပုဒ်တို့သည် စာရိတ္တသီလ, စောင့်နိုင်လျှင် ကုသိုလ်အထူးရရှိသည်။
ပျက်လျှင် အပါယ်ကျခြင်းစသော အပြစ်ကား မရှိပေ။
သို့သော် အပါယ်ငရဲ၌ ကျရောက်ဖြစ်ပွားရခြင်းဟူသော ပဋိသန္ဓေကျိုး မရှိ-ဟု ဆိုသော်လည်း ဥပေါသထသီလအဖြစ်ဖြင့် ခံယူဆောက်တည်ထားသဖြင့် ပ၀တ္တိကျိုး အနေဖြင့်ကား မကောင်းကျိုးများ ဖြစ်နိုင်သေးသည်ဟု ဆိုပါသည်။
ထို့ကြောင့် ဥပုသ်သည် ညစာစားခြင်းကြောင့် အပြစ်မရှိဟု မှတ်ယူကာ သိက္ခာပုဒ်များကို ပျက်စီးစေရန်မသင့်။
ဥပေါသထ မြတ်သီလကို ( တရက်တနေ့, ကျင့်သုံးလေ့က, မဝှေ့အာသဝေါ, ကြွေကျလျောသည်, သမ္ဗောဓိဉာဉ်, ရောက်အောင်ယှဉ်လော့ ) ကြောင်း ဘုရားဟောရှိပါသည်။
ဥပုသ်သီလသည် နိဗ္ဗာန်သို့ အမြန်ကူးရောက်နိုင်ကြောင်း သတိရှိကာ ကောင်းစွာဆောက်တည် စောင့်ရှောက်ကြ ပါရန် ဖြေကြားလိုက်ပါသည်။

( ရှင်ရာဟုလာ )
( မေး )။ မြတ်စွာဘုရား၏ သားတော် ရှင်ရာဟုလာသည် မယ်တော်က ဘုရားထံ အမွေတောင်းခိုင်း၍ အမွေတောင်းရာ သာသနာ့အမွေကို ပေးလိုက်သည်-ဟု သိရပါသည်၊ နောက် ရဟန်းဖြစ်ပါသလားဘုရား။
( ဦးကေသရ-တောရကျောင်း၊ ထုံးအိုင် )
( ဖြေ )။ ရှင်ရာဟုလာသည် ရဟန်းဖြစ်ရုံမျှမက ရဟန္တာအဖြစ်သို့ ရောက်ခဲ့ပါသည်။
သက်တော် ၄၀-မပြည့်မီ အရွယ်တော်ငယ်ငယ်ဖြင့်ပင် တာဝတိံသာနတ်ပြည်၌ ပရိနိဗ္ဗာန် ပြုတော်မူသွားကြောင်း သိရပါသည်။

( ဇိနံ ၀န္ဒထ ဂါထာ )
( မေး )။ ဇိနံ ၀န္ဒထ ဂေါတမံ ၊ ဇိနံ ၀န္ဒာမံ ဂေါတမံ ၊ ၀ိဇ္ဇာ စရဏသမ္ပန္နံ ၊ ဗုဒ္ဓံ ၀န္ဒာမ ဂေါတမံ ။
၎င်းဂါထာကို အနက်ပြန်ပေးတော်မူ၍ အဘယ်မှလာသော ဂါထာဖြစ်ပြီး ရါတ်ဆိုပါက အဘယ်အကျိုးကို ခံစားရကြောင်း ညွှန်ကြားတော်မူပါဘုရား။
( မောင်ချစ်ဝေ-ကောလင်း )
( ဖြေ )။ ဇိနံ-မာရ်ငါးပါးကို အောင်မြင်တော်မူသော၊
ဂေါတမံ-ဂေါတမမည်ငြား မြတ်စွာဘုရားကို၊ (တုမှေ-သင်တို့သည်)၊
ဝန္ဒထ-ရှိခိုးကြပါကုန်လော့။
ဇိနံ-မာရ်ငါးပါးကို အောင်မြင်တော်မူသော၊ ဂေါတမံ-ဂေါတမ မည်ငြား မြတ်စွာဘုရားကို၊ (မယံ-ငါတို့သည်)၊
ဝန္ဒာမ-ရှိခိုးကြပါကုန်၏။
ဝိဇ္ဇာစရဏသမ္ပန္နံ-၀ိဇ္ဇာသုံးပါး စရဏတရား တဆယ့်ငါးပါးနှင့် ပြည့်စုံတော်မူသော၊
ဂေါတမံ-ဂေါတမဟူသော အမည်တော်ရှိတော်မသည့်၊ ဗုဒ္ဓံ-မြတ်စွာဘုရားကို၊ (မယံ-ငါတို့သည်)၊
ဝန္ဒာမ-ရှိခိုးပါကုန်၏။
၎င်းဂါထာမှာ ဝေဿ၀ဏ် နတ်မင်းကြီးက မြတ်စွာဘုရားအား တောနေတပည့်များ ရွတ်ဆိုကြရန် လျှောက်ထား ပေးအပ်ခဲ့သည့် မဟာအာဋာနာဋိယသုတ်တော်လာ ဂါထာဖြစ်သည်၊ ရွတ်ဆိုလျှင် နတ်ဆိုး နတ်ဝါးများ မနှိပ်စက်နိုင်ဘဲ နတ်ကောင်း နတ်မြတ်များ၏ မ,စ စောင့်ရှောက်မှုကို ခံရသော အကျိုးကို ခံစားရပါသည်။

( မိကျောင်း လျှာ မရှိ )
( မေး )။ ကာမဘုံသား မှန်လျှင် ၀တ္ထုရုပ် ၆-ပါးလုံး ရကောင်းပါလျက် ကာမဘုံသားဖြစ်သော မိကျောင်း၌ လျှာ-မရှိဟူသော စကားကို ရှင်းလင်းစွာ သိလိုပါသည်ဘုရား။
( ရှင်ဣန္ဒယသက္က-မဟာဂန္ဓာရုံတိုက်၊ ပလိပ်မြို့ )
( ဖြေ )။ ယင်းပြဿနာကို ဖြေရာ၌ ထင်ရှားလှသော ( ကျမ်းထွက်လျှာစုံ, ကာမဘုံ, ငါးဘုံ ဘယ်ကြောင့် ချို့သနည်း)ဟူသော စွယ်စုံကျော်ထင် ပုစ္ဆာအဖြေကို အောက်တွင် ဖော်ပြလိုက်ပါသည်။
( အရသာကို ခံစားတတ်သော ဇိဝှါဝိညာဉ်ရှိသော ကာမဘုံသား သတ္တ၀ါမျိုးဖြစ်လျှင် ဇိဝှါပသာဒ ဇိဝှါရုပ် အစုံတို့သည် ငါး ( မိကျောင်းတို့ )၌ အဘယ့်ကြောင့် ချို့လေသနည်း-ဟူမူ
စက္ခု၏ ချို့ခြင်း
သောတ၏ ချို့ခြင်း
ဃာန၏ ချို့ခြင်း
ဇိဝှါ၏ ချို့ခြင်းတို့သည် ရှေး မိမိပြုသော မကောင်းမှုကံကြောင့် ဖြစ်သည်ဟု သုတ်အဘိဓမ္မာ အဋ္ဌကထာတို့၌ လာသောကြောင့် ငါး မိကျောင်း သတ္တ၀ါတို့၌ ဇိဝှါ၏ ချို့ခြင်းသည်လည်း ရှေးက ဇိဝှါမရထိုက်အောင် ပြုခဲ့ဖူးသော မကောင်းမှုကံကြောင့် ဖြစ်သည်ဟု မှတ်အပ်၏။
မကောင်းမှုကံကြောင့်ချို့လျှင် တဦး နှစ်ဦးသော သတ္တ၀ါ၌သော်၎င်း၊ အချို့အချို့သော သတ္တ၀ါတို့၌သော်၎င်း ချို့ရာ၏၊ အလုံးစုံသော ငါး မိကျောင်းတို့ မချို့သင့်တကား-ဟူငြားအံ့ အကြောင်းဖြစ်သော ဒုစရိုက်ပင် မတူငြားသော်လည်း အကျိုးခံ တူထိုက်သော ဂတိဖြစ်၍ အလုံးစုံ ချို့သင့်၏-ဟူပေ။
မကောင်းမှု အကုသိုလ်ကံကိုပြုမှု ဒုစရိချင်း မတူငြားသော်လည်း ပြိတ္တာဘုံ (ပေတဂတိ) သို့ ရောက်ကြရလျှင် အမြဲနိစ္စ ဆာလောင် ငတ်မွတ်ရမှုချင်း တူရသကဲ့သို့ မှတ်သားသင့်ပါသည်။

( မနုဿီဟ ရုပ်တု )
( မေး )။ စေတီ ပုထိုးများရှေ့တွင် ခြင်္သေ့ရုပ် တွေ့ရသကဲ့သို့ အချို့နေရာများတွင် မနုဿီဟ ရုပ်တုကြီးများ တွေ့ရပါသည်၊ ဘာကိုရည်ရွယ်ပါသလဲ၊ ဤကဲ့သို့ သတ္တ၀ါများ မည်သည့်ရာစုနှစ်က ပေါ်ပေါက်ဖူးခဲ့ပါသလဲ သိလိုပါသည်ဘုရား။
( မတင်ရီ-ချောင်းဦးမြို့ )
( ဖြေ )။ သာသနာနှစ် ၂၃၅-ခုနှစ် (ဘီစီ ၃-ရာစုအတွင်း) သုဝဏ္ဏဘူမိ (မြန်မာနိုင်ငံ အောက်ပိုင်း သထုံပြည်) သို့ ရှင်သောဏ, ရှင်ဥတ္တရတို့ သာသနာပြုရောက်စဉ် သုဝဏ္ဏဘူမိ ဘုရင့်နန်းတော်၌ သားတော်တပါး ဖွားမြင်ရာ ရက္ခိုသ် (ရေဘီလူး)များ လာရောက် အန္တရာယ်ပြုသဖြင့် ရှင်သောဏ, ရှင်ဥတ္တရ ရဟန္တာအရှင်မြတ်တို့က ထိုရက္ခိုသ်တို့ထက် နှစ်ဆကြီး၍ ခေါင်းတလုံး ကိုယ်နှစ်ခု (ဘီလူးခေါင်းနှင့် ခြင်္သေ့ကိုယ်) ရှိသော သတ္တ၀ါပုံသဏ္ဍာန် ဖန်ဆင်း၍ ပြကြောင်း၊ ထိုအခါ ရက္ခိုသ်များ ပင်လယ်တံင်းသို့ ဆင်း၍ ထွက်ပြေးသွားကြကြောင်း ထိုမှနောက်၌ ယင်းရက္ခိုသ်များဘေးမှ ကင်းဝေရန် သုဝဏ္ဏဘူမိ တောင်ထိပ်တွင် မနုဿီဟ ရုပ်တုပြုလုပ်ထားကြောင်း သာသနာလင်္ကာရ စာတမ်းကျမ်းတွင် ပါရှိသည်၊ ထိုအချိန်မှစ၍ အန္တရာယ်ကင်းရန် ဤမနုဿီဟ ရုပ်တုများကို ခြင်္သေ့ရုပ်တုများပမာ အချို့သော ဘုရားစေတီများ၌ ထုလုပ်ထားရှိခဲ့ပါသည်။ ဤပုံမျိုး သတ္တ၀ါ မရှိ၊ ရဟန္တာများ ဖန်ဆင်းပြသသော ပုံများသာဖြစ်ကြောင်း မှတ်သားသင့်ပါသည်။
(စာတွင် ဘီလူးခေါင်းဟု ဆိုသော်လည်း ဤခေတ်တွင် နတ်ခေါင်းပုံလုပ်၍ ရှေ့ပိုင်း-လူ၊ နောက်ပိုင်း-ခြင်္သေ့-ဟု သမုတ်ကာ မနုသီဟ-မနုဿီဟ-ဟု ခေါ်ကြလေသည်။)
( မြတ်မင်္ဂလာ ၁၉၉၀-ဒီဇင်္ဘာ )

ကျင့်စရာများလွန်း၍ စိတ်ပျက်သော ရဟန်း
သာဝတ္ထိမြို့၌ သူဌေးသားတယောက်သည် သာသနာ့ဘောင်ဝင်လို၍ အဘိဓမ္မာဆောင် ရဟန်းကို နိဿယည်းဆရာပြုလုပ်၍ ၀ိနည်းဓိုရ်ရဟန်းကို ဥပဇ္ဈာယ်ပြုကာ ရဟန်းပြု၏။
ဆရာဥပဇ္ဈာယ်တို့က သုတ် အဘိဓမ္မာ ၀ိနည်းဆိုင်ရာ ကျင့်ရေးကျင့်ရာများကို သင်ကြားပေး၏။
ကြားရဖန်များသောအခါ စိတ်ရှုပ်လာ၏၊ ငါကား ဒုက္ခလွတ်လို၍ ရဟန်းပြုခဲ့သည်၊ ဤမျှ များပြားသော ကျင့်စဉ်များအကြားတွင် အနေကျဉ်းကျပ်လှ၏၊ လူထွက်တော့မည်ဟု ကြံစည်မိ၏၊ မြတ်စွာဘုရား သိတော်မူရာ ထိုရဟန်းကို မေး၏
ရဟန်း-သင်သည် တခုတည်းသောတရားဆိုလျှင် ကျင့်နိုင်ပါမည်လော?
အရှင်ဘုရား တခုတည်းကိုကား ကောင်းစွာကျင့်နိုင်ပါသည်။
သို့ဖြစ်လျှင် သင်၏ စိတ်တခုတည်းကိုသာ စောင့်ထိန်းပြီး လုံခြုံစေလော့-ဟု မိန့်ကြားတော်မူပြီးလျှင် ထိုရဟန်းအား အောက်ပါအတိုင်း ဟောကြားတော်မူလေသည်။
( ပါဠိ )
သုဒုဒ္ဒသံ သုနိပုဏံ ၊ ယတ္ထကာမ နိပါတိနံ ။
စိတ္တံ ရက္ခေထ မေဓာဝီ ၊ စိတ္တံ ဂုတ္တံ သုခါဝဟံ ။
( မြန်မာပြန် )
စိတ်ကို မြင်တွေ့ရန် ခဲယဉ်းလှ၏၊ အလွန်သိမ်မွေ့၏၊ ကြုံတွေ့ရာ ကာမဂုဏ်၌ ကျရောက်တတ်၏၊
ပည်ာရှိသည် စိတ်ကို စောင့်ထိန်းရာ၏၊ စောင့်၍ လုံခြုံသောစိတ်သည် ချမ်းသာခြင်းကို ဖြစ်စေ၏။
( ဆောင်ပုဒ် )
သိမ်မွေ့နက်နဲ, မြင်ရန်ခဲသည့်, ပျံထွက်ပြေးနေ, စိတ်လေပွေကား,
ထွေရာအာရုံ, ကြုံရာကျရောက်, ကောင်းကျိုးပျောက်၏။
စောင့်ရှောက်အာရုံ, စိတ်လုံခြုံမှ, လုံခြုံစိတ်မှာ, ကောင်းကျိုးဖြာ၏။
( ဓမ္မပဒ-စိတ္တ၀ဂ် အညတရ ဥက္ကဏ္ဍိတ ဘိက္ခု ၀တ္ထု )

ကြည်ညိုလေးစား ဆရာတော်ကြီးများ၏ သြ၀ါဒကထာ ( ၈ )
( သိဒ္ဓိမင်္ဂလာ ဂါထာ )
နတ္ထိ မေ သရဏံ အညံ ၊ ဗုဒ္ဓေါ မေ သရဏံ ၀ရံ ။
ဧတေန သစ္စ၀ဇ္ဇေန ၊ ဟောတု မေ သိဒ္ဓ်မင်္ဂလံ ။
နတ္ထိ မေ သရဏံ အညံ ၊ ဓမ္မော မေ သရဏံ ၀ရံ ။
ဧတေန သစ္စ၀ဇ္ဇေန ၊ ဟောတု မေ သိဒ္ဓ်မင်္ဂလံ ။
နတ္ထိ မေ သရဏံ အညံ ၊ သံဃော မေ သရဏံ ၀ရံ ။
ဧတေန သစ္စ၀ဇ္ဇေန ၊ ဟောတု မေ သိဒ္ဓ်မင်္ဂလံ ။
( ဘာသာပြန် )
ငါ့အား ဘုရားမှတပါး အခြားကိုးကွယ်ရာ မရှိပြီ။
ဘုရားသည် ငါ့အား မြတ်သောကိုးကွယ်ရာ ဖြစ်၏။
ဤဆိုအပ်သော သစ္စာစကားကြောင့် ငါ့အား ပြီးစီးအောင်မြင်ကြောင်းမင်္ဂလာ ဖြစ်ပါစေ။
ငါ့အား တရားတော်မှတပါး အခြားကိုးကွယ်ရာ မရှိပြီ။
တရားတော်သည် ငါ့အား မြတ်သောကိုးကွယ်ရာ ဖြစ်၏။

ငါ့အား သံဃာတော်မှတပါး အခြားကိုးကွယ်ရာ မရှိပြီ။
သံဃာတော်သည် ငါ့အား မြတ်သောကိုးကွယ်ရာ ဖြစ်၏။
ဤဆိုအပ်သော သစ္စာစကားကြောင့် ငါ့အား ပြီးစီးအောင်မြင်ကြောင်းမင်္ဂလာ ဖြစ်ပါစေ။
*********************************************************************************
( ဣစ္ဆာသယ လေးဂါထာ )
၁။ ဣဒ္ဓိ ဗုဒ္ဓေဟိ သရဏံ၊ သဗ္ဗေ ဒေဝေါ ပိယံ မမ။
၂။ ဣဒ္ဓိ ဓမ္မေဟိ သရဏံ၊ သဗ္ဗေ စတုရာဇာ ပိယံ မမ။
၃။ ဣဒ္ဓိ သံဃေဟိ သရဏံ၊ သဗ္ဗေ ဣတ္ထိပုရိသာ ပိယံ မမ။
၎။ သဗ္ဗေ အန္တရာယာပိ၊ ၀ိနဿန္တု အသေသတော ။
( ဘာသာပြန် )
၁။ တန်ခိုးဂုဏ်တော်နှင့် ပြည့်စုံတော်မူသော ဘုရားရှင်တို့အား ကိုးကွယ်ခြင်းကို ပြုပါ၏။
လုံးစုံများစွာ နတ်ဒေ၀ါတို့သည် ငါ့အား ချစ်မြတ်နိုးခြင်းကို ပြုနိုင်ကြပါစေ။
၂။ တန်ခိုးဂုဏ်တော်နှင့် ပြည့်စုံတော်မူသော တရားတော်တို့အား ကိုးကွယ်ခြင်းကို ပြုပါ၏။
လုံးစုံများစွာ နတ်မင်းကြီးလေးပါး ရာဇာတို့သည် ငါ့အား ချစ်မြတ်နိုးခြင်းကို ပြုနိုင်ကြပါစေ။
၃။ တန်ခိုးဂုဏ်တော်နှင့် ပြည့်စုံတော်မူသော သံဃာတော်တို့အား ကိုးကွယ်ခြင်းကို ပြုပါ၏။
လုံးစုံများစွာ မိန်းမယောက်ျားတကာတို့သည် ငါ့အား ချစ်မြတ်နိုးခြင်းကို ပြုနိုင်ကြပါစေ။
၎။ လုံးစုံများစွာ ဘေးရန် အဖြာဖြာတို့သည် အကြွင်းမရှိ ပျောက်ကင်းနိုင်ကြပါစေ။
( တောင်လေးလုံး ဆရာတော်ကြီး )

လူကြီးသူမကို ရိုသေ၍ အသက်ရှည်သည်
မြတ်စွာဘုရား ဒီဃလင်္ဃိယမြို့ တောကျောင်းဝယ် သီတင်းသုံးတော်မူစဉ် ယင်းမြို့မှ ပုဏ္ဏားလင်မယားသည် သားငယ်နှင့်အတူ ဘုရားရှင်ထံလာ၍ ကန်တော့၏၊ ပစ္ဏားလင်မယားအား အသက်ရှည်စေ-ဟု ဆုပေးသော်လည်း
သူငယ်က ကန်တော့သည့်အခါ ဆိတ်ဆိတ်နေ၏၊ ပုဏ္ဏားက မေးလျှောက်သော် သူငယ်အား အန္တရာယ်ရှိ၏၊ ခုနစ်ရက်သာ အသက်ရှည်အံ့ဟု မိန့်တော်မူ၏၊ တားမြစ်နိုင်သောအကြောင်းကို မိန့်တော်မူပါဟု ဆိုလျှင် သူငယ်ကို အလယ်က,ထား၍ ရဟန်းတို့ဝန်းရံလျက် ခုနစ်ရက်ပတ်လုံး ပရိတ်ရွတ်သော် တားမြစ်နိုင်၏-ဟု မိန့်တော်မူသည်၊ ပုဏ္ဏားလည်း မိန့်တော်မူတိုင်း ဆောင်ရွက်၏၊ ရှစ်ရက်မြောက်သောနေ့၌ ဘုရားရှင်ကို ရှစ်ခိုးစေသော် အသက်တရာ့နှစ်ဆယ် ရှည်လတံ့-ဟု မိန့်တော်မူ၏၊ ဘုရားရှင်၏ပရိတ်တော်ကို နာရ၍ အသက်ရှည်ရ၏၊ အခြား အသက်ရှည်ခြင်းလည်း ရှိပါသေးသလော-ဟု ရဟန်းတို့လျှောက်ကြရာ အောက်ပါအတိုင်း ဟောညွှန်တော်မူလေသည်။
အဘိဝါဒန သီလိဿ ၊ နိစ္စံ ၀ုဍ္ဎာ ပစာယိနော ။
စတ္တာရော ဓမ္မာ ၀ဍ္ဎန္တိ ၊ အာယု ၀ဏ္ဏော သုခံ ဗလံ ။
အမြဲရှိခိုးလေ့ရှိ၍ မိမိထက် ဂုဏ်, အသက်, သိက္ခာအားဖြင့် ကြီးသောသူတို့၌ အရိုအသေ ပြုလေ့ရှိသူအား အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာခြင်း၊ ခွန်အားကြီးခြင်း-ဟူသော အကျိုးထူးတရား လေးပါးတို့သည် တိုးပွားကုန်၏။
( လင်္ကာ )
မိမိတို့ထက်, အသက်သိက္ခာ, ဂုဏ်ဝါကြီးမား, ပုဂ္ဂိုလ်များကို, ဆောင်ရွက်လေက, ရုပ်ရေလှပ, သက်ရှည်ရလျက်, သုခလှိုင်ဖြီး, အားအင်ကြီး၏။
( ဓမ္မပဒ-သဟဿဝဂ် အာယုဝဍ္ဎန ကုမာရ ၀တ္ထု )

Friday, November 21, 2008
သိဒ္ဓတ္ထမင်းသား အလောင်းတော်၏ စေတီတော်
( က ) တာဝတိံသာနတ်ပြည်၌ စူဠာမဏိ စေတီတော်။
( ခ ) အကနိဋ္ဌဗြဟ္မာပြည်၌ ဒုဿစေတီတော် ဟူ၍ နှစ်ဆူ ရှိပေသည်။
( က ) တာဝတိံသာနတ်ပြည်၌ စူဠာမဏိ စေတီတော် တည်ရှိပုံမှာ သိဒ္ဓတ္ထမင်းသား ဘုရားအလောင်းတော်သည် မင်းသားငယ်၏ မင်းစည်းစိမ် (၁၆)နှစ်၊ မင်းကြီး၏ မင်းစည်းစိမ်ကို (၁၃)နှစ် စံစားပြီး၍ သက်တော် (၂၉)နှစ်တွင် သူအို သူနာ သူသေ ရဟန်း-ဟူသော နိမိတ်ကြီးလေးပါးကို မြင်တော်မူ၍ ညဥ့်သန်းခေါင်ယံ အချိန်တွင် တောထွက်တော်မူခဲ့လေသည်၊ အနောမာမြစ် တဘက်ကမ်းသို့ ရောက်သောအခါ ရဟန်းပြုရန်အတွက် ဆံထုံးတော်ကို သံလျက်ဓားဖြင့် ဖြတ်၍ မကိုဋ်နှင့်တကွ ဆံထုံးတော်ကို အဓိဋ္ဌာန်ုပြုကာ ကောင်းကင်သို့ မြှောက်တင်လိုက်လေ၏။
မိမိသည် စင်စစ်ဧကန် ဘုရားဖြစ်မည့်သူ မှန်ခဲ့ပါလျှင် မကိုဋ်နှင့်တကွ ဆံထုံးတော်သည် ကောင်းကင်၌ ချိတ်ဆွဲထားသကဲ့သို့ တည်ပါစေ၊
ဘုရားဖြစ်နိုင်သူ မဟုတ်ပါက မြေပြင်သို့ ပြန်ကျလာပါစေ-ဟု အဓိဋ္ဌာန်ပြုကာ မြှောက်တင်လိုက်ရာ တယူဇနာခန့်မြင့်သော ကောင်းကင်၌ တည်နေလေ၏။
သိကြားမင်းသည် နတ်တို့မျက်စိ (ဒိဗ္ဗစက္ခု) ဖြင့် မြင်၍ မကိုဋ်နှင့်တကွ ဆံထုံးတော်ကို ရွှေပန်းတောင်းဖြင့် ဆောင်ယူကာ တာဝတိံသာနတ်ပြည်၌ မကိုဋ်တော်နှင့်တကွ ဆံထုံးတော်ကို ဌာပနာသွင်းကာ အလွန်နှစ်သက်ဖွယ်ရာ ကောင်းလှသော ရတနာ (၇)ပါးတို့ဖြင့် ခြယ်စီကာ စေတီတော်ကို တည်ထားလေ၏။
စေတီတော်၏ ဉာဏ်တော်အမြင့် ပမာဏမှာ (၃)ယူဇနာ မြင့်ပေသည်၊ တယူဇနာလျှင် (၈)မိုင်နှုန်းဖြင့် တိုင်းတာခဲ့သော် (၂၄)မိုင် ဉာဏ်တော်မြင့်ပေသည်၊ မကိုဋ်တော်နှင့်တကွ ဆံထုံးတော်ကို ဌာပနာ ထည့်သွင်းထားသောကြောင့် စူဠာမဏိ-စေတီ-ဟု ခေါ်ကြပေသည်။
( ဆောင်ပုဒ်။ )
စူဠာမဏိ, အမည်ရှိ, တည်ဘိဝတိံသာ၊
ဉာဏ်တော်ပမာ, သုံးယူဇနာ, မှန်စွာမြင့်ပေတာ ။
( ခ) အကနိဋ္ဌဗြဟ္မာပြည်၌ ဒုဿစေတီတော် တည်ရှိနေပုံမှာ-ကဿပမြတ်စွာဘုရားလက်ထက်တော်အခါက သိဒ္ဓတ္ထမင်းသား ဘုရားအလောင်းတော်နှင့် အလွန်ချစ်ခင်ရင်းနှီးသော ဃဋိကာရဗြဟ္မာကြီးသည် သိဒ္ဓတ္ထ မင်းသား ဘုရားအလောင်းတော် ဆံထုံးကိုဖြတ်၍ ရဟန်းပြုတော့မည့် အဖြစ်ကို မြင်သောကြောင့် တိစီဝရိတ် (သင်္ကန်းသုံးထည်) သပိတ်၊ ဓား၊ အပ်နှင့် အပ်ချည်၊ ခါးပန်း၊ ရေစစ်-ဟူသော ပရိက္ခရာ ရှစ်ပါးကို ယူဆောင်လာ၍ ဘုရားအလောင်းတော်အား ဆက်ကပ်လှူဒါန်းလေ၏၊ အလောင်းတော်သည် ၀တ်လဲတော် ပုဆိုးကိုချွတ်၍ ပရိက္ခရာရှစ်ပါးကို နေရာတကျ ကြည်ညိုဖွယ်ဖြစ်အောင် ၀တ်ရုံလိုက်လေ၏။
( ဆောင်ပုဒ်)
တိစီဝရိတ်, သပိတ်-ဓား-အပ်, ခါးပန်း-ရေစစ်, ရှစ်ခုဖြစ်, စင်စစ် ပရိက္ခရာ ။
ဃဋိကာရဗြဟ္မာကြီးသည် အလောင်းတော်၏ ၀တ်လဲတော်ပုဆိုးကို ယူဆောင်၍ ရူပါဝစရဗြဟ္မာပြည်တွင် အမြင့်ဆုံး အကနိဋ္ဌဗြဟ္မာဘုံ၌ ၀တ်လဲတော်ပုဆိုးကို ဌာပနာသွင်း၍ အလွန်နှစ်သက်စရာကောင်းသော ရတနာတို့ဖြင့် ခြယ်စီကာ စေတီတော်ကို တည်ထားလေ၏၊ စေတီတော်၏ ဉာဏ်တော်ပမာဏမှာ (၁၂)ယူဇနာ မြင့်ပေသည်၊ တယူဇနာ (၈)မိုင်နှုန်းဖြင့် တိုင်းတာခဲ့သော် (၉၆)မိုင် ဉာဏ်တော်အမြင့် ရှိပေသည်၊ ၀တ်လဲတော်ပုဆိုးကို ဌာပနာသွင်း၍ ထားသောကြောင့် ဒုဿစေတီ-ဟု ခေါ်ကြပေသည်။
( ဆောင်ပုဒ် )
ဒုဿမည်ရှိ, စေတီ၏, တည်ရှိကနိဋ္ဌာ ။
ဉာဏ်တော်ပမာ, ဆယ့်နှစ်ယူဇနာ, မှန်စွာမြင့်ပေတာ ။
လူ့ပြည်၌ရှိသော စေတီ ၃-မျိုး
၁။ မြတ်စွာဘုရား၏ သွားတော်, စွယ်တော်, ဆံတော် စသည်များသည် သာရီရိကစေတီ မည်၏။
၂။ မြတ်စွာဘုရား၏ အသုံးအဆောင်ဖြစ်သော ကျောင်းတော်, ပလ္လင်တော်, သလွန်တော်, ဗောဓိပင်, ပရိက္ခရာ
စသည်များသည် ပရိဘောဂစေတီ မည်၏။
၃။ မြတ်စွာဘုရား၏ ကိုယ်စား ပြုလုပ်ထားသော ကျောက်ဆင်းတု, ကြေးဆင်းတု, စသော ရုပ်ပွားတော်များသည်
ဥဒ္ဒိဿကစေတီ မည်၏။
တနည်း စေတီ ၅-မျိုး
၁။ မြတ်စွာဘုရား၏ အသုံးအဆောင် ပရိက္ခရာများကို ဌပနာသွင်း၍ တည်ထားသော စေတီသည် ပရိဘောဂ စေတီမည်၏။
၂။ မြတ်စွာဘုရား၏ ကိုယ်စား ပြုလုပ်ထားသော ကျောက်ဆင်းတု ကြေးဆင်းတု စသော ရုပ်ပွားတော်များသည် ဥဒ္ဒိဿကစေတီမည်၏။
၃။ မြတ်စွာဘုရား၏ သွားတော် စွာ်တော် ဆံတော်စသည်များကို ဌာပနာသွင်း၍ တည်ထားသော စေတီသည် ဓာတုစေတီမည်၏။
၎။ မြတ်စွာဘုရား ဟောကြားတော်မူသော ပဋိစ္စသမုပ္ပါဒ် တရားတော်, ဓမ္မစကြာတရားတော် စသည်များကို ကြေးပြား ရွှေပြား စသည်တို့၌ ရေးသားကာ ဌာပနာသွင်း၍ တည်ထားသော စေတီသည် ဓမ္မစေတီမည်၏။
၅။ ကျောက်တုံး ကျောက်ဖျာ စသည်များ၌ မြတ်စွာဘုရား နင်းချတော်မူထေားသော ခြေတော်ရာများသည် ပါဒစေတီမည်၏။
ဤစေတီ ၃-မျိုး၊ စေတီ ၅-မျိုးတို့သည် လူ့ပြည်၌ ရှိနေကြပေသည်။

Thursday, November 20, 2008
ဝိပတ္တိ နှင့် သမ္ပတ္တိ
လောကသားတို့၏ စီးပွားဥစ္စာအင်အား ရာထူးဂုဏ်သိရ် အဆင့်အတန်း ချမ်းသာပျော်ရွှင်မှု အခြေအနေများသည် ၀ိပတ္တိ-သမ္ပတ္တိတရားများနှင့် များစွာဆက်သွာနေကြသည်၊
ဝိပတ္တိ-ဆိုသည်မှာ မကောင်းခြင်း၊ မပြည့်စုံခြင်းပင် ဖြစ်၏။
ထိုဝိပတ္တိတရားတွင် ဂတိဝိပတ္တိ ကာလ၀ိပတ္တိ ဥပဓိဝိပတ္တိ ပယောဂ၀ိပတ္တိ-ဟူ၍ လေးမျိုးရှိရာ ၀ိပတ္တိတပါးနှင့်ကြုံလျှင် တပါးအလိုက်၊ နှစ်ပါးကြုံလျှင် နှစ်ပါးအလိုက်၊ သုံးပါး လေးပါးကြုံလျှင် သုံးပါး လေးပါးအလိုက် မကောင်းကံ အကျိုးပေးခွင့်ရ၍ မကောင်းကျိုးကို ခံစားရဖွယ်ရှိသည်။
ပြည်စုံခြင်း ကောင်းစွာပြီးစီးခြင်းကို သမ္ပတ္တိ-ဟုခေါ်၏၊ ထိုသမ္ပတ္တိသည်လည်း ဂတိသမ္ပတ္တိ, ကာလသမ္ပတ္တိ, ဥပဓိသမ္ပတ္တိ, ပယောဂသမ္ပတ္တိ-ဟူ၍ ၄-မျိုးပင်ရှိ၏၊
သမ္ပတ္တိတမျိုးနှင့်ကြုံလျှင် ထိုတမျိုးအတွက် ကောင်းသောကံသည် အကျိုးပေးခွင့်ရ၍ ကောင်းကျိုးကိုပေး၏။ ၂-မျိုး ၃-မျိုး ၄-မျိုး ပြည့်စုံနေလျှင် ထိုပြည့်စုံသလောက် ကောင်းသောကံသည် အကျိုးပေးခွင့်ရ၍ ကောင်းကျိုးကို ပေးလေသည်။
ဂတိ ၅-မျိုးတွင် ငရဲ, တိရစ္ဆာန်, ပြိတ္တာဘ၀ကို ဂတိဝိပတ္တိ-ဟုခေါ်သည်။
ထိုဘ၀သို့ရောက်ရသော သတ္တ၀ါ၌ ရှေးကုသိုလ်ကံတွေ မည်မျှပင်များပြားသော်လည်း ထိုကုသိုလ်ကံများက အကျိုးပေးခွင့်ကို မရနိုင်ပေ။ အကုသိုလ်ကံတွေကသာ အကျိုးပေးခွင့်သာနေသည်၊။
တိရစ္ဆာန်ဘ၀တမျိုးကို ကြည့်လျှင်ပင် ဤအချက်ကို ထင်ရှားတွေ့မြင်နိုင်ပေသည်၊
တိရစ္ဆာန်တို့သည် နိုင်ရာနိုင်ရာ စားသောက်ကြ၏၊ လူတို့၏သတ်ဖြတ်ခြင်းခံရ၏၊ နွား မြင်းဖြစ်ပြီး လူနှင့်ဆက်စပ်နေပါက တသက်လုံး လူ၏အခိုင်းကို ခံရ၏၊ မနိုင်သောဝန်ကိုပင် ရိုက်နှက်၍ ထမ်းဆောင်စေကြ၏၊ ရာသီဥတုဒဏ်ကိုလည်း ဆင်းရဲပင်ပန်းစွာ ခံကြရသည်၊ အစိမ်း သရဲ တစ္ဆေ ပြိတ္တာဘ၀တို့၏ ဆင်းရဲဒုက္ခကို တွေးမြော်ကြည့်ကြပါလေ။
ဂတိ ၅-ပါးတွင်လူ့ဘ၀ နတ်ဘ၀ကို ဂတိသမ္ပတ္တိ-ဟုခေါ်သည်၊ ဂတိသမ္ပတ္တိ ဆိုက်နေသူကား ရှေးရှေးက အကုသိုလ်ကံတွေ ပါရှိနေသော်လည်း ထိုအကုသိုလ်ကံတို့ များများအကျိုးပေးခွင့်မရ။
ကုသိုလ်ကံတွေကသာ များစွာအကျိုးပေးခွင့်ရ၍ ကောင်းကျိုးကို ပေးလေသည်။
ကာလ၀ိတ္တိဟူသည်ကား စစ်ဖြစ်နေသောအခါမျိုး, တိုင်းပြည်မငြိမ်မသက် ဖြစ်နေသောအခါမျိုး, အုပ်ချုပ်ရေး ပျက်ပြားနေသောအခါမျိုး ဖြစ်သည်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်း၌ လူတန်းစားအားလုံး ကောင်းကောင်းမနေရ၊ ကောင်းကောင်းမစားရ၊ အလုပ်အကိုင် ပျက်စီးကြလေသည်။
ကာလသမ္ပတ္တိ-ဟူသည် ဘေးမျိုးစုံကင်းသော အချိန်ဖြစ်သည်၊ ထိုအချိန်မျိုးတွင် လူများ အေးချမ်းသာယာကြသည်၊ အဆင့်အတန်းအလျှောက် အကျိုးကိုပြည့်စုံအောင် ခံစားခွင့်ရကြသည်။
ဥပဓိဝိပတ္တိကားရုပ်အဆင်းမလှခြင်း, မလှရုံမက အရုပ်ဆိုး အကျည်းတန်ဖြစ်ရခြင်း, ထိုမျှမက မျက်စိ နား နှာ အင်္ဂါ ခြေလက် ချို့ယွင်းလာခြင်းများ ဖြစ်သည်။ ထိုဥပဓိဝိပတ္တိကြောင့်ပင် ပညာရှာရေး, အလုပ်အကိုင်ရှာရေး, အိမ်ထောင်ဖက် ရွေးရေး, စသည်များတွင် အဆင်မပြေဖြစ်ဖို့များသည်။ ဆင်းရဲပင်ပန်းကြရမည်၊ အရပ်အမောင်း ကိုယ်လုံးကောင်းလျက် မျက်စိ, နား, နှာ လက်ခြေ အသားအရေစသည် အချိုးကျသောသူကား ဥပဓိသမ္ပတ္တိ ပြည့်စုံသူဖြစ်၍ ကုသိုလ်ကံများ အကျိုးပေးခွင့် သာကြသည်။
အလားတူပင် ပယောဂ၀ိပတ္တိ, ပယောဂသမ္ပတ္တိ ဘ၀မျိုးကို စဉ်းစားဉာဏ်ဖြင့် အကျယ်သိမြင်ကြပါလေ။

အကဲ့ရဲ့ မလွတ်သော လောက
မြတ်စွာဘုရားသခင် ဇေတ၀န်ကျောင်းတော်တွင် သီတင်းသုံးတော်မူစဉ် တနေပ၌ အတုလဥပါသကာ ခေါင်းဆောင်သော သူ၏အပေါင်းအဖော် ငါးရာတို့သည် တရားနာရန် ရောက်လာကြ၏။
ရှေးဦးစွာ ရှင်ရေ၀တ-ထံ ချဉ်းကပ်ကြ၏၊ ရှင်ရေ၀တ-သည် အနည်းငယ် နှုတ်ဆက်စကားပြောပြီး တိတ်ဆိတ်စွာ တရားထိုင်နေလေရာ ရှင်သာရတပုတ္တရာထံ သွားကြ၏။
ရှင်သာရိပုတ္တရာက ခက်ခဲနက်နဲသော အဘိဓမ္မာတရားသဘောများကို ကျယ်ဝန်းစွာ ဟောပြောရာ ငြီးငွေ့လာကြ၏။
သင့်တော်သောတရားကို နာယူမည်ဟု အရှင်အာနန္ဒာထံ သွားကြပြန်သည်၊ အရှင်မြတ်က အခြေခံတရားမျာ၏ လိုရင်းသဘောတို့ကို တိုတိုတုတ်တုတ် ဟောပြောရာ နားမရှင်းဖြစ်ကြပြန်၏၊
ထို့နောက် မြတ်စွာဘုရား၏ ရှေ့မှောက်ရောက်သွားကြပြီး လျှောက်ထားကြ၏။
အရှင်ဘုရား၊ အရှင်ရေ၀တ-က တရားမဟောပါ၊ သူ့ဘာသာ နှုတ်ဆိတ်နေပါသည်။ ရှင်သာရိပုတ္တရာ-က ကျယ်ဝန်းစွာဟော၍ ငြီးငွေ့ကြပါသည်။ အရှင်အာနန္ဒာ တရားဟောပုံမှာ တိုတိုကျဉ်းကျဉ်းဖြစ်၍ နားလည်ရန်ခက်ပါသည်၊ ဘယ်တရားနှင့်မှ အဆင်မပြေ၍ အရှင်ဘုရားထံ တရားနာရန် လာရောက်ကြပါသည်-ဟု လျှောက်ထားရာ ဘုရားရှင်က အောက်ပါဂါထာကို ဟောတော်မူသည်။
ပေါရာဏမေတံ အတုလ ၊ နေတံ အဇ္ဇတနာမိဝ ။
နိန္ဒန္တိ တုဏှိမာသီနံ ၊ နိန္ဒန္တိ ဗဟုဗာဏိနံ ။
မိတ ဘာဏိမ္ပိ နိန္ဒန္တိ ၊ နတ္ထိ လောကေ အနိန္ဒိတော ။
အို-အတုလ၊ ကဲ့ရဲ့ခြင်းသည် ရှေးရိုးစဉ်လာပေတည်း။
ဤကဲ့ရဲ့ခြင်းသည် ယခုမှဖြစ်သည်မဟုတ်၊
ဆိတ်ဆိတ်နေသူကိုလဲ ကဲ့ရဲ့ကုန်၏။
များစွာပြောသောသူကိုလဲ ကဲ့ရဲ့ကုန်၏။
နှိုင်းချိန်၍ပြောသောသူကိုလဲ ကဲ့ရဲ့ကုန်၏။
လောက၌ အကဲ့ရဲ့လွတ်သောသူ မည်သည် မရှိပေ။
လောကလူများ, စိတ်အထားကား, စကားများလျှင်, အပြစ်တင်၏။
နည်းလျှင်ကဲ့ရဲ့, ရှုံ့ ချမဲ့၏။
မချဲ့လိုရင်း, သင့်ရုံရှင်းလဲ, စိတ်တွင်းမကြိုက်, ကဲ့ရဲ့လိုက်၏။
နှစ်ချိုက်မှုကွာ, ဘာပဲ မြင်မြင်, အပြစ်တင်သည်, ဤလျှင် လူ့သဘောပေတည်း။
( ဓမ္မပဒ ကောဓ၀ဂ်၊ အတုလဥပါသကာဝတ္ထု )

ပြောသလိုလုပ်ပြီး လုပ်သလို ပြောပါ
မြတ်စွာဘုရား ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ဥပနန္ဒမည်သော သကျပုတ္တ-ရဟန်းတော်သည် အလွန်တရားဟောကောင်း၏၊ အလိုနည်းခြင်း၏ အကျိုးကျေးဇူး, ခေါင်းပါးစွာကျင့်ခြင်း၏ အကျိုးကျေးဇူးများကို ဟောပြောလေ့ရှိရာ သီတင်းသုံးဖော်များက အထင်ကြီးကြ၏၊
သို့သော် သူကိုယ်တိုင်ကား အလွန်အလိုကြီးသူဖြစ်သည်၊ ၀ါတွင်း၌ရရှိသော လှူဖွယ်ပစ္စည်းများကို ထိုကျောင်းတွင် ၀ါကပ်သော ရဟန်းတော်များ ဝေခွဲယူလေ့ရှိရာ ၀ါဆိုခါနီးတွင် ရှင်ဥပနန္ဒသည် ကျောင်းသုံးကျောင်းသို့သွားပြီး တကျောင်းတွင်-တောင်ဝှေး၊ နောက်တကျောင်းတွင်-ဖိနပ်၊ နောက်တကျောင်းတွင်-ရေစစ် ထားခဲ့သည်။
ကိုယ်တိုင်မူကား တ၀ါတွင်းတွင် သင်္ကန်းလေးထည် ရလေ့ရှိသော ကျောင်းတွင် ၀ါဆိုနေထိုင်၏၊
ဝါကျွတ်သောအခါ ထိုသင်္ကန်းလေးထည်အပြင် ပစ္စည်းတခုစီထားခဲ့သော ကျောင်းများသို့ သွားပြီး သူလည်း-၀ါဆိုသံဃာစာရင်းဝင်သည်-ဆိုကာ ၀ါတွင်ကရသော အလှူပစ္စည်းများကို ဝေစုတောင်းယူလေသည်၊
တခါသော် ရဟန်းငယ်နှစ်ပါးသည် သင်္ကန်းနှစ်ထည်နှင့် ကတ္တီပါစောင်သစ် တထည် ရရာ ခွဲဝေယူရေး အငြင်းပွားသည်၊ ရှင်ဥပနန္ဒထံရောက်လာပြီး ဆုံးဖြတ်ပေးရန် လျှောက်ထားကြသည်၊ ရှင်ဥပနန္ဒ-က သင်္ကန်းတထည်စီ ဝေပေးပြီး အဘိုးတန်သက္ကလပ်စောင်ကို မိမိတရားဆုံးဖြတ်ခဆိုပြီး ယူလိုက်လေသည်၊ ရဟန်းငယ်နှစ်ပါး မကျေနပ်၍ မြတ်စွာဘုရားထံရောက်လာရာ အောက်ပါဂါထာကို ဟောကြားတော်မူသည်။
အတ္တာနမေ၀ ပဌမံ ၊ ပဋိရူပေ နိဝေသယေ ။
အထည မနုသာသေယျံ ၊ န ကိလိေဿယျ ပဏ္ဍိတော ။
ရှေးဦးစွာ မိမိကိုယ်တိုင် သင့်လျော်ကောင်းမြတ်သော အကျင့်ကို ကျင့်ရာ၏။ နောက်မှ သူတပါးကို ဟောပြော ဆုံးမရာ၏၊ ထိုသို့ကျင့်သော ပညာရှိသည် သူတပါးကဲ့ရဲ့ခြင်းဘေးမှ ကင်း၍ စိတ်ပင်ပန်း ညစ်ညူးခြင်း ကင်း၏။
ရှေးဦးစစွာ, မိမိသာလျှင်, သိက္ခာအကျင့်, ပြည့်စုံသင့်၏၊
တဆင့်ထပ်၍, လက်တွေ့တရား, သူတပါးအား, ထင်ရှားမှန်စွာ, ဟောပြပါမှ, ပညာအရှင်, ပြစ်မတင်ဘဲ, စိတ်တွင်ရှင်းလင်း, ညစ်ညူးကင်း၏။
( ဓမ္မပဒ ၁၂-အတ္တ၀ဂ်၊ ၂-ဥပနန္ဒသကျပုတ္တတ္ထေရ၀တ္ထု )

မြတ်စွာဘုရားကိုသတ်ရန် အားထုတ်သော ဒေ၀ဒတ်
မြတ်စွာဘုရား ဇေတ၀န်ကျောင်းတော်၌ နေတော်မူသောအခါ ဒေ၀ဒတ်သည် အဇာတသတ်မင်းနှင့် ပူးပေါင်း၍ ဘုရားရှင်ကိုသတ်ရန် လေးသမားတို့ကို စေလွှတ်ခြင်း၊
ဂိဇ္ဈကုဋ်တောင်ပေါ်မှ ကျောက်တုံးကြီးကို လှိမ့်ချခြင်း၊
နာဠာဂိရိဆင်ကို လွှတ်ခြင်းတို့ကို ပြုလုပ်၏၊
သို့သော် တခုမျှ မအောင်မြင်၊
ထို့နောက် သံဃာငယ်များကို ဟောပြောသွေးဆောင်၍ သံဃာဂိုဏ်းခွဲ တည်ဆောင်ပြန်၏၊
သို့သော် ရှင်သာရိပုတ္တရာနှင့် ရှင်မောဂ္ဂလန်တို့ ဟောပြောဆုံးမသဖြင့် များစွာသောသံဃာများ ပြန်ရောက်လာကြသည်၊
တနေ့သော် ဒေ၀ဒတ် ရောဂါကပ်ရောက်ပြီး မကျန်းမမာ ဖြစ်လာရာ ကိုးလပတ်လုံး ပြင်းထန်သော ဆင်းရဲဒုက္ခ ခံစားနေရသည်၊ သေခါနီးကာလတွင် နောင်တရပြီး ဘုရားရှင်ကို ဖူးမြော်ရန် ထမ်းစင်စီး၍ လာခဲ့သည်၊ ဇေတ၀န်ကျောင်းတော်အနီးသို့ ရောက်သော် ရေကန်ငယ်တခုတွင် ရေသန့်စင်ရန်အတွက် ထမ်းစင်ပေါ်မှ ဆင်း၏၊ မြေပေါ်သို့ ခြေချလျှင်ပင် မြေမျိုခြင်း ခံရလေသည်၊ ဤအကြောင်းကို တရားသဘင်၌ ရဟန်းများ ပြောဆိုနေကြရာ မြတ်စွာဘုရားက အောက်ပါဂါထာကို ဟောကြားတော်မူသည်။
ဣဓတပ္ပတိ ပေစ္စ တပ္ပတိ ၊ ပါပကာရီ ဥဘယတ္ထ တပ္ပတိ ။
ပါပံ မေ ကတန္တိ တပ္ပတိ ၊ ဘိယျောတပ္ပတိ ဒုဂ္ဂတိံ ဂတော ။
မကောင်းမှု ပြုသောသူသည် ဤဘ၀၌လည်း ပူပန်ဆင်းရဲရ၏၊
နောက်ဘ၀၌လည်း ပူပန်ဆင်းရဲရ၏၊
ပစ္စုပ္ပန် တမလွန် နှစ်တန်သော ဘ၀တို့၌ ပူပန်ဆင်းရဲရ၏၊
ငါသည် မကောင်းမှုကို ပြုမိချေပြီ-ဟု နှလုံး မသာမယာ ပူပန်ရ၏၊
ထိုသူသည် အပါယ်လေးပါး သွားရသည့်အခါ သာ၍ပင် ပူပန်ဆင်းရဲရ၏။
မကောင်မှးုကံ, ပြုမိဟန်ကြောင့်, နှစ်တန်ဌာန, ပစ္စက္ခနှင့်, ဘ၀နောင်တွင် ပူမှုယှဉ်၏။
ငါပင်ဆိုးဝါး, ပြုမိမှားဟု, စဉ်းစားနောင်တ, ပူပန်ရ၏။
သေရပြီးနောက်, ငရဲရောက်တွင်, ပိုမောက်ကဲလွန်, ဆင်းရဲပြန်၏။
( ဓမ္မပဒ ၁-ယမက၀ဂ်၊ ၁၂-ဒေ၀ဒတ္တ၀တ္ထု )

Thursday, November 13, 2008
ဆွမ်းထူး ဆွမ်းမြတ်
ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်အတွင်း၌ ထူးခြား၍ လူသိများသော ဆွမ်းစားရမှု သုံးလေးကြိမ်မျှ ရှိခဲ့ပါသည်။
( ၁ )။ တကြိမ်မှာ ဘုရားဖြစ်တော်မူသည့်နေ့တွင် သုဇာတာ သူဌေးသမီး လှူဒါန်းသောဆွမ်းဖြစ်၏၊
ဤဆွမ်းမှာ ဘုဉ်းပေးသုံးဆောင်ရာ၌ ထူးခြားမှု ရှိစေသကဲ့သို့ပင် ဤဆွမ်းဖြစ်အောင် စီမံပြုလုပ်သော သုဇာတာ၏ အပြုအမူကြောင့်လည်း ပိုမိုထူးခြား လူသိများခဲ့သည်။
သို့ရာတွင် ဤဆွမ်းအတွက် သုဇာတာ၏ ရည်ရွယ်ရင်းကား ဘုရားရှင် သို့မဟုတ်-ယနေ့ညဥ့်ပိုင်းတွင်ပင် ဘုရားဖြစ်တော်မူမည့် သိဒ္ဓတ္ထ၇ဟန်းအတွက် မဟုတ်၊ သူကိုးကွယ်လာခဲ့သော ဆုတောင်းပြည့် ညောင်ပင်စောင့် နတ်မင်းသို့သာ ရည်ရွယ်ရင်းဖြစ်ပေသည်။
မထူးခြားဘဲရှိမည်လော၊ ဤအလှူအတွက် ရှေးမဆွကပင် နွားမတထောင်ကို နွယ်ချိုတော၌ ကျောင်း၍ ထိုတထောင်သော နွားမကို ငါးစုပြုပြီးလျှင် ရှစ်ရာသော နွားမတို့၏ နို့ရည်ကို နှစ်ရာသော နွားမတို့၌ တိုက်၏။
၎င်းနှစ်ရာကို ငါးစုပြန်စု၍ တရာ့ခြောက်ဆယ်သော နွားမတို့၏ နို့ရည်ကို လေးဆယ်သော နွားမတို့၌ တိုက်၏။
ထိုလေးဆယ်ကို ငါးစုပြုပြန်၍ ၃၂-ကောင်သော နွားမတို့၏ နို့ကို ရှစ်ကောင်သော နွားမတို့၌ တိုက်ကြပြန်၏။
ထိုရှစ်ကောင်သော နွားမတို့၏ နို့ရည်ဖြင့်သာ ဃနာနို့ဆွမ်း ချက်သည်။
ထို့ထက်ထူးခြားဟန်ကားဘုရားလောင်းတော် ဘုဉ်းပေးရမည့် ဆွမ်းဖြစ်မှန်းသိသော သိကြားမင်းက ချက်သောဆွမ်းအိုးကို မီးထိုးပေးသည်။
မဟာဗြဟ္မာကြီးက ဆွမ်းအိုးကို ထီးမိုးပေးသည်။
စတာမဟာရာဇ်နတ်မင်းကြီး လေးယောက်တို့က အရပ်လေးမျက်နှာမှ လက်နက်ထမ်းကာ စောင့်ရှောက်ပေး၏။
မစောင့်ရှောက်၍ မဖြစ်၊ တောထွက်တော်မူစဉ် မျြို့တံခါးဝကပင် စတင်နှောက်ယှက်လျက်ရှိနေသော မာရ်နတ်ယုတ်၏ ဘေးရန်အန္တရာယ် ရှိနေသည်မဟုတ်လော၊ နတ်အများတို့က လေးကျွန်းတမြင့်မိုရ် ထိုထိုအရပ်တို့၌ ရှိလေသမျှသော အရသာမျိုးစုံကို ဖြည့်တင်းပေးသည်။
ထိုနတ်ဗြဟ္မာတို့၏ ရည်ရွယ်ချက်ကား အရသာရှိစေသော ဆွမ်းဖြစ်ကာမျှမဟုတ် ဘုရားဖြစ်ပြီးနောက် ဆွမ်းမစားဘဲ သတ္တသတ္တာဟ ခုနစ်ရက် ခုနစ်လီ စံနေတော်မူသည်အထိ ပြီးပြည့်စုံအောင် ရည်ရွယ်ရင်းဖြစ်၏။
အမြိုက်သုဓာ၊ နတ်စားငှါနှင့်
များစွာလျော့လျား၊ မထူးခြားတည့်
ဘုရားဟူက၊ ပွင့်စမူးမူး။ ထိုနေ့ဦး၌၊
ရဖူးစမြဲ၊ မလွဲဖြစ်တမ်း၊ နို့သစ်ဆွမ်းကို၊
မြစ်ရေကမ်းစ၊ ထက်ဝက်လှလျက်၊
သတ္တသတ္တာ၊ နောင်လာစိစစ်၊
ခုနစ်ခါလည်၊ ကြားသည်အံ့ဟူ၊
ဝံ့ဆည်တာတွယ်၊ မျှအောင်ရွယ်သို့၊
လေးဆယ့်ကိုးလုတ်၊ မယုတ်အင်ပြည့်၊ သပ္ပါယ်ဖြည့်လျက်။ ( ပါရမီတော်ခန်း ပျို့ အပိုဒ် ၁၁ )
ဤဆွမ်းကား ဘုရားတကာတို့ ရလာမြဲဖြစ်သည့်အတိုင်း ကျမ်းပြုဆရာ ကဗျာဆရာတို့ကပင် အထူးတလည် သီကုံးဖွဲ့ဆိုအပ်သည့် ထူးခြားသော ဆွမ်းတော်ပင် ဖြစ်လေသည်။
( ၂ )။ ဒုတိယဆွမ်းသည်ကား သောဏသတို့သား၏ ဆွမ်း-ဖြစ်ပေသည်၊ ဤဆွမ်းဖြစ်ပေါ်လာမှု၏ ထူးခြားပုံကား-
မဇ္ဈိမဒေသရှိ ဆန်စပါးမျိုးစုံတို့အနက် အကောင်းဆုံးသော အမျိုးအစားမှာ စွပယ်ဖူးဆန် ဖြစ်၏၊ ဤဆန်ကို ချက်လိုက် ပြုတ်လိုက်လျှင် ထွက်ပေါ်လာသော ထမင်းလုံးမှာ ဖြူဖြူဖွေးဖွေး စံပယ်ဖူးလေးများပမာ ဖြစ်ပေါ်လာသောကြောင့် စံပယ်ဖူးဆန်-ဟု ခေါ်၏၊ မွှေးကြိုင်ပြီး အဆီအနှစ်နှင့်လည်း ပြည့်စုံသည်၊ ယင်းစံပယ်ဖူးဆန်ကို လူတိုင်းမစားနိုင်၊ မင်းစိုးရာဇာ အထက်တန်းလွှာတို့သာ စားသုံးနိုင်၏။
သောဏသတို့သား၏ မိဘတို့က ယင်းစံပယ်ဖူးစပါး အမျိုးအစားကောင်းကောင်းကို ရွေးချယ်ဝယ်ယူပြီးလျှင် သီးသန့်မြေတွင် ရေဖြင့်မစိုက်၊ နို့ရည်ဖြင့်သာ စိုက်စေပြီးလျှင် ထွက်ပေါ်လာသောစပါးကို နံ့သာမျိုးစုံ၊ နံ့သာနှစ်၊ နံ့သာပြောင်းတို့ဖြင့် လိမ်းကျံမွမ်းထုံအပ်သော ကျီသုံးလုံးတွင် ထည့်သွင်းပိတ်လှောင်ပြီးနောက် နှစ်ချို့စပါးအဖြစ် ကျီတလုံးကို သုံးနှစ်တကြိမ်ကျဖွင့်၍ သောဏသတို့သားအား ချက်ပြုတ်စားသုံးစေ၏၊ ချက်ပြုတ်ရာ၌လည်း စပါးလုံးကို တလုံးချင်းနွှာစေ၍ နို့ရည်ဖြင့်သာ ချက်ပြုတ်ရသည်။
ယင်းသောဏသတို့သား ဟူသည်ကား နောင်အခါတွင် ဘုရားရှင်ဒေသနာတော်၌ ၀ီရိယကြီးမားခြင်းအရာ၌ ဧတဒဂ်သခင်ဖြစ်လာသော ဘ၀ပါရမီထူးရှင် သောဏကောဠိဝိသထေရ်ပင် ဖြစ်လေ၏။
ဘုရားရှင်သည် နာမကျန်းဖြစ်တော်မူပြီးနောက် နာလန်ထစအချိန်၌ ဆွမ်းကောင်းဆွမ်းမွန်ဖြင့် ပြုစုဘုဉ်းပေးစေလိုသော အရှင်သာရိပုတ္တရာမထေရ်က ယင်း-သောဏသတို့သား၏ဆွမ်းကို ကြွရောက်အလှူခံပြီးလျှင် ဘုရားရှင်အား ဆက်ကပ်လေသည်၊ ထူးခြားသောဆွမ်းပင် ဖြစ်ပေ၏။
( ၃ )။ နောက်တမျိုးကား သုဇာတာတို့၊ သောဏတို့ဆွမ်းလို ကောင်းမွန်လှသောကြောင့် ထူးခြားခြင်းမဟုတ်၊ လူတို့စကားဖြင့် ပြောရပါမူ - ဘုရားရှင် သက်တော်တလျှောက်လုံး၌ မမေ့နိုင်လောက်အောင် စားသုံးတော်မူခဲ့ရသော အညံ့ဆုံး၊ မကောင်းဆုံးဆွမ်း ဖြစ်၏၊ ယင်းဆွမ်းသည်ကား ဝေရဉ္ဇာတိုင်းတွင် ဘုရားရှင် ၀ါကပ်တော်မူစဉ် တ၀ါတွင်းလုံး ဘုဉ်းပေးတော်မူခဲ့ရသော မုယောဆွမ်းကြမ်းပင် ဖြစ်ပေ၏။
လူတို့စားသော ဆန်ဆိုး၊ ဆန်ညံ့မျှပင်မဟုတ်၊ မြင်းစားသော မုယောဆန်များကို ညီတော်အာနန္ဒာက ဆုံဖြင့် ထုထောင်းဆက်ကပ်ကာ ရေဖြင့်မျှောချ ဘုဉ်းပေးတော်မူခဲ့ရသော မသေရုံ အာဟာရမျှ ဖြစ်ပေသည်၊ ယင်းဆွမ်းမှာ ထူးခြားလှသောကြောင့် ၀ိပါက်တော် တပါးအဖြစ်ပင် ပိဋကတော်တွင် မှတ်တမ်းတင်ခဲ့ရပေသည်။
ဝေရဉ္ဇာတိုင်း ၊ သမိုင်းအကျော်
ဝါတော်ကပ်တော့ ၊ မာရ်နတ်နိုးဆော်
မုယောဆွမ်းမို့ ၊ ကြမ်းကြမ်းထော်ထော်
ဘုဉ်းပေးရ ၊ ရှေးက ဘယ်ဝဋ်နော် ။
မထင်မရှား ၊ မျိုးသားဖြစ်တုံ
ရဟန်းတော်များ ၊ ဆွမ်းစားခိုက်ကြုံ
ဆွမ်းကြမ်းစားဟု ၊ ပြစ်မှားဆိုပုံ
ဝစီထွက် ၊ ၀ိပါက်တော်တဲ့ယုံ ။ ( လယ်တီ ပဏ္ဍိတ )
ဖုဿဘုရားရှင် လက်ထက်တော်တွင် ဘုရားရှင်နှင့် သံဃာတော်များ ဆွမ်းဘုဉ်းပေးတော်မူခိုက် မြင်တွေ့ရသော အလောင်းတော်ကား-ဒီဦးပြည်း ရဟန်းတွေဟာ ဘာအလုပ်ကိုမှ မလုပ်ချင်ကြဘူး၊ ပျင်းပျင်းရိရိနေထိုင်ပြီး လူအများလှူဒါန်းတဲ့ ဆွမ်းဘောဇဉ်တွေကို ၀အောင်စားပြီး အားတိုင်းအိပ်လို့ နေကြတယ်၊ ဒီလို ရဟန်းတွေကို သိမ်မွေ့လှစွာ အရသာရှိတဲ့ ဃနာနို့ဆွမ်းကို လှူဒါန်းသဖြင့် ဘာအကျိုးရှိမလဲ၊ အလွန်ကြမ်းတဲ့ မုယောဆွမ်းကို စားနေထို့တော်ကြတယ်-ဟု နှုတ်သရမ်းမိပါတယ်။
မည်သို့ဆိုစေ ဘုရားရှင်၏ ထူးခြားသော ဆွမ်းတရပ်အဖြစ် သတ်မှတ်ရမည့်ဆွမ်းပင် ဖြစ်လေသည်။
( ၄ ) ယခု ဖော်ပြမည့် ဆွမ်းကား ထူးခြားရုံသာမက အလွန်ထူးခြားသည့် ဆွမ်းဟု ဆိုနိုင်ပေသည်။
အကြောင်းသော်ကား ယနေ့ခေတ်တိုင်အောင် အငြင်းအခုံ ပြဿနာဖြစ်၍ မဆုံးနိုင်သောဆွမ်း၊ ဘုရားရှင်၏ နောက်ဆုံး ဘုဉ်းပေးတော်မူသောဆွမ်း ဤဆွမ်းကြောင့်ပင် ဘုရားရှင်သည် ၀မ်းတော်လားရာ ပရိနိဗ္ဗာန် စံဝင်တော်မူရသည်ဆိုသော ဆွမ်း၊ ပန်းပဲဆရာ၏-သား စုန္ဒဥပါသကာ၏ ၀က်ပျိုသားဆွမ်း သို့မဟုတ်-ပါဠိဝေါဟာရအားဖြင့် သူကရမဒ္ဒ၀ဆွမ်း ဖြစ်သောကြောင့် ဖြစ်၏။
စုန္ဒဒါယကာ စီမံထားသော သူကရမဒ္ဒ၀ဟူသည် အလွန်လည်း မငယ်၊ အလွန်လည်း မအိုသော ၀က်ပျိုသားဖြစ်၍ ထိုအသားသည် နုလည်းနု၍ ညက်လည်းညက်ညော၏-ဟု ကျမ်းကြီးတကျမ်းတွင် ဖော်ပြ၏၊
အခြားကျမ်းတခုက သူကရမဒ္ဒ၀ဟူသည် နွားနို့မှဖြစ်သော အရသာငါးမျိုးဖြင့် ချက်အပ်သော နူးညံ့သော ထမင်း၏အမည်ဖြစ်သည်ဟု ဖော်ပြသည်၊
အခြားကျမ်းတခုကလည်း သူကရမဒ္ဒ၀ဟူသည် ရသာယတန ဆေးကျမ်း၌လာသော ရသာယတန အစီအရင် အတိုင်း စီမံအပ်သော စားဖွယ်တမျိုးဖြစ်၏၊ ထိုရသာယတန အစာမျိုးသည် အသက်ရှည်စေနိုင်သောကြောင့် ဘုရားရှင်အား ပရိနိဗ္ဗာန် မစံပါစေနှင့်ဟူသော စေတနာဖြင့် စီမံဆက်ကပ်ခြင်းဖြစ်သည်ဟု ဖော်ပြသည်။
ကုလားပါမောက္ခကြီး တဦးကလည်း သူကရမဒ္ဒ၀ဟူသည် အမွေးထူ၍ ညိုမှောင်သော အရောင်ရှိသဖြင့် မြေကြီးမှထွက်သောအခါ ၀က်နှင့်တူသောကြောင့် သူကရ-ဟု ခေါ်ဟန်တူသည်။
ယင်းသစ်ဥသည် အိန္ဒိယပြည်မြောက်ပိုင်းရှိ သူတော်သူမြတ်တို့၏ အာဟာရတမျိုးဖြစ်၍ ၀မ်းမီးညံ့သူများကို တိုက်ကျွေးသော ဟိန္ဒူဆေးဆရာတို့၏ လက်သုံးဆေးဖြစ်၏၊ ယင်းသစ်ဥကို စုန္ဒဒါယကာက နွားနို့နှင့်ပျစ်အောင် ကျို၍ စီရင်အပ်သော နို့ဃနာတမျိုးသာ ဖြစ်သင့်ပါသည်ဟု ဆိုသည်။
ဘုရားရှင်၏ ၀ိပါက်တော် ၁၂-ပါးကို ဖော်ပြသော လယ်တီပဏ္ဍိတ-ကမူ ဘုရားရှင်သည် စုန္ဒဒါယကာလှူအပ်သော ၀က်ပျိုသားကိုစား၍ ၀မ်းတော်လားကာ ပရိနိဗ္ဗာန်စံတော်မူရသည်ဟု အပြတ်မိန့်သည်။
ဆဒ္ဒန်ဆယ်စီး ၊ အားကြီးလျင်မြန်
ဝမ်းတော်သွန်ငြား ၊ ရွှေအားမသန်
ခွေယိုင်နွဲ့လို့ ၊ မြန်းခဲ့နိဗ္ဗာန်
ဖြေစေကြောင်း ၊ ကံဟောင်းထုတ်လို့ပြန် ။
ရောဂါကုစား ၊ သမားဉာဏ်ကျယ်
ရှင်သူဌေးသား ၊ ဆေးဝါးကုတယ်
ခ,မပေးလို့ ၊ ဟိုရှေးဘုန်းကြွယ်
ဝမ်းလားဆေး ၊ တိုက်ကျွေး ၀ဋ်ဟောင်းလည် ။ ( လယ်တီ ပဏ္ဍိတ )
အထက်ပါ အဆိုအမိန့်များကို အပြန်အလှန် သုံးသပ်ပြီးနောက် မဟာဂန္ဓာရုံ ဆရာတော် အရှင်ဇနကာဘိဝံသ-က အောက်ပါအတိုင်း အဆုံးအဖြတ်ပြုသည်။
သူကရမဒ္ဒ၀၌ နတ်တို့သည် နတ်သြဇာထည့်ကြကုန်၏၊ နတ်သြဇာကို စားကြသော နတ်များသည် အသားမစားကြ၊ မြတစွာဘုရား၏ နောက်ဆုံး အာဟာရသည် ၀က်သားဖြစ်လျှင် အသားမစားဘဲ နတ်သြဇာကိုသာ စားနေကြသောနတ်တို့သည် ၀က်သားဟင်း၌ နတ်သြဇာထည့်ဖို့ရန် ကြံစည်မည်မဟုတ်ပါ၊ အသားဟင်းမဟုတ်သောကြောင့်သာ နတ်သြဇာထည့်ကြသည်ဟု ယူဆဖွယ်ရှိ၏၊ ထို့ကြောင့် သူကရမဒ္ဒ၀ကို လေးလေးနက်နက် စဉ်းစားသောအခါ ၀က်ပျိုသားဟင်း မဟုတ်သည့်ဘက်မှ အားကောင်းနေပါသည်။
သူကရမဒ္ဒ၀ကို ဘုဉ်းပေးတော်မူပြီးသောအခါ မြတ်စွာဘုရားမှာ သွေးဝမ်းသွန်ရောဂါဖြစ်၏၊ သို့သော် သူကရမဒ္ဒ၀ကို ဘုဉ်းပေးတော်မူသောကြောင့် မဟုတ်၊ ဆေးဆရာဖြစ်တုန်းက ၀မ်းကျဆေးကို သူဌေးသားအား လိမ်၍ပေးဖူးသော အကုသိုလ်ကံတည်းဟူသော ကမ္မ၀ဋ်ပါလာသောကြောင့် ဖြစ်ပါသည်။
( နောက်ဆုံးဆယ်လ မြတ်ဗုဒ္ဓ စာ-၁၀၅ )
ယင်းသို့ ၀က်သား ဟုတ်/မဟုတ် ပြဿနာအပြင် ပရိနိဗ္ဗာန်စံခါနီးဆဲဆဲ၌ ဘုရားရှင်ကိုယ်တော်တိုင် မိန့်ကြားတော်မူအပ်သော စကားတရပ်ကြောင့်လည်း ဤဆွမ်းသည် အလွန်ထူးခြား၏။
အာနန္ဒာ-စုန္ဒဒါယကာအဖို့ သူ၏ဆွမ်းကြောင့် ငါဘုရား ၀မ်းတော်လားရသည်ဟု တစုံတယောက်က ပြောလာသောစကားကို ကြားရခြင်းဖြင့် နှလုံးမသာမယာ မဖြစ်စေလင့်၊ စင်စစ်ဆိုသော် စုန္ဒသည် ငါဘုရားအတွက် နောက်ဆုံးဆွမ်းကို ပေးလှူရသူဖြစ်သောကြာင့် အလွန်ကံကောင်းသူ ဖြစ်ပါသည်။
ဘုရားဖြစ်မည့်နေ့၌ ဘုဉ်းပေးရသော သုဇာတာ၏ ဃနာနို့ဆွမ်းသည်၎င်း၊ ပရိနိဗ္ဗာန်စံတော်မူမည့် နေ့၌ ဘုဉ်းပေးရသော စုန္ဒ၏ဆွမ်းသည်၎င်း၊ ဤဆွမ်းနှစ်မျိုးသည် အခြားသောဆွမ်းတို့ထက် သာ၍အကျိုးကြီးပါသည်။

Friday, November 7, 2008
ကြည်ညိုလေးစား ဆရာတော်ကြီးများ၏ သြ၀ါဒကထာ ( ၇ )
( တရားအားထုတ်စဉ် ထားရှိရမည့် သဘောထားများ )
၁။ တရားအားထုတ်စဉ် အရေးအကြီးဆုံးက သဘောထားမှန်ဖို့
စိုက်မရှုနဲ့ ၊ ထိန်းမရှုနဲ့ ၊
လုပ်မရှုနဲ့ ၊ ချုပ်မရှုနဲ့ ၊
၂။ ဖြစ်အောင်လည်း မလုပ်နဲ့ ၊
ပျက်အောင်လည်း မလုပ်နဲ့ ၊
ဖြစ်တိုင်း ပျက်တိုင်းလည်း မမေ့နဲ့ သိနေရမယ် ။
၃။ ဖြစ်အောင်လုပ်ရင် လောဘ ၊
ပျက်အောင်လုပ်ရင် ဒေါသ ၊
ဖြစ်တိုင်း ပျက်တိုင်း မသိရင် မောဟ ။
၎။ ရှုမှတ်စိတ်မှာ လောဘ, ဒေါသ, သောက မပါမှ ရှုမှတ်စိတ်ဖြစ်မယ် ။
၅။ ဘယ်လိုသဘောထားနဲ့ အားထုတ်နေလဲလို့ ပြန်စစ်ဆေးကြည့်ရမယ် ။
၆။ ကောင်းတာလည်း ရှုရမှာပဲ ၊
ဆိုးတာလြ်း ရှုရမှာပဲ ၊
၇။ ကောင်းတာမှ လိုချင်တယ်
မကောင်းတာဆို နည်းနည်းမှ မလိုချင်ဘူးဆိုရင် တရားပါ့မလား ။
၈။ မျှော်လင့်ချက် မပါစေနဲ့
လိုချင်တာ မပါစေနဲ့
ကြောင့်ကြစိတ် မပါစေနဲ့
ဒီသဘောထားတွေ ရှုစိတ်ထဲရှိနေရင် တရားအားထုတ်လို့ အဆင်မပြေနိုင်ဘူး ။
၉။ ဘာဖြစ်လို့ ဒီလောက်စိုက်ပြီး ရှုနေရတာလဲ
ဖြစ်ချင်လို့၊ လိုချင်လို့၊ ပျောက်ချင်လို့ တခုခု ဖြစ်နေတတ်တယ် ။
၁၀။ စိတ်က ပင်ပန်း ဆင်းရဲနေရင် တရားအားထုတ်တာ တခုခုလိုနေပြီ ။
၁၁။ စိတ်တင်းကျပ်မှုနဲ့ တရားအားမထုတ်နိုင် ။
၁၂။ စိတ်နဲ့ကိုယ် ပင်ပန်းဆင်းရဲလာရင်
တရားအားထုတ်ကို ပြန်စစ်ဆေးကြည့်သင့်တယ်၊
မှန်ကန်တဲ့ သဘောထားမျိုး ရှိရဲ့လား ။
၁၃။ တရားအားထုတ်တယ် ဆိုတာ သတိ အသိနဲ့ စောင့်ကြည့်နေတာ ။
စဉ်းစားနေတာ, ဆင်ခြင်နေတာ, ဝေဖန်နေတာ မဟုတ်ဖူး ။
၁၄။ လိုချင်တဲ့စိတ် ဖြစ်ချင်တဲ့စိတ်နဲ့တော့ အားမထုတ်နဲ့ ၊ ပင်ပန်းတာဘဲ အဖတ်တင်မယ် ။
၁၅။ တရားအားထုတ်တဲ့စိတ်က အေးအေးဆေးဆေးနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ရှိရမယ် ။
၁၆။ စိတ်ရော ကိုယ်ရော သက်တောင့်သက်တာရှိရမယ်၊
၁၇။ လွတ်လပ်ပေါ့ပါးတဲ့ စိတ်နဲ့မှ တရားအားထုတ်လို့ ရတယ် ။
၁၈။ တရားအားထုတ်တယ်ဆိုတာ ကောင်းကောင်းဆိုးဆိုး
ဘာလာလာ လက်ခံပြီး အေးအေးဆေးဆေး ကြည့်နေတာဘဲ ။
၁၉။ စိတ်က ဘာလုပ်နေလဲ
တွေးနေသလား, သိနေသလား ။
၂၀။ စိတ်က ဘယ်ရောက်နေလဲ
အတွင်းမှာလား, အပြင်မှာလား ။
၂၁။ သိနေတဲ့စိတ် ရှုနေတဲ့စိတ်က
သေချာသိလား, အပေါ်ယံသိလား ။
၂၂။ ဖြစ်ချင်တဲ့ပုံစံမျိုးဖြစ်အောင် လုပ်နေတာ မဟုတ်၊
ဖြစ်နေတာကို ဖြစ်နေတဲ့အတိုင်း သိအောင် လုပ်နေတာ ။
၂၃။ အတွေးကို ပြဿနာ မရှာနဲ့
မတွေးအောင် လုပ်နေတာ မဟုတ်၊
တွေးရင်း တွေးမှန်းသိအောင် လုပ်နေတာ ။
၂၄။ အာရုံကို ပယ်ရမှာ မဟုတ် ၊
အာရုံကြောင့်ဖြစ်တဲ့ ကိလေသာကို သိပြီး (ရှုမှတ်ပြီး) ပယ်ရမယ် ။
၂၅။ သဒ္ဓါရှိမှ ၀ီရိယ ရှိမယ်၊ ၀ီရိယ ရှိမှ သတိမြဲမယ်၊
သတိမြဲမှ သမာဓိ တည်မယ်၊ သမာဓိ တည်မှ အမှန်အတိုင်း သိမယ်၊
အမှန်အတိုင်း သိလာတော့ သဒ္ဓါပိုဖြစ်လာတယ် ။
၂၆။ ပစ္စုပ္ပန်တည့်တည့်ကိုသာ သတိထားနေရမယ်၊
အတိတ်ကိုလည်း မပြန်နဲ့ ၊ အနာဂတ်ကိုလည်း မကြံနဲ့ ။
၂၇။ အာရုံက အရေးမကြီးဘူး ၊
အနောက်က အလုပ်လုပ်နေတဲ့ စိတ်က ပိုအရေးကြီးတယ် ၊
ရှုမှတ်စိတ်သာ သဘောထားမှန်ရင် အာရုံအမှန်ရမှာပဲ ။
ရွှေဥမင်ဆရာတော်

Monday, November 3, 2008
ကံ ကံ၏အကျိုး ( ၄ )
( စိတ်ကောင်း မရှိလို့ )
နေထွက်သည်နှင့် အပူရှိန်က ပြင်းလွန်းလှသည်၊ အရာရာသည် သွေ့ခြောက်၍နေသည်၊ လှည်းလမ်း တလျှောက်လည်း ဖုံများက ထုနှင့်ဒေး၊ နေပူ ဖုံပူ ဖြစ်နေသည်၊ တခါတရံ လေပူပါ ရောလာသောအခါ ဦးအေးအဖို့ အပူဒဏ်ကို မခံနိုင်တော့၊ သည်အခါ ရွာကို အလွန်ရောက်လိုလှသည်၊ နွားများကို အနားမပေး၊ အရိပ်မခို၊ ခရီးတထောက်မနားပဲ မောင်းခဲ့သည်၊ တခါတခါ ရေဆာ၍ အာခြောက်ခြောက်လာသည်၊ တံတွေးကို ခဏခဏ မြိုချခဲ့သည်မှာလည်း အခါခါပင်၊ အချိန်က ၁၉၈၈-ခုနှစ် ဧပြီလဆန်း၊ မောင်းခဲ့သည့်ခရီးက ကျုံရှနှင့် ဓနုဖြူ အသွားအပြန်ခရီး၊ နံနက်စောစော ကျုံရှမှထွက်၍ ဓနုဖြူရောက်သည်၊ လှည်းပေါ်သို့ ဒီဇယ်ဆီ တပေပါ၊ ကျောက်စည်ပိုင်း တခုနှင့် ထွေလီကာလီများ ၀ယ်၍ နံနက် ၁၀-နာရီခန့် ပြန်ခဲ့သည့် ခရီးပင်၊ ခရီးကား ၇-မိုင်နီးပါး ရှိသည်။
ဦးအေးကဲ့သို့ပင် နွားတရှဉ်းခမျာ ပင်ပန်လွန်းလှသည်၊ အစာလည်းဆာသည်၊ ရေလည်း ငတ်နေရှာသည်၊ သခင်ခိုင်းသည့်အတိုင်း သွားရရှာသည်၊ သခင့်ကြိမ်ဒဏ်များက ကျောပြင်၌ အမြောင်းလိုက်၊ အမြောင်းလိုက် ထင်နေရှာသည်၊ ကြိမ်လုံးထိပ်မှ သံချွန်မြမြလေးက အသည်းထိအောင် နာမိသည်၊ ထိခိုက်တာနဲ့ ဖင်လိမ်ပြီး သုတ်ချီတင်၍ ရုန်းရရှာသည်၊ တိရစ္ဆာန်၏ဘ၀ကား သနားစရာပင်၊ ဦးအေးကလည်း အပူရှိန် မပြင်းလွန်းမီ အိမ်အရောက် မောင်းနေခြင်းဖြစ်သည်၊ သူ့သဘောကား လူသက်သာဖို့ ဖြစ်သည်၊ သို့ရာတွင် ၀န်အပြည့်နှင့် လှည်းကို အသော့နှင်ခံရသော နွားတရှဉ်းမှာတော့ မသက်သာလှပါ၊ သည့်အခါ တိရစ္ဆာန်ပင် ဖြစ်သော်လည်း သည်းမခံနိုင်တော့၊ ဒေါသထွက်နေမည်၊ စိတ်တိုနေပေမည်။
ရွာရောက်ဖို့ မဝေးတော့ပြီ၊ မင်းရွာ တာကုန်းအဆင်းသို့ ရောက်ပေပြီ၊ ရုတ်တရက် နွားလည်ပတ်ကြိုး ပြတ်သွားပြီ၊ ဦးအေးသည် ကုန်းအဆင်း လည်ပတ်ကြိုးပြတ်သဖြင့် ကိုင်ကြိုးကို တောင့်ပြီး မနည်းစုတ်သတ်၍ လှည်းကို ရပ်သည်၊ နွားများ မရပ်ချင် ရပ်ချင် ရပ်နေသည်၊ လှည်းက ကုန်းအဆင်းဖြစ်၍ အမြင့်မှ အနိမ့်သို့ ဆင်းရန် ဇောက်ထိုးဖြစ်နေသည်၊ ဦးအေးက သူ့နွားများကို ခါတိုင်းလို သဘောထားပြီး လှည်းပေါ်မှ ဆင်းသည်၊ နွားရှေ့မှ ရပ်ပြီး လည်ကွန်ပတ်ကြိုး သွားဆက်သည်၊ သို့ရာတွင် နွားများက ဆက်ပြီးသည်အထိ မစောင့်၊ အညှိုးထားသလား မသိ၊ သူ့သခင်ဦးအေးကို တိုက်ပြီးမှ တရစပ် ဆင်ခြေလျောအတိုင်း ပြေးတော့သည်၊ ဦးအေးက လှည်းတံပိုးတုံးကို ဆွဲထားသည်၊ နွားများက မရပ်၊ လက်အံသေပြီး ပြုတ်ကြသည်၊ လှည်းဘီးများက ရင်ဘတ်ကို ဖြတ်နင်းသွားသည်၊ အား-ဟု အာမေဒိတ်သံ တချက်သာ ပြုလိုက်နိုင်သည်၊ သတိမရတော့၊ နွားတရှဉ်းမှာ ကလဲ့ စားချေလိုက်ရ၍လား မသိ၊ ခေါင်းမော့၍ ပြေးတော့သည်။
ဦးအေးကို အနီးပတ်ဝန်းကျင်မှ လူများက တွေ့ရှိပြီး မနည်း နှာနှပ်ယူကြရသည်၊ သတိပြန်ရသည်၊ လူမှာ မသေရုံ တမယ်ခံစားနေသည်ကို တွေ့ရသည်၊ သူ့အိမ်သားများကို ပြေးခေါ်ကြသည်၊ ဆွေမျိုးများ မိသားစုများ အမြန် ရောက်လာကြသည်။
ထို့နောက် ချက်ချင်းပင် ဦးအေးအား မော်တော်ဖြင့် ဓနုဖြုမြို့ ပြည်သူ့ဆေးရုံသို့ ဆက်ပို့သည်၊ နောက် ရန်ကုန်သို့ ပို့သည်၊ နံရိုးနှစ်ချောင်း ကျိုးသွားသည်၊ အရေးပါသော ကလီစာများ ဘာမျှမထိခိုက်၍ ဦးအေးခမျာ သေကံ မရောက်တော့၊ အသက်မပျောက်ပေ။
ရန်ကုန်ဆေးရုံမှ ကျုံရှသို့ ပြန်ရောက်သောအခါ ကျွန်တော်သည် ဆွေမျိုး အရင်းအချာလို ဖြစ်နေသည့် မိတ်ဆွေဖြစ်၍ သတင်းသွားမေးရာ ဖြစ်ကြောင်းကုန်စင်ကို သိရသည်၊ ထို့နောက် ဦးအေးက ပြောသော စကားလေးတခွန်းသည် ကျွန်တော့ရင်ဝယ် စွဲထင်၍ ကျန်ခဲ့ပါတော့သည်။
ကျွန်တော် ကိုယ်ချင်းမစာလို့၊ စိတ်ကောင်း မရှိလို့ သည်လိုဖြစ်ရတာဗျာ ။။
( စိုးရည်ထွန်း )
*********************************************************************************
( သူ့အပြစ်နှင့် သူ့ကံ )
ကျွန်မတို့ ရွာကလေးမှာ တောင်သူအလုပ်ဖြင့် အသက်မွေးကြသူများ များပြားပါသည်၊ ထို့ကြောင့် အိမ်တိုင်းလိုလိုပင် အသီးအပင်များ အတွက် မြေသြဇာအိတ်များကို အိမ်အောက်ထပ်တွင် အလွယ်တကူ ထားတတ်ကြပါသည်။
လကွယ်နေ့ တညတွင် ရွာမြောက်ဖျားရှိ ဦးလူကျော်အိမ်မှ မြေသြဇာအိတ် ၂-လုံး ပျောက်ဆုံးသွားကြောင်း သိရှိ ရပါသည်၊ တပတ်ခန့်ကြာသောအခါ ကျွန်မတို့ရွာ၏ အရှေ့ဘက်ရွာမှ မောင်သံချောင်း မြွေကိုက်၍ သေဆုံးသွားကြောင်း သိရပါသည်။
ကျွန်မသည် မိမိ ပညာသင်ပေးခဲ့သော တပည့်လေးဖြစ်သဖြင့် သွားရောက်မေးမြန်းသည်၊ မောင်သံချောင်းသည် ကျွန်မတို့ရွာမှ ခိုးယူခဲ့သော မြေသြဇာ အိတ် ၂-လုံးကို ရွာအ၀င် ဆူးချုံကြားတွင် ၀ှက်ထားရာ ၀ယ်သူလာသဖြင့် ညအချိန် သွားရောက်ယူရာမှ မြွေကိုက်ခံရပြီး သေဆုံးကြောင်း သိရပါသည်၊ မောင်သံချောင်းသည် ဤကဲ့သို့ သူများပစ္စည်းကို လစ်လျှင်လစ်သလို ခိုးယူနေသည်မှာ ကြာပြီဖြစ်ကြောင်း၊ ယခု မြေသြဇာ ၂-အိတ်၏ တန်ဖိုးမှာ ငွေ ၃၀၀-ကျပ်သာ ဖြစ်သည်၊ ထိုငွေနှင့် သူ၏အသက်ကို လဲလိုက်ရပြီ ဖြစ်ကြောင်း အဒေါ်ကြီးတဦးက ကျွန်မကို တီးတိုးပြောပြ၍ ကြားသိခဲ့ရပါသည်။
( ဝေဇင်မြင့်-ပုသိမ်ကြီး )

( ကြမ်းပိုးမီး )
ကျွန်မတို့ ရွာတွင် ဒေါ်အေးဘုံ-ဟု ခေါ်သော အဒေါ်ကြီးတယောက် ရှိသည်၊ ဒေါ်အေးဘုံသည် စိတ်ဆတ် စိတ်ကြွပ်သူဖြစ်၍ လူတိုင်းက လန့်ရသူဖြစ်သည်၊ ဒေါသရှေ့ထားတတ်သူမို့ သူ့ကို လူတိုင်းက ရှောင်ချင်ကြသည်၊ သူတို့အိမ်သည် ရွာ၏မြောက်ဖျားမှာ ရှိသည်၊ ဒေါ်အေးဘုံသည် ပျဉ်ခင်း ပျဉ်ကာနှင့် သက်ကယ်မိုးထားသော အိမ်ကြီးဖြင့် နေထိုင်သည်။
တညနေ မှောင်စပျိုးချိန်တွင် ဒေါ်အေးဘုံသည် သူ့အရပ်ထက် လက်တဖောင်ခန့်မြင့်သော အိမ်ကြမ်းပြင်ကို ထန်းရွက်ခြောက် မီးရှို့နေကြောင်း မြင်ကြရလေသည်။ `ဒေါ်အေးဘုံ ဘာလုပ်နေလဲ´ဟု မည်သူမျှ မမေးဝံ့ကြ သဖြင့် ရွာလူကြီးကို ပြောရာ ရွာလူကြီး ဦးဘမှန်သည် ဒေါ်အေးဘုံ၏ အိမ်ဆီသို့ ရောက်လာရသည်၊ ဒေါ်အေးဘုံက ကြမ်းပိုးကိုက်လွန်းသဖြင့် ကြမ်းပြင်ကို ထန်းရွက်ခြောက်မီးဖြင့် မြိုက်ရကြောင်း ဘုဆတ်ဆတ် ပြန်ပြောလေသည်။ `အေး-ဂရုစိုက်လုပ်နော်´ဟု ဦးဘမှန် မှာကြားခဲ့သည်ကို ဒေါ်အေးဘုံ`အင်း-အဲ´ မလုပ်ပေ။
ည ၇-နာရီခန့်တွင် ဒေါ်အေးဘုံတို့ နေအိမ်မှ မီးစွယ် မီးညွန့်များကို ရွာသားတဦး မြင်သဖြင့်`မီး-မီး´ဟု ဟစ်အော်လိုက်ရာ တရွာလုံးပြေးလာပြီး ၀ိုင်းဝန်းငြိမ်းသတ်လိုက်ရသည်၊ အိမ်တခြမ်းမှာ မီးကျွမ်းသွားခဲ့ပြီ ဖြစ်သည်၊ ဒေါ်အေးဘုံ၏ ထန်းရွက်ခြောက်မီးသည် ကြမ်းပိုးပါမက အိမ်ကိုပါ ၀ါးမျိုလောင်မြိုက်စေခဲ့သည်။
ဒေါ်အေးဘုံသည် မီး,စတင် စွဲလောင်နေသည်ကို ချက်ချင်း သိခဲ့သော်လည်း ဦးဘမှန်ကို ဘုဆတ်ဆတ် ဆက်ဆံမိသော သူ့အမှားကြောင့် တိတ်တဆိတ် ကြိတ်ငြိမ်းရင်းက ဤသို့ အကြီးအကျယ် လောင်မြိုက်သွားခဲ့ခြင်း ဖြစ်သည်၊ သို့သော် ရွာသားများ အချိန်မီ ငြိမ်းသတ်နိုင်ခဲ့သဖြင့် တရွာလုံး မီးဘေးလွတ်ခဲ့ရခြင်းဖြစ်သည်၊ ဒေါ်အေးဘုံ၏ အဖြစ်မှာ ကြမ်းပိုးကို အကြီးအကျယ် မီးရှို့သတ်မိရာမှ မိမိအိမ်ကိုပါ ပျက်စီးစေခဲ့သလို ဖြစ်ရပေ တော့သည်။
( မေရည်မွန်-မြန်မာစာ )

ဆုံးမစာများ
အရတော်စွ ၊ သည်ဘ၀ ၊ လှလှကျင့်ထိုက်ပြီ ။
ကြုံကြိုက်တော်စွာ ၊ သာသနာ ၊ ရောင်ဝါထွန်းလှပြီ ။
သတိရရ ၊ မြတ်ပုည ၊ ပြုကြကောင်းသင့်ပြီ ။
တနေ့ တနေ့ ၊ နက်ဖြန်ရွေ့  ၊ မမေ့ ကောင်းသင့်ြ့ပီ ။
( ထွဋ်ခေါင်ဆရာတော် )
ငါ့ကိုယ် ငါ့သား ၊ ငါ့မယား ၊ ထင်မှားလှလေပြီ ။
ထင်မှားတတ်စွာ ၊ သက္ကာယာ ၊ မိစ္ဆာကင်းသင့်ပြီ ။
ငါးခုခန္ဓာ ၊ ရုပ်နာမ်မှာ ၊ မှန်စွာမှတ်သင့်ပြီ ။
သမ္မသန ၊ ဉာဏ်အစ ၊ ထင်လှသင့်ကြပြီ ။
( ထွဋ်ခေါင်ဆရာတော် )
မသေမီမှာ, တရားရှာ, သေခါ ကိုယ့်နောက်ပါ ။
မသေမီမှာ, စီးပွားရှာ, သေခါ စွန့်ရမှာ ။
ပညာကောင်းမှာ, ဒေသနာ, သုံးရာ မကုန်နိုး ။
မေတ္တာကောင်းမှာ, ရတ်တကာ, ပယ်ကွာ ရေချမ်းအိုး ။
သဒ္ဓါကောင်းမှာ, နောင်ဖို့ပါ, ချမ်းသာ ဆင့်ဆင့်တိုး ။
( ညောင်ပင်သာ-ဦးပုည )

ကြည်ညိုလေးစား ဆရာတော်ကြီးများ၏ သြ၀ါဒကထာ ( ၆ )
( ဆဲရေးပြစ်တင်၊ ငွေကုန်စင်၊ ကိုယ်ပင်ပန်းလဲ၊ သည်းခံမြဲ ။ )
ဆိုလိုသည်မှာ သူတပါးက မိမိကို ဆဲဆိုခြင်း အပြစ်တင်ခြင်းပြုလျှင် မခံချင်တတ်ကြပေ၊ ပြန်၍ တုံ့ပြန်နေကြ၏၊ အာဃာတ ထားနေကြ၏၊ ဤစိတ်ထားနှင့် အကျင့်မှာ လူကောင်း သူကောင်း ဖြစ်လိုသူတို့၏ စိတ်ထားနှင့် အကျင့် မဟုတ်ကြပေ။
မြင့်မြတ်လိုသူတိုင်း အတွက် ရန်တုံ့မပြန်သောစိတ်၊ သည်းခံသောစိတ် ရှိရလေသည်၊
ထို့ကြောင့် ဆဲလည်း သည်းခံမယ်၊ ငွေတွေကုန်လည်း သည်းခံမယ်၊ လာနှိပ်စက်လည်း သည်းခံမယ် စသည်ဖြင့် ကြိုတင်၍ အမှုကိစ္စ မပေါ်ခင် သည်းခံစိတ်ကို မွေးထားရလေသည်။
သည်းခံခွင့်လွှတ်နိုင်ရန် ယောနိသောမနသိကာရ-ခေါ် အသင့်အတင့် နှလုံးသွင်း ဆင်ခြင် စဉ်းစားမှု ပြုလုပ်ရန်-
ငါသည် မွေးလာတုန်းက တယောက်တည်း၊ ဘာမျှ မပိုင်မဆိုင်ခဲ့၊
ယခု ငွေတွေကုန်သွား၊ အိမ်မီးလောင်၊ သူတပါးက ဆဲဆိုတာတွေဟာ ဘာမှ အရှုံးမရှိသေးပါဘူး၊ ငါ့မှာ ၀တ်စရာအင်္ကျီ တထည်ကျန်သေးရင် အမြတ်ထွက်နေတာပဲ၊ ဆွေတွေ မျိုးတွေ ဗုန်းကနဲ သေသွားကြလည်း
ငါ ကျန်နေသေးရင် တရားရှုမှတ်နိုင်၊ ဘုရားရှိခိုးနိုင်သေးတာပဲ၊ အရှုံးမရှိသေးဘူး၊ ဖြစ်ပေါ်လာတာကို မရှုမှတ်ရင်တော့ ကိလေသာ အကြွေးတင်လို့ အရှုံးရှိတယ်၊ အသေက မဦးခင် သစ္စာသိအောင် ဖြစ်ပေါ်တဲ့ကိစ္စကို ရှုမှတ်ပစ်ကြ။
( ကုသိုလ်ဆိုတာ ကြံဖန် ရအောင်ယူတတ်ရမယ် )
ဥပမာ-မင်းတို့ သိပ်ဆင်းရဲလို့ ဖြစ်စေ, အခြေအနေအရ ဖြစ်စေ, ငါးမျှားနေရတယ် ဆိုပါစို့ ၊ ဒီလိုငါးမျှားနေတဲ့ အချိန်မှာတောင် ကုသိုလ်ဖြစ်နိုင်ပါသေးတယ်၊ ငါး-မမိခင်မှာ အချိန်ရခိုက် ဂါထာတပုဒ်ကိုကျက်၊ သို့မဟုတ် သင်္ဂြိုဟ်စာအုပ်ကိုင်ပြီး အဘိဓမ္မာကို ကျက်နေရမယ်၊ ဂါထာကျက်နေတုန်း သင်္ဂြိုဟ်ကျက်နေတုန်း ကုသိုလ်စိတ်တွေ ဖြစ်နေတာပေါ့၊ ဒီလိုကြိုးစားသူဟာ လူကောင်းဖြစ်လာရတယ်ကွဲ့။
တို့က အဲဒီလို နည်းကောင်းလမ်းပြတွေ ပြဆိုပြီး အချိန်ရှိခိုက် ရတနာသုံးပါး ဦးခိုက်မိအောင် ဘုရားစာကို ကျက်ခိုင်းတော့ အချို့က အပြစ်တင်တယ်၊ မီးစတခု ရေမှုတ်တခု လုပ်နေတယ်တဲ့၊ တို့နည်းပြသလို မလုပ်ရင် မီးစတွေချည်း ဖြစ်နေမှာပေါ့၊ မီးစက တဘက်ရှိနေခိုက်မှာ တဘက်မှာ ရေမှုတ်ရှိနေတော့ အဲဒီမီးစကို ငြိမ်းနိုင်ခွင့် ရသွားတာကို သူတို့မသိကြဘူး၊ မီးစကိုင်မိရင် ရေမှုတ်လဲ ကိုင်မိကြရမယ်၊ ဒါမှ အဆင်သင့် ငြိမ်းအေးနိုင်တာပေါ့။
( မိုးညှင်း ဆရာတော် )
*********************************************************************************
အကုသိုလ်ကို လူတွေက လုပ်လွယ်တယ်၊ လုပ်ချင်ကြတယ်၊ ဒီလို လုပ်လွယ် လုပ်ချင်နေတဲ့ အကုသိုလ်ကို ဘယ်လောက်ပဲ ဆန္ဒရှိရှိ အတင်းဇွတ်မှိတ်ပြီး အံကြိတ်ပြီး ရှောင်ရမယ်။
ကုသိုလ်ကျတော့ ဥပမာ ပရိတ်ရွတ်ဖို့ ဘုရားရှိခိုးဖို့ ကမ္မဋ္ဌာန်းထိုင်ဖို့ ကျတော့ မလုပ်ချင်ကြဘူး၊
ဒီလိုမလုပ်ချင်တဲ့ ကုသိုလ်ဘက်ကျတော့ အတင်း လုပ်ဖြစ်အောင် လုပ်ရတယ်။
ကုသိုလ်ဆိုသည်မှာ-ယူတတ်လျှင် ရသည်၊ နည်းသည် များသည် ပဓာန မဟုတ်၊
လမ်းသွားနေခိုက် စေတီပုထိုး ရဟန်း မြင်လိုက်ရလျှင် လက်အုပ်ချီ ကန်တော့ရမယ်၊
ဆာလောင်သူကို မုန့်ကျွေးရမယ်၊ ဗဟုသုတရှာသူကို ဗဟုသုတပေးနိုင်တယ်၊
ကားစီးနေခိုက် မေတ္တာဘာဝနာအလုပ် လုပ်နိုင်တယ်၊ လမ်းလျှောက်နေစဉ် ၀ိပဿနာသတိပဋ္ဌာန် ပွားနိုင်တယ်၊
အဓိဋ္ဌာန်ပြု၍ အိပ်ရာဝင် အိပ်ရာထမှာ တနေ့ ၂-ကြိမ် ဘုရားဝတ်ပြု၍ ပရိတ်ရွတ်နိုင်ကြတယ်၊
စိတ်ဝီထိ ဇောများ စေတနာများ အလွန်မရေတွက်နိုင်အောင် ဖြစ်ပေါ်နေ၍ ခဏကလေး ကိလေသာချုပ်ငြိမ်းမှုကို အထင်မသေးသင့်ပေ။ ရသောအချိန်မှာ ကုသိုလ်စိတ်ဖြစ်အောင် နေသင့်လှပေသည်။
( မစိုးရိမ်ဆရာတော် )
**********************************************************************************
လူက ဂုဏ်နောက်ကို မလိုက်ရဘူး၊
ဂုဏ်ကသာ လူ့နောက်ကို လိုက်စေရမယ်၊
ဒါမှ သဘာသကျတယ်၊ အနှစ်သာရလဲ ရှိတယ်။
ဥပမာ-ကိုယ့်တာဝန် ၀တ္တရားကို ကျေပွန်အောင်သာ ကြိုးစား ထမ်းဆောင်နေရင် ဂုဏ်တွေ ဖြစ်ပေါ်လာမယ်၊ လုပ်ယူရတဲ့ ဂုဏ် မဟုတ်ဘူး၊ ပကာသနလဲ မပါဘူး၊ လူတွေက ဂုဏ်ရှိအောင်ဆိုပြီး အမျိုးမျိုး လုပ်နေကြတယ်၊ ပကာသနတွေ ပြနေကြတယ်၊ ဒါတွေဟာ အတုတွေပဲ၊ အနှစ်သာရ မရှိဘူး၊
ဂုဏ်မလိုမှ ဂုဏ်ပိုသည်။
ဂုဏ်လိုက ဂုဏ်ပြိုသည်။
( မြောင်းမြဆရာတော် )

အဂတိလေးပါး မလိုက်စားရဘူး၊ ဘက်မလိုက်ရဘူး။
ငဲ့ရင် စောင်းမယ်၊
စောင်းရင် ဖိတ်မယ်၊ မှောက်မယ်၊
မှောက်ရင် ကျတယ်။
အဓိပ္ပါယ်မှာ-လူ့လောကတွင် ငဲ့ကွက်မှု ဘက်လိုက်မှုများ ဖြစ်နေကြကြောင်း၊ ဆန္ဒ ဒေါသ မောဟ ဘယ-ဟူသော အဂတိလေးပါး အမှီပြု၍ တဖက်သတ်လုပ်ဆောင်ပေးတတ်ကြောင်း၊ အမှန်မပြောကြ၊
အကြိုက် လိုက်ပြောနေကြောင်း ဆိုလိုသည်။ ထို့ကြောင့် ငဲ့မှုလေးတခုက စတင်ပေါက်ဖွားပြီး အပါယ်လေးပါးကျသည်အထိ မိုက်မှား မှောက်မှား သွားရပုံကို သတိပြု၍ ငဲ့မှုမှန်သမျှကို ရှောင်ရှားသင့်ထိုက်လှပေသည်။
သူတော်ကောင်းဆိုတာ အနစ်နာခံရတယ်။
သူတော်ကောင်းဟု အမည်ခံထားရုံနှင့် သူတော်ကောင်းမဟုတ်ပေ၊ တကယ်အကျင့်ကောင်း မနောကောင်းပြီး သည်းခံခွင့်လွှတ်တတ်မှသာ သူတော်ကောင်း ဖြစ်လာရပေသည်။
သူတော်ကောင်းသည် ရှေ့ဆုံးရောက်ရန် တိုးဝှေ့၍ နေရာမယူပေ၊ ခြင်ကောင်၊ ယင်ကောင်ကိုပင် မသတ်တော့ပေ၊ ဤမျှအထိ ကိုယ် နှုတ် နှလုံး ယဉ်ကျေးသိမ်မွေ့လာခြင်းမှာ သစ္စာလေးပါး သိမြင်သောကြောင့်ပင် ဖြစ်လေသည်။ အနိစ္စတရား ဒုက္ခတရား အနတ္တတရား သုံးပါး အမြဲလက်ကိုင်ထားသောကြောင့် ပြန်လည်၍ လက်စားချေခြင်း၊ ရန်တုံ့ခြင်း မရှိပေ။
သူတော်ကောင်း ပညာရှိ တဦးက နိဗ္ဗာန်ရရှိရန်အတွက်
`သေဘေးဆင်ခြင်၊ ရှောင်ကြဉ်ပါပ၊ စိတ္တကြံ့ခိုင်၊ ပိုင်ပိုင်သိမှ၊ နိဗ္ဗာန်ရ´ဟူ၍ သြ၀ါဒပေးထားလေသည်။
`သေခြင်း တရား၊ ဖန်ဖန်ပွား၊ ဖယ်ရှားမာနမီး´ဟူသော လင်္ကာအရ ငါ ငါ့ဥစ္စာဟူသော အစွဲမာန်ကလေးများ နည်းပါးပြီး ကင်းစင်ပပျောက်ရန် မရဏာနုဿတိကမ္မဋ္ဌာန်းကို နေ့စဉ်ပွားများရသည်။
သေခြင်းတရား စဉ်းစားပွားများနေသူတိုင်း နိဗ္ဗာန်ကိုသာလျှင် တောင်းတပြီး အကုသိုလ်ဒုစရိုက်မှုများ လျော့နည်းလာပေသည်။
ထို့နောက် သမထ သမာဓိ သိက္ခာတရားတို့ကို ပွားများ၍ စိတ်ဓာတ်ကြံ့ခိုင်လာရ၏။ စိတ်တည်ကြည်မှသာ အမှန်သစ္စာတရားကို မြင်သည်ဟူ၍ မြတ်စွာဘုရား ဟောကြားတော်မူသည်။
စိတ်တည်ကြည်ငြိမ်သက်ပြီး စိတ်ဖြောင့်မတ်ရန် အရေးအကြီးဆုံး ဘ၀ပန်းတိုင်ပင် ဖြစ်တော့၏။
စိတ်ငြိမ်သက် တည်ကြည်လာသည်နှင့်အညီ ရုပ်နာမ်ခန္ဓာ၏ ဖြစ်မှုပျက်မှုကိုလည်း မြင်သိလာ၍ ပရမတ်တရားကို မြင်သိနားလည်၍ ပညာသိက္ခာကို ရပေသည်။
စိတ်ငြိမ်မှ ကိုယ်ချမ်းသာသည်။
စိတ်ငြိမ်မှ အမှန်သိသည်။
နိဗ္ဗာန်ရရန်၊ စိတ်သာမှန်၊ ဧကန်မလွဲပါ။ဟူသောသြ၀ါဒအရ စိတ်မှန်သူသည် ယခုနေရာ ယခုအချိန်၌ပင် နိဗ္ဗာန်ကို တဒဂ်ရနေတော့သည်။
( စွန်းလွန်းဆရာတော် )
*********************************************************************************
( သိဒ္ဓိမင်္ဂလာ ဂါထာ )
နတ္ထိ မေ သရဏံ အညံ ၊ ဗုဒ္ဓေါ မေ သရဏံ ၀ရံ ။
ဧတေန သစ္စ၀ဇ္ဇေန ၊ ဟောတု မေ သိဒ္ဓိမင်္ဂလံ ။
နတ္ထိ မေ သရဏံ အညံ ၊ ဓမ္မော မေ သရဏံ ၀ရံ ။
ဧတေန သစ္စ၀ဇ္ဇေန ၊ ဟောတု မေ သိဒ္ဓိမင်္ဂလံ ။
နတ္ထိ မေ သရဏံ အညံ ၊ သံဃော မေ သရဏံ ၀ရံ ။
ဧတေန သစ္စ၀ဇ္ဇေန ၊ ဟောတု မေ သိဒ္ဓိမင်္ဂလံ ။
( ဘာသာပြန် )
၁။ ငါ့အား ဘုရားမှတပါး တခြားကိုးကွယ်ရာမရှိပြီ။
ဘုရားသည် ငါ့အား မြတ်သော ကိုးကွယ်ရာဖြစ်၏။
ဤဆိုအပ်သော သစ္စာစကားကြောင့် ငါ့အား ပြီးစီးအောင်မြင်ကြောင်း မင်္ဂလာ ဖြစ်ပါစေ။
၂။ ငါ့အား တရားတော်မှတပါး တခြားကိုးကွယ်ရာမရှိပြီ။
တရားတော်သည် ငါ့အား မြတ်သော ကိုးကွယ်ရာဖြစ်၏။

၃။ ငါ့အား သံဃာတော်မှတပါး တခြားကိုးကွယ်ရာမရှိပြီ။
သံဃာတော်သည် ငါ့အား မြတ်သော ကိုးကွယ်ရာဖြစ်၏။
ဤဆိုအပ်သော သစ္စာစကားကြောင့် ငါ့အား ပြီးစီးအောင်မြင်ကြောင်း မင်္ဂလာ ဖြစ်ပါစေ။
( ဣစ္ဆာသယ လေးဂါထာ )
၁။ ဣဒ္ဓိ ဗုဒ္ဓေဟိ သရဏံ ၊ သဗ္ဗေ ဒေ၀ါ ပိယံ မမ ။
၂။ ဣဒ္ဓိ ဓမ္မေဟိ သရဏံ ၊ သဗ္ဗေ စတုရာဇာ ပိယံ မမ ။
၃။ ဣဒ္ဓိ သံဃေဟိ သရဏံ ၊ သဗ္ဗေ ဣတ္ထိ ပုရိသာ ပိယံ မမ ။
၎။ သဗ္ဗေ အန္တရာယာပိ ၊ ၀ိနဿန္တု အသေသတော ။
( ဘာသာပြန် )
၁။ တန်ခိုးဂုဏ်တော်နှင့် ပြည့်စုံတော်မူသော ဘုရားရှင်တို့အား ကိုးကွယ်ခြင်းကို ပြုပါ၏၊
လုံးစုံများစွာ နတ်ဒေ၀ါတို့သည် ငါ့အား ချစ်မြတ်နိုးခြင်းကို ပြုနိုင်ကြပါစေ ။
၂။ တန်ခိုးဂုဏ်တော်နှင့် ပြည့်စုံသော တရားတော်တို့အား ကိုးကွယ်ခြင်းကို ပြုပါ၏၊
လုံးစုံများစွာ နတ်မင်းကြီးလေးပါး ရာဇာတို့သည် ငါ့အား ချစ်မြတ်နိုးခြင်းကို ပြုနိုင်ကြပါစေ ။
၃။ တန်ခိုးဂုဏ်တော်နှင့် ပြည့်စုံသော သံဃာတော်တို့အား ကိုးကွယ်ခြင်းကို ပြုပါ၏၊
လုံးစုံများစွာ မိန်းမ ယောက်ျားတကာတို့သည် ငါ့အား ချစ်မြတ်နိုးခြင်းကို ပြုနိုင်ကြပါစေ ။
၎။ လုံးစုံများစွာ ဘေးရန် အဖြာဖြာတို့သည် အကြွင်းမရှိ ပျောက်ကင်းနိုင်ကြပါစေ ။
( တောင်လေးလုံးဆရာတော်ကြီး )

ပညာရှိမှ သိနိုင်သော အကြောင်းလေးပါး
လူတဦးနှင့်တဦး ပေါင်းသင်းဆက်ဆံရာ၌ မိမိနှင့် ပေါင်းသင်းဆက်ဆံသူ၏ သဘောထားနှင့် အရည်အချင်းကို ပညာရှိသူမှသာ သိနိုင်၊ အကဲခတ်နိုင်သည်၊ ထိုသို့သိနိုင်သော အကြောင်းလေးပါး ရှိ၏။ ၄င်းတို့မှာ-
၁။ ကြာမြင့်စွာ အတူနေခြင်းဖြင့် ထိုသူ၏ အကျင့်သီလ ရှိ-မရှိကို သိနိုင်၏။
၂။ ကြာမြင့်စွာ စကားပြောဆိုခြင်းဖြင့် ထိုသူ၏ ရိုးသားဖြောင့်မှန်မှု ရှိ-မရှိကို သိနိုင်၏။
၃။ ဘေးအန္တရာယ်တို့နှင့် တွေ့ကြုံရသောအခါ ထိုသူ၏ အစွမ်းသတ္တိ ရှိ-မရှိကို သိနိုင်၏။
၎။ လောကရေး၊ ဓမ္မရေးတို့ကို ကြာမြင့်စွာ ဆွေးနွေး မေးမြန်ခြင်းဖြင့် ထိုသူ၏ ပညာ ရှိ-မရှိကို သိနိုင်၏။
( အံ-စတုက္က၊ ဌာနသုတ် )

ပြဿနာ လေးမျိုး
၁။ မေးသည့်အချက်ကို အတိအကျ ဖြေရမည့်-ဧကံသဗျာကရဏီယ ပြဿနာ။
၂။ မေးသည့်အချက်ကို ဝေဖန်ဆစ်ပိုင်း၍ ဖြေဆိုရမည့်-၀ိဘဇ္ဇဗျာကရဏီယ ပြဿနာ။
၃။ မေးသူကို တဖန် ပြန်မေး၍ ဖြေဆိုရမည့်-ပဋိပုစ္ဆာ ဗျာကရဏီယ ပြဿနာ။
၎။ မဖြေဘဲထားရမည့်-ဌပနီယ ပြဿနာ ဟူ၍ ပြဿနာလေးမျိုး ရှိကြောင်း အံ-စတုက္က၊ ပဥှာဗျာကရဏီယ
သုတ်၌ ဟောပါသည်။

သင်္ဂဟ၀တ္ထု လေးပါး
လူအများကို မိမိအား ချစ်ခင်ကြည်ညိုလာစေရန်၊ မိမိဘက်သို့ ပါလာစေရန် သိမ်းသွင်းဆွဲဆောင်နိုင်သော အကြောင်းလေးပါးကို `သင်္ဂဟ၀တ္ထုလေးပါး´ဟု ခေါ်သည်၊ ၄င်းတို့မှာ-
၁။ ဒါန-ပစ္စည်းဥစ္စာ ပေးကမ်းထောက်ပံ့ခြင်း။
၂။ ပေယျဝဇ္ဇ-ချစ်ဖွယ်သောစကားကို ဆိုခြင်း။
၃။ အတ္ထစရိယ-သူ့အကျိုးကို ဆောင်ရွက်ပေးခြင်း။
၎။ သမာနတ္တတာ-မိမိနှင့် တန်းတူရည်တူထား၍ ဆက်ဆံခြင်းတို့ ဖြစ်သည်။
( အံ-စတုက္က၊ သင်္ဂဟသုတ် )

အဂတိ လေးပါး
မလားရောက်သင့်သော အရာသို့ လားရောက်ခြင်း၊
တနည်းဆိုသော် မလိုက်ပါသင့်သော အရာသို့ လိုက်ပါခြင်းကို `အဂတိ လိုက်ခြင်း´ဟု ခေါ်သည်၊ ထိုအဂတိ လိုက်ခြင်းသည်
၁။ ချစ်ခင်မှုကြောင့် မလိုက်ပါသင့်သောအရာသို့ လိုက်ပါခြင်း၊ ( ဆန္ဒာဂတိ )
၂။ မုန်းတီးမှုကြောင့် မလိုက်ပါသင့်သောအရာသို့ လိုက်ပါခြင်း၊ ( ဒေါသာဂတိ )
၃။ တွေဝေမှု၊ မသိ နားမလည်မှုကြောင့် မလိုက်ပါသင့်သောအရာသို့ လိုက်ပါခြင်း၊ ( မောဟာဂတိ )
၎။ ကြောက်ရွံ့မှုကြောင့် မလိုက်ပါသင့်သောအရာသို့ လိုက်ပါခြင်း၊ ( ဘယာဂတိ ) တို့ ဖြစ်၏။
( အံ-စတုက္က၊ ပထမ အဂတိသုတ် )

သူ့အပြုံး
မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်၌ သီတင်းသုံနေတော်မူစဉ် အက္ကောသ ဘာရဒွါဇပုဏ္ဏား ရောက်လာသည်၊ သူ့အကို ပုဏ္ဏား မြတ်စွာဘုရားထံ၌ ရဟန်းပြုသည်ဟု ကြားသဖြင့် စိတ်ဆိုး အမျက်ထွက်ကာ မြတ်စွာဘုရားအား ရုန့်ရင်းကြမ်းတမ်းသော စကားတို့ဖြင့် ဆဲရေးသည်။
ထိုအခါ မြတ်စွာဘုရားက သည်းခံလွင့်လွှတ်သည်၊ အေးအေးဆေးဆေးပင် ပုဏ္ဏားအား မေးမြန်းပြောဆိုသည်။
ပုဏ္ဏား-သင့်အိမ်သို့ ဆွေမျိုး မိတ်သင်္ဂဟ ဧည့်သည်များ လာဖူးသလား၊
တခါတရံ လာဖူးပါသည်။
ထိုဧည့်သည်များကို ခဲဘွယ် ဘောဇဉ်များ ကျွေးမွေး ပေးကမ်းဖူးသလား၊
တခါတရံ ကျွေးမွေးဖူး ပေးကမ်းဖူးပါသည်။
ထိုဧည့်သည်တို့က သင်ပေးသည်ကို မခံယူလျှင် ထိုပစ္စည်းတို့သည် ဘယ်သူ့ထံသို့ ရောက်သနည်း၊
ဧည့်သည်တို့က မခံယူလျှင် ထိုပစ္စည်းတို့သည် ကျွန်ုပ်ထံသို့ပင် ရောက်ပါသည်။
ပုဏ္ဏား-ဤဥပမာအတူပင် သင်သည် မဆဲရေးထိုက်သော ငါတို့ကို ဆဲရေး၏၊ သင်၏ဆဲရေးခြင်းကို ငါတို့ မခံယူကုန်၊
ပုဏ္ဏား-ဤဆဲရေးခြင်းသည် သင့်အားသား ရောက်၏။
ပုဏ္ဏား အကြင်သူသည် မိမိအား ဆဲရေးသောသူကို ပြန်၍ ဆဲရေး၏၊
မိမိအား ရန်လိုသူကို ပြန်၍ ရန်လို၏။
ထိုသူကို အတူ ခံစားသူ၊ ပြုတုံ့ ပြုသူ ဟူ၍ ဆိုအပ်၏၊ ထိုသူကို အတုခံစားသူ၊ ပြုတုံ့ပြုသူ-ဟူ၍ ဆိုအပ်၏၊
ငါတို့သည် သင်နှင့်အတူ ခံစားဘက် မဟုတ်ကုန်၊ ပြုတုံ့ မပြုကုန်၊
ပုဏ္ဏား-သင်၏ဆဲရေးခြင်းသည် သင့်အားသာလျှင် ရောက်၏။
( ကဗျာ )
ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်းကိုသူမဲ၊ လူပုံထဲ၌
ဆိုဆဲရိုင်းပျ၊ သူရန်စလည်း
မင်းက မဖြုန်၊ မင်း မမှုန်ခဲ့
မတုန်မလှုပ်၊ မင်းပြုံးရုပ်သည်
ဟုတ်လှပေစွ၊ ဟုတ်ပေစွ ။
အခါတပါး၊ မြတ်ဘုရားကို
ပုဏ္ဏားဒွါဇ၊ အမျက်ရှ၍
ငဆ နင်ဘဲ၊ မျိုးစုံဆဲ၏
ဆိုဆဲအားရ၊ ထိုခဏ၌
ဗုဒ္ဓဘုရား၊ ထိုပုဏ္ဏားနှင့်
စကားချီချ၊ ဆိုခဲ့ကြ ။
ဘာရဒွါဇ၊ ဗြဟ္မဏ-
အိမ်ဝရောက်လာ၊ သင့်ဆွေညာအား
ရသာချိုအေး၊ ခဲဖွယ်ပေး၍
မကျွေးသလော၊ ကျွေးသလော ။
ငါ့ဆွေ ငါ့မျိုး၊ ငါမြတ်နိုး၍
မုန့်မျိုးစုံစွာ၊ သုံဆောင်ပါ-ဟု
ငါကျွေးမွေး၏၊ ငါပေး၏ ။
ဘာရဒွါဇ၊ ဗြာဟ္မဏ
သူကငြင်းဆန်၊ လက်မခံသော်
ကြံ ပျား ဆီဥ၊ ခဲဖွယ်စုသည်
မည်သူ့လက်မှာ၊ ရှိသနည်း ။
သူမယူဘိ၊ နေသည်ရှိသော်
ငါ၏လက်မှာ၊ ရှိသည်သာ ။
ဘာရဒွါဇ၊ ဗြာဟ္မဏ
ငါ့အားသင်ပေး၊ မယဉ်ကျေးသည့်
ဆဲရေးတိုင်းထွာ၊ ဆဲ တရာကို
ငါ လက်မခံ၊ မိန့်လိုက်ဟန်သည်
သုတ္တန်ထင်ရှား၊ အရှိသား ။
ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်းသိ မသိ၊ ငါမသိခဲ့
ငါသိသည်မှာ၊ သိရုံသာတည်း
မင့်မှာတမူ၊ ယူမတူတို့
ငြူစူမှိုင်းမှုန်။ အဆဲစုံ၌
မတုန်မလှုပ်၊ မင့်ပြုံးရုပ်သည်
ဟုတ်လှပေစွ၊ ဟုတ်ပေစွ ။
(ဇော်ဂျီ)
မြတ်မင်္ဂလာ ၁၉၉၀-နိုဝင်ဘာ။

Sunday, November 2, 2008
ဘာသာရေး ပြဿနာ ( ၄ )
ဘဒ္ဒန္တ တိလောကသာရ-ဖြေသည်
သူရဿတီ တကယ် ရှိ/မရှိ
(မေး) ပိဋကတ်သုံးပုံကို စောင့်ကြပ်သော သူရဿတီ မယ်တော် အမှန်တကယ် ရှိ-မရှိနှင့် အကယ်၍ အမှန်တကယ်ရှိပါက သူရဿတီဂါထာအစစ်ကို ကျမ်းကိုး အထောက်အထားနှင့် သိလိုပါသည်ဘုရား။
( မောင်ရဲဝင်း-မြောက်ဥက္ကလာ )
(ဖြေ) သူရဿတီ-ဟူသည်မှာ အိန္ဒိယပြည် မြောက်ပိုင်း ပန်ဂျပ်ပြည်နယ်အတွင်းရှိ မြစ်တခု၏ နာမည် ဖြစ်သည်။ ထိုမြစ်ကို ရှေးဟိန္ဒူ အာရိယန်များ အထွတ်အမြတ်ထားရာမှ မြစ်ကို နတ်တပါး အနေဖြင့် ကိုးကွယ်လာကြကြောင်း (ဣတ္ထိလိင် သဒ္ဒါ) မြစ်-နဒီ မှ နတ်သမီးဖြစ်လာကာ သူရဿတီ မြစ်သည် သူရဿတီ နတ်သမီး ဖြစ်၍လာကြောင်း ကြာသော် ရိုးရိုးနတ်သမီးမဟုတ်တော့ဘဲ ဗြဟ္မာကြီး၏ ဇနီး၊ နတ်ဘုရားမ တပါး ဖြစ်လာပြီး ၀ါစာ-စကားကို အစိုးရသည်၊ ကဗျာလင်္ကာ စာပေပညာတို့ကို ပေးစွမ်းနိုင်သည်၊ ဗေဒင်ကျမ်းတို့ကို စောင့်ရှောက်သည်၊ အတတ်ပညာကို ပေးနိုင်သည်-ဟု ယူဆလာကြလျက် ယင်းတို့အတွက် ဗြဟ္မဏ၀ါဒီတို့က ပိုမို ကိုးကွယ်လာခဲ့ကြောင်းဖြင့် မှတ်သားရပါသည်။
ထို့ကြောင့် သူရဿတီမှာ ဗုဒ္ဓဘာသာနှင့် လုံးဝမသက်ဆိုင်၊ ဗြဟ္မဏ၀ါဒီတို့ ဆိုင်ရာ နတ်သာဖြစ်သည်၊ ဗြဟ္မဏတို့၏ တန္တရ-မန္တရတို့ကို လက်ခံသော မဟာယာနဗုဒ္ဓဘာသာတို့ကလည်း သူရဿတီကို လက်ခံခဲ့သဖြင့် မြောက်ပိုင်းဗုဒ္ဓဘာသာတွင် အတန်ကြာကပင် သူရဿတီကိုးကွယ်မှု ရှိလာခဲ့သည်၊ နီပေါလ်ပြည်တွင် ယခုအထိ ဟိန္ဒူဘာသာဝင်များနှင့် အတူ မဟာယာနဗုဒ္ဓဘာသာဝင်များလည်း သူရဿတီကိုးကွယ်မှု ပြုခဲ့ကြောင်း သိရသည်။
မြန်မာဗုဒ္ဓဘာသာဝင်တို့ အနေဖြင့် ပိဋကသုံးပုံစောင့် မယ်တော်ကြီးဟု ဖြစ်လာရသည်မှာ ဤသို့ဖြစ်ပါသည်။
သက္ကတအလင်္ကာကျမ်းကို အမှီပြု၍ သီဟိုဠ်ကျွန်း၊ အရှင်မဟာသံဃရက္ခိတ မထေရ်သည် သုဗောဓာလင်္ကာရ (ပါဠိအလင်္ကာ) ကျမ်းကို စီရင်ရာတွင် သက္ကတအလင်္ကာကျမ်းက ၀ါဏီ-ဗေဒင် သုံးပုံစောင့် သူရဿတီနတ်သမီးကို ရှိခိုးပဏာမ ပြုသကဲ့သို့ သရဏံ ပါဏိနံ ၀ါဏီ ၊ မယှံ ပိဏယတံ မနံ -ဟု ဘုရားစကားတော် ပိဋကတ်တည်းဟူသော သူရဿတီနတ်သမီးသည် အကျွန်ုပ်၏ စိတ်နှလုံးကို နှစ်သိမ့်ပါစေ-ဟု တင်စားသုံးလိုက်လေသည်။
ထိုစကား အမြွက်ဖြင့်ပင် သူရဿတီသည် ထေရ၀ါဒ ဗုဒ္ဓနယ်ပယ်သို့ ရောက်လာပြီးလျှင် ပိဋကတ်သုံးပုံကို စောင့်ကြပ်သော သူရဿတီမယ်တော်ဟူ၍ ဖြစ်လာရတော့သည်။ အမှန်အားဖြင့် ပိဋကတ်သုံးပုံကို မည်သည့် နတ်သမီး နတ်သား နတ်ဗြဟ္မာများမှ မစောင့်။ ပိဋကတ်အာဇာနည် ဗုဒ္ဓသားကျော် ရဟန်းတော် သံဃာတော် များသာ စောင့်ကြပ်နေပါသည်။ ထေရ၀ါဒဗုဒ္ဓဘာသာဝင်တို့ အနေဖြင့် သူရဿတီဂါထာတို့ကိုလည်း ရွတ်ဆိုနေရန်မလို၊ သူရဿတီဂါထာအစစ်ဟူ၍လည်း ဗုဒ္ဓစာပေ၌ မရှိ၊ ဘုရား တရား သံဃာ ရတနာသုံးပါးမှ အခြားကိုးကွယ်ရာ မရှိပါ။
*********************************************************************************
အဓမ္မရာဂ စသည်
( မေး ) စာထဲ၌ပါသော အဓမ္မရာဂ, ၀ိသမ လောဘ, မိစ္ဆာဓမ္မ တို့ကို အကျိုးအပြစ်နှင့်တကွ သိလိုပါသည်ဘုရား၊
( မောင်သစ်ထွဏ်း-ကြည့်မြင်တိုင်မြို့နယ် )
( ဖြေ ) ဒီဃနိကာယ် ပါထိက၀ဂ္ဂပါဠိ၊ စက္က၀တ္တိသုတ်တွင်
အဓမ္မရာဂ-အမိ, အဒေါ်, အမ, ဆရာ့ဇနီး စသည် မပြစ်မှားအပ်သောသူတို့၌ တပ်မက်ပြစ်မှားမှု။
ဝိသမ လောဘ-လောကထုံးတမ်းအားဖြင့် မှီဝဲသင့်သူတို့၌ အလွန်အကြူး တရားမဲ့ လိုက်စားမှီဝဲမှု။
မိစ္ဆာဓမ္မ-ယောက်ျားချင်း၊ မိန်းမချင်း၊ တပ်မက်ဆက်ဆံမှုတို့ကို ဖော်ပြထားပါသည်။
ယင်းတို့မှာ ကာမေသုမိစ္ဆာစာရ ဖြစ်ရုံမက အာယုနာပိ ပရိဟာယမာနံ ၀ဏ္ဏေနပိ ပရိဟာယမာနံ စသည်ဖြင့် အသက် အဆင်းစသည် ဆုတ်ယုတ်ခြင်းစသည့် ပစ္စုပ္ပန်အပြစ်များပါ ဖြစ်ကြောင်း ဟောကြားထားပါသည်။
ထို့ကြောင့် ထိုတရားသုံးမျိုး မပြစ်မှားမိအောင် အတ္တသမ္မာပဏိဓိ မင်္ဂလာဖြင့် မိမိကိုယ်ကို ကောင်းစွာ စောင့်ရှောက်ထိန်းသိမ်းရန် အထူးလိုအပ်ပေသည်။

သိမ်မြေတွင်း၌ တန်ဆောင်း ဆောက်သင့် မဆောက်သင့်
( မေး ) တပည့်တော်တို့အရပ် ရွှေမုဋ္ဌော မြတ်စွာဘုရား ပရိဝုဏ်အတွင်း၌ အတန်ကျယ်ဝန်းသော သိမ်နယ်မြေ ရှိပါသည်၊ ယင်းသိမ်နယ်မြေအတွင်းမှာလည်း စေတီနှစ်ဆူရှိကာ တဆူ၏ရှေ့တွင် သိမ်အဆောက်အအုံရှိ၍ တဆူ၏ရှေ့တွင် ကျယ်ဝန်းသော မြေကွက်လပ် ရှိပါသည်၊ စေတနာရှင်တဦးက ယင်းမြေကွက်လပ်၌ ကဆွန် (တန်ဆောင်း) ဆောက်လိုနေပါသည်၊ သိမ်နယ်နိမိတ်အတွင်း၌ ဆောက်သင့် မသင့် ဖြေကြားပေးတော်မူပါ ဘုရား။
( အရှင်သီလာစာရ-ရွှေဘို )
( ဖြေ ) ဗဒ္ဓ (ကမ္မ၀ါစာဖြင့် ဖွဲ့အပ်သော ) သိမ်သည် အငယ်ဆုံး သံဃာ နှစ်ကျိပ်တပါး ဆံ့လောက်သည့် အရွယ်မှ အကြီးဆုံး သုံးယူဇာနအထိ ရှိနိုင်ပါသည်။ တမြို့လုံးကိုပင် သိမ်အတွင်း၌ သွင်း၍ သမုတ်ထားကြကြောင်း သာသနာဝင်တွင် တွေ့ရှိနိုင်ပါသည်၊ ထိုကဲ့သို့ ကြီးမားသော ဗဒ္ဓသိမ်နယ်မြေအတွင်း၌ ဘုရား ကျောင်း ကန် တန်ဆောင်း ဇရပ်များသာမက လူနေအိမ်များပင် ရှိနေမည်ဖြစ်ပါသည်။
အရေးကြီးသည်မှာ သိမ်နယ်မြေ မည်မျှကျယ်ဝန်းသည်ဖြစ်စေ သံဃာတော်များ ကံဆောင်ရာ၌ တနေရာတည်း၌ ဟတ်ထပါသ် (နှစ်တောင့်ထွာ) အတွင်းရောက် စည်းဝေးရန်ပင်ဖြစ်ပါသည်၊ သို့ဖြစ်၍ ရွှေမုဋ္ဌော ဘုရားမြေ အတွင်းရှိ သိမ်နယ်မြေ၌ ကဆွန် (တန်ဆောင်း) ဆောက်လုပ်လိုပါက ဆောက်လုပ်နိုင်ပါသည်။
ကံဆောင်ရာ၌သာ ယင်းကဆွန်ဘက်မှာ သံဃာတော်များ ရှိမနေဘဲ သိမ်အဆောက်အအုံဘက်သို့ အရောက်သိမ်းနိုင်ရန် လိုပါသည်၊ သို့မဟုတ် ဆောက်လုပ်မည့်ကဆွန်သည်လည်း သိမ်မြေအတွင်း၌ ဖြစ်၍ ယင်း၌လည်း သံဃာ့ကံများ ဆောက်နိုင်ပါသည်။ ထိုအခါတွင် သိမ်အဆောက်အအုံ ဟောင်း၌ သံဃာများ ရှိမနေမူ၍ ကဆွန်ပေါ်၌ စုဝေးမိအောင် သတိပြုရမည် ဖြစ်ပါသည်။

သရဏဂုံ ကန်တော့ပွဲနှင့် ဆံပင်ဖြန့်ခင်း ပူဇော်ခြင်း
( မေး ) ၁။ သရဏဂုံ ဟူသည် စိတ်နှင့်သက်ဆိုင်သည်ဟု ကြားဖူးပါသည်၊ နှုတ်ဖြင့် ရွတ်ဆို ခံယူမှ ရပါသလား။
၂။ ဘာသာရေး အခမ်းအနားများ၌ ကန်တော့ပွဲများကို အဘယ်ကြောင့် အုန်းငှက်ပျောတို့ဖြင့် ပြင်ရပါသနည်း။
အခြား အသီးအနှံကို အဘယ်ကြောင့် မသုံးပါသနည်း။
အုန်းသီးတွင် ကြွက်မြီး မပါမနေ၊ ငှက်ပျောသုံးဖီးနှင့် အမျိုးအစား စသည်များကို သိလိုပါသည်ဘုရား။
၃။ ရဟန်းတော်များ ကြွလာမည့်လမ်း၌ အမျိုးသမီးများ ဆံပင်ဖြန့်ခင်း၍ မကြိုဆိုအပ်ဟု ဆိုခြင်းမှာ အဘယ့်ကြောင့်ပါနည်း ဖြေဆိုတော်မူပါရန်။
( မောင်ထွေးလင်းထွဋ်-အင်းစိန်မြို့)
( ဖြေ ) ၁။ မြတ်စွာဘုရားနှင့် တရား သံဃာတို့၌ မတုန်မလှုပ် သက်ဝင်ယုံကြည်မှုမှာ စိတ်နှင့်သက်ဆိုင်ပါသည်၊ သို့သော် သရဏဂုံကို ခံယူဆောက်တည်ရာ၌မူ နှုတ်ဖြင့်ဆောက်တည်ရပါသည်၊
သရဏဂုံ အစ ဒွေဝါစိက-ဟု ဆိုသော တပုဿ နှင့် ဘလ္လိက ကုန်သည်ညီနောင်တို့မှ စ၍ မြတ်စွာဘုရားအထံ၌ နှုတ်မြွက်ဆောက်တည်ရပါသည်၊
အင်္ဂုလိမာလ စသော လူကြမ်းကြီးတို့သည် မြတ်စွာဘုရားအား ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏ဘုရား စသည်ဖြင့် နှုတ်မြွက်ဝန်ခံခြင်းဖြင့် ဘုရားတပည့်သားအဖြစ် ၀င်ရောက်ခဲ့ပါသည်၊ ဤသို့ နှုတ်မြွက်ဝန်ခံခြင်း မရှိခဲ့လျှင် စိတ်ထဲက ကြည်ညိုသော်လည်း ဘုရားတပည့်သားအဖြစ် အသိအမှတ်ပြုခြင်း ခံရမည်မဟုတ်ပါ၊ ထို့ကြောင့် နှုတ်ဖြင့်ခံယူ၍ စိတ်ဖြင့် သင်ဝင်ယုံကြည်ရပါမည်။
၂။ ကန်တော့ပွဲများ၌ အုန်းငှက်ပျောများဖြင့် ပြင်ရသည်မှာ ၄င်းတို့မှာ ဌာနမရွေး၊ နေရာမရွေး၊ ရာသီမရွေး၊ အလွယ်တကူ ရနိုင်၍ ဖြစ်ပါသည်။
အခြားအသီးအနှံတို့မှာ ဌာန နေရာရာသီအလိုက်သာ ရနိုင်ပါသည်၊ ၄င်းအသီးအနှံတို့ဖြင့်လည်း ကန်တော့ပွဲ ပြင်နိုင်ပါသည်၊ သို့သော် ကန်တော့ပွဲဟူ၍ တညီတည်းဖြစ်ရန် အုန်းငှက်ပျောကိုသာ သုံးကြဟန် တူပါသည်၊ ကြွက်မြီးပါရမည်ဆိုသည်မှာ နတ်ပွဲများတွင်သာ ချွတ်ယွင်းချက်မရှိအောင် ပြုကြပါသည်၊ ယင်းနတ်ပွဲများ၌ ငှက်ပျောဖီးဆိုင် ထည့်ရပြီး ရတနာသုံးပါး ဆိုင်ရာ၌ သုံးဖီးထည့်လေ့ပြုပါသည်၊ ရခိုင်ငှက်ပျောသီးကို အထည့်များခြင်းမှာ ၄င်းက ပို၍ ရလွယ်သဖြင့် ဖြစ်ဟန်တူပါသည်။
၃။ ရဟန်းတော်များမှာ အမျိုးသမီးတို့၏ ဆံပင်ကို ထိမိ၍ သာယာမိလျှင် ပါရာဇိက-အောက် ဒုတိယအကြီးဆုံးဖြစ်သော သံဃာဒိသိသ် အာပတ်သင့်ပါသည်၊ ရဟန်းတော်များ ကြွလာရာလမ်း၌ အမျိုးသမီးများ ဆံပင်ကို ဖြန့်ခင်းထားလျှင် ရဟန်းတော်များက မိမိခြေဖြင့် မထိမိအောင် မနင်းမိအောင် ရှောင်ကွင်း၍ သွားကြပါသည်၊ အထွတ်အမြတ်ထားသော ဆံပင်ကို ဖြန့်ခင်း လှူဒါန်းကြိုဆိုသူအဖို့ ကုသိုလ် ဖြစ်သော်လည်း ရဟန်းတော်များ အာပတ်သင့်စရာဖြစ်၍ ဤသို့ မကြိုဆိုသင့်ဟု ဆိုခြင်း ဖြစ်ပါသည်။
********************************************************************************
မန်ကျည်းစေ့ ကမ္မ၀ါစာ
( မေး ) မန်ကျည်းစေ့ ကမ္မ၀ါစာ အစ ဂ-ငယ် သုံးခုက ဟု ဆိုကြပါသည်။
ယင်း၏အဓိပ္ပါယ်ကို ရှင်းပြ၍ မန်ကျည်းစေ့ကမ္မ၀ါစာအစ အကြောင်း ဖြေကြားပေးတော်မူပါရန်။
( အရှင်ဇောတိက-ပဲနွယ်ကုန်း၊ အောင်မင်္ဂလာတိုက်သစ်-အလုံ )
( ဖြေ ) ဂ-ငယ် သုံးခု ဟူသည်မှာ သက္ကရာဇ် ၈၈၈-ခုကို ဆိုလိုပါသည်၊
ထိုအချိန်က မြန်မာနိုင်ငံ (အင်းဝ) တွင် သိုဟန်ဘွား မင်းလုပ်၍ ဗုဒ္ဓသာသနာတော်ကို ဖျက်ဆီးခဲ့ပါသည်၊ စေတီပုထိုးများကို တူးဖြို ဖျက်ဆီး၍ ဌာပနာများကို ယူခြင်း၊ စစ်ကိုင်း အင်းဝ ပတ်ဝန်းကျင်မှ သံဃာတော် ၃၆၀-ကျော်တို့အား ဆွမ်းစားပင့်ဆောင်၍ လိမ်လည်ကာ သတ်ဖြတ်ခြင်း၊ ဗုဒ္ဓပိဋကတော်များကို မီးရှို့ ဖျက်ဆီးခြင်း ပြုလုပ်ခဲ့ဖူးပါသည်၊ ထိုအခါ သံဃာတော်တို့က ကမ္မ၀ါစာပျောက်လျှင် သာသနာ ပျက်လိမ့်မည် ဆို၍ ကမ္မ၀ါစာများကို ဗုဒ္ဓပိဋက စာပေအနေဖြင့် မဖျက်ဆီးနိုင်ရန် (၄င်းသိုဟန်ဘွားတို့ သုံးသောစာနှင့် တူယောင်ယောင်) မန်ကျည်းစေ့ ပုံသဏ္ဌာန်မျိုးဖြင့် ရေးသားထားကြောင်း ပြောဆိုကြပါသည်၊
ထိုစကားအရပင် မန်ကျည်းစေ့ ကမ္မ၀ါစာ အစ ဂ-ငယ် သုံးခုက-ဟု စကားဖြစ်လာဟန် တူပါသည်။
သို့သော် မမှန်ပါ-ကမ္မ၀ါစာသည် သာသနာတော်သုံး စာဖြစ်၍ မြန်မာနိုင်ငံတော်ကို ဗုဒ္ဓသာသနာ စတင်ထွန်းလင်းစေသော ပုဂံခေတ်၊ အနောရထာမင်းတရား လက်ထက် အရှင်အရဟံ ပုဂံပြည်သို့ သာသနာတော်ကို စတင် ပြုစုစဉ်ကပင် ရှိခဲ့ပါသည်။
ထိုစဉ်က မြန်မာအက္ခရာတို့မှာ အများအားဖြင့် လေးထောင့်ပုံသဏ္ဌာန်များဖြင့် တွေ့နိုင်ပါသည်၊
ကျောက်တွင် ထွင်းထားသော စာ၊ ဘုရားနံရံများတွင် စုတ်တံဖြင့် ရေးသားထားသော စာများမှာ
လေးထောင့်ပုံများဖြစ်၍ မန်ကျည်းစေ့နှင့် တူသဖြင့် မန်ကျည်းစေ့အက္ခရာဟု ခေါ်ပါသည်၊
ဝတ်လဲသားရိုးပြားတွင်ဖြစ်စေ, ကြေးပြား ဆင်စွယ်များနှင့် ပေတို့တွင်ဖြစ်စေ စုတ်တံဖြင့်ရေးသော ကမ္မ၀ါစာအက္ခရာမှာ စစ်စေးစာလုံး ထူသဖြင့် ပိုမို၍ပင် မန်ကျည်းစေ့ပုံနှင့် တူပါသည်။
ရှေးပုဂံကျောက်စာ, မင်စာ, နံရံများနှင့် ယခုရှိနေသော မန်ကျည်းစေ့ ကမ္မ၀ါစာတို့ကို ယှဉ်ကြည့်က အခြေခံ တူညီလျက်နေကြောင်း တွေ့ရပါလိမ့်မည်၊ မြန်မာအက္ခရာများမှာ အင်းဝခေတ် နောက်ပိုင်းနှင့် ကုန်းဘောင်ခေတ်တို့တွင် စာလုံးဝိုင်းများ ခေတ်စားလာသော်လည်း ရှေးဟောင်းကို မြတ်နိုးတော်မူကြကုန်သော ဆရာတော် သံဃာတော်များက ကျောက်စာ, မင်စာ, နံရံစာ ခေတ်က စာလုံးပုံအတိုင်း ၀တ်လဲ ကမ္မ၀ါစာ၊ ကြေးဆင်စွယ် ကမ္မ၀ါစာတို့ကို စွဲမြဲစွာ အသုံးပြုတော်မူခဲ့ခြင်းဖြင့် ဤခေတ်တွင် မန်ကျည်းစေ့ ကမ္မ၀ါစာများ ထင်ရှား၍ နေခြင်းဖြစ်ကြောင်း မှတ်သားတော်မူစေချင်ပါသည်။
( မြတ်မင်္ဂလာ ၁၉၉၀ပြည့် နိုဝင်ဘာလ )

Subscribe to:
Posts (Atom)