Saturday, December 27, 2008

၃၈-ဖြာ မင်္ဂလာ ကဗျာများ

၁။ အသေ၀နာ စ
လူမိုက်ဆိုလျှင် ရှောင်သွေလွဲလို့ ၊ မမှီဝဲနဲ့ ကင်းအောင်နေ ။
ပညာရှိကို အရှည်တွဲလို့ ၊ မှီဝဲဆည်းကပ် နည်းယူစေ ။
သုံးပါးရတနာ မိဘများနှင့် ၊ ဆရာသမားကို ပူဇော်လေ ။
ချမ်းသာကိုပေး ဆက်ဆံရေး ၊ မြော်တွေး သုံးချက်ပေ ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ ။

၂။ ပတိရူပ
ကုသိုလ်ဥစ္စာ ပညာရဖို့ ၊ သင့်ရာဒေသ အမြဲနေ ။
ရှေးကတင်ကြို ပြုခဲ့ဘူးသည့် ၊ ကောင်းမှုအထူး ရှိပါစေ ။
မိမိကိုယ်ကို ကောင်းအောင်ထိန်းလို့ ၊ မတိမ်းစေနဲ့ ဆောက်တည်လေ ။
ဥစ္စာကိုပေး နေထိုင်ရေး ၊ မြော်တွေး သုံးချက်ပေ ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ ။

၃။ ဗာဟုဿစ္စဉ္စ
တတ်ကောင်းတတ်ရာ ဟူသမျှကို ၊ ကြားမြင်သုတ ရှိပါစေ ။
အိုးအိမ်တည်ထောင် ၀မ်းစာရေးနဲ့ ၊ အသက်မွေးဖို့ အတတ်သင်လေ ။
လူနှင့်ဆိုင်ရာ ကျင့်ဝတ်များကို ၊ ကောင်းစွာသင်ကြား နားလည်စေ ။
မှန်ကန်ယဉ်ကျေး ချိုသာအေး ၊ ဆိုရေးတတ်ပါစေ ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ ။

၎။ မာတာပိတု
မြင်းမိုရ်ရွှေတောင် မိဘကြွေးကို ၊ ကောင်းစွာဆပ်ပေး ၀တ်ကျေကျေ ။
ကြွေးသစ်ချကာ သားနှင့်မယား ၊ မြှောက်စားချီးမြှင့် ၀တ်ကုန်စေ ။
အလုပ်တာဝန် မလစ်ဟင်းနဲ့ ၊ အပြစ်ကင်းအောင် လုပ်ပါလေ ။
စည်းစိမ်ကိုပေး ပြုစုရေး ၊ မြှော်တွေး သုံးချက်ပေ ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ ။

၅။ ဒါနဉ္စ
သုံးတန်စေတနာ ဖြူစင်လန်းလို့ ၊ ပေးကမ်းဝေမျှ လှူနိုင်စေ ။
ကိုယ်နှုတ်စိတ်ကြံ မမိုက်မှားနဲ့ ၊ သုစရိုက်တရားကို ကျင့်ပါလေ ။
ဆွေမျိုးတွေကို ပြင်ပ မထားနဲ့ ၊ သင်္ဂဟတရားနှင့် ချီးမြှောက်လေ ။
သန့်စင်ပြစ်မျိုး လူထုကျိုး သယ်ပိုးရွက်ဆောင်စေ ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ ။

၆။ အာရတီ ၀ိရတီ
မကောင်းမှုတွေ ဟူသမျှကို ၊ မတွေ့ခင်က ရှောင်ကြဉ်လေ ။
တွေ့ကြုံလာလျှင် မလွန်ကျူးနဲ့ ၊ အထူးသဖြင့် စောင့်စည်းနေ ။
အရက်သေစာ မသောက်စားနဲ့ ၊ မှောက်မှားတတ်တဲ့ အရာပေ ။
လုပ်ကိုင်ပြောကြား သတိထား တရားမမေ့စေ ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ ။

၇။ ဂါရဝေါ စ
အသက်ဂုဏ်ဝါ ကိုယ့်ထက်ကြီးက ၊ ဆည်းကပ်ခစား ရိုသေလေ ။
မာနတံခွန်ဂုဏ်မကြွနဲ့ ၊ ကိုယ့်ကိုနှိမ့်ချ အမြဲနေ ။
လောဘအပို လိုမလိုက်နဲ့ ၊ ကိုယ်ထိုက်တာနဲ့ ကျေနပ်လေ ။
ကိုယ့်ပေါ်ပြုဖူး သူ့ကျေးဇူး အထူးသိတတ်စေ ။
ကောင်းကျိုးဆင့်ပွား မြတ်တရား နာကြားမပြတ်ပေ ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ ။

၈။ ခန္တီ စ
ဝတ်စားနေထိုင် ရန်ခပ်သိမ်း ၊ စိတ်ကိုချုပ်ထိန်း သည်းခံလေ ။
ကျိုးကြောင်းပြညွှန် ဆုံးမစကား ၊ ပြောကြားလာက နာလွယ်စေ ။
သူမြတ်ပုဂ္ဂိုလ် ဟူသမျှ ၊ မကြာခဏ တွေ့ဆုံလေ ။
သဘာဝတွေး မှန်ကန်ရေး ဆွေးနွေးမပြတ်ပေ ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ ။

၉။ တပေါ စ
လောကီအာရုံ ဇိမ်ယစ်မူးလို့ ၊ အပျော်မကြူးနဲ့ ခြိုးခြံလေ ။
မေတ္တာဗြဟ္မစိုရ် လက်ကိုင်သုံးလို့ ၊ သူမြတ်ကျင့်ထုံး ယွင်းမသွေ ။
လေးပါးသစ္စာ ဉာဏ်မြင်ကြည့်လို့ ၊ အမှန်သိအောင် ကြိုးစားလေ ။
ဒုက္ခလွတ်ကင်း နိဗ္ဗာန်ချည်း အလင်းပေါက်နိုင်စေ ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ ။

၁၀။ ဖုဋ္ဌဿ
ဆင်းရဲချမ်းသာ သဘာဝ ၊ တွေ့ကြုံနေကြ လူတိုင်းပေ ။
ကောင်းဆိုးနှစ်တန် အစုံတွဲလို့ ၊ တလဲစီလှည့် အမြဲနေ ။
လောကဓံကြုံ မဖြုံတမ်းပေါ့ ၊ မတုန်စမ်းနဲ့ စိတ်ခိုင်စေ ။
သောကကိုထိန်း ရမ္မက်သိမ်း အေးငြိမ်းချမ်းသာနေ ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ ။

( မင်္ဂလာ၏အကျိုး )
သုံးဆယ့်ရှစ်ဖြာ မင်္ဂလာကုံးကို ၊ လိုက်နာကျင့်သုံး ပန်သူတွေ ။
စီးပွားချမ်းသာ ကျက်သရေတိုးလို့ ၊ ကျောင်းကျိုးစည်ပွင့် တဝေေ၀ ။
ဘေးရန်ကင်းကွာ ချစ်သူပေါလို့ ၊ စိတ်ရော ကိုယ်ရော ချမ်းသာမလေ ။
ပြောဆိုကြံဆ ဆောင်သမျှ အောင်ရမည် ကိန်းသေ ။
အဲဒါကြောင့် ပန်ကြဆင်ကြ မင်္ဂလပန်းခိုင်တွေ ။

Friday, December 26, 2008

သာသနာလျှောက် စာတမ်း

ဘုရားသခင် ရွှေပြည်နိဗ္ဗာန် စံတော်မူသည့်နေ့မှစ၍ ထားတော်မူခဲ့သော သာသနာတော်မြတ်သည်ကား ငါးထောင်ဖြစ်ပါသည် အရှင်ဘုရား။
ထိုငါးထောင်တို့တွင်-
(က) လွန်လေပြီးသော အတိတ်သာသနာတော်မြတ်သည်ကား ( ၂၅၅၂ ) ခု-လွန်ပါပြီ အရှင်ဘုရား။
(ခ) ကြွင်းကျန်သေးသော အနာဂတ် သာသနာတော်မြတ်သည်ကား ( ၂၄၄၈ ) ခု-ကြွင်းကျန်ပါသေးသည် အရှင်ဘုရား။
(ဂ) ယခု လူတို့ ခေါ်ဝေါ်ပညတ် သမုတ်အပ်သော ကောဇာသက္ကရာဇ် နှစ်၏အရေအတွက်သော်ကား
( ၁၃၇၀ ) ခု-ဖြစ်ပါသည် အရှင်ဘုရား။

မိဿ, ပြိဿ, မေထုန်, ကရကဋ်, သိဟ်, ကန်, တူ, ဗြိစ္ဆာ, ဓနု, မကာရ, ကုမ်, မိန်, တဆဲ့နှစ်ရာသီတို့တွင်
မကာရ-ရာသီ ( ပြာသိုလ်လဆန်း ) ( ၁ ) ရက်နေ့ ဖြစ်ပါသည် အရှင်ဘုရား။

စနေဆန်း တနင်္ဂနွေကွယ်သောကြောင့် အတိုကောက်လင်္ကာ ( ဒွင်း-အင် ) ဖြစ်ပါသည် အရှင်ဘုရား။
*********************************************************************************

( အတိတ်သာသနာ တွက်နည်း ဆောင်ပုဒ် )
ကောဇာသက္ကရာဇ်၊ ရောက်ဆဲနှစ်ကို၊ တစ်တစ်ရှစ်နှစ်၊ ရောတုံလှစ်သော်၊ တွက်စစ်ကြောင်းဟိတ်၊ အတိတ်သာသနာ၊ ပေါ်ထွက်လာ၊ သေချာမမှား၊ မြဲမှတ်သား။

မှတ်ချက်။
ရောက်ဆဲ မြန်မာသက္ကရာဇ် ( ၁၃၇၀ ) ကို တည်၊ ၁၁၈၂-နှင့် ထည့်၍ပေါင်းသော်
အတိတ်သာသနာနှစ် ( ၂၅၅၂ ) ဖြစ်၏။
အတိတ်သာသနာ တနှစ်တိုးတိုင်း အနာဂတ်သာသနာ တနှစ်လျော့၏။

( လဆန်း လကွယ်နေ့ မှတ်ရန် အတိုကောက်လင်္ကာ )
အောင်-ခဲ, စံ-ညို၊
လူ-ပျိ, သွင်-သွင်၊
ဒွင်း-အင်, င-ကျော်၊
ဇင်-ယော်, ဗုတ်-မွေး၊
သာ-ဒွေး, ဥ-သြ၊
ကျော်-စော, လု-လင်၊
ပုတ်-သင်, ဒေါင့်-ထဲ၊
ပြန်၍တွဲ။

ယဉ်ကျေးလိမ္မာ ဆုံးမစာ

၁။ အနန္တငါး၊ ဦးထိပ်ထား၊ ညွတ်တွားပါကွဲ့ မမေ့နဲ့။
၂။ ဆရာ မိဘ၊ ဆိုဆုံးမ၊ လိုက်နာကြကွဲ့ မမေ့နဲ့။
၃။ မိဦး ဖဦး၊ ဆရာဦး၊ ခူး၍နော်ကွဲ့ မစားနဲ့။
၎။ ကိုယ်ထက်ကြီးသူ၊ ပြောဆိုမူ၊ နင် ငါ-ဟူ၍ မပြောနဲ့။
၅။ သူများကိုသာ၊ ရန်မရှာ၊ မခံချင်တာ မပြောနဲ့။
၆။ ယဉ်ကျေးအောင်သွား၊ ယဉ်အောင်စား၊ စကားပြောလည်း ယဉ်စေကွဲ့။
၇။ ပရမ်းပတာ၊ သူ့ထက်ငါ၊ လုယက်ကာကွဲ့ မစားနဲ့။( မသွားနဲ့၊ မပြောနဲ့၊ မရပ်နဲ့၊ မထိုင်နဲ့၊ မအိပ်နဲ့၊ )။
၈။ ထမင်းစားရာ၊ တစာစာ၊ များစွာစကား မပြောနဲ့။
၉။ ငြိမ်သက်သားနား၊ သတိထား၊ ကောင်းကောင်းစာကွဲ့ ဖိတ်စေနဲ့။
၁၀။ စားပြီးသောခါ၊ စင်ကြယ်စွာ၊ ဆေးကြောပါကွဲ့ ကောင်းကောင်းတဲ့။
၁၁။ လက်ကိုလျက်ကာ၊ မစားရာ၊ ရှောင်ရှားပါကွဲ့ ကောင်းကောင်းတဲ့။
၁၂။ နှုတ်ခမ်းပါးနား၊ လျက်ကာစား၊ ရှောင်ရှားပါကွဲ့ ကောင်းကောင်းတဲ့။
၁၃။ လျှာကိုထုတ်ကာ၊ မစားရာ၊ ရှောင်ရှားပါကွဲ့ ကောင်းကောင်းတဲ့။
၁၄။ ဟင်းရေသောက်ပြန်၊ ရှူးရှူးသံ၊ ဧကန် မပြုနဲ့။
၁၅။ ထမင်းဟင်းပေလျက်၊ သောက်ရေခွက်၊ လက်နှင့် မကိုင်နဲ့။
၁၆။ အိမ်ပေါ် ကျောင်းပေါ်၊ ဇရပ်ပေါ်၊ သွားသော်ခြေနင်း မပြင်းနဲ့။
၁၇။ ရဟန်းသံဃာ၊ ရှေ့မှောက်မှာ၊ ရိုသေစွာတဲ့ သွားပါကွဲ့။
၁၈။ လူကြီးသူမ၊ ရှေ့သို့ကျ၊ ကုန်းကွ၍တဲ့ သွားပါကွဲ့။
၁၉။ ဒူးထောင် ပေါင်ကား၊ ဆရာနား ၊(မိဘနား)၊ အလျာမှောက်၍ မနေနဲ့။
၂၀။ အိပ်ရာ နေရာ၊ အိပ်ပြီးခါ၊ သိမ်းကြပါကွဲ့ ကောင်းကောင်းတဲ့။
၂၁။ သောက်ရေ သုံးရေ၊ မရှိချေ၊ ရေကိုခပ်ကွဲ့ မပျင်းနဲ့။
၂၂။ ကျောင်းတွင်း အိမ်တွင်း၊ ရှုပ်နေလျှင်း၊ သန့်ရှင်းအောင်တဲ့ ပြုပါကွဲ့။
၂၃။ မိန်းခလေးမှာ၊ အရာရာ၊ ပြာတီး ပြာတာ မရှပ်နဲ့။
၂၄။ မိန်းမ, မင်း, ဆင်၊ ရဟန်းပင်၊ ဣနြေ္ဒရှင်ကွဲ့ လေးဦးတဲ့။
၂၅။ မိန်းမဣနြေ္ဒ၊ သိရ်သရေ၊ စိတ်ကုဋေ တန်သကွဲ့ မှတ်လေတဲ့။
၂၆။ ကျောင်းပစ္စည်းကို၊ မယူလို၊ မြွေဆိပ်လိုတဲ့ ကြောက်ပါကွဲ့။
၂၇။ မျက်မှောက်တသွယ်၊ မျက်ကွယ်တခြား၊ အကျင့်မှား၊ ရှောင်ရှားပါကွဲ့ ကောင်းကောင်းတဲ့။
၂၈။ အများပိုင်ကို၊ ကိုယ့်ဟာလို၊ ရိုသေကြကွဲ့ ကောင်းကောင်းတဲ့။
၂၉။ ဝေယျာဝစ္စာ၊ ကျောင်းအိမ်မှာ၊ လျော်စွာလုပ်ကွဲ့ မခိုနဲ့။
၃၀။ ဧည့်သည် အာဂန္တု၊ ရောက်လာမှု၊ ဆူ၍ညံကာ မနေနဲ့။
၃၁။ လူရှုပ် လူပွေ၊ လူယုတ်တွေ၊ ရှောင်လေရှားကွဲ့ ဝေးဝေးတဲ့။
၃၂။ ဘိန်အရက်ကို၊ မရှူလို၊ မစင်လိုတဲ့ ရွံပါကွဲ့။
၃၃။ ဂုံးချောကြမ်းကြုတ်၊ အကျင့်ယုတ်၊ မဟုတ်စကား မပြောနဲ့။
၃၄။ ဘုရားပုထိုး၊ ဦးညွတ်ကျိုး၊ ရှိခိုးအိပ်ကွဲ့ မမေ့နဲ့။
၃၅။ မိခင် ဖခင်၊ ဆရာရှင်၊ နေ့စဉ်မမေ့နဲ့ ရှိခိုးကွဲ့။
၃၆။ သူကပြုဖူး၊ သူ့ကျေးဇူး၊ အထူးမမေ့နဲ့ ပြန်ဆပ်ကွဲ့။

လူမှုဆိုင်ရာ ကျင့်ဝတ်များ

( အလေးအမြတ်ပြုရမည့် ကျင့်ဝတ်များ )
အရှေ့ မိဘ၊
တောင်မှ ဆရာ၊
နောက်မှာ မယား၊
မြောက်ကား မိတ်ဆွေ၊
အောက်ခြေ ကျွန်မှတ်၊
ထက်ရပ် သံဃာ၊ မှတ်သားပါ၊ ခြောက်ဖြာ တံခါးပေါက်။

( သားသမီး ကျင့်ဝတ် ၅-ပါး )
၁- ကျွေးမွေး မပျက်၊
၂-ဆောင်ရွက် စီမံ၊
၃- မွေခံ ထိုက်စေ၊
၎-လှူမျှဝေ၍၊
၅-စောင့်လေမျိုးနွယ်၊ ၀တ်ငါးသွယ်၊ ကျင့်ဖွယ် သားတို့တာ။ ( ကျင့်ဖွယ် သမီးတို့တာ )။

( မိဘကျင့်ဝတ် ၅-ပါး )
၁-မကောင်းမြစ်တာ၊
၂-ကောင်းရာညွှန်လတ်၊
၃-အတတ်သင်စေ၊
၎-ပေးဝေ နှီးရင်း၊
၅-ထိမ်းမြားခြင်းလျှင်၊ ၀တ်ငါးအင်၊ ဖခင် မယ်တို့တာ။

( တပည့်ကျင့်ဝတ် ၅-ပါး )
၁-ညီညာ ထကြွ၊
၂- ဆုံးမ နာယူ၊
၃-လာမူ ကြိုဆီး၊
၎-ထံနီး လုပ်ကျွေး၊
၅-သင်တွေး အံရွတ်၊ တပည့်ဝတ်၊ မချွတ် ငါးခုသာ။

( ဆရာကျင့်ဝတ် ၅-ပါး )
၁-အတတ်လည်းသင်၊
၂-ပဲ့ပြင် ဆုံးမ၊
၃-သိပ္ပ မချန်၊
၎-ဘေးရန် ဆီးကာ၊
၅-သင့်ရာ အပ်ပို့၊ ဆရာတို့၊ ကျင့်ဖို့ ၀တ်ငါးဖြာ။

( လင်ကျင့်ဝတ် ၅-ပါး )
၁-မထီမဲ့ကင်း၊
၂-အပ်နှင်း ဥစ္စာ၊
၃-မိစ္ဆာမမှား၊
၎-၀တ်စား ဆင်ယင်၊
၅- မြတ်နိုးကြင်၊ ငါးအင် လင်ကျင့်ရာ။

( မယားကျင့်ဝတ် ၅-ပါး )
၁-အိမ်တွင်းမှုလုပ်၊
၂-သိမ်းထုတ်သေချာ၊
၃-မိစ္ဆာကြဉ်ရှောင်၊
၎-လျော်အောင်ဖြန့်ချိ၊
၅-ပျင်းရိမမူ၊ ၀တ်ငါးဆူ၊ အိမ်သူ ကျင့်အပ်စွာ။

( မိတ်ဆွေကျင့်ဝတ် ၅-ပါး )
၁-ပေးကမ်း ချီးမြှင့်၊
၂-ကိုယ်နှင့် ယှဉ်ထား၊
၃-စီးပွား ဆောင်ရွက်၊
၎-နှုတ်မြွက် ချိုသာ၊
၅-သစ္စာမှန်စေ၊ ၀တ်ငါးထွေ၊ ကျင့်လေ မိတ်သဟာ။

( အလုပ်ရှင် (အရှင်) ကျင့်ဝတ် ၅-ပါး )
၁-၀စွာကျွေးမွေး၊
၂-ပြုရေး စီရင်၊
၃-နာလျှင် ကုစေ၊
၎-ငှဝေ ရသာ၊
၅- အခါကိုလွှတ်၊ အရှင်ဝတ်၊ မချွတ် ငါးခုသာ။

( အလုပ်သမား (ကျွန်) ကျင့်ဝတ် ၅-ပါး )
၁- အိပ်သော် နောက်ကျ၊
၂-ထသော်ကား ရှေ့၊
၃-ပေးမှ ယူအပ်၊
၎-စေ့စပ် ဆောင်ရွက်၊
၅-ကျေးဇူးမြွက်၊ ငါးချက် လုပ်သားဝတ်။

( ဒါယကာကျင့်ဝတ် ၅-ပါး )
၁-မေတ္တာ စိတ်သက်၊
၂-ဆောင်ရွက် ချစ်ခင်၊
၃-ခင်မင် နှုတ်ချို၊
၎-လိုလျှင် ဖိတ်ထား၊
၅- တတ်အားလှူစေ၊ ၀တ်ငါးထွေ၊ ပြုလေ ဒါယကာ။

( ရဟန်းကျင့်ဝတ် ၆-ပါး )
၁-မကောင်းမြစ်တာ၊
၂-ကောင်းရာ ညွှန်လစ်၊
၃-အသစ် ဟောကျူး၊
၎-နာဖူး ထပ်မံ၊
၅-နတ်ထံ တင်ရာ၊
၆-မေတ္တာလည်းပြု၊ ရဟန်းမှု၊ ခြောက်ခု လွန်သေချာ။

Thursday, December 25, 2008

ဝိပါက်တော် ၁၂-ပါး ကဗျာများ

၁။ ပထမ ၀ိပါက်တော်
( မေး )
ဥရုဝေဠ ၊ တောဝမြိုင်ခွင် ၊
ခြောက်နှစ်ပတ်လုံး ၊ ကျင့်သုံး အရှင် ၊
အားကုန်ခန်းလို့ ၊ ညှိုးနွမ်းငြိုငြင် ၊
ပင်ပန်းရေး ၊ ၀ဋ်ကြွေး ဘယ်ကြောင့်တင် ။

( ဖြေ )
ကဿပဖျား (ဘုရား) ၊ ထင်ရှားပွင့်သော် ၊
ဇောတိပါလ ၊ နာမအကျော် ၊
ပုဏ္ဏားမာန်တက် ၊ နှုတ်မြွက်အာဘော် ၊
ဝစီပြင်း ၊ ရှေးရင်း ၀ိပါက်တော် ။


၂။ ဒုတိယ ၀ိပါက်တော်
( မေး )
စိဉ္စမာဏ ၊ မိန်းမစေကျွန် ၊
ကိုယ်ဝန်ရှိသော ၊ ဆိုပြော အလွန် ၊
လက်သယ်ထားလို့ ၊ ဘုရားကိုညွှန် ၊
စွပ်စွဲခဲ့ ၊ အဘယ့် ၀ိပါက်ဝန် ။

( ဖြေ )
သောက်စားလွန်ကြူး ၊ ယစ်မူးပျော်ရွှင် ၊
သေသောက်သမား ၊ ဖြစ်ငြား ယခင် ၊
ရဟန္တာမြတ် ၊ ဆွမ်းရပ်သည်မြင် ၊
အကျင့်ယုတ် ၊ ဖွင့်ထုတ် စွပ်စွဲအင် ။


၃။ တတိယ ၀ိပါက်တော်
( မေး )
တိတ္ထိစေခိုင်း ၊ မိုက်ရိုင်း ဒုဿီ ၊
ထင်ယောင် ထင်မှား ၊ ပြုငြား သုန္ဒရီ ၊
လူရှင်အပေါင်း ၊ ယုံကြောင်းပွေလီ ၊
ရှင်တော်ထွတ် ၊ ဘယ်ဝဋ် ရှေးကမှီ ။

( ဖြေ )
မုနာဠိ-ဟု ၊ မည်ရှိလောင်းတော် ၊
မောက်ကြွား မှောက်မှား ၊ သောက်စား အပျော် ၊
ရှင်ပစ္စေက ၊ ဗုဒ္ဓမြင်သော် ၊
ဒုဿီပဲ ၊ စွပ်စွဲ ၀ဋ်ကြွေးပေါ် ။


၎။ စတုတ္ထ ၀ိပါက်တော်
( မေး )
သုန္ဒရီမိုက် ၊ သတ်လိုက်လေရာ ၊
တိတ္ထိအသင်း ၊ သတင်းလွှင့်ကာ ၊
တပည့်များနှင့် ၊ ဘုရားကိုသာ ၊
လူအများ ၊ ယုံမှား ဘယ်တွက်တာ ။

( ဖြေ )
လောင်းတော်ရသေ့ ၊ ပျော်မွေ့စံရာ ၊
ရသေ့ တဦး ၊ ဈာန်မြူးကွန့်လာ ၊
ငြူစူစိတ်ဇော ၊ မနော ဣဿာ ၊
ကျင့်ယုတ်ကြီး ၊ နှုတ်သီးချွန်သည့်တာ ။


၅။ ပဉ္စမ ၀ိပါက်တော်
( မေး )
ဝေဘာတောင်စောင်း ၊ ကျောက်မောင်း ဆင်ကာ ၊
ဒေ၀ဒတ်ယုတ် ၊ ခလုတ် အသာ ၊
သူဖြုတ်ချလို့ ၊ ဗုဒ္ဓခြေမှာ ၊
ကျောက်လွှာငြိ ၊ ဒဏ်ထိ ဘယ်ဝဋ်ပါ ။

( ဖြေ )
သူကြွယ်မျိုးဇာတ် ၊ ဖြစ်လတ်တုံချေ ၊
ညီကိုလှည့်ဖျား ၊ ခေါ်သွားသလေ ၊
ကျောက်နှင့်ဖိညှပ် ၊ ထုသတ်ကြိတ်ခြေ ၊
ကျောက်ဝိပါက် ၊ အဆက်ပါခဲ့ပေ ။


၆။ ဆဋ္ဌမ ၀ိပါက်တော်
( မေး )
ကျောက်လွှာထိပါး ၊ မြတ်ဖျားထွတ်တင် ၊
တည်နေ၀ပ်ကိန်း ၊ သွေးစိမ်းအရှင် ၊
ခြေမတော်ထဲ ၊ ကိုက်ခဲနာကျင် ၊
ဝိပါက်ရင်း ၊ အလင်းပြစေချင် ။

( ဖြေ )
သူငယ်ဖြစ်ခိုက် ၊ လမ်း၌ပျော်ရွှင် ၊
ရှင်ပစ္စေက ၊ ဝေးမှအမြင် ၊
ခဲနှင့်ပစ်လိုက် ၊ ထိခိုက်ခြေတွင် ၊
သွေးယိုဆင်း ၊ ရှေးရင်း ၀ိပါက်တော် ။


၇။ သတ္တမ ၀ိပါက်တော်
( မေး )
ဆွမ်းခံကြွမြန်း ၊ ထိပ်ပန်းဘုန်းကြွယ် ၊
မုန်ကျဆင်ကြီး ၊ ခရီးအကျယ် ၊
ဒေ၀ဒတ်မိုက် ၊ လွှတ်လိုက်ပြန်တယ် ၊
ရင်ဆိုင်တွေ့ ၊ ဆင်ဝှေ့ ဘယ်ဝဋ်နွယ် ။

( ဖြေ )
ဆင်ထိန်း ဆင်ကျောင်း ၊ အလောင်းဖြစ်တုံ ၊
ရှင်ပစ္စေက ၊ လမ်းမ အဆုံ ၊
ဒေါသထားလို့ ၊ ပြစ်မှား သုန်မှုန် ၊
ဆင်နှင့်တိုက် ၊ ၀ဋ်လိုက်စေဖို့ကြုံ ။


၈။ အဋ္ဌမ ၀ိပါက်တော်
( မေး )
ကျောက်လွှာခတ်လို့ ၊ သွေးဓာတ်ဆူပူ ၊
ခြေမတော်ဦး ၊ ထွတ်ဖူး တဆူ ၊
သွေးညိုကိန်းလို့ ၊ ကျိန်းဝပ်တော်မူ ၊
ဇီဝက ၊ ခွဲရ ဘယ်ဝဋ်ဟူ ။

( ဖြေ )
ပဒေသရာဇ် ၊ မင်းဖြစ်စဉ်ဝယ် ၊
မူးယစ်သောက်စား ၊ ဖောက်ပြားမဖွယ် ၊
လူရှင်လတ်လတ် ၊ ထိုးသတ်ပြတ်တယ် ၊
ဓားဝိပါက် ၊ အဆက် သူကနွှယ် ။


၉။ န၀မ ၀ိပါက်တော်
( မေး )
သုံးလူထွတ်ဖူး ၊ မြိုင်မှူးသျှောင်ကေ ၊
ရံဖန်ခါလဲ ၊ ခေါင်းခဲပလေ ၊
ဝေဒနာဝဋ် ၊ မလွတ်တုံချေ ၊
ဘယ်ဝိပါက် ၊ အဆက်ပါခဲ့ပေ ။

( ဖြေ )
ရှေးခါကပ်ဟောင်း ၊ မကောင်းကံဆော် ၊
တံငါမျိုးဇာတ် ၊ ဖြစ်လတ် သရော် ၊
ငါးတို့ဦးခေါင်း ၊ ထုထောင်းမြင်သော် ၊
ဝမ်းမြောက်မိ ၊ လိုက်ဘိ ၀ိပါက်တော် ။


၁၀။ ဒသမ ၀ိပါက်တော်
( မေး )
ဝါတော်ကပ်တော့ ၊ မာရ်နတ်နိုးဆော် ၊
ဝေရဉ္ဇာတိုင်း ၊ သမိုင်းအကျော် ၊
မုယောဆွမ်းမို့ ၊ ကြမ်းကြမ်း ထော်ထော် ၊
ဘုဉ်းပေးရ ၊ ရှေးက ဘယ်ဝဋ်နော် ။

( ဖြေ )
မထင်မရှား ၊ မျိုးသားဖြစ်တုံ ၊
ရဟန်းတော်များ ၊ ဆွမ်းစားခိုက်ကြုံ ၊
ဆွမ်းကြမ်းစားဟု ၊ ပြစ်မှားဆိုပုံ ၊
ဝစီထွက် ၊ ၀ိပါက်တော်တဲ့ယုံ ။

၁၁။ ဧကာဒသမ ၀ိပါက်တော်
( မေး )
အထွတ်ဆုံးဟု ၊ သုံးလူ့မျက်မှန် ၊
ခါးတော်ကိုက်ခဲ ၊ အသဲအသန် ၊
ဝေဒနာများ ၊ ခံစားရဖန် ၊
ဘယ်အကြောင်း ၊ ကံဟောင်းထုတ်လို့ပြန် ။

( ဖြေ )
လက်ဝှေ့သတ်ကောင်း ၊ အလောင်းဖြစ်သော် ၊
ပြိုင်ပွဲ ဆိုင်ပွဲ ၊ နိုင်မြဲအကျော် ၊
နိုင်လျှင် ခါးရိုး ၊ ရိုက်ချိုး မြေပေါ် ၊
အသတ်ကောင်း ၊ ဇာတ်ဟောင်း ၀ိပါက်တော် ။


၁၂။ ဒွါဒသမ ၀ိပါက်တော်
( မေး )
ဆဒ္ဒန်ဆယ်စီး ၊ အားကြီးလျင်မြန် ၊
ဝမ်းတော်သွန်ငြား ၊ ရွှေအားမသန် ၊
ခွေယိုင်နွဲ့လို့ ၊ မြန်းခဲ့နိဗ္ဗာန် ၊
ဖြေစေကြောင်း ၊ ကံဟောင်းသိဖို့ရန် ။

( ဖြေ )
ရောဂါကုစား ၊ သမားဉာဏ်ကျယ် ၊
ရှင်သူဌေးသား ၊ ဆေးဝါးကုတယ် ၊
ခ-မပေးလို့ ၊ ဟိုရှေးဘုန်းကြွယ် ၊
ဝမ်းလားဆေး ၊ တိုက်ကျွေး ၀ဋ်ဟောင်းလယ် ။


( သတိပေး ကဗျာ )
ဝိပါက်ရောက်ရေး ၊ ကြောက်သွေးတုန်ဖွယ် ၊
ဘုရားသော်လဲ ၊ ရှောင်လွှဲ မလွယ် ၊
တွေ့ကြုံမြဲမို့ ၊ တ၀ဲ လယ်လယ် ၊
မလွတ်သေး ၊ ၀ဋ်ကြွေးခက်လှတယ် ။

ကြင်နာထောက်ထား ၊ သနားမြော်ခေါ် ၊
ကုသိုလ်ပွားမှု ၊ အားပြုကြနော် ၊
နှိပ်စက်ညှဉ်းပန်း ၊ သရမ်းပြက်ချော် ၊
ရှောင်ကြဉ်ရေး ၊ ၀ဋ်ကြွေးစင်ဖို့မြော် ။

မှတ်ချက်။
လယ်တီ ပဏ္ဍိတ ဦးမောင်ကြီး-ပြုစုသော သာဓုသုန္ဒရီ ယပ်လှဲတရားစာမှ

ကောသလအိပ်မက် ၁၆-ချက်

၁။ နွားလေးကောင် အိပ်မက်
နွားနက် လေးခု ၊ ဝှေ့မှု ဟန်ပြင် ။
မဝှေ့ကြပဲ ၊ ရှောင်လွဲသည်မြင် ။
အရှေ့-အနောက် ၊ တောင်-မြောက် မိုးဆင် ။
ခြိမ်းသံပေး ၊ မိုးဝေး လွင့်ပျောက်စင် ။

၂။ သစ်ပင်ငယ် အိပ်မက်
မြေက မကြွ ၊ ငယ်လှ သစ်ပင် ။
ဖူးငုံ ရင့်ပြီး ၊ ပွင်းသီးတွေမြင် ။
အရွယ် မမျှ ၊ ပျိုမ မယ်ခင် ။
သမီး သား ၊ လင်ထား အိမ်ထောင်ချင် ။

၃။ နွားကြီးနို့စို့ အိပ်မက်
ယနေ့ ဖွားစ ၊ နွားမ နို့သာ ။
မိခင် နွားကြီး ၊ စို့ပြီး နေရှာ ။
သမီးနှင့် သား ၊ စီးပွားပိုင်ရာ ။
မိနှင့် ဖ ၊ ကျွေးမှ စားရမှာ ။

၎။ နွးငယ်ဝန်တိုက် အိပ်မက်
နွားကြီး မကြိုက် ၊ ၀န်တိုက် နွားငယ် ။
မရုန်းနိုင်ဘဲ ၊ ၀ပ်လဲ နေတယ် ။
ကြီးသူ ပယ်ရှား ၊ မြှောက်စား လူငယ် ။
တိုင်းပြည်ရေး ၊ ရှုပ်ထွေး ပွေတော့မယ် ။

၅။ ခံတွင်းနှစ်ခွမြင်း အိပ်မက်
ခံတွင်း နှစ်ခွ ၊ မြင်းလှ ရာဇာ ။
ကျွေးကျွေး သမျှ ၊ မ၀ နိုင်ပါ ။
မှူးမတ် မင်းစိုး ၊ လာဘ်ထိုးသူရှာ ။
နှစ်ဖက်စား ၊ တရား စီရင်မှာ ။

၆။ ရွှေခွက်နှင့်ခွေး အိပ်မက်
ခွေးအိုထံဆက် ၊ ရွှေခွက် သိန်းတန် ။
ကျင်ငယ် အမြဲ ၊ ခွက်ထဲ စွန့်ပြန် ။
မျိုးမြတ် သမီး ၊ ပစ္စည်း မက်ဟန် ။
အမျိုးယုတ် ၊ လင်လုပ် ပေါင်းဆက်ဆံ ။

၇။ ခွေးသူခိုးမ အိပ်မက်
ရှေ့က ကျစ်ချ ၊ လွန်စ ကြိုးကို ။
ခွေးမ ခိုးစား ၊ ကိုက်ဝါးကာမျို ။
လင်ကြီး ပစ္စည်း ၊ သိမ်းဆည်း မသို ။
လင်မြှောင်အား ၊ မယား လောကွတ်ပို ။

၈။ ရေပြည့်အိုး အိပ်မက်
အိုးငယ် ချည်းနှီး ၊ အိုးကြီး ရေလျှံ ။
အိုးကြီးကိုပဲ ၊ ရေဆွဲလောင်းပြန် ။
ဆင်းရဲသူများ ၊ ၀တ်စားမကျန် ။
အခွန်တွက် ၊ နှိပ်စက် ငွေတောင်းခံ ။

၉။ ရေကန်ကြီး အိပ်မက်
ကြာမျိုး ငါးဝ ၊ ပွင့်ကြ ရေကန် ။
ရေလယ် နောက်လျက် ၊ ကမ်းဘက် ကြည်ပြန် ။
မြို့တွင်း ပူရှုပ် ၊ ခွန်တုတ် ကောက်ခံ ။
မြို့ပြင်ထွက် ၊ ပြည့်နှက် စည်ကားရန် ။

၁၀။ ထမင်းအိုး အိပ်မက်
တအိုးတည်းချက် ၊ အကျက် မညီ ။
ထမင်း မာဆတ် ၊ ပျော့နပ် သုံးလီ ။
မင်းနှင့် လူများ ၊ တရား မမှီ ။
မိုးသုံးစား ၊ ကွက်ကျား ရွာချမည် ။

၁၁။ စန္ဒကူးနှစ် အိပ်မက်
မွှေးထုံနံ့ကြူး ၊ စန္ဒကူး သိန်းတန် ။
ပုန်းရည်နှင့်လဲ ၊ သုံးစွဲ စားပြန် ။
အလဇ္ဇီများ ၊ တရား ဖိုးတန် ။
ငွေနှင့်လဲ ၊ အမြဲ ဟောမည်မှန် ။

၁၂။ ဗူးတောင်း အိပ်မက်
သံကြေး မပေါင်း ၊ ဗူးတောင်း ဗူးအုံ ။
ရေတွင် စုပ်စုပ် ၊ နစ်မြုပ် လုံးစုံ ။
ပညာရှိများ ၊ စကား ဥဿုံ ။
ပြောသမျှ ၊ လောက မသုံးကုန် ။

၁၃။ ကျောက်ခဲကြီး အိပ်မက်
အိမ်လုံး တောင်လုံး ၊ ကျောက်တုံး ကျောက်ဖြာ ။
ရေမှ ဘွားဘွား ၊ ထင်ရှားပေါ်လာ ။
ရဟန်း ရှင် ဆိုး ၊ လူဆိုးများသာ ။
ဂုဏ်ရောင်တိုး ၊ တန်ခိုး ပေါ်ထွက်မှာ ။

၁၄။ ဖားငယ်မ အိပ်မက်
အဆိပ် ပြင်းတောက် ၊ မြွေဟောက်ကြီးကို ။
ဖားငယ်မများ ၊ ကိုက်ဝါးကာမျို ။
ကညာ ယူထား ၊ သက်ထား ဖိုးအို ။
မယားဆဲ ၊ အမြဲ အော်ငေါက်ဆို ။

၁၅။ ကျီးငှက် အိပ်မက်
အဆင်း မည်းနက် ၊ ကျီးငှက် ထံမှာ ။
ရွှေဟင်္သာများ ၊ ခ-စား နေပါ ။
ပညာ သီလ ၊ ပြည့်ဝသူဟာ ။
သူယုတ်အား ၊ ၀ပ်တွား နေရမှာ ။

၁၆။ သစ်နှင့်ဆိတ် အိပ်မက်
ဆိတ်ကို မြင်ငြား ၊ ကြောက်အား ပြင်းထန် ။
ခြင်္သေ့ သစ်ကျား ၊ ခုန်လွှား ပြေးပြန် ။
သူယုတ်မာများ ၊ ထောင်လွှား နိုင်ငံ ။
သူတော်ကောင်း ၊ ပုန်းအောင်း တောမြိုင်ယံ ။

မှတ်ချက်။
လယ်တီပဏ္ဍိတ ဆရာ ဦးမောင်ကြီး-ရေးဖွဲ့သော ကဗျာများ ဖြစ်ပါသည်။
ရှေ့ ၂-ပိုဒ်ကို ကောသလမင်း၏ အိပ်မက် စကား၊
နောက် ၂-ပိုဒ်ကို မြတ်စွာဘုရား၏ အဖြေစကား-ဟု မှတ်ယူကြပါ။

Wednesday, December 24, 2008

ဗုဒ္ဓ၀င်

ဂေါတမ မြတ်စွာဘုရား၏ ဗုဒ္ဓ၀င် အကျဉ်းချုပ် ဆောင်ပုဒ်

မ, သိ, ကြ, လတ် ၊ တွေး, ဆ, အပ် ၊ နေ့မြတ် ခုနစ်ထွေ ။
သန်, ဖွား, တော, ပွင့် ၊ စက်, စု, သင့် ၊ ရှင်ပင့် သာကီဆွေ ။

ရှင်းလင်းချက်။
၁။
မ=ကြာသပတေးနေ့တွင်
သန်=ပဋိသန္ဓေ နေတော်မူပါသည်။

၂။
သိ=သောကြာနေ့တွင်
ဖွား=ဖွားမြင်တော်မူပါသည်။

၃။
ကြ=တနင်္လာနေ့တွင်
တော=တောထွက်တော်မူပါသည်။

၎။
လတ်=ဗုဒ္ဓဟူးနေ့တွင်
ပွင့်=ဘုရားပွင့် (ဖြစ်) တော်မူပါသည်။

၅။
တွေး=စနေနေ့တွင်
စက်=ဓမ္မစကြာတရား ဟေတော်မူပါသည်။

၆။
ဆ=အင်္ဂါနေ့တွင်
စု=စုတိ ( ပရိနိဗ္ဗာန် ) စံတော်မူပါသည်။

၇။
အပ်=တနင်္ဂနွေနေ့တွင်
သင့်=တေဇောဓာတ် ( မီးသင့် ) လောင်တော်မူပါသည်။


( လယ်တီဆရာတော် ရေးသားသော ဗုဒ္ဓ၀င်ဘုရားရှိခိုး လင်္ကာ )
၁။ သန္ဓေယူသောနေ့ ( မ=သန် )
သုံးလူ့ရှင်ပင်၊ ကျွန့်ထိပ်တင်၊ သောင်းခွင်စကြာဝဠာ၊ နတ်ဗြဟ္မာတို့၊ ညီညာရုံးစု၊ တောင်းပန်မှုကြောင့်၊ ရတုနဂို၊ ရွှန်းရွှန်းစိုသည်၊ ၀ါဆိုလပြေ့၊ ကြွက်မင်းနေ့ဝယ်၊ ချမ်းမြေ့ကြည်ဖြူ၊ သန္ဓေယူသည်၊ နတ်လူငြိမ်းဖို့ ကိန်းပါကိုး။

၂။ ဖွားတော်မူသောနေ့ ( သိ=ဖွား )
သန္ဓေယူကာ၊ ဆယ်လကြာသော်၊ မဟာသက္ကရာဇ်၊ ခြောက်ဆယ့်ရှစ်ကြုံ၊ ကဆုန်လပြေ့၊ သောကြာနေ့ဝယ်၊ ချမ်းမြေ့စုံစီ၊ လုမ္ဗိနီ၌၊ မဟီလှိုက်ဆူ၊ ဖွားတော်မူသည်၊ နတ်လူအောင်မြို့ လမ်းပါကိုး။

၃။ တောထွက်သောနေ့ ( ကြ=တော )
ဖွားမြင်မြောက်သော်၊ ဆယ့်ခြောက်နှစ်ဝယ်၊ ပျိုနုနယ်၌၊ သုံးသွယ်ရွှေနန်း၊ သိမ်းမြန်းပြီးလစ်၊ ဆယ့်သုံးနှစ်လျှင်၊ ဘုန်းသစ်လျှံလူ၊ စံတော်မူ၍၊ ရွယ်မူနုဖြိုး၊ နှစ်ဆယ့်ကိုးဝယ်၊ လေးမျိုးနိမိတ်၊ နတ်ပြဟိတ်ကြောင့်၊ ရွှေစိတ်ငြင်ငြို၊ သံဝေပိုက၊ ၀ါဆိုလပြေ့၊ ကျားမင်းနေ့ဝယ်၊ ချမ်းမြေ့ရဂုံ၊ တောရလှုံသည်၊ စုံမြိုင်ပင်ရိပ် ခန်းမှာကိုး။

၎။ ဘုရားဖြစ်သောနေ့ ( လတ်=ပွင့် )
တောရပ်မြိုင်ပေါ်၊ ခြောက်နှစ်ပျော်၍၊ ခါတော်တဖုံ၊ ပွင့်ချိန်ကြုံက၊ ကဆုန်လပြေ့၊ ဆင်မင်းနေ့ဝယ်၊ မြေ့ပရမေ၊ ပလ္လင်ဗွေထက်၊ ရွှေညောင်တော်ကြီး၊ ဗိတာန်ထီးနှင့်၊ မငြီးကြည်ဖြူ၊ နေတော်မူလျက်၊ ရန်မြူခပင်း၊ အမိုက်သင်းကို၊ အရှင်းပယ်ဖျောက်၊ အလင်းပေါက်က၊ ထွန်းတောက်ဘုန်းတော်၊ သောင်းလုံးကျော်သည်၊ သုံးဖော်လူတို့ ငြမ်းပါကိုး။

၅။ ဓမ္မစကြာဟောသောနေ့ ( တွေး=စက် )
ဘုရားဖြစ်ခါ၊ မိဂဒါသို့၊ စကြာရွှေဘွား၊ ဖြန့်ချီသွား၍၊ ငါးပါးဝဂ္ဂီ၊ စုံအညီနှင့်၊ မဟီတသောင်း၊ တိုက်အပေါင်းမှ၊ ခညောင်းကပ်လာ၊ နတ်ဗြဟ္မာအား၊ ၀ါဆိုလပြေ့၊ စနေနေ့ဝယ်၊ ကြွေ့ ကြွေ့ လျှံတက်၊ ဓမ္မစက်ကို၊ မိန့်မြွက်ထွေပြား၊ ဟောဖော်ကြားသည်၊ တရားနတ်စည် ရွမ်းတယ်ကို။

၆။ ပရိနိဗ္ဗာန်စံသောနေ့ ( ဆ=စု )
တရားနတ်စည်၊ ဆော်ရွမ်းလည်က၊ သုံးမည်ဘုံသိုက်၊ တသောင်းတိုက်ဝယ်၊ ကျွတ်ထိုက်သသူ၊ နတ်လူဗြဟ္မာ၊ သတ္တ၀ါကို၊ ခေမာသောင်သို့၊ ဖောင်ကူးတို့ဖြင့်၊ ဆောင်ပို့ပြီးခါ၊ ၀ါလေးဆယ့်ငါး၊ သက်ကား ရှစ်ဆယ်၊ စုံပြည့်ကြွယ်က၊ ရာလေးဆယ့်ရှစ်၊ သက္ကရာဇ်ဝယ်၊ နယ်မလ္လာတိုင်း၊ စံနှိုင်းမယုတ်၊ ကုသိနာရုံ၊ အင်ကြင်းစုံ၌၊ ကဆုန်လပြေ့၊ အင်္ဂါနေ့ဝယ်၊ ချမ်းမြေ့နိဗ္ဗူ၊ စံတော်မူသည်၊ ၀ှန်းဆူသောင်းလုံး ကျော်တယ်ကို။

၇။ တေဇောဓာတ် လောင်သောနေ့ ( အပ်=သင့် )
နိဗ္ဗူစံပြီ၊ ရှုမအီသား၊ သိင်္ဂီရွှေလှော်၊ အလောင်းတော်ကို၊ ထိုရော်ကဆုန်၊ လဆုတ်ကြုံ၍၊ ဂဠုန်နေ့ဝယ်၊ ခိုးငွေ့မနှော၊ ဓာတ်တေဇောလျှင်၊ ရှင်စောဉာဏ်စက်၊ ဓိဋ္ဌာန်ချက်ဖြင့်၊ လျှံတက်ကော်ရော်၊ မီးပူဇ်ာသည်၊ မွေတော်ရှစ်စိတ် ကြွင်းတယ်ကို။

ထိုခုနစ်နေ့၊ သာချမ်းမြေ့ကို၊ ဆွေ့ဆွေ့ကြည်ဖြူ၊ အာရုံယူလျက်၊ သုံးလူတို့နတ်၊ မြတ်ထက် မြတ်သား၊ အထွဋ်ခေါင်ဖျား၊ ကိုယ်တော်ဘုရားကို၊ သုံးပါးမှန်စွာ၊ ၀န္ဒနာဖြင့်၊ သဒ္ဓါဖြိုးဖြိုး၊ ကျွန်ရှိခိုးသည်၊ ကောင်းကျိုးခပ်သိမ်း ကြွယ်စေသော်။


( ကလေးတို့အတွက် ဗုဒ္ဓ၀င်အကျဉ်း )
၁။ လူအမည်=သိဒ္ဓတ္ထ
၂။ ဘုရားဘွဲ့=ဂေါတမ
၃။ မိဘအမည်=သုဒ္ဓေါဒနမင်း နှင့် မာယာဒေ၀ီ
၎။ ကြင်ယာတော်=ယသော်ဓရာ ( ဘဒ္ဒကဉ္စနာ )
၅။ ရင်သွေးတော်=ရာဟုလာ
၆။ ယောက်ဖတော်=ဒေ၀ဒတ်
၇။ မိထွေးတော်=ဂေါတမီ
၈။ နေပြည်တော်=ကပိလ၀တ်ပြည် ( သက္ကတိုင်း၊ မဇ္ဈိမဒေသ )။
၉။ ဖွားရာဌာန=လုမ္ဗိနီဥယျာဉ် ( ကပိလ၀တ်နှင့် ဒေ၀ဒဟကြား )။
၁၀။ နန်းစံနှစ်=၁၃-နှစ်ကြာ ( ၁၆-နှစ်မှ ၂၉ နှစ် )။
၁၁။ နိမိတ်ကြီးများ=သူအို, သူနာ, သူသေ, ရဟန်း
၁၂။ ဗျာဒိတ်ခံယူသောဘ၀=သုမေဓာရသေ့ဘဝ
၁၃။ ဗျာဒိတ်ခံယူသောနေ့=ကဆုန်လပြေ့နေ့
၁၄။ ဗျာဒိတ်ပေးသောဘုရား=ဒီပင်္ကရာမြတ်စွာဘုရား
၁၅။ ပါရမီဖြည့်ဖက်=သုမိတ္တာအမျိုးသမီး ( ယသော်ဓရာအလောင်း )။
၁၆။ ပါရမီဖြည့်ရာကာလ=လေးသင်္ချေနှင့် ကမ္ဘာတသိန်း ( သုမေဓာဘ၀ မှ ဝေဿန္တရာဘ၀အထိ )။
၁၇။ ပါရမီဖြည့်ရခြင်း၏ ရည်ရွယ်ချက်=သတ္တ၀ါများအကျိုး ဆောင်ရွက်ရန်
၁၈။ ဒုက္ကရစရိယာ ကျင့်ရသောနှစ်=၆-နှစ်ကြာ ( ၉၇-မှ-၁၀၃ ထိ )။
၁၉။ ဒုက္ကရစရိယာ ကျင့်သည့်နေရာ=ဥရုဝေဠတော
၂၀။ ဘုရားဖြစ်ချိန် သက်တော်=၃၅-နှစ်အရွယ်
၂၁။ ဘုရားပွင့်ရာ သက်တမ်း=၁၀၀-တမ်း
၂၂။ အလုပ်အကျွေး=ပဉ္စ၀ဂ္ဂီ ငါးဦး ( ဒုက္ကရစရိယာ ကျင့်ခိုက် )။
၂၃။ တရားဦးဟောသည့်နေရာ=ဗာရာဏသီ မိဂဒါဝုန်တော
၂၄။ ပထမဆုံး သာဝက=ပဉ္စ၀ဂ္ဂီ ငါးဦး
၂၅။ နောက်ဆုံးကျွတ်သော သာဝက=သုဘဒ္ဒပရိဗိုဇ်
၂၆။ လက်ယာရံ အဂ္ဂသာဝက-အရှင်သာရိပုတ္တရာ
၂၇။ လက်ဝဲရံ အဂ္ဂသာဝက=အရှင်မောဂ္ဂလာန်
၂၈။ အဆုံးအမ သာသနာ=ပရိယတ္တိ, ပဋိပတ္တိ, ပဋိဝေဓ
၂၉။ ကျင့်စဉ်သိက္ခာ=သီလ, သမာဓိ, ပညာ
၃၀။ ချမှတ်သော လမ်းစဉ်=မဇ္ဈိမပဋိပဒါ ( မဂ္ဂင်လမ်းစဉ် )။

၃၁။ သန္ဓေယူသောနေ့=မဟာသက္ကရာဇ် ၆၇-ခု၊ ၀ါဆိုလပြည့်၊ ကြာသပတေးနေ့။
၃၂။ ဖွားမြင်သောနေ့=မဟာသက္ကရာဇ် ၆၈-ခု၊ ကဆုန်လပြည့်၊ သောကြာနေ့။
၃၃။ တောထွက်သောနေ့=မဟာသက္ကရာဇ် ၉၇-ခု၊ ၀ါဆိုလပြည့်၊ တနင်္လာနေ့။
၃၄။ ဘုရားဖြစ်သောနေ့=မဟာသက္ကရာဇ် ၁၀၃-ခု၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့။
၃၅။ ဓမ္မစကြာဟောသောနေ့=မဟာသက္ကရာဇ် ၁၀၃-ခု၊ ၀ါဆိုလပြည့်၊ စနေနေ့။
၃၆။ ပရိနိဗ္ဗာန်စံသောန့=မဟာသက္ကရာဇ် ၁၄၈-ခု၊ ကဆုန်လပြည့်၊ အင်္ဂါနေ့။
၃၇။ တေဇောဓာတ်လောင်သောနေ့=မဟာသက္ကရာဇ် ၁၄၈-ခု၊ ကဆုန်လဆုတ် ၁၂-ရက်၊ တနင်္ဂနွေနေ့။

Tuesday, December 23, 2008

မေတ္တာပွားနည်း

မင်းကွန်းဆရာတော် ဦးဝိစိတ္တသာရာဘိဝံသ သီကုံးဖွဲ့ဆိုအပ်သော မေတ္တသုတ်လာ မေတ္တာပွားနည်း ၁၁-နည်း

၁။ သဗ္ဗေသတ္တာ သုခိနော ဟောန္တု
လုံးစုံများစွာ ၊ သတ္တ၀ါ ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
ဥပါဒ်ရန်ဘေး ၊ ကင်းစင်ဝေး ၊ ငြိမ်းအေးကြပါစေ။

၂။ တသ နှင့် ထာဝရ ဒုကမေတ္တာ
ကြောက်တတ် မကြောက်တတ် ၊ နှစ်ရပ်များစွာ ၊ သတ္တ၀ါ ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
ဥပါဒ်ရန်ဘေး ၊ ကင်းစင်ဝေး ၊ ငြိမ်းအေးကြပါစေ။

၃။ ဒိဋ္ဌ နှင့် အဒိဋ္ဌ ဒုကမေတ္တာ
မြင်အပ် မမြင်အပ် ၊ နှစ်ရပ်များစွာ ၊ သတ္တ၀ါ ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
ဥပါဒ်ရန်ဘေး ၊ ကင်းစင်ဝေး ၊ ငြိမ်းအေးကြပါစေ။

၎။ ဒူရ နှင့် အ၀ိဒူရ ဒုကမေတ္တာ
ဝေးနေ နီးနေ ၊ နှစ်ထွေများစွာ ၊ သတ္တ၀ါ ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
ဥပါဒ်ရန်ဘေး ၊ ကင်းစင်ဝေး ၊ ငြိမ်းအေးကြပါစေ။

၅။ ဘူတ နှင့် သမ္ဘဝေသီ ဒုကမေတ္တာ
ဘ၀ဇာတ်ဆုံး ၊ မဆုံးများစွာ ၊ သတ္တ၀ါ ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
ဥပါဒ်ရန်ဘေး ၊ ကင်းစင်ဝေး ၊ ငြိမ်းအေးကြပါစေ။

၆။ ဒီဃ, ရဿ, မဇ္ဈိမ တိကမေတ္တာ
ရှည်, တို, အလတ် ၊ သုံးရပ်ခန္ဓာ ၊ သတ္တ၀ါ ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
ဥပါဒ်ရန်ဘေး ၊ ကင်းစင်ဝေး ၊ ငြိမ်းအေးကြပါစေ။

၇။ မဟန္တ, အဏုက, မဇ္ဈိမ တိကမေတ္တာ
ကြီး, ငယ်, အလတ် ၊ သုံးရပ်ခန္ဓာ ၊ သတ္တ၀ါ ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
ဥပါဒ်ရန်ဘေး ၊ ကင်းစင်ဝေး ၊ ငြိမ်းအေးကြပါစေ။

၈။ ထူလ, အဏုက, မဇ္ဈိမ တိကမေတ္တာ
ဆူ, ကြုံ, အလတ် ၊ သုံးရပ်ခန္ဓာ ၊ သတ္တ၀ါ ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။
ဥပါဒ်ရန်ဘေး ၊ ကင်းစင်ဝေး ၊ ငြိမ်းအေးကြပါစေ။

၉။ န ပရော ပရံ နိကုဗ္ဗေထ
လူအချင်းချင်း ၊ လှည့်ပတ်ခြင်း ၊ ကင်းရှင်းကြပါစေ။

၁၀။ နာတိမညေထ ကတ္ထစိ န ကိဉ္စိ
အထင်သေးချင်း ၊ အချင်းချင်း ၊ ကင်းရှင်းကြပါစေ။

၁၁။ ဗျာရောသနာ ပဋိဃသည ၊ နညမညဿ ဒုက္ခမိစ္ဆေယျ
ဆင်းရဲလိုချင်း ၊ အချင်းချင်း ၊ ကင်းရှင်ကြပါစေ။

( မေတ္တာအကျိုး ၁၁-မျိုး )
အိပ်သော် ချမ်းသာ ၊
နိုးခါ သုခ ၊
မြတ်လှ အိပ်မက် ၊
နှစ်သက် လူတို့ ၊
နတ်တို့ ချစ်ခင် ၊
နတ်ပင် စောင့်နေ ၊
မီးရေ မဖျက် ၊
ငြိမ်သက် တည်ကြည် ၊
ရွှင်ကြည် မျက်နှာ ၊
သေခါ မမှိုင် ၊
ဗြဟ္မာတိုင်သား ၊
ဆယ့်တပါးကို ၊ ကျမ်းဂန်ဆိုသည် ၊ ဗိုလ်လူအများ မေတ္တာပွား ။

( လင်္ကာ တမျိုး )
အိပ်, နိုး ချမ်းသာ ၊
ကောင်းစွာ အိပ်မက် ၊
ချစ်လျက် လူ, နတ် ၊
စောင့်လတ် နတ်များ ၊
မီး, ဆိပ်, ဓားတို့ ၊ ရှောင်ရှားကိုယ်မှာ ၊
လျင်စွာ စိတ်တည် ၊
ရွှင်ကြည်မျက်နှာ ၊
သေခါမတွေ ၊
လားလေဗြဟ္မာ ၊
ဆယ့်တဖြာသည် ၊ မေတ္တာပွားမှု အကျိုးတည်း ။
( မဟာစည် ဆရာတော် )

Monday, December 22, 2008

စကားကြီး ၁၀-မျိုး

စကားပြောဆိုရာ၌ ကျွမ်းကျင်လိမ္မာစေရန် စကားပြောနည်း ၁၀-မျိုးကို ခွဲခြားသတ်မှတ်ထားသည်၊ မြန်မာလူမျိုးတို့က စကားကြီး ၁၀-မျိုးဟု ခေါ်ဆိုကြသည်၊ ယင်းစကားကြီး ၁၀-မျိုး၏ အမည်ကို မုန်တိုင်ပင် ဆရာတော်က မှတ်သားရလွယ်ကူစေရန် သုံးပုံတံချူကျမ်း၌ အောက်ပါအတိုင်း လင်္ကာစီထားပါသည်။

၁။ ရေကူး ညာတင်
၂။ ကောက်ပင် ရိတ်လှီး
၃။ ရေစီး ဖောင်ဆန်
၎။ အိုးတန် ဆန်ခပ်
၅။ ဆီပွတ် ကျည်ပွေ့
၆။ ဆင်ဝှေ့ ရန်ရှောင်
၇။ တောင်သူ ယာခုတ်
၈။ ကြက်ဆုတ် ခွပ်ပြစ်
၉။ ရေစစ်သည့်အင်
၁၀။ ခက်တင် မောင်းနင်း အခြင်းဆယ်ပါး ဤစကားကို မှတ်သားဝမ်းတွင်း လေ့စေမင်း။

၁။ ရေကူးညာတင် ပြောနည်း
မြစ်တဘက်မှ လိုရာဆိပ်ကမ်းသို့ ကူးလိုလျှင် မြစ်ညာက တင်၍ကူးမှ လိုရာသို့ ရောက်သကဲ့သို့
မိမိအလိုရှိရာသို့ရောက်အောင် အထက်က တင်ကူး၍ ပြောခြင်းသည် ( ရေကူးညာတင် ပြောနည်း ) မည်၏။
အူထုံးရောဂါသည်ကို ကုရာ၌ ဇီဝက-ပြောသောစကားကို သာဓကထုတ်အပ်၏။


၂။ ကောက်ပင်ရိတ်လှီး ပြောနည်း
စပါးရိတ်လျှင် ကောက်ပင်ကို လက်တဆုပ်ဖြင့် ဆုပ်သိမ်းကာ တံဇဉ်ဖြင့်အရင်းမှ ဖြတ်၍ ရိတ်ယူသကဲ့သို့ တဘက်လူ၏ စကားကို သိမ်းကျုံးဖမ်းယူပြီးမှ အရင်းကဖြတ်၍ ပိုင်လောက်အောင် ပြောဆိုခြင်းသည် (ကောက်ပင်ရိတ်လှီး ပြောနည်း ) မည်၏။
သူဌေးသား ၂-ယောက်နှင့် ဗျိုင်းပုံဝတ္ထုကို သာဓက ထုတ်အပ်၏။


၃။ ရေစီးဖောင်ဆန် ပြောနည်း
ဖောင်ကြီးသည် အညာသို့ ဆန်သောကာလ လိုရာဆန္ဒရှိသမျှကို တင်ယူ၍ ဖြည်းညင်းသာယာစွာ ဆန်လျှင် လိုရာအရပ်သို့ ရောက်နိုင်သကဲ့သို့
စကားအရာတွင်လည်း ဥပမာ-ဥပမေယျတို့ဖြင့် ဖြည်းညင်းသာယာစွာ လိုရာရောက်အောင် ပြောဆိုခြင်းသည် (ရေစီးဖေညင်ဆန် ပြောနည်း ) မည်၏။
ဟံသာဝတီဘုရင် ရာဇာဓိရာဇ်က ( အဆွေတော် ) ဟု ရေးသားသည်ကို ဒွါရ၀တီမင်းက မကျေနပ်၍ ဟံသာဝတီ သားတို့က ပြေလည်အောင် ဖြေရှင်းပုံကို သာဓက ထုတ်အပ်၏။


၎။ အိုးတန် ဆန်ခတ် ပြောနည်း
အိုးနှင့်ဆန်သည် တန်အောင်ချက်လျှင် နူးနပ်စွာ သုံးဆောင်ရသကဲ့သို့
စကားအရာတွင်လည်း မယုတ်မလွန်နှင့် လိုရင်းရောက်အောင် ပြောဆိုခြင်းသည် ( အိုးတန် ဆန်ခတ် ပြောနည်း) မည်၏။
သားရွှေအိုးထမ်းလာသည်ကို မြင်လိုပါသည်-ဟု ပြောဆိုသော သုဝဏ္ဏသာမ၏ မိဘ ၂-ပါး ပြောဆိုပုံကို သာဓက ထုတ်အပ်၏။


၅။ ဆီပွတ် ကျည်ပွေ့ ပြောနည်း
ဆီကို ရအောင် ပွတ်သည့်အခါတွင် အထပ်ထပ်အခါခါ ပွတ်ရသကဲ့သို့
အလိုရှိသောစကားကို အထပ်ထပ် ပြောဆိုခြင်းသည် ( ဆီပွတ်ကျည်ပွေ့ ပြောနည်း ) မည်၏။
ဘုရားပိန္နဲတိုင်ကိစ္စ ဆွေးနွေးရာ၌ မကျည်းနှစ်လဲ ကောင်း၊ ကျွန်းလဲ ကောင်း။
ရှားနှစ်လဲ ကောင်း၊ ကျွန်းလဲ ကောင်း-ဟု ပြောဆိုပုံကို သာဓက ထုတ်အပ်၏။


၆။ ဆင်ဝှေ့ ရန်ရှောင် ပြောနည်း
ဆင်ဝှေ့မည်ဟု လိုက်လျှင် လွတ်ရာလွတ်ကြောင်း တိမ်းရှောင်က ချမ်းသာသကဲ့သို့
စကားအရာတွင်လည်း မိမိအဖို့ ဘေးရောက်မည့် စကားကို ရှောင်လွှဲ၍ ပြောဆိုခြင်းသည် ( ဆင်ဝှေ့ရန်ရှေင် ပြောနည်း ) မည်၏။
ရက်မအောက် မြေကြီးအထိ ရွှေချထားသော အိမ်ရှေ့မင်း၏ ကျောင်းမှ ရွှေများကို မြို့ဝန်က အဖျက်ခိုင်းရာ အိမ်ရှေ့မင်း စိတ်ဆိုးသည်ကို ပြေလည်အောင် လျှောက်ထားသော မြို့ဝန်၏စကားကို သာဓက ထုတ်အပ်၏။


၇။ တောင်သူ ယာခုတ် ပြောနည်း
တောင်သူတို့သည် ယာခုတ်လျှင် ခြုံငယ် သစ်ပင်ငယ်တို့ကို ဦးစွာ ရှင်းလင်းခုတ်ထွင်ပြီးမှ သစ်ပင်ကြီးငယ်များကို လှဲသကဲ့သို့
စကားအရာတွင်လည်း ဦးစွာ စကားငယ်ကိုပြော၍ နောက်မှ စကားကြီးများကို ပြောခြင်းဖြင့် အနိုင်ယူခြင်းသည် (တောင်သူ ယာခုတ် ပြောနည်း ) မည်၏။
အမတ်ကြီးလေးဦးနှင့် မဟောသဓာသုခမိန်တို့ ဥစ္စာနှင့်ပညာ ဘယ်ဟာက-မြတ်သည် ဟူသော အငြင်းပွားပုံကို သာဓက ထုတ်အပ်၏။


၈။ ကြက်ဆုတ် ခွပ်ပစ် ပြောနည်း
ကြက်တို့၏သဘောသည် ခွပ်မည်ပြုသောအခါ နောက်သို့ဆုတ်ဟန်ပြု၍ တကယ်ခွပ်သောအခါမှသာ စီး၍ခွပ်သကဲ့သို့
စကားအရာတွင်လည်း သူ့အလိုကို လိုက်တန်သ၍ လိုက်ပြီးလျှင် စီးသာသောအခါမှ စီးလျက် ပြောသောစကားမျိုးသည် ( ကြက်ဆုတ် ခွပ်ပစ် ပြောနည်း ) မည်၏။
က၀ိသေတ္တု မဉ္ဇူသာကျမ်း၌ ဖော်ပြပါရှိသော တရုတ်ငရွှေကြည်၏ မီးလောင်ကိစ္စအတွက် တရုတ်သံများနှင့် အမတ်ကြီးဦးပေါဦးတို့ အပြန်အလှန် ပြောဆိုပုံကို သာဓက ထုတ်အပ်၏။


၉။ ရေစစ်ပမာ စကားပြောနည်း
ဓမ္မကရိုဏ်းခေါ်သော ရေစစ်ကို ရေတွင်နှစ်၍ ရေပြည့်လျှင် အပေါက်ကို လက်ဖြင့် ပိတ်ယူပါက ရေမထွက်နိုင်သကဲ့သို့
တဘက်လူ၏ စကားကို ပိတ်မိအောင် ပြောဆိုခြင်းသည် ( ရေစစ်ပမာ စကားပြောနည်း ) မည်၏။
သူငယ်လေးယောက်နှင့် သူအိုကြီးတို့ ယုံတမ်းစကား ပြောကြားပုံကို သာဓက ထုတ်အပ်၏။


၁၀။ ခက်တင် မောင်းနင်း ပြောနည်း
သူ့စကားကို ဟုတ်၏လည်း မဆို၊ မဟုတ်ဟုလည်း မဆိုဘဲ မတင်တကျ ပြောဆိုခြင်းသည် ( ခက်တင် မောင်းနင်း ပြောနည်း ) မည်၏။
ဤသူ ငါ့တူ-မဟုတ်ဟု မည်သူပြောသနည်း-ဟု တောင်ဖီလာဆရာတော် ပြောကြားပုံကို သာဓက ထုတ်အပ်၏။

မှတ်ချက်။ စကားကြီး ၁၀-မျိုးအကြောင်း ပြဆိုသော ပုံသက်သေ သာဓက၀တ္ထုများကို မြန်မာ့စွယ်စုံကျမ်း အတွဲ (၃)တွင် အကျယ်တ၀င့် ဖော်ပြပါရှိသည်။ ထိုကျမ်း၌ လေ့လာကြည့်ရှုကြပါကုန်။

( အောင်ပွဲရ ကဗျာ )
၁။ ရေကူးညာတင်၊ ပြောရိုးတွင်၊ ဉာဏ်ယှဉ်ပါက အောင်ပွဲရ။
၂။ ကောက်ပင်ရိတ်လှီး၊ ပြောဆိုနည်း၊ ဉာဏ်မှီးပါက အောင်ပွဲရ။
၃။ ရေစီးဖောင်ဆန်၊ ပြောဆိုဟန်၊ ဝေဖန်နိုင်းဆ အောင်ပွဲရ။
၎။ အိုးတန်ဆန်ခတ်၊ ပမာဟပ်၊ ပြောတတ်ပါက အောင်ပွဲရ။
၅။ ဆီပွတ်ကျည်ပွေ့၊ ပြောဆိုလေ့၊ လက်တွေ့မှန်လှ အောင်ပွဲရ။
၆။ ဆင်ဝှေ့ရန်ရှောင်၊ ပမာဆောင်၊ လူ့ဘောင်လောက အောင်ပွဲရ။
၇။ တောင်သူယာခုတ်၊ ညွှန်းဖော်ထုတ်၊ မယုတ်မှန်လှ အောင်ပွဲရ။
၈။ ကြက်ဆုတ်ခွပ်ပစ်၊ ထုံးစနစ်၊ စင်စစ်မှန်လှ အောင်ပွဲရ။
၉။ ရေစစ်သောလား၊ ပမာထား၊ စကားဆိုက အောင်ပွဲရ။
၁၀။ ခက်တင်မောင်းနင်း၊ ပြောဆိုခြင်း၊ မယွင်းမှန်လှ အောင်ပွဲရ။

Tuesday, December 16, 2008

ရတနာရွှေချိုင့်

ဘုရား တရား သံဃာ ရတနာသုံးပါးကို ရွှေချိုင့်သဖွယ် အကာအကွယ်ပြု၍ ထားသောကြောင့် ရတနာရွှေချိုင့်-ဟု ခေါ်သည်၊
အကာအကွယ်ပြုစီမံထားပုံမှာ-
ဘုရားရတနာကို ဦးခေါင်းအရပ်၌
တရားရတနာကို မျက်စိအရပ်၌
သံဃာရတနာကို ရင်ဘတ်, နှလုံးသား, ယာ, ၀ဲ, နောက်, နား, ကျောက်ကုန်း, နဖူး, မြတ်သောအင်္ဂါတို့၌ -
အသီးသီး စိတ်ဖြင့်ပင့်ဆောင်ထားပြီး ဘေးမသီ ရန်မခစေရန် ရွှေချိုင့်သဖွယ် အကာအကွယ် ပြုလုပ်ထားလေသည်။ ဤမျှမက ပရိတ်တော် ၁၁-သုတ်ကိုလည်း ရှေ့နောက်ဝဲယာ အထက်ပါမကျန် အကာအကွယ် ပြုထားပြန်သေးသည်။
ဤသို့-ရတနာသုံးပါးတည်းဟူသော ရွှေချိုင့်အတွင်း၌ နေခွင့်ရသော အကျွန်ုပ်အဖို့ ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးကြောင့် အတွင်းအပ ဘေးရန်များ ပျောက်ကင်းရပါလို၏၊ ပျောက်ကင်းပါစေ၊ သူတော်ကောင်းများ၏ အစောင့်အရှောက်ကို ခံရပါလို၏၊ ခံရပါစေ၊ ကိလေသာရန်ကို ပယ်သတ်နိုင်ရပါလို၏၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာရပါလို၏-ဟု ဆုတောင်းပတ္ထနာ ပြုပုံကို ဖော်ပြထား၍ ရတနာရွှေချိုင့်ပါ စာများကို နှစ်သက်သူများကြသည်။

( အင်းဝခေတ် )
ဤရတနာရွှေချိုင့်နှင့် အလားတူ ရတနာရွှေထီးဟူသော စာမူတပုဒ်လည်း ရှိသေးသည်၊ ဆယ်စောင်တွဲ စာရင်းဝင်မဟုတ်၍ လူသုံးမများသောကြောင့် သိသူနည်းလှသည်၊ ရတနာရွှေချိုင့်ပါ ဂါထာများကို အင်းဝခေတ်၌ တွင်ကျယ်စွာ သင်ကြားပို့ချမှု ပြုနေပြီဖြစ်ကြေင်း ရှင်မဟာသီလ၀ံသနှင့် ရှင်မဟာရဋ္ဌသာရတို့၏ ဓုတင်ဖွဲ့ ရတုစာများကို ဖတ်ကြည့်သောအားဖြင့် သိနိုင်ပါသည်၊ ရှင်မဟာရဋ္ဌသာရ၏ ရတုမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
မယှဉ်သဘာ, စိတ်ကိုခွါ၍, တောမှာသေခွေ, နေသည်ပြီပြီ, မှိုင်းရီချုပ်တက်, ညနံနက်လည်း, တံမြက်လှည်းခတ်, စင်္ကြံဝတ်နှင့်, ဖြည့်မှတ်ပင်ပန်း, ကိုယ်ကျန်းလက်သာ, ရှိစေပါဟု, သန့်စွာသုတ်သင်, စေတီပြင်၌, ညောင်ပင်ညွတ်ညောင်း, ညောင်ရေလောင်းလျက်, ရှိပြောင်းညွတ်သင်, ကျောင်းသို့ဝင်မှ, သန့်စင်ထက်မြက်, ဓမ္မစက်နှင့်, အနမတဂ္ဂ, လက္ခဏသုတ်, ရွှေနှုတ်ဟောချိ, သတိပဋ္ဌာန်, စောင့်ရန်မကွာ, ရတနာရွှေချိုင့်, တံတိုင်း အတု, စောင်ရန်းပြုလျက်-
ရတနာရွှေချိုင့်ရေးသူ၏အမည်ကို မသိရ၊ ရွတ်ဖတ်သူ သင်ကြားသူတို့ သဒ္ဓါကြည်ညိုစိတ်ဖြစ်စေရန်, အလွယ်တကူ သိနိုင်စေရန် မူရင်းပါဠိဂါထာ၏ အောက်၌ မြန်မာသက်သက် ပြန်ဆိုဖော်ပြပေးလိုက်ပါသည်။


( ရတနာရွှေချိုင့် ပါဠိနှင့် မြန်မာပြန် )
၁။ ဇယာသန္နာဂတာ ဗုဒ္ဓါ ၊ ဇိတွာ မာရံ သ၀ါဟနံ ။
စတုသစ္စ မတရသံ ၊ ယေ ပိဝိံသု နရာသဘာ ။

အောင်ခြင်း၏အနီး ( အပရာဇိတပလ္လင်) သို့ ရောက်တော်မူကုန်သော လူ, နတ်, ဗြဟ္မာ သတ္တ၀ါတို့ထက်လည်း မြတ်တော်မူကုန်သော ဘုရားရှင်တို့သည် စစ်သည်နှင့်တကွ မာရ်နတ်သားကို အောင်တော်မူပြီး၍ သစ္စာလေးဖြာ မြိုက်ရသာကို ( တပည့်သား သာဝကတို့အား ) သောက်စေတော်မူကုန်ပြီ ။
မှတ်ချက်။ ဇယာ သနာဂတာ-ဟု ရှိခဲ့သော် အောင်နေရာခွင် အပရာဇိတပလ္လင်သို့ ရောက်တော်မူကုန်သော-ဟု မြန်မာပြန်ဆိုပါလေ။


၂။ တဏှင်္ကရာဒယော ဗုဒ္ဓါ ၊ အဋ္ဌ၀ီသတိ နာယကာ ။
သဗ္ဗေ ပတိဋ္ဌိတာ မယှံ ၊ မတ္ထကေ တေ မုနိဿရာ ။

လူ, နတ်, ဗြဟ္မာ သတ္တ၀ါအပေါင်းတို့၏ ခရီးလမ်းညွှန်သဖွယ် ဖြစ်တော်မူကုန်သော၊ ရသေ့, ရဟန်းအပေါင်းတို့ကို အစိုးရတော်မူကုန်သော တဏှင်္ကရာ အစရှိသော နှစ်ကျိပ်ရှစ်ဆူသော ဘုရားရှင်တို့သည် အကျွန်ုပ်၏ ဦးခေါင်းထက်၌ တည်တော်မူကုန်ပြီ။ ( တည်တော်မူကြပါစေ )။


၃။ သီသေ ပတိဋ္ဌိတော နောသိ ၊ ဗုဒ္ဓေါ ဓမ္မော ဒွိလောစနေ ။
သံဃော ပတိဋ္ဌိတော မယှံ ၊ ဥရေ သဗ္ဗဂုဏာကရော ။

ဂုဏ်တော် ကျေးဇူးတော်အပေါင်းတို့၏ တည်ရာဖြစ်တော်မူသော အကျွန်ုပ်တို့၏ ကိုးကွယ်ရာ ဂေါတမမြတ်စွာဘုရားသည် အကျွန်ုပ်တို့၏ ဦးခေါင်း၌ သီတင်းသုံး တည်နေတော်မူပြီ။( တည်နေတော်မူပါစေ)
ကိုးပါးသော လောကုတ္တရာ တရားတော်သည် အကျွန်ုပ်၏ မျက်စိနှစ်ဘက်၌ တည်နေတော်မူပြီ။(တည်နေပါစေ)
ရှစ်ယောက်သော အရိယာသံဃာတော်သည် အကျွန်ုပ်၏ ရင်၌ တည်နေတော်မူပြီ။(တည်နေပါစေ)။


၎။ ဟဒယေ မေ အနုရုဒ္ဓေါ ၊ သာရိပုတ္တော စ ဒက္ခိဏေ ။
ကောဏ္ဍညော ပစ္ဆာဘာဂသ္မိံ ၊ မောဂ္ဂလ္လာနော စ ၀ါမကေ ။

အရှင်အနုရုဒ္ဓါသည် အကျွန်ုပ်၏ နှလုံးသား၌ တည်တော်မူပြီ။ ( တည်တော်မူပါစေ )။
အရှင်သာရိပုတ္တရာသည် အကျွန်ုပ်၏ လက်ယာဘက်၌ တည်တော်မူပြီ။ ( တည်တော်မူပါစေ )။
အရှင်ကောဏ္ဍညသည် အကျွန်ုပ်၏ နောက်အဖို့၌ တည်တော်မူပြီ။ ( တည်တော်မူပါစေ )။
အရှင်မောဂ္ဂလ္လာန်သည် အကျွန်ုပ်၏ လက်ဝဲဘက်၌ တည်တော်မူပြီ။ ( တည်တော်မူပါစေ )။


၅။ ဒက္ခိဏေ သ၀နေ မယှံ ၊ အာသုံ အာနန္ဒ ရာဟုလာ ။
ကဿပေါ စ မဟာနာမော ၊ ဥဘောသုံ ၀ါမသောတကေ ။

အရှင်အာနန္ဒာနှင့် အရှင်ရာဟုလာတို့သည် အကျွန်ုပ်၏ လက်ယာနား၌ တည်တော်မူကုန်ပြီ။
( တည်တော်မူကြပါစေ )။
မဟာကဿပနှင့် မဟာနာမ် အရှင်နှစ်ပါးတို့သည် အကျွန်ုပ်၏ လက်ဝဲနား၌ တည်တော်မူကုန်ပြီ။
( တည်တော်မူကြပါစေ )။


၆။ ကေသန္တေ ပိဋ္ဌိဘာဂသ္မိံ ၊ သူရိယောဝ ပဘင်္ကရော ။
နိသိန္နော သိရိသမ္ပန္နော ၊ သောဘိတော မုနိပုင်္ဂဝေါ ။

နေမင်းကဲ့သို့ အရောင်ကိုပြုတတ်သော ဘုန်းကျက်သရေနှင့် ပြည့်စုံတော်မူသော ရဟန်းမြတ် ဖြစ်တော်မူသော သောဘိတအရှင်သည် အကျွန်ုပ်၏ ဆံပင်အဆုံး ကျောက်ကုန်းအဖို့၌ တည်တော်မူပြီ။ ( တည်တော်မူပါစေ )။


၇။ ကုမာရကဿပေါ နာမ ၊ မဟေသီ စိတြ၀ါစကော ။
သော မယှံ ၀ဒနေ နိစ္စံ ၊ ပတိဋ္ဌာသိ ဂုဏာကရော ။

သီလက္ခန္ဓ စသည့်ကျေးဇူး ဂုဏ်အထူးကို ရွှင်မြူးဝမ်းသာ ရှာတော်မူလေ့ရှိထသော,
ဆန်းကြယ်သော တရားသကားကို ဆိုတော်မူတတ်သော,
ကျေးဇူးတော်အပေါင်း၏ တည်ရာဖြစ်တော်မူသော ကုမာရကဿပ မထေရ်သည်
အကျွန်ုပ်၏ နှုတ်ခမ်း၌ တည်တော်မူပြီ။ ( တည်တော်မူပါစေ )။


၈။ ပုဏ္ဏော အင်္ဂုလိမာလော စ ၊ ဥပါလိ နန္ဒ သီဝလိ ။
ဣမေ ပဉ္စ မဟာထေရာ ၊ နလာဋေ တိလကာ ၀ိယ ။

အရှင်ပုဏ္ဏ, အရှင်အင်္ဂုလိမာလ, အရှင်ဥပါလိ, အရှင်နန္ဒ, အရှင်သီဝလိ, ဤမထေရ် ငါးပါးတို့သည်
အကျွန်ုပ်၏ နဖူးပြင်၌ မှန်ကူကဲ့သို့ တည်တော်မူကုန်ပြီ။ ( တည်တော်မူပါစေ )။


၉။ တေဟိ သေသာ မဟာထေရာ ၊ ဇိတ၀န္တော ဇိနောရသာ ။
ဇလန္တာ သီလတေဇေန ၊ အဂ္ဂမင်္ဂေသု သဏ္ဌိတာ ။

ထိုဆိုအပ်ပြီးသော မထေရ် ၁၅-ပါးမှ ကြွင်းကုန်သော ကိလေသာရန်ကို အောင်ကုန်ပြီး၍ သီလတန်ခိုးအားဖြင့် ထွန်းတောက်ပကုန်သော ဘုရားသားတော် မထေရ်ကျော်တို့သည် အကျွန်ုပ်၏ မြတ်သောအင်္ဂါတို့၌ တည်တော် မူကုန်ပြီ။ ( တည်တော်မူကြပါစေ )။


၁၀။ ရတနံ ပုရတော အာသိ ၊ ဒက္ခိဏေ မေတ္တသုတ္တကံ ။
ဓဇဂ္ဂံ ပစ္ဆတော အာသိ ၊ ၀ါမေ အင်္ဂုလိမာလကံ ။

၁၁။ ခန္ဓ မောရ ပ၇ိတ္တဉ္စ ၊ အာဋာနာဋိယ သုတ္တကံ ။
အာကာသေ ဆဒနံ အာသိ ၊ သေသော ပါကာရ သဏ္ဌိတာ ။

၁။ ရတနသုတ် ပရိတ်တော်သည် အကျွန်ုပ်၏ ရှေ့မှ တည်တော်မူပြီ။
၂။ မေတ္တသုတ် ပရိတ်တော်သည် အကျွန်ုပ်၏ လက်ျာ၌ တည်တော်မူပြီ။
၃။ ဓဇဂ္ဂသုတ် ပရိတ်တော်သည် အကျွန်ုပ်၏ နောက်မှ တည်တော်မူပြီ။
၎။ အဂုင်္လိမာလသုတ် ပရိတ်တော်သည် အကျွန်ုပ်၏ လက်ဝဲ၌ တည်တော်မူပြီ။
၅။ ခန္ဓသုတ်, မောရသုတ်, အာဋာနာဋိယသုတ် ပရိတ်သုံးစောင်သည်
အကျွန်ုပ်၏ အထက်ကောင်းကင်၌ ထီးသဖွယ် တည်တော်မူပြီ။
၆။ ကြွင်းကုန်သော မင်္ဂလသုတ်, ၀ဋ္ဋသုတ်, ဗောဇ္ဈင်္ဂသုတ်, ပုဗ္ဗဏှသုတ် ပရိတ်လေးစောင်တို့သည်
တံတိုင်းသဖွယ် တည်နေတော်မူပြီ။ ( တည်နေတော်မူကြပါစေ )။


၁၂။ ဇိနာနံ ဗလသံယုတ္တေ ၊ ဓမ္မပါကာရ လင်္ကတေ ။
ဝသတော မေ အကိစ္ဆေန ၊ သမ္မာသမ္ဗုဒ္ဓ ပဉ္စရေ ။

၁၃။ ၀ါတပိတ္တာဒိသဉ္ဇာတာ ၊ ဗာဟိရ ဇ္ဈတ္တုပဒ္ဒ၀ါ ။
အသေသာ ၀ိနာသံ ယန္တု ၊ အနန္တဂုဏ တေဇသာ ။

ငါးပါးမာရ်အောင် မြတ်ဘုန်းခေါင်တို့၏ အားတော်ဆယ်ပါးနှင့် ယှဉ်သော တရားတည်းဟူသော မြို့တံတိုင်းဖြင့် တန်ဆာဆင် ကာရံထားသော မြတ်စွာဘုရားတည်းဟူသော ရွှေချိုင့်၌ မငြိုမငြင်နေရသော အကျွန်ုပ်အား လေ, သည်းခြေ-ဟစည်တိုပကြောင့် ဖြစ်ကုန်သော အပြင်ရန် အတွင်းရန်တို့သည် မြတ်စွာဘုရား၏ ဂုဏ်တော်အနန္တ, တန်ခိုးတော်အနန္တတို့ကြောင့် အကြွင်းအကျန်မရှိ ပျောက်ပျက်ခြင်းသို့ ရောက်ပါစေ။


၁၄။ ဇိနပဉ္ဇရမဇ္ဈမှိ ၊ ၀ိဟရန္တံ မဟီတလေ ။
သဒါ ပါလေန္တု မံ သဗ္ဗေ ၊ တေ မဟာပုရိသာ သဘာ ။

မြတ်စွာဘုရားတည်းဟူသော ရွှေချိုင့်အလယ်၌ နေရသော အကျွန်ုပ်ကို မြေအပြင်၌ ကြီးမြတ်ကုန်သော ယောက်ျားမြတ်အးလုံးတို့က အခါခပ်သိမ်း စောင့်ရှောက်ကြပါစေ။


၁၅။ ဣစ္စေ၀ မေကန္တံ ကတော ၊ သုရက္ခော ဇိနာနုဘာဝေ ။
ဟတာရိသံဃော သံဃဿ ၊ တေဇေန ဂုဏာကရဿ ။

ဆိုခဲ့ပြီးသောနည်းဖြင့် ငါသည် ကောင်းသော အစောင့်အရှောက်ကို ပြုအပ်ပြီ။
၁။ မြတ်စွာဘုရား၏ တန်ခိုးတေဇော် အာနုဘော်ကြောင့် ဘေးရန်အပေါင်းကို ပယ်သတ်နိုင်ရပါလို၏။
၂။ သီလ သမာဓိ-စသော ဂုဏ်ကျေးဇူးအပေါင်းတို့၏ တည်ရာဖြစ်သော ပရမတ္ထသံဃာတော်၏ တန်ခိုးကြောင့် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာရပါလို၏။


( ရတနာရွှေချိုင့် သံပေါက်ကဗျာများ )
၁။ မာရ်နတ်အောင်မြင်၊ ဘုရားရှင်၏၊ လေးအင်သစ္စာ၊ မြိုက်ရသာကို၊ မှန်စွာသောက်ပြီး၊ အောင်ခရီး၌၊ ငါလည်း အားကျ၊ မြော်တောင့်တ၍၊ ဗုဒ္ဓရတနာ၊ ရွှေချိုင့်သာဝယ်၊ ရန်ကွာဘေးပ၊ အောင်ပွဲရ၊ ဒုက္ခဘုံမှ ဝေးပါစေ။
၂။ အဋ္ဌ၀ီသ၊ မြတ်ဗုဒ္ဓ၊ ထိပ်မှတည်နေ ကာပါစေ။
၃။ ဘုရားဗုဒ္ဓ၊ ဂေါတမ၊ ခေါင်းမှတည်နေ ကာပါစေ။
၎။ လောကုတ်ကိုးပါး၊ မြတ်တရား၊ နှစ်ပါးမျက်စိ ကာပါစေ။
၅။ ရှစ်ပါးအရိယာ၊ မြတ်သံဃာ၊ ရင်မှာတည်နေ ကာပါစေ။
၆။ အနုရုဒ္ဓါ၊ နှလုံးမှာ၊ သေချာတည်နေ ကာပါစေ။
၇။ သာရိပုတ္တရာ၊ ညာလက်ယာ၊ သေချာတည်နေ ကာပါစေ။
၈။ ထေရ်ကောဏ္ဍည၊ နောက်ဘက်မှ၊ မုချတည်နေ ကာပါစေ။
၉။ မောဂ္ဂလာန်က၊ လက်ဝဲမှ၊ မုချတည်နေ ကာပါစေ။
၁၀။ အာနန်ညီဘွား၊ ရာဟုသား၊ လက်ယာနားနေ ကာပါစေ။
၁၁။ မဟာနာမ၊ ကဿပ၊ လက်ဝဲနားမှ ကာပါစေ။
၁၂။ သောဘိတဘုန်း၊ ဆံအဆုံး၊ ကျောက်ကုန်းတည်နေ ကာပါစေ။
၁၃။ ထေရ်ကုမာရ၊ ကဿပ၊ နှုတ်မှတည်နေ ကာပါစေ။
၁၄။ အင်္ဂုလိမာလ၊ ပုဏ္ဏ,သီဝလိ၊ ဥပါလိ,နန္ဒ၊ ငါးဝထေရ်ရှင်၊ နဖူးပြင်၊ မှန်ကူသွင်သို့ ကာပါစေ။
၁၅။ ကြွင်းသောသံဃာ၊ မြတ်အင်္ဂါ၊ သေချာတည်နေ ကာပါစေ။
၁၆။ သုတ်ရတန၊ ပရိတ္တ၊ ရှေ့မှတည်နေ ကာပါစေ။
၁၇။ သုတ်တော်မေတ္တ၊ ပရိတ္တ၊ ယာမှတည်နေ ကာပါစေ။
၁၈။ သုတ်ဓဇဂ္ဂ၊ ပရိတ၊ နောက်မှတည်နေ ကာပါစေ။
၁၉။ အင်္ဂုလိမာလ၊ ပရိတ္တ၊ ၀ဲမှတည်နေ ကာပါစေ။
၂၀။ ခန်,မော,အာဋာ၊ သုတ်သုံးဖြာ၊ ခေါင်းမှာတည်နေ ကာပါစေ။
၂၁။ မင်္ဂလ, ၀ဋ္ဋ၊ ဗောဇ္ဈင်္ဂနှင့်၊ ပုဗ္ဗဏှပါ၊ သုတ်လေးဖြာ၊ ရံကာတံတိုင်း ကာပါစေ။
၂၂။ ဘုရားရတနာ၊ ရွှေချိုင့်သာတွင်၊ ငြိုငြင်မရှိ၊ နေဘိငါ့အား၊ နှစ်ပါးဘေးရန်၊ တွင်းပြင်ဒဏ်၊ အမှန်ကင်းပါစေ။
၂၃။ ဘုရားရတနာ၊ ရွှေချိုင့်သာတွင်၊ ငြိုငြင်မရှိ၊ နေဘိငါ့အား၊ ကြီးမားမြေပြင်၊ မြတ်လူရှင်၊ အစဉ်စောင့်ရှောက်ကြ ပါစေ။
၂၄။ ဘုရားတန်ခိုးတော်၊ အာနုဘော်၊ မတော်ရန်ပေါင်း ကင်းပါစေ။
၂၅။ သံဃာ့တန်ခိုးတော်၊ အာနုဘော်၊ ရွှင်ပျော်ကိုယ်စိတ် ရှိပါစေ။

Monday, December 15, 2008

အတွင်းအောင်ခြင်း ၈-ပါး

အတွင်းအဇ္ဈတ္တ၌ရှိသော ကိလေသာရန်သူများကို အောင်မြင်ပုံ ပြဆိုသောကြောင့် အတွင်းအောင်ခြင်းဟု ခေါ်သည်။ ဂါထာအားလုံး ရှစ်လုံးဖွဲ့ချည်း ဖြစ်သည်၊ အောင်ခြင်းတပုဒ်ဆုံးတိုင်း ( ဧတေန သစ္စ၀ဇ္ဖေန၊ ဟောတု မေ ဇယမင်္ဂလဂ္ဂံ ) ဟူသော သစ္စာပြုစာပိုဒ်ဖြင့် အဆုံးသတ်ထားသည်၊ ဤသစ္စာစကားကြောင့် အတွင်းရန်ကို အောင်မြင်တော်မူသော ဘုရားနည်းတူ အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာ ဖြစ်ပါစေဟု တောင့်တချက် ပြုထားသည်။

( မြန်မာပြန်ဆိုခြင်း )
အတွင်းအောင်ခြင်း ဂါထာများနှင့် ပတ်သက်၍ ရေးသားသူ၏အမည်နှင့် ရေးသားသည့် ခေတ်ကာလကို အတိအကျ မသိရ၊ စာပေကျမ်းဂန် အထူးတတ်ကျွမ်းပြီး သဒ္ဓါတရား ထက်သန်ကောင်းမွန်သော ပညာရှင်တဦးက ရေးသားဖွဲ့ဆိုထားသည်ဟု မှန်းဆ၍ ကြည်ညိုရပါသည်။ အင်းဝခေတ်တွင် အတွင်းအောင်ခြင်း ဂါထာများကို သင်ကြားနေပြီဖြစ်၍ ထိုခေတ်ထက် စောကောင်းစောတန်ရာသည်ဟု မှန်းဆနိုင်သည်။

အတွင်းအောင်ခြင်း ဂါထာများကို ဆယ်စောင်တွဲပါ ရှေးနိဿယအပြင် ညောင်တုန်းမြို့ ရွှေဟင်္သာတိုက် အလင်္ကာနိဿယ ကျမ်းပြု စံကျောင်းဆရာတော်ဘုရားကြီးက နှစ်သက်ဖွယ်ရာ နိဿယအကျယ် ရေးသားထားပါသည်။
သာယာဝတီ ဦးညေယျ-ကလည်း နိဿယအကျယ် ရေးသားခဲ့ပါသည်။
အခြားပည်ာရှင်တို့၏ နိဿယများလည်း ရှိလိမ့်ဦးမည် ထင်ပါသည်။

( အတွင်းအောင်ခြင်းရှစ်ပါး ပါဠိနှင့် မြန်မာပြန် )
၁။ အ၀ိဇ္ဇာအဏ္ဍကောသမှိ ၊ သတ္တေ တဏှာဇလမ္ဗုဇေ ။
တမှာ ဌာနာ နိက္ခာမေသိ ၊ ဒေသနာဉာဏ တေဇသာ ။
ဧတေန သစ္စ၀ဇ္ဇေန ၊ ဟောတု မေ ဇယမင်္ဂလဂ္ဂံ ။

( မြတ်စွာဘုရားသည် ) အ၀ိဇ္ဇာဥခွံအတွင်း၌ ဖြစ်ကုန်သော သတ္တ၀ါများနှင့် တဏှာတံလျပ်၌ ဖြစ်ကုန်သော သတ္တ၀ါတို့ကို ဒေသနာဉာဏ်တန်ခိုးဖြင့် ထိုနေရာမှ ထွက်မြောက်စေတော်မူပြီ။
ဤမှန်သော သစ္စာစကားကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာ ဖြစ်ပါစေ။
မှတ်ချက်။ ။ တဏှာဇလာဗုဇေ-ဟုရှိခဲ့သော် တဏှာ-တည်းဟူသော သားအိမ်၌ ဖြစ်ကုန်သော-ဟု မြန်မာပြန်ပါ။

၂။ မဟာမောဟန္ဓကာရေန ၊ အဘိဘူတေ မဟာဇနေ ။
ပညာစက္ခုံ လဘာပေသိ ၊ ဉာဏာလောကေန သော ဇိနော ။
ဧတေန သစ္စ၀ဇ္ဇေန ၊ ဟောတု မေ ဇယမင်္ဂလဂ္ဂံ ။

( မြတ်စွာဘုရားသည် ) မောဟမှောင်ကြီး ဖိစီးနှိပ်စက်ခြင်း ခံနေရသော သတ္တ၀ါများကို ဉာဏ်တော်တည်းဟူသော အလင်းရောင်ဖြင့် ပညာမျက်လုံးကို ရစေတော်မူပြီ။
ဤမှန်ကန်သော သစ္စာစကားကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာ ဖြစ်ပါစေ။

၃။ ရာဂါဒိအဂ္ဂိဇာလေဟိ ၊ ဍဍ္ဎကာယံ မဟာဇနံ ။
နိဗ္ဗာပေသိ နရနာထော ၊ အဋ္ဌမဂ္ဂင်္ဂ၀ါရိနာ ။
ဧတေန သစ္စ၀ဇ္ဇေန ၊ ဟောတု မေ ဇယမင်္ဂလဂ္ဂံ ။

လူသုံးပါးတို့၏ ကိုးကွယ်ရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ရာဂစသော မီးလျှံတို့ဖြင့် ပူလောင်သော ကိုယ်ရှိသော သတ္တ၀ါများကို မဂ္ဂင်ရှစ်ပါးတည်းဟူသော ရေစင်ဖြင့် ငြိမ်းစေတော်မူပြီ။
ဤမှန်ကန်သော သစ္စာစကားကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာ ဖြစ်ပါစေ။

၎။ စတုရောဂေဟိ ၀ုယှန္တေ ၊ ဂမ္ဘီရေ သံသာရဏ္ဏဝေ ။
ဥတ္တာရေသိ မဟာဝီရော ၊ ဓမ္မနာဝါယ နာယကော ။
ဧတေန သစ္စ၀ဇ္ဇေန ၊ ဟောတု မေ ဇယမင်္ဂလဂ္ဂံ ။

ကြီးမြတ်သော လုံ့လရှိတော်မူသော လူသုံးပါးတို့ကို နိဗ္ဗာန်သို့ ပို့ဆောင်တော်မူသော မြတ်စွာဘုရားသည် အလွန် နက်စောက်သော သံသရာတည်းဟူသော သမုဒ္ဒရာ၌ သြဃလေးပါးတည်းဟူသော ရေအလျဉ်တို့ဖြင့် နစ်မွန်းမျောပါးကုန်သော သတ္တ၀ါတို့ကို တရားတည်းဟူသော လှေဖြင့် ကယ်တင်တော်မူလေပြီ။
ဤမှန်ကန်သော သစ္စာစကားကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာ ဖြစ်ပါစေ။

၅။ သံသာရစာရကံ လောကံ ၊ နိစ္စံ ဒုက္ခေန ပီဠိတံ ။
နိဗ္ဗာနပုရံ ပါပေသိ ၊ ယာနတ္တယေန သော ဇိနော ။
ဧတေန သစ္စ၀ဇ္ဇေန ၊ ဟောတု မေ ဇယမင်္ဂလဂ္ဂံ ။

ထိုမြတ်စွာဘုရားသည် သံသရာ၌ ကျင်လည်လှုပ်ရှားပြေးသွားနေရပြီး ဇာတိစသော ဆင်းရဲဒုက္ခဖြင့် အမြဲမပြတ် နှိပ်စက်ခြင်း ခံနေရသော လူအပေါင်းကို အနိစ္စ, ဒုက္ခ, အနတ္တ ၀ိပဿနာယာဉ်သုံးပါးဖြင့် နိဗ္ဗာန်ပြည်မြတ်သို့ ရောက်စေတော်မူပြီ၊ ဤမှန်သော သစ္စာစကားကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာ ဖြစ်ပါစေ။

၆။ ကဋ္ဌမုခါဒိ သပ္ပေဟိ ၊ ဍဋ္ဌကာယံ မဟာဇနံ ။
နိဗ္ဗာပေသိ မဟာဓီရော ၊ နာထော တိလောကဝေဇ္ဇကော ။
ဧတေန သစ္စ၀ဇ္ဇေန ၊ ဟောတု မေ ဇယမင်္ဂလဂ္ဂံ ။

ကြီးမြတ်သော ပညာရှိတော်မူသော လူသုံးပါးတို့၏ ဆေးသမားသဖွယ် ဖြစ်တော်မူသော မြတ်စွာဘုရားသည် ကဋ္ဌမုခ-စသော မြွေလေးကောင်တို့၏ ကိုက်ခဲခြင်းကို ခံရသော ကိုယ်ရှိသော များစွာသော သတ္တ၀ါအပေါင်းကို (ဒေသနာအမြိုက်ဆေး တိုက်ကျွေးသောအားဖြင့်) ငြိမ်းစေတော်မူပြီ၊ ဤမှန်သော သစ္စာစကားကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာ ဖြစ်ပါစေ။

၇။ သံသာရ ဒုက္ခကန္တာရာ ၊ ကိလေသစောရပီဠိတံ ။
ခေမန္တဘူမိံ တာရေသိ ၊ သတ္ထ၀ါဟော ၀ိနာယကော ။
ဧတေန သစ္စ၀ဇ္ဇေန ၊ ဟောတု မေ ဇယမင်္ဂလဂ္ဂံ ။

ယာဉ်မှူးသဖွယ်ဖြစ်တော်မူသော သတ္တ၀ါတို့ကို နိဗ္ဗာန်သို့ ပို့ဆောင်တော်မူတတ်သော မြတ်စွာဘုရားသည် ကိလေသာခိုးသူတို့၏ နှိပ်စက်ခြင်းကို ခံနေရသော သတ္တ၀ါအပေါင်းကို သံသရာဆင်းရဲ ခရီးခဲမှ ဘေးမရှိရာ နိဗ္ဗာန်သို့ ပို့ဆောင်ထုတ်ချောက် ကူးမြောက်စေတော်မူပြီ၊ ဤမှန်သော သစ္စာစကားကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာ ဖြစ်ပါစေ။

၈။ ပဉ္စတာလီသ ၀ဿာနိ ၊ ဌတွာ လောကံ သဒေ၀ကံ ။
ပိဝယိတွာ ဓမ္မရသံ ၊ နိဗ္ဗုတော သော သသာဝကော ။
ဧတေန သစ္စ၀ဇ္ဇေန ၊ ဟောတု မေ ဇယမင်္ဂလဂ္ဂံ ။

ဆိုခဲ့ပြီးသော ကျေးဇူးဂုဏ်အပေါင်းနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည် လေးဆယ့်ငါးဝါပတ်လုံး ဘုရားအဖြစ်၌ တည်တော်မူ၍ နတ်နှင့်တကွသော လူအပေါင်းကို တရားတည်းဟူသော အမြိုက်အရသာကို သောက်စေတော်မူပြီး၍ တပည့်သား သံဃာတော်အပေါင်းနှင့် အတူ ပရိနိဗ္ဗာန် ပြုတော်မူလေပြီ။ ဤမှန်သော သစ္စာစကားကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာ ဖြစ်ပါစေ။


( အတွင်းအောင်ခြင်း ရှစ်ပါး ကဗျာ )
၁။ အ၀ိဇ္ဇာ ဥတွင်း ၊ သက်ဆင်းရောက်နေ ။
တဏှာတံလျှပ် ၊ ကိန်းဝပ် ဝေနေ ။
ဒေသနာဉာဏ်မြတ် ၊ ဟောလတ်ချွတ်ချွေ ။
ကယ်တင်ငြား ၊ ဘုရားမြတ်စိန္တေ ။
မှန်စကား ၊ တို့များ အောင်ပါစေ ။

၂။ မောဟ မှောင်ကြီး ၊ ပိတ်ဆီးကာနေ ။
ပညာမျက်စိ ၊ ကန်းဘိသူတွေ ။
မျက်စကိုဖွင့် ၊ ဉာဏ်ဖြင့်မြင်စေ ။
ကယ်တင်ငြား ၊ ဘုရားမြတ်စိန္တေ ။
မှန်စကား ၊ တို့များ အောင်ပါစေ ။

၃။ ရာဂ စသား ၊ မီးများလောင်နေ ။
ပူလောင်ကိုယ်ရှိ ၊ များဘိဝေနေ ။
မဂ္ဂင်ရေအေး ၊ တိုက်ကျွေးငြိမ်းစေ ။
ကယ်တင်ငြား ၊ ဘုရားမြတ်စိန္တေ ။
မှန်စကား ၊ တို့များ အောင်ပါစေ ။

၎။ ပင်လယ်ရေလှိုင်း ၊ နက်ရှိုင်းတူနေ ။
သံသရာသြဃ ၊ မျောကြသူတွေ ။
တရားလှေထက် ၊ တင်လျက်ဆောင်ပေ ။
ကယ်တင်ငြား ၊ ဘုရားမြတ်စိန္တေ ။
မှန်စကား ၊ တို့များ အောင်ပါစေ ။

၅။ ဇာတိအစ ၊ ဒုက္ခထွေထွေ ။
နှိပ်စက်ခံရ ၊ များလှဝေနေ ။
သုံးပါးယဉ်ထက် ၊ တင်လျက်ဆောင်ပေ ။
ကယ်တင်ငြား ၊ ဘုရားမြတ်စိန္တေ ။
မှန်စကား ၊ တို့များ အောင်ပါစေ ။

၆။ ကဋ္ဌမုခ ၊ စသည်လေးထွေ ။
မြွေဆိုးကိုက်ကြ ၊ ခံရသူတွေ ။
ဒေသနာဆေး ၊ တိုက်ကျွေးကာလေ ။
ကယ်တင်ငြား ၊ ဘုရားမြတ်စိန္တေ ။
မှန်စကား ၊ တို့များ အောင်ပါစေ ။

၇။ ကိလေသာမျိုး ၊ လူဆိုးရှုပ်ပွေ ။
သံသရာလမ်း ၊ ဘေးဘျမ်းထူနေ ။
နိဗ္ဗာန်စခန်း ၊ လွတ်လမ်းရှာဖွေ ။
ကယ်တင်ငြား ၊ ဘုရားမြတ်စိန္တေ ။
မှန်စကား ၊ တို့များ အောင်ပါစေ ။

၈။ ၀ါလေးဆယ့်ငါး ၊ ဘုရားစိန္တေ ။
နတ်နှင့်လူများ ၊ တရားဟောချွေ ။
အမြိုက်ဓမ္မ ၊ သောက်ကြပြီးစေ ။
နိဗ္ဗူနန်း ၊ စံမြန်းအတူပေ ။
မှန်စကား ၊ တို့များ အောင်ပါစေ ။

Sunday, December 14, 2008

အပြင်အောင်ခြင်း ရှစ်ပါး

မြတ်စွာဘုရား၏ အောင်မြင်မှုမှာ အသင်္ချေအနန္တဖြစ်သော်လည်း ဗုဒ္ဓစာပေကျမ်းဂန်ထဲမှ လူသိများ၍ ထင်ရှားသော ဤ ၈-မျိုးကိုသာ ထုတ်နှုတ်ပြီး ဂါထာစီထားသောကြောင့် အောင်ခြင်း ရှစ်ပါးဟု တွင်ကျယ်နေခြင်းဖြစ်သည်။ မြတ်စွာဘုရား၏ ခန္ဓာကိုယ်မှ အပဖြစ်သော အပြင်ရန်အောင်မြင်မှုကို စွဲ၍ အပြင်အောင်ခြင်းဟု ခေါ်ဆိုသည်။
ကျမ်းဂန်များတွင် အဋ္ဌ ဇယမင်္ဂလာ-ဟု သုံးနှုန်းသည်၊ မြတ်စွာဘုရား၏ အောင်မြင်ပုံ ၈-မျိုးကို ပြဆိုပြီး အကျွန်ုပ်အား အလားတူ အောင်မြင်မှုမင်္ဂလာ ရရှိပါစေ-ဟု အာသီသပြု၍ ဖွဲ့ဆိုထားသောကြောင့် ဗုဒ္ဓဘာသာဝင်တိုင်းက အလွန်နှစ်သက်ကြသည်။

( သီဟိုဠ်မှာလည်း အသုံးများ )
အပြင်အောင်ခြင်း ဂါထာများကို မြန်မာနိုင်ငံနည်းတူ သီဟိုဠ်နိုင်ငံတွင်လည်း ဘာသာရေးအခမ်းအနားများ၌ အမြတ်တနိုး ရွတ်ဆို ဖတ်ကြားလေ့ရှိကြသည်၊ မြန်မာနိုင်ငံ ရဟန်း, ရှင်, လူ တို့က ဆယ်စောင်တွဲ၌ ပါသည့်အတိုင်း ဂါထာအဆုံးတွင် ဇယမင်္ဂလဂ္ဂံ-ဟု ဧက၀ုစ်ဖြင့် အဆုံးသတ်သည်၊ သီဟိုဠ်နိုင်ငံကမူ ဇယမင်္ဂလာနိ ဟုဗဟုဝုစ်ဖြင့် အဆုံးသတ်လေ့ရှိသည်၊ ဂါထာအားလုံး ၁၄-လုံးဖွဲ့ချည်း စီထားသည်၊ ဂါထာအားလုံး တပုံစံတည်း တံ တေဇသာ ဘ၀တု မေ ဇယမင်္ဂလဂ္ဂံ-ဟူသော ဆုတောင်းအဓိဋ္ဌာန်စာဖြင့် အဆုံးသတ်ထားသည်။

( ကျမ်းဂန်နှင့်အညီ ရေးဖွဲ့ထား )
အပြင်အောင်ခြင်း ဂါထာများနှင့်ပတ်သက်၍ ရေးသူ၏အမည်, ရေးသည့်နေရာ, ရေးသည့်ခေတ်, စာပြီးနှစ်စသည်တို့ကို အတိအကျ မသိရ၊ ပိဋကစာပေ နှံ့စပ်ကျွမ်းကျင်ပြီး အလွန်သဒ္ဓါတရားကောင်းသော ပညာရှင်တဦးက ဖွဲ့ဆိုထားခြင်းဖြစ်သည်-ဟုသာ မှတ်ချက်ချ၍ ကြည်ညိုရပါသည်။ ဤမှတ်တမ်းရေးသူ (မာဂဓီ) နှီးနှောတိုက်ဆိုင်မိသမျှ လက်လှမ်းမှီရာ ကျမ်းဂန် အထောက်အထားများကို ကျမ်းညွှန်းအဖြစ် ဖော်ပြပေးလိုက်ပါသည်။

၁။ မာရ်နတ်အောင်-ဗာဟုံ သဟဿ-ဂါထာမှာ ဇာတကအဋ္ဌကထာ, ဗုဒ္ဓ၀ံသအဋ္ဌကထာ, အပဒါနအဋ္ဌကထာ တို့နှင့်အညီ ရေးဖွဲ့ထားသည်။
၂။ အာဠ၀ကအောင်-မာရာတိရေက-ဂါထာမှာ သဂါထာဝဂ္ဂသံယုတ်နှင့် သုတ္တနိပါတ အာဠာဝကသုတ်နှင့် အညီ ရေးဖွဲ့ထားသည်။
၃။ နာဠာဂီရိအောင်-နာဠာဂိရိံ ဂဇ၀ရံ-ဂါထာမှာ စူဠ၀ါပါဠိနှင့် စူဠဟံသဇာတ် အဋ္ဌကထာနှင့်အညီ ရေးဖွဲ့ထားပါသည်။
၎။ အင်္ဂုလိမာလအောင်-ဥက္ခိတ္တခဂ္ဂ-ဂါထာမှာ ထေရဂါထာ ၀ိနည်းမဟာဝါ၊ မဇ္ဈမိပဏ္ဏာသ အင်္ဂုလိမာလသုတ်နှင့် အညီ ရေးဖွဲ့ထားသည်။
၅။ စိဉ္စမာဏအောင်-ကတွာန ကဋ္ဌမုဒရံ-ဂါထာမှာ ဓမ္မပဒအဋ္ဌကထာ စိဉ္စမာဏ၀တ္ထု, အပဒါနအဋ္ဌကထာ ပထမတွဲ၊ မဟာပဒုမဇာတ် တို့နှင့်အညီ ရေးဖွဲ့ထားပါသည်။
၆။ သစ္စကပရိဗိုဇ်အောင်-သစ္စံ ၀ိဟာယ-ဂါထာမှာ စူဠကာလိင်္ဂဇာတ်, မဇ္ဈိမပဏ္ဏာသ စူဠသစ္စကသုတ်, အဖွင့်နှင့် အညီ ရေးဖွဲ့ထားသည်။
၇။ နန္ဒောပနန္ဒအောင်-နန္ဒောပနန္ဒဘုဇဂံ-ဂါထာမှာ ထေရဂါထာနှင့် ၀ိသုဒ္ဓိမဂ်အဋ္ဌကထာ နန္ဒောပနန္ဒနာဂဒမန ကထာနှင့်အညီ ရေးဖွဲ့ထားသည်။
၈။ ဗကဗြဟ္မာအောင်-ဒုဂ္ဂါဟဒိဋ္ဌိဘာဇဂေန-ဂါထာမှာ ဗြဟ္မသံယုတ် ဗကဗြဟ္မာသုတ်, မူလပဏ္ဏာသ ဗြဟ္မနိမန္တနိက သုတ်တို့နှင့်အညီ ရေးဖွဲ့ထားသည်။
( သုတေသီတို့ တိုက်ဆိုင်ကြည့်ကြပါကုန်။)

( အောင်ခြင်းနိဿယများ )
အပြင်အောင်ခြင်းရှစ်ပါး ဂါထာများကို ခေတ်အဆက်ဆက် ပည်ာရှင်တို့က နိဿယများ ရေးသားခဲ့ကြသည်၊ ဆယ်စောင်တွဲ၌ ပါရှိသော နိဿယမှာ အနက်ဆန်တိုတိုနှင့် ရိုးရိုးပင် ပြန်ဆိုထားသည်၊ ရဟန်း, ရှင်, လူတိုင်း သင်ကြားခဲ့ရသော အနက်ဖြစ်သည်။
ဇိနတ္ထပကာသနီကျမ်းပြု ရွှေတောင်မြို့ ကျီးသဲလေးထပ်ဆရာတော် အနက်မြန်မာပြန်ဆိုထားသော အပြင်အောင်ခြင်း ရှစ်ပါး နိဿယကို သဇ္ဇန၀ိလာသိနီကျမ်းတွင် လေ့လာတွေ့ရှိနိုင်သည်။ အနက်ဆန်ကို လင်္ကာသွားဖြင့် အကျယ်တ၀င့် ရေးထားသည်၊ သာယာဝတီ ဦးညေယျ-စသော အခြားပညာရှင်တို့၏ နိဿယများလည်း ရှိသေးသည်။

( စကားပြေ ၀တ္ထုများ )
အောင်ခြင်းရှစ်ပါးအကြောင်းကို ခေတ်အဆက်ဆက် ပညာရှင်တို့က မြန်မာစကားပြေဖြင့် အသီးသီးရေးသားခဲ့ ကြသည်၊ အရေအတွက်များလွန်း၍ အတိအကျဖော်ပြရန် မလွယ်ပါ၊ စကားပြေကျမ်းများအနက်-
၁။ ကျီးသဲလေးထပ်ဆရာတော်၏ ဇိနတ္ထပကာသနီကျမ်းကြီးနှင့်
၂။ ဆရာတော် ဦးဝိစိတ္တသာရာဘိဝံသ၏ မဟာဗုဒ္ဓ၀်ကျမ်းကြီးမှာ သုတေသီတို့ အားထားလောက်သော အောင်ခြင်းရှစ်ပါး စွယ်စုံကျမ်းကြီး ၂-ဆူဖြစ်သည်။

( အောင်ခြင်းကဗျာများ )
အောင်ခြင်းရှစ်ပါးအကြောင်းကို ခေတ်အဆက်ဆက် ပညာရှင်တို့က ကဗျာလင်္ကာအမျိုးမျိုး ရေးဖွဲ့ထားကြသည်။
၁။ ဘိုးတော်မင်းတရား လက်ထက် အမည်မသိ ဆရာတဦး၏ အောင်ခြင်းရှစ်ပါး ရကန်။
၂။ ဆီးဘန်နီဆရာတော်၏ အဋ္ဌဇယ မော်ကွန်း။
၃။ မင်းကွန်း အာဒိဝဋံသကာထေရ်၏ ရှစ်လုံးဖွဲ့ ကဗျာ။
၎။ ပါရမီတော်ခန်းပျို့ ဋီကာကျမ်းပြု အရှင်ကောသလ္လ (ဓမ္မာစရိယ ဘီအေ-ဂုဏ်ထူး) ၏ အောင်ခြင်း သံဆန်းကဗျာတို့မှာ လူသိများ၍ ထင်ရှားသည်၊ ဆီးဘန်နီဆရာတော် ရေးသားပြုစုသော က၀ိမဏ္ဍနမေဒနီ ကျမ်းကြီးတွင် ပါသော အဋ္ဌဇယမော်ကွန်းမှာ အကျယ်ဝန်းဆုံးသော အောင်ခြင်းရှစ်ပါး ရသမြောက် ကဗျာဝတ္ထုကြီး ဖြစ်သည်။ ရှာဖွေလေ့လာကြည့်ကြပါ။

( အောင်ခြင်းရှစ်ပါး တေးဂီတ )
အောင်ခြင်းရှစ်ပါးအကြောင်းကို လယ်တီကောဝိဒ-က စာသားပြုစု၍ သဟာယဆရာတင်-က သီချင်းရေးစပ်ပြီး ၁၉၄၁-ခုနှစ်တွင် အေ၀မ်းဓာတ်ပြား ကုမ္ပဏီမှ အဆိုကျော် မေရှင်ဖြင့် အသံသွင်းထုတ်ဝေခဲ့ရာ ရောင်မလောက်အောင် တွင်ကျယ်ခဲ့သည်၊ မေရှင်၏သီချင်းမှာ ယနေ့တိုင် လူတိုင်းနှစ်သက်၍ ကျော်ကြားဆဲ ရှိနေသည်၊ သီချင်းသံကြားရုံဖြင့် ဗုဒ္ဓဘုရားအပေါ် ကြည်ညိုသဒ္ဓါစိတ်များ တဖွားဖွား တိုးပွား၍ အကျိုးများလှသည်။
စာရေးဆရာကြီး ဦးဉာဏ-ကလည်း ၁၉၄၀-ခုနှစ်တွင် အောင်ခြင်းရှစ်ပါးသီချင်းကို ရေးစပ်၍ ဗြိတိသျှ ဓာတ်ပြားကုမ္ပဏီမှ အဆိုကျော် ရုပ်ရှင်မင်းသား ခင်မောင်ရင်ဖြင့် အသံသွင်း ထုတ်ဝေခဲ့သည်။ သို့သော် မေရှင်၏ အောင်ခြင်းရှစ်ပါးလောက် လူသိမများလှ၊ တခါတရံ မြန်မာ့အသံမှ ထုတ်လွင့်ပေးတတ်သည်။

( ရှေ့နောက်အစဉ် )
ဆယ်စောင်တွဲပါ ဂါထာများကို ကြည့်၍ ရေးစီထားသော အောင်ခြင်းရှစ်ပါးသီချင်းမှာ မြတ်စွာဘုရား ၀ါဆိုစဉ်နှင့် တိုက်ဆိုင်ကြည့်သည့်အခါ ရှေ့နောက် အစဉ်ထားပုံ လွဲနေသည်၊ ၀ါဆိုစဉ်အရ အောက်ပါအတိုင်း ဖြစ်သင့်သည်။
၁။ ဘုရားဖြစ်သောနေ့တွင် မာရ်နတ်ကို အောင်တော်မူသည်။
၂။ ပဉ္စမ၀ါတွင် အာဠ၀ီပြည်၌ သစ္စကပရိဗိုဇ်ကို အောင်တော်မူသည်။
၃။ ဧကာဒသမ၀ါတွင် နန္ဒောပနန္ဒနဂါးမင်းနှင့် ဗကဗြဟ္မာကို အောင်တော်မူသည်။
၎။ စုဒ္ဒသမ၀ါတွင် အင်္ဂုလိမာလနှင့် စိဉ္စမာဏကို အောင်တော်မူသည်။
၅။ သောဠသမ၀ါတွင် အာဠာဝကဘီလူးကို အောင်တော်မူသည်။
၆။ ၀ီသတိမြောက်ဝါတွင်နာဠာဂီရိဆင်ကြီးကို အောင်တော်မူသည်။

( အင်းဝခေတ်နျင့် အောင်ခြင်းရှစ်ပါး )
ပုဂံခေတ်တွင် အောင်ခြင်းဂါထာများကို သင်ကြားပို့ချမှု ရှိနေပြီဖြစ်ကြောင်း အခိုင်အမာ မပြောနိုင်သော်လည်း အင်းဝခေတ်တွင်မူ အထင်အရှား ရှိနေပြီဖြစ်ကြောင်း အခိုင်အမာ ပြောနိုင်ပါသည်။ ဓုတင်အကြောင်းကို ဖွဲ့ဆိုထားသော ရှင်မဟာသီလ၀ံသ၏ ရတုပိုဒ်စုံ ၃-ပုဒ်အနက်-
( မယှဉ်သဘင်၊ စိတ်ကိုသင်၍၊ တောဝင်ပီပီ၊ ညရီနံနက်၊ ခတ်တံမြက်ဖြင့်၊ ကိုယ်လက်ကျန်းအောင်၊ သုံးရေဆောင်၍၊ ညောင်ဗောဓိပင်၊ စေတီပြင်မှာ၊ သုတ်သင်ဝတ်တက်၊ ရှိခိုးလျက်ပင်၊ ကျောင်းထက်ရောက်ခါ၊ မဟာသမယ၊ အဋ္ဌဇေယျာ၊ မင်္ဂလာနှင့်၊ ရတနာရွှေချိုင့်၊ တံတိုင်ပမာ၊ စောင်ရန်းကာမှ )-ဟူသော
စာပိုဒ်ကို ထောက်သောအားဖြင့် အင်းဝခေတ်တွင် အောင်ခြင်းရှစ်ပါး ဂါထာများကို သင်ကြားပို့ချမှု, ရွတ်အံသရဇ္ဈာယ်မှု တွင်ကျယ်စွာပြုနေပြီဖြစ်ကြောင်း အတိအလင်း ပြောနိုင်ပါပြီ။

လူငယ်လူရွယ်များ အလွယ်တကူသဘောပေါက် နားလည်စေရန် မူရင်းပါဠိဂါထာ၏အောက်တွင် ပါဠိမဖက် မြန်မာသက်သက် ပြန်ဆိုဖော်ပြလိုက်ပေသည်။

( အပြင်အောင်ခြင်းရှစ်ပါး ပါဠိ နှင့် မြန်မာပြန် )
၁။ မာရ်နတ်သားကို အောင်မြင်ခြင်း
ဗာဟုံသဟဿမဘိနိမ္မိတ သာဓုဝန္တံ ၊
ဂိရိမေခလံ ဥဒိတဃောရံ သသေနမာရံ ။
ဒါနာဒိဓမ္မ၀ိဓိနာ ဇိတ၀ါမုနိန္ဒော ၊
တံ တေဇသာ ဘ၀တု မေ ဇယမင်္ဂလဂ္ဂံ ။

လက်ရုံးတထောင် လက်နက်တထောင် ဖန်ဆင်းကာ ဂိရိမေခလာဆင်ကို စီး၍လာသော ကြမ်းတမ်းသော စစ်သည်ဗိုလ်ပါနှင့်တကွ မာရ်နတ်သားကို မြတ်စွာဘုရားသည် ဒါနပါရမီစသော တရားတော်အစီအရင်ဖြင့် အောင်တော်မူလေပြီ၊ မာရ်နတ်သားကို အောင်တော်မူသော ထိုမြတ်စွာဘုရား၏ တန်ခိုးတော်ကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာ ဖြစ်ပါစေ။

၂။ အာဠာဝက ဘီလူးကို အောင်မြင်ခြင်း
မာရာတိရေက မဘိယုဇ္ဈိတ သဗ္ဗရတ္တိံ ၊
ဃောရံ ပနာဠ၀က မက္ခမထဒ္ဓယက္ခံ ။
ခန္တီ သုဒန္တ ၀ိဓိနာ ဇိတ၀ါ မုနိန္ဒော ၊
တံ တေဇသာ ဘ၀တု မေ ဇယမင်္ဂလဂ္ဂံ ။

မာရ်နတ်သားထက် လွန်ကဲစွာ ညဥ့်လုံးပေါက် စစ်ထိုးနိုင်၍ ကြောက်ဖွယ်ကောင်းပြီး သူတပါးတို့ သည်းမခံနိုင်အောင် ကြမ်းတမ်းခက်မာသော အာဠာဝကဘီလူးကြီးကို မြတ်စွာဘုရားသည် သည်းခံတော်မူခြင်း, ကောင်းစွာယဉ်ကျေးစေတော်မူခြင်း အစီအရင်ဖြင့် အောင်တော်မူလေပြီ၊ အာဠာဝကဘီလူးကို အောင်တော်မူသော ထိုမြတ်စွာဘုရား၏ တန်ခိုးတော်ကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာ ဖြစ်ပါစေ။

၃။ နာဠာဂိရိဆင်ကို အောင်မြင်ခြင်း
နာဠာဂိရိံ ဂဇ၀ရံ အတိမဒ္ဒဘူတံ ၊
ဒါဝဂ္ဂိစက္ကမသနီဝ သုဒါရုဏန္တံ ။
မေတ္တမ္ဗုသေက၀ိဓိနာ ဇိတ၀ါ မုနိန္ဒော ၊
တံ တေဇသာ ဘ၀တု မေ ဇယမင်္ဂလဂ္ဂံ ။

တောမီး မိုးကြိုးစက်ကဲ့သို့ ကြမ်းကြုတ်၍ အလွန်မုန်ယစ်နေသော အဇာတသတ်မင်း၏ စီးတော်ဆင် နာဠာဂိရိကို မြတ်စွာဘုရားသည် မေတ္တာတော်ရေ သွန်းခြင်း အစီအရင်ဖြင့် အောင်တော်မူလေပြီ၊ နာဠာဂိရိဆင်ကို အောင်တော်မူသော ထိုမြတ်စွာဘုရား၏ တန်ခိုးတော်ကြောင့် အကျွန်ုအား အောင်ခြင်းမင်္ဂလာ ဖြစ်ပါစေ။

၎။ အင်္ဂုလိမာလကို အောင်မြင်ခြင်း
ဥက္ခိတ္တခဂ္ဂမဘိဟတ္ထ သုဒါရုဏန္တံ ၊
ဓာဝံ တိယောဇနပထင်္ဂုလိမာလ၀န္တံ ။
ဣဒ္ဓိဘိသင်္ခတမနော ဇိတ၀ါ မုနိန္ဒော ၊
တံ တေဇသာ ဘ၀တု မေ ဇယမင်္ဂလဂ္ဂံ ။

သန်လျက်ကို လက်၌ မြှောက်မိုး၍ အလွန်ကြမ်းကြုတ်ရက်စက်သူ သုံးယူဇနာခရီးကို မမောမပန်း တဟုန်တည်း ပြေးစွမ်းနိုင်သူ လက်ညှိုးပန်းကုံးဆွဲထားသူ အင်္ဂုလိမာလ လူဆိုးကြီးကို မြတ်စွာဘုရားသည် ဖန်ဆင်းထားသော စိတ်တန်ခိုးဖြင့် အောင်တော်မူလေပြီ၊ အင်္ဂုလိမာလ လူဆိုးကြီးကို အောင်တော်မူသော ထိုမြတ်စွာဘုရား၏ တန်ခိုးတော်ကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာ ဖြစ်ပါစေ။

၅။ စိဉ္စမာဏကို အောင်မြင်ခြင်း
ကတွာန ကဋ္ဌမုဒရံ ဣ၀ ဂဗ္ဘိနိယံ ၊
စိဉ္စာယ ဒုဋ္ဌ၀စနံ ဇနကာယမဇ္ဈေ ။
သန္တေန သောမ၀ိဓိနာ ဇိတ၀ါ မုနိန္ဒော ၊
တံ တေဇသာ ဘ၀တု မေ ဇယမင်္ဂလဂ္ဂံ ။

တရားနာကြသော လူရှင်ရဟန်း ပရိသတ်တို့၏ အလယ်၌ သစ်သားကို ကိုယ်ဝန်ဆောင် မိန်းမ၏ ၀မ်းဗိုက်ကဲ့သို့ အတုပြု၍ လုပ်ဆောင်လာသူ စိဉ္စမာဏ၀ိကာ အမည်ရှိသော မိန်းမယုတ်၏ မဟုတ်မတရား စွပ်စွဲဖျက်ဆီးသော စကားကို မြတ်စွာဘုရားသည် ငြိမ်သက်ဖြူစင် ချမ်းအေးသော အစီအရင်ဖြင့် အောင်တော်မူလေပြီ၊ စိဉ္စမာဏ မိန်းမယုတ်ကို အောင်တော်မူသော ထိုမြတ်စွာဘုရား၏ တန်ခိုးတော်ကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာ ဖြစ်ပါစေ။

၆။ သစ္စကပရိဗိုဇ်ကို အောင်မြင်ခြင်း
သစ္စံ ၀ိဟာယ အတိသစ္စက၀ါဒကေတုံ ၊
ဝါဒါဘိရောပိတမနံ အတိအန္ဓဘူတံ ။
ပညာပဒီပ ဇလိတော ဇိတ၀ါ မုနိန္ဒော ၊
တံ တေဇသာ ဘ၀တု မေ ဇယမင်္ဂလဂ္ဂံ ။

မှန်သောစကားကို ပယ်၍ မမှန်ကို အမှန်လုပ်ကာ ၀ါဒမှားကို တံခွန်အလား လွင့်ထူသွားသူ, မိမိ၏၀ါဒဖြင့် သူတပါးအို့အား နှိမ်နင်းလိုသော စိတ်ထားရှိသူ, အလွန်မိုက်မဲသည့် ကူဋဒန္တခေါ်သော သစ္စကပရိဗိုဇ်ကို မြတ်စွာဘုရားသည် ပညာတန်ဆောင် ဆီမီးရောင်ကို ညှိထွန်းတော်မူခြင်းဖြင့် အောင်တော်မူလေပြီ။ သစ္စကပရိဗိုဇ်ကို အောင်တော်မူသော ထိုမြတ်စွာဘုရား၏ တန်ခိုးတော်ကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာ ဖြစ်ပါစေ။

၇။ နန္ဒောပနန္ဒ နဂါးကို အောင်မြင်ခြင်း
နန္ဒေပနန္ဒဘုဇဂံ ၀ိဝိဓံ မဟိဒ္ဓိံ ၊
ပုတ္တေန ထေရဘုဇဂေန ဓုနာပယန္တော ။
ဣဒ္ဓူပဒေသ ၀ိဓိနာ ဇိတ၀ါ မုနိန္ဒော ၊
တံ တေဇသာ ဘ၀တု မေ ဇယမင်္ဂလဂ္ဂံ ။

အထူးထူးအပြားပြား တန်ခိုးကြီးမားသော နန္ဒောပနန္ဒ နဂါးမင်းကို မြတ်စွာဘုရားသည် တပည့်သားဖြစ်သူ ရှင်မောဂ္ဂလာန်ကို နှစ်ဆကြီးသော နဂါးအသွင်ဖြင့် အခိုးအလျှံကို လွှတ်စေလျက် တန်ခိုးဖန်ဆင်းခြင်း၌ နည်းညွှန် ဥပဒေပေးသော အစီအရင်ဖြင့် အောင်တော်မူလေပြီ။ နန္ဒောပနန္ဒနဂါးမင်းကို အောင်တော်မူသော ထိုမြတ်စွာဘုရား၏ တန်ခိုးတော်ကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာ ဖြစ်ပါစေ။

၈။ ဗကဗြဟ္မာကို အောင်မြင်ခြင်း
ဒုဂ္ဂါဟဒိဋ္ဌိဘုဇဂေန သုဒဋ္ဌဟတ္ထံ ၊
ဗြဟ္မံ သုတံ ဇုတိမဟိဒ္ဓိံ ဗကာဘိဓာနံ ၊
တံ တေဇသာ ဘ၀တု မေ ဇယမင်္ဂလဂ္ဂံ ။

မကောင်းသောအယူ မိစ္ဆာဒိဋ္ဌိမြွေဆိုး လက်၌ကိုက်ခဲခြင်းခံရသူ ကျော်စော၍ ထွန်းလင်းတောက်ပသော ကြီးမားသော တန်ခိုးရှင် ဗကဗြဟ္မာကြီးကို မြတ်စွာဘုရားသည် ဉာဏ်တော်တည်းဟူသော အဆိပ်ဖြေဆေး အစီအရင်ဖြင့် အောင်တော်မူလေပြီ။ ဗကဗြဟ္မာကြီးကို အောင်တော်မူသော ထိုမြတ်စွာဘုရား၏ တန်ခိုးတော်ကြောင့် အကျွန်ုပ်အား အောင်ခြင်းမင်္ဂလာ ဖြစ်ပါစေ။
( အောင်ခြင်းရှစ်ပါး ပါဠိနှင့် မြန်မာပြန် ပြီး၏ )


( မင်းကွန်း အာဒိဝဋံသကာထေရ် သီကုံးရေးဖွဲ့သော အပြင်အောင်ခြင်း ရှစ်ဖြာ-ရှစ်လုံးဖွဲ့ ဓမ္မကဗျာ )
၁။ ဗောဓိညောင်နန်း အောင်ဝန်းရိပ်သာ ၊
တထောင်လက်ရုံး စက်ဘုန်းလျှံဖြာ ။
မာရ်နတ်မင်းနှင့် သင်းပင်းဗိုဇ်ပါ ၊
တို့ဘုရား တရားတော်ဖြင်သာ ။
အခေါင်နင်း အောင်ခြင်းလက်ဦးစွာ ၊
ငါတို့လဲ ထိုနဲ-အောင်စေပါ ။

၂။ အာဠာဝက ယက္ခယုတ်မာ ၊
ညဥ့်သုံးယာမ်လုံး အုံးအုံးကြွက်ညာ ။
လက်နက်မိုးဖြင့် ထစ်ကြိုးတိုက်လာ ၊
ခန္တီထုံး ကျင့်သုံး-တို့မြတ်စွာ ။
အခေါင်နင်း အောင်ခြင်း-ဒုတိယာ ၊
ငါတို့လဲ ထိုနဲ-အောင်စေပါ ။

၃။ နာဠာဂိရိ မည်ရှိထင်စွာ ၊
တောမီးမိုးကြိုး စက်မျိုးပမာ ။
ကြမ်းတမ်းရုန့်ရင်း မုန်ဆင်းသတ္တ၀ါ ၊
မေတ္တာမိုး စွေဖြိုး-တို့မြတ်စွာ ။
အခေါင်နင်း အောင်ခြင်း-တတိယာ ၊
ငါတို့လဲ ထိုနဲ-အောင်စေပါ ။

၎။ လက်ညှိုးစုံပန်း ဆင်မြန်းလျက်သာ ၊
အဟိံသက စောရ-လူစွာ ။
သတ်မည်ကောဟု လျင်ဆောလိုက်လာ ၊
တန်ခိုးစွမါး ဖန်ဆန်း-တို့မြတ်စွာ ။
အခေါင်နင်း အောင်ခြင်းစတုတ္ထာ ၊
ငါတို့လဲ ထိုနဲ-အောင်စေပါ ။

၅။ ကိုယ်ဝန်စွဲပိုက် ၀မ်းတိုက်တူစွာ ၊
သစ်သားကိုလုပ် မိယုတ်စိဉ္စာ ။
ပရိသတ်ထဲ စွပ်စွဲလေရာ ၊
သာယာညင်း မိန့်လျှင်း တို့မြတ်စွာ ။
အခေါင်နင်း အောင်ခြင်းပဉ္စမာ ၊
ငါတို့လဲ ထိုနဲ-အောင်စေပါ ။

၆။ အမှန်ပယ်ရှား အမှားကိုသာ ၊
ဝါဒမှန်ကင်း ထောင်လျှင်းစိုက်ကာ ။
လူ,ပရိဗိုဇ် အမိုက်သစ္စကာ ၊
ပညာမီး ညှိသီး တို့မြတ်စွာ ။
အခေါင်နင်း အောင်ခြင်းဆဋ္ဌမာ ၊
ငါတို့လဲ ထိုနဲ-အောင်စေပါ ။

၇။ မဟာနန္ဒော မာန်ပြောထူစွာ ၊
နဂါးရန်ကြီး ဖျက်ဆီးစိမ့်ငှါ ။
ဝဲရံထေရ်အား မခြားချိန်ခါ ၊
လူ,ထိပ်မိုး တန်ခိုးညွှတ်ပြကာ ။
အခေါင်နင်း အောင်ခြင်းသတ္တမာ ၊
ငါတို့လဲ ထိုနဲ-အောင်စေပါ ။

၈။ အယူဖောက်လွဲ မြွေခဲလက်မှာ ၊
တန်ခိုးရှိန်အား ကြီးမားထင်စွာ ။
ဗြဟ္မာဗက ဗာလယုတ်မာ ၊
ဉာဏ်တော်ဆေး တိုက်ကျွေး-တို့မြတ်စွာ ။
အခေါင်နင်း အောင်ခြင်းအဋ္ဌမာ ၊
ငါတို့လဲ ထိုနဲ-အောင်စေပါ ။

မှတ်ချက်။
အာဒိဝဋံသကာထေရ်ဆိုသည်မှာ နောင်အခါ ပထမဆုံး တိပိဋကဓရဘွဲ့ကို ရရှိတော်မူသော မင်းကွန်းဆရာတော် ဘဒ္ဒန္တ၀ိစိတ္တသာရ မထေရ်မြတ်ပင် ဖြစ်ပါသည်။


ပါရမီခန်းပျို့ဋီကာ ကျမ်းပြုဆရာတော် အရှင်ကောသလ္လ ( ဓမ္မာစရိယ၊ ဘီအေ ) ရေးသားဖွဲ့ဆိုသော
အောင်ခြင်းရှစ်ပါး ကဗျာများ

၁။ မာရ်နတ်အောင်ပွဲ
လက်ရုံးတထောင် အသွင်ဆန်းနဲ့ ၊ ဆင်ကြမ်းကိုတဲ့ စီးလို့လာ ။
မာရ်နတ်ဘုရင် ပလ္လင်လုဖို့ ၊ သေနင်ထုနဲ့ တိုက်ခိုက်တာ ။
ပါရမီတွေ သက်သေပြုလို့ ၊ ၀သုန်မြေထု ညွန်ပြရာ ။
မာရ်စစ်တွေဟာ ကျေကာပျက်လို့ ၊ ဟိုထွက်သည်ထွက် ပြေးရရှာ ။
နဘံလွှမ်းမိုး ဖြန်းဖြန်းကျိုး ၊ ပန်းမိုးချလို့ရွာ ။
အဲဒါက ဘဂ၀ါ-အရဟ ပထမအောင်စဉ်ပါ ။

၂။ အာဠာဝက အောင်ပွဲ
ဒေါသပြင်းစွာ တင်းမာလှ ၊ မင်းမာရထက် ကြမ်းတမ်းစွာ ။
လက်နက်ကိုးဖြာ မိုးရွာလစ် ၊ ဘွဲ့ပြူပစ်လို့ စစ်ထိုးတာ ။
ဗုဒ္ဓမြတ်စွာ မေတ္တာပွားလို့ ၊ သစ္စာတရားနဲ့ ချေပရာ ။
လက်နက်တွေဟာ ခြေတော်အနီး ၊ ပန်းစည်းပန်းဆုပ် ခြေသုတ်ပမာ ။
အာဠ၀က မာန်စွယ်ကျ ၊ ဦးချဝပ်တွားလာ ။
အဲဒါက ဘဂ၀ါ-သုဂတ ဒုတိယအောင်စဉ်ပါ ။

၃။ နာဠာဂိရိဆင် အောင်ပွဲ
နာဠာဂိရိ ဆင်ပြောင်မိုက်ကို ၊ သေရည်တိုက်လို့ ခိုင်းတဲ့ခါ ။
လောင်မီးစံပုံ မာန်ဟုန်ပြင်းလို့ ၊ နင်းဖို့ သတ်ဖို့ အတင်းလာ ။
ဓာတ်ဗြဟ္မစိုရ် လှစ်ကာနိုး ၊ မေတ္တာမိုးနဲ့ သွန်းလိုက်တာ ။
နှာမောင်းလေးကို ကွေးကာကုပ်လို့ ၊ ဒူးတုပ်ဝပ်တွား ညွှတ်သွားရှာ ။
တိုက်ဆင်ပြောင်ကြီး လိမ္မာပြီး ၊ ငြမ်ကြီးငြိမ်သက်လာ ။
အဲဒါက ဘဂ၀ါ-ဇိန တတိယအောင်စဉ်ပါ ။

၎။ အင်္ဂုလိမာလ အောင်ပွဲ
သန်လျက်ကို ယမ်းကာဝှေ့လို့ ၊ လမ်းလာသရွေ့ သတ်ဖြတ်ကာ ။
လက်ချောင်းတွေကို သီကာတွဲလို့ ၊ လည်မှာဆွဲတဲ့ လူကြမ်းဟာ ။
ဘုရားရှင်ကို လမ်းဝယ်တွေ့တော့ ၊ ဖမ်းမယ်ဟေ့လို့ ပြေးလိုက်ရာ ။
တန်ခိုးတော်ဘိညာဉ် ထင်စွာပြုမှ ၊ အင်္ဂုလိမာလ ညွတ်တွားလာ ။
တရားရေအေး အမြိုက်ဆေး ၊ တိုက်ကျွေးကျွတ်စေတာ ။
အဲဒါက ဘဂ၀ါ-နုတ္တရ စတုတ္ထအောင်စဉ်ပါ ။

၅။ စိဉ္စမာဏ အောင်ပွဲ
ပျဉ်ချပ်တွေကို ခံခွေပြုလို့ ၊ သန္ဓေအတုနဲ့ စိဉ္စမာ ။
အရှက်ကွဲရုံ ဂုဏ်တော်ဖြုတ်ဖို့ ၊ သမုတ်စွပ်စွဲ လူထဲမှာ ။
ငြိမ်းအေးမေတ္တာ ဓာတ်တရားကြောင့် ၊ နတ်သိကြားတို့ မနေသာ ။
ပျဉ်ကြိုးဖြေကာ ခြေကိုဖြတ်လို့ ၊ မျြေိုဟပ်တော့ ငရဲမှာ ။
ဂုဏ်တော်တန်ခိုး ဆတမ်းပိုး ၊ တိုးလို့တက်လို့လာ ။
အဲဒါက ဘဂ၀ါ-ယှဉ်မရ ပဉ္စမအောင်စဉ်ပါ ။

၆။ သစ္စကပရိဗိုဇ် အောင်ပွဲ
ဝါဒချင်းပြိုင် နိုင်မလားလို့ ၊ ဘုရားကိုတဲ့ အတ်တုလာ ။
အယူတထောင် ဆောင်ကိုမိုက်တဲ့ ၊ ပရိဗိုဇ်ကွဲ့ သစ္စကာ ။
မိမိကိုယ်ဟာ အတ္တလားလို့ ၊ မြတ်စွာဘုရား မေးတဲ့ခါ ။
မသိတွေမှိုင် ဖြေနိုင်ဘဲမို့ ၊ ခွေယိုင်လဲလို့ ရှုံးရတာ ။
တိတ္တိအမျိုး မာန်စွယ်ကျိုး ၊ ငုံ့လျှိုးနေရရှာ ။
အဲဒါက ဘဂ၀ါ-မြတ်လှ ဆဋ္ဌမအောင်စဉ်ပါ ။

၇။ နန္ဒေပနန္ဒ နဂါးမင်း အောင်ပွဲ
နန္ဒောပနန် မျက်မာန်ကြွ ၊ ခက်ထန်လှတဲ့ နဂါးဟာ ။
မြင်းမိုရ်တောင်ကို ခွေပတ်ပြီးတော့ ၊ ကတ်သီးကတ်သတ် ရန်ပြုတာ ။
ဘုရားသခင် မယှဉ်လောက်တော့ ၊ ရှင်မောဂ္ဂလာန်နဲ့ ပြိုင်စေရာ ။
လက်ဝဲတော်ရံ ဈာန်တန်ခိုးနဲ့ ၊ မာန်ဟုန်ချိုးလို့ ဆုံးမတာ ။
နတ်နဂါးမင်း ခြေတော်ရင်း ၊ ၀ပ်စင်းခယလာ ။
အဲဒါက ဘဂ၀ါ-မြတ်လှ သတ္တမအောင်စဉ်ပါ ။

၈။ ဗကဗြဟ္မာ အောင်ပွဲ
ဗကဆိုသူ လူတမျိုးနဲ့ ၊ အယူဆိုးတဲ့ မိုးဗြဟ္မာ ။
အနိစ္စကို နိစ္စပဲလို့ ၊ စိတ်ကစွဲလို့ လွဲခဲ့တာ ။
တို့ဘုရားရှင် လျင်စွာကြွလို့ ၊ ထင်စွာပြတော့ မြတ်ဓမ္မာ ။
တန်ခိုးချင်းတောင် တူသလားလို့ ၊ လူဘုရားက ပြတဲ့ခါ ။
မိုးဗြဟ္မာကြီး မာန်ကွာပြီး ၊ ရှုံးကြီးရှုံးရရှာ ။
အဲဒါက ဘဂ၀ါ-မြတ်လှ အဋ္ဌမအောင်စဉ်ပါ ။


( အောင်ခြင်းရှစ်ပါး သီချင်း )
( စာသား ပထမကျော် လယ်တီကောဝိဒ )

ရေး-သဟာယ ဆရာတင် ။ ဆို-မေရှင် ။
အောင်ခြင်းရှစ်ပါး ---အသံကြားတဲ့ခါ---စီးပွားဥစ္စာ အဟုတ်မကြာ အောင်မှာ ကျန်းမာ--ချမ်းသာပါလို့---ဘေးရန်မ၀ိုင်း---ကြံတိုင်းအောင် ဆောင်တိုင်းမြောက်မှာ ၇-ရက်သားသမီးများနဲ့ နတ်-လူ-ဗြဟ္မာ။
သက္ကရာဇ်ကောဇာ တရာ့သုံးခုမှာ လပြည့်နွေကဆုန် ရွှေဘုန်းတော်ခြောက်ဖြာ တောက်ခါ မဟာဗောဓိ ညောင်ပင်အောက်မှာ ဘုရားအဖြစ် တရားအစစ်နဲ့ ရွှေပလ္လင်ထက်မှာ စံပယ်ချိန်ခါ ပြောင်မာတင် မေခလာ ဆင်ရတနာစီးလို့ မာရ်နတ်မင်းရယ် အားမာန်တင်းကာ ၀သ၀တီ နတ်ပြည်ကလာ စစ်ချီကာ မာန်တွေမူလို့ ဘုရားကိုယှဉ်တု ပလ္လင်လုပြန်တာ၊ သည်းခံပါ၍ အမျက်မထား---ပါရမီဆယ်ပါးနဲ့---မာရ်နတ်ရန် နင်းနှိမ်ပေရှာ မေတ္တာဓာတ်နဲ့ ဗုဒ္ဓမြတ်စွာ ဆောင်နှင်းခဲ့ အောင်ခြင်းပထမပါ။

အာဠ၀ီပြည်အနီး ညောင်ပင်ကြီးမှာ တဦးတည်း ဘီလူးကြီး အာဠ၀ကစံရာ တနေ့သော် မြတ်စွာဘဂ၀ါ သူ့စံနန်း မြန်းတော်မူလာ၊ ဘီလူးကြီး အာဠာဝက ယမ်းပုံမီးကျ တားမရ ဆီးမနိုင် ဒေါသလှိုင်ကာ၊ ဘုရားကိုပြိုင်ဆိုင် မနိုင်ငြား မာန်စွယ်များလည်း ကျရရှာ၊ မေတ္တာဓာတ်နဲ့ ဗုဒ္ဓမြတ်စွာ ဆောင်နှင်းခဲ့ အောင်ခြင်းဒုတိယပါ။

အခါတပါး မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်လမ်းမှာ ဆွမ်းခံကြွလာခိုက် သတ်လိုက်မယ်တဲ့ ဒေ၀ဒတ်မိုက်ရယ် ကြံစည်ပြန်တာ၊ နာဠာဂီရိ အမည်ရှိတဲ့ဆင်ကို အရက်အမျိုးမျိုးတွေ အတင်းတိုက်လို့သာ၊ ဘုရားမြတ်စွာကိုပင် အနင်းခိုင်းလိုက်တာ၊ သို့ပါသော်လည်း ဆင်မိုက်ကြီးမှာ ဒူးတုပ်ရရှာ၊ မေတ္တာဓာတ်နဲ့ ဗုဒ္ဓမြတ်စွာ ဆောင်နှင်းခဲ့ အောင်ခြင်းတတိယပါ။

( ရှေးသရောအခါ သာဝတ္ထိပြည်ဌာနမှာ လူဆိုးဗိုလ် အင်္ဂုလိမာလဟာ သန်လျက်ဓားကို သူ့လက်ဖျားက မချပါ-၂) ဓားပြကြီးလုပ်၍ ဆိုးယုတ်ပုံမှာ လက်ညှိုးတွေ ခုတ်လို့သာ၊ ထိုအခါ ဘုရားကြွလို့ မမှားရဖို့ တရားပြတော်မူရှာ၊ မေတ္တာဓာတ်နဲ့ ဗုဒ~ဓမြတ်စွာ ဆောင်နှင်းခဲ့ အောင်ခြင်းစတုတ္ထပါ။

မြတ်တရားတော် မြွက်ရှာပါလို့ သိကြားဗြဟ္မာ အများသတ္တ၀ါဗိုလ်ပုံ ပရိသတ်စုံတဲ့ မင်္ဂလာပွဲမှာ စိဉ္စမာဏ မိန်းမယုတ်မာ သူ့ဗိုက်ကို ပျဉ်ချပ်ဖုံးကာ ဘုရားဂေါတမနဲ့ ကမ္မဋ္ဌာန်းဇောကျကာ ငိုကြွေး-အရှက်မွန်-ကိုယ်လေး-လက်ဝန် ရှိတဲ့ပုံဟန်ဆောင်လို့ သူစွပ်စွဲလာ၊ အပြစ်တော်မယူပဲ လူပုံထဲမှာ မေတ္တာဓာတ်နဲ့ ဗုဒ္ဓမြတ်စွာ ဆောင်နှင်းခဲ့ အောင်ခြင်းပဉ္စမပါ။


သုံးလူ့ထွဋ်ထား မြတ်ဘုရားဒေသနာ မှတ်သားဖွယ် ဝေနေယျာ အနိစ္စရယ် ဒုက္ခရယ် အနတ္တတရားကို မှားတယ်ဆို၍ မကြည်ညိုပြန်တာ၊ အယူလွဲတဲ့ ငရဲမိစ္ဆာ သစ္စကပရိဗိုဇ် မလိမ္မာ၊ ဒေသနာတော် အနန္တကို မြတ်ဘုရားက နောင်မမှားအောင် သစ္စကကို တရားပြရှာ၊ မေတ္တာဓာတ်နဲ့ ဗုဒ္ဓမြတ်စွာ ဆောင်နှင်းခဲ့ အောင်ခြင်းဆဋ္ဌမပါ။

ဇမ္ဗူကျွန်း မြင်းမိုရ်ရွှေတောင်ခါးပန်းမှာ ကြမ်းတမ်းတဲ့ နတ်နဂါးပါ မှတ်သား-လောက်စရာ၊ နန္ဒောပနန္ဒ လျှပ်တပြက် အသက်ရာကုဋေ ချွေခွင်း-မြွေမင်းရာဇာ မြတ်ဘုရားတဲ့သားတော် ရှင်မောဂ္ဂလာန်၊ နှိမ်နင်းဖို့ လွှတ်လို့သာ၊ စိတ်နှလုံးသိမ်မွေ့ကာ နဂါးကြီးခေါင်းငိုက် ဦးစိုက်ပါလို့ ခစားဖို့ရောက်လို့လာ၊ မေတ္တာဓာတ်နဲ့ ဗုဒ္ဓမြတ်စွာ ဆောင်နှင်းခဲ့ အောင်ခြင်းသတ္တမပါ။

ဗြဟ္မာ့ဘုံမှာ တန်ခိုးဂုဏ် မာန်သတင်း နေဆယ်စင်းသို့ ပုံပမာ၊ ဗကဗြဟ္မာကြီးဟာ အမှားကြီးမှားလို့ အယူသည်းနေရှာ၊ ငါသာမြဲတယ် စိတ်မှာစွဲကာ ဘုရးကိုပင် ကန့်လန့်တိုက်၍ မိုက်နေပုံကို ဆိုးနေပုံကို ဘဂ၀ါဘုရားကသာ ဒေသနာတရားပြကာ၊ အဲဒီတော့ ဗကဗြဟ္မာ မာန်စွယ်ကျလို့ ရှိခိုးရတာ၊ မေတ္တာဓာတ်နဲ့ ဗုဒ္ဓမြတ်စွာ ဆောင်နှင်းခဲ့ အောင်ခြင်းအဋ္ဌမပါ။


( အောင်ခြင်းရှစ်ပါး ၀တ္ထုများ )
၁။ မာရ်နတ်ကို အောင်မြင်ပုံ
မဟာသက္ကရာဇ် ၁၀၃-ခု ကဆုန်လပြည့်နေ့တွင် ဂေါတမဘုရားအလောင်းသည် ဗောဓိညောင်ပင်အောက်ရှိ ပလ္လင်ပေါ်၌ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူလျက် ဘုရားမဖြစ်သမျှ ဤသို့နေခြင်းကို မဖျက်တော့အံ့-ဟု အဓိဋ္ဌာန်ကာ နေတော်မူ၏၊ ဗြဟ္မာသိကြား နတ်အများလည်း ထံတော်ပါးသို့ ရောက်လာကြ၏။

ထိုသို့ထိုင်နေပုံကို မြင်၍ ဘုရားစင်စစ် ဧကန်ဖြစ်မည်ကို သိသော မာရ်နတ်မင်းသည် နတ်စစ်သည်များ စုဆောင်းပြီး ကိုယ်တိုင်ဦးဆောင်၍ လက်ရုံးတထောင် လက်နက်တထောင် ဖန်ဆင်းကာပလ္လင်တော်ကို လုရန် ကြိုးစားတိုက်ခိုက်လေ၏။ ရန်ပြုလာသူ မာရ်နတ်သားအား မြတ်စွာဘုရားက မေတ္တာဓာတ်ကို စေလွတ်လျက် (ဒါနာဒိဓမ္မ၀ိဓိနာ) ဒါနပါရမီစသော တရားတော် အစီအရင်ဖြင့် အေးချမ်းကြည်ဖြူစွာ အောင်မြင်တော်မူလေ၏။

၂။ အာဠာဝကကို အောင်မြင်ပုံ
အာဠ၀ီပြည်အနီး ညောင်ပင်ကြီးကို ဗိမာန်ပြု၍ နေထိုင်သော ဘီလူးကြီးသည် မာရ်နတ်သားထက် ကြောက်ဖွယ် ကောင်း၏၊ မြတ်စွာဘုရားသည် အာဠ၀ကကို ဆုံးမရန် ဘီလူးကြီးမရှိခိုက် သူ၏ဗိမာန်သို့ဝင်၍ နေတော်မူ၏၊ တံခါးစောင့်နတ်က ဟိမ၀န္တာနတ်သဘင် အစည်းအဝေးသို့ တက်ရောက်နေသော သူ့သခင် အာဠ၀ကအား အကျိုးပ=အကြောင်း သွားရောက်ပြောကြးလေ၏၊ အာဠ၀ကဘီလူးကြီးသည် နတ်သဘင်အစည်းအဝေးမှ ချက်ချင်းထွက်ခွါ၍ ကေလာသတောင်ထွဋ်ပေါ်သိုပ ခုန်တက်ကာ--ငါဟဲ့ အာဠ၀က-ဟု ကြုံးဝါး၍ လက်နက် ၉-မျိုးဖြင့် ညဥ့်လုံးပေါက် စစ်ထိုးတိုက်ခိုက်လေ၏၊ မြတ်စွာဘုရားက အကြမ်းဖက် တိုက်ခိုက်သော အာဠ၀ကဘီလူးကြီးအား မေတ္တာဓာတ်ကို စေလွှတ်လျက် ( ခန္တီသုဒန္တ၀ိဓိနာ ) သည်းခံတော်မူခြင်း ကောင်းစွာ ယဉ်ကျေးစေတော်မူခြင်း အစီအရင်ဖြင့် အေးချမ်းကြည်ဖြူစွာ အောင်မြင်တော်မူလေ၏။

လက်နက် ၉-မျိုး
၁။ ၀ါတမဏ္ဍလ-လေမုန်တိုင်း တိုက်ခိုက်ခြင်း။
၂။ မဟာဝဿ-ကြီးမားသော မိုးကြီး ရွာချခြင်း။
၃။ ပါသာဏ၀ဿ-ကျောက်ခဲမိုး ရွာစေခြင်း။
၎။ ပဟာရဏ၀ဿ-လက်နက်မျိုးစုံမိုး ရွာစေခြင်း။
၅။ အင်္ဂါရ၀ဿ-မီးကျီးမိုး ရွာစေခြင်း။
၆။ ကုက္ကုဠ၀ဿ-ပြာပူမိုး ရွာစေခြင်း။
၇။ ၀ါဠုက၀ဿ-သဲမုန်တိုင်းမိုး ရွာစေခြင်း။
၈။ ကလလ၀ဿ-ရွံ့ညွန်မိုး ရွာစေခြင်း။
၉။ အန္ဓကာရ-အမိုက်မှောင်ကြီး ကျစေခြင်း။


၃။ နာဠာဂီရိဆင်ကို အောင်မြင်ပုံ

ဆယ်စောင်တွဲ

ရှေးခေတ် မြန်မာနိုင်ငံ ပညာသင်ကြားပုံ နည်းစနစ်မှာ ဘုန်းတော်ကြီးကျောင်း ပညာရေးစနစ်ဖြစ်၍ ဆယ်စောင်တွဲသည် မသင်မနေရ ကျမ်းစာဖြစ်ခဲ့သည်။ ရှေးခေတ်က မြန်မာနိုင်ငံသားမှန်လျှင် ဆယ်စောင်တွဲ၏ ကျေးဇူးနှင့် မကင်းကြ၊ ဆယ်စောင်တွဲကို သင်ဖူးသူ များကြသည်၊ အနည်းဆုံး မင်္ဂလသုတ်လောက်တော့ သင်ဖူးကြ၏၊ ဆယ်စောင်တွဲစာအုပ်၌ ဘုရားဟော ပိဋကတ်စာပေများနှင့်တကွ နီတိအမျိုးမျိုး, ဆုံးမစာအမျိုးမျိုး တို့ကိုပါ ပြဆိုထားသောကြောင့် လောကအကြောင်းရော ဓမ္မအကြောင်းပါ ခြုံမိငုံမိနေသည်၊ ထိုပကြောင့် ဆယ်စောင်တွဲကို အလိမ္မာလမ်းညွှန်အဖြစ် ခေါ်ဆိုထိုက်သည်။

ယင်းသို့ ကျေးဇူးများလှ၍ ရှေးဆရာတော်ကြီးများနှင့် လူပညာရှိတို့က ဆယ်စောင်တွဲကို ဗုဒ္ဓဘာသာ အခြေခံစာပေအဖြစ် သင်ရီုးပြုခဲ့ကြသည်၊ ဆယ်စောင်တွဲပါ စာများကို နှုတ်ရအာဂုံဆောင်ထားနိုင်လျှင် (သို့မဟုတ်) လေ့လာထားပါလျှင် စကားပြောနှင့် တရားဟောဆိုင်ရာ ကိစ္စများတွင် အထောက်အကူ မုချရရှိနိုင်ပါသည်။

( ဆယ်စောင်တွဲပါ စာမူများ )
စာမူ ၁၀-မျိုး တွဲထားသော ကျမ်းစာကို ဆယ်စောင်တွဲ-ဟု ခေါ်သည်၊ ကျမ်းစာတွဲပုံမှာ အောက်ပါအတိုင်း ဖြစ်သည်။
၂-စောင်တွဲ=မြန်မာသင်ပုန်းကြီးနှင့် မင်္ဂလသုတ်။
၃-စောင်တွဲ=မင်္ဂလသုတ်၊ အပြင်အောင်ခြင်း၊ အတွင်းအောင်ခြင်း။
၎-စောင်တွဲ=မင်္ဂလသုတ်၊ အပြင်အောင်ခြင်း၊ အတွင်းအောင်ခြင်း၊ ရတနာရွှေချိုင့်။
၅-စောင်တွဲ=မင်္ဂလသုတ်၊ အပြင်အောင်ခြင်း၊ အတွင်းအောင်ခြင်း၊ ရတနာရွှေချိုင့်၊ နမက္ကာရ။
၆-စောင်တွဲ=မင်္ဂလသုတ်၊ အပြင်အောင်ခြင်း၊ အတွင်းအောင်ခြင်း၊ ရတနာရွှေချိုင့်၊ နမက္ကာရ၊ လောကနီတိ။
၇-စောင်တွဲ=မင်္ဂလသုတ်၊ အပြင်အောင်ခြင်း၊ အတွင်းအောင်ခြင်း၊ ရတနာရွှေချိုင့်၊ နမက္ကာရ၊ လောကနီတိ၊ ပရိတ်ကြီး။
၈-စောင်တွဲ=ဤအမည်ဖြင့် ထုတ်ဝေသည်ကို မတွေ့ရ။
၉-စောင်တွဲ=ဤအမည်ဖြင့် ထုတ်ဝေသည်ကို မတွေ့ရ။
၁၀-စောင်တွဲ=မင်္ဂလသုတ်၊ အပြင်အောင်ခြင်း၊ အတွင်းအောင်ခြင်း၊ ရတနာရွှေချိုင့်၊ နမက္ကာရ၊ လောကနီတိ၊ ပရိတ်ကြီး၊ ရှင်မဟာသီလ၀ံသ ဆုံးမစာ၊ ရှင်မဟာရဋ္ဌသာရ ဆုံးမစာ၊ စကားကြီး ၁၀-မျိုး။

ဆယ်စောင်တွဲကို ဖွဲ့ရာ၌ ပရိတ်ကြီးအထိ ၇-မျိုးမှာ တူညီပြီး ကျန် ၃-မျိုးမှာ မတူဘဲရှိတတ်သည်၊ ထုတ်ဝေသူ၏ ဆန္ဒအလေဆာက် နှစ်သက်ရာ စာမူကို ထည့်သွင်းကြသည်။ ဤကျမ်းစာတွဲများအပြင် ၁၂-စောင်တွဲ၊ ၁၅-စောင်တွဲ စသည်များကိုလည်း ထုတ်ဝေကြသေးသည်၊ သို့သော် ဆယ်စောင်တွဲအမည်က လူသိများပြီး တွင်ကျယ်နေသောကြောင့် အခြားကျမ်းစာတွဲများမှာ ဆယ်စောင်တွဲလောက် တွင်ကျယ်မှု မရှိကြပါ။

( ဆယ်စောင်တွဲခေတ် )
ဆယ်စောင်တွဲပါ စာပေများကို ပုံနှိပ်လုပ်ငန်းမပေါ်မီ ပေနှင့်ပုရပိုက် ခေတ်ကပင် လက်ရေးဖြင့် ရေးကူး၍ ခေတ်အဆက်ဆက် သင်ယူလာခဲ့ကြသည်၊ မြန်မာနိုင်ငံ၌ ပုံနှိပ်လုပ်ငန်းများ ပေါ်လာချိန်မှစ၍ ပေနှင့် ပုရပိုက်ခေတ်က သင်ရိုးပြုခဲ့သော စာများသည်လည်း ဆယ်စောင်တွဲအမည်ဖြင့် တွင်ကျယ်စွာ ထွက်ပေါ်လာခဲ့သည်။
ဆယ်စောင်တွဲပါ စာများ စတင်ပေါ်ပေါက်ရာခေတ်ကို အတိအကျ သတ်မှတ်၍ မရနိုင်ပါ၊ ပရိတ်ကြီးနှင့် လောကနီတိတွင်ပါသော ဂါထာအချို့မှာ ဘုရားဟောဒေသနာဖြစ်၍ ဘုရားလက်ထက်ကပင် ရှိနေသော စာများဟု ဆိုရပါမည်၊ ဓုတင်အကြောင်းကို ဖွဲ့ဆိုသော ရှင်မဟာသီလ၀ံသ နှင့် ရှင်မဟာရဋ္ဌသာရတို့၏ ရတုကဗျာ ဆုံးမစာများကို ထောက်၍ ဆယ်စောင်တွဲပါ စာအားလုံး အင်းဝခေတ်ထက် စောကြောင်း (သို့မဟုတ်) နောက်မကျကြောင်း အတိအလင်း ဆိုနိုင်ပါသည်၊ ဆယ်စောင်တွဲဟူသော အမည်ကိုမူ မြန်မာနိုင်ငံ၌ ပုံနှိပ်လုပ်ငန်းပေါ်စ ခေတ်ဦးကပင် တွင်ကျယ်လာသော အမည်ဖြစ်ကြောင်း မှတ်သားသင့်ပါသည်။

( ဆယ်စောင်တွဲ အနှစ်ချုပ် )
၁။ မင်္ဂလသုတ်=မင်္ဂလာတရား ၃၈-ပါးကို ဟောကြားထားခြင်း။
၂။ အပြင်အောင်ခြင်း=ဘုရားရှင်၏ ခန္ဓာကိုယ်မှ အပြင်ပရန်သူများကို အောင်မြင်ခြင်း။
၃။ အတွင်းအောင်ခြင်း=ခန္ဓာကိုယ်အတွင်း၌ ဖြစ်ပေါ်တတ်သော ကိလေသာရန်သူများကို အောင်မြင်ခြင်း။
၎။ ရတနာရွှေချိုင့်=ရတနာသုံးပါးကို ရွှေချိုင့်သဖွယ် အကာအရံပြုထားခြင်း။
၅။ နမက္ကာရ=မြတ်စွာဘုရား၏ ဂုဏ်တော်, ကျေးဇူးတော်, လက္ခဏာတော်များကို ကြည်ညိုဖွယ်ရာ ပြဆိုထားသော ဘုရားရှိခိုး။
၆။ လောကနီတိ=လောကလူသား အကျိုးများအောင် လမ်းညွှန်စာပေ။
၇။ ပရိတ်ကြီး=ဘေးရန်အမျိုးမျိုးမှ ကာကွယ်စောင့်ရှောက်တတ်သော တရား။
၈။ ရှင်မဟာသီလ၀ံသ ဆုံးမစာ=ယဉ်ကျေးလိမ္မာစေရန် ဆုံးမသောစာ။
၉။ ရှင်မဟာရဋ္ဌသာရ ဆုံးမစာ=ယဉ်ကျေးလိမ္မာစေရန် ဆုံးမသောစာ။
၁၀။ စကားကြီး ၁၀-မျိုး=စကားပြောရာ၌ လိမ္မာ ကျွမ်းကျင်စေရန် စကားပြောနည်း ၁၀-မျိုး။

ကမ္ဘာပျက်ပုံ ၃-မျိုး

ဤကမ္ဘာလောကကြီးသည် နှစ်ပေါင်း သိန်းသန်းမက ကြာမြင့်စွာ တည်နေပြီးနောက် သတ္တ၀ါတို့ အကုသိုလ် ထူပြောလွန်းလာသည့်အခါ ပျက်စီးတတ်၏။ ထိုသို့ပျက်စီးရာတွင်
ရာဂ ထူပြောလွန်းသည့်အခါ မီးဖြင့် ပျက်စီး၏။
ဒေါသ ထူပြောလွန်းသည့်အခါ ရေဖြင့် ပျက်စီး၏။
မောဟ ထူပြောလွန်းသည့်အခါ လေဖြင့် ပျက်စီး၏

အထက်ပါအကြောင်းသုံးပါးတို့တွင် မီးဖြင့် ကမ္ဘာကြီးပျက်စီးရန် နီးလာသောအခါ လောကဗျူဟာ နတ်တို့သည် နှစ်ပေါင်းတသိန်းခန့် ကြိုတင်၍ လောက၌လှည့်လည်ကာ ကြွေးကြော်ကြသည်။ ကမ္ဘာပျက်တော့မည်ဖြစ်၍ ကုသိုလ်ကောင်းမှု ပြုကြရန် သတ္တ၀ါတို့အား တိုက်တွန်းနှိုးဆော်ကြသည်၊ ထိုနတ်တို့၏ တိုက်တွန်းနှိုးဆော်မှုကြောင့် အောက်ဘုံတို့မှ သတ္တ၀ါများ ကိုသိုလ်ကောင်းမှု ပြုလုပ်ကာ အထက်ဗြဟ္မာဘုံ များသို့ ရောက်သွားကြသည်။

ထို့နောက် နေတစင်းမှ နှစ်စင်း၊ နှစ်စင်းမှ သုံးစင်း၊ စသည်ဖြင့် ပေါ်လာပြီး နေခုနစ်စင်း ပေါ်လာသောအခါ မြင့်မိုရ်တောင် သမုဒ္ဒရာတို့မှ စ၍ ကမ္ဘာလောကကြီး တခုလုံး မီးလောင်ပျက်စီးပြီး ဟင်းလင်းပြင်ကြီး ဖြစ်သွားသည်။

ကမ္ဘာကြီးသည် ရေဖြင့် ပျက်စီးသောအခါ ရေငန်မိုးကြီး သည်းထန်စွာ ရွာလာ၍ ထိုရငန်မိုးရေဖြင့် ထိရာထိရာ အရပ်တိုင်းသည် ကြေမွပျက်စီးသွားပြီး ဟင်းလင်းပြင်ကြီး ဖြစ်သွားသည်။

လေဖြင့်ပျက်စီးသောအခါ အလွန်ပြင်းထန်သော လေနီကြမ်းကြီး တိုက်ခတ်၍ တောတောင်သစ်ပင် စသော အရာဝတ္ထုအားလုံး ကြေမွပျက်စီးကာ ဟင်းလင်းပြင်ကြီး ဖြစ်သွားသည်။

အကြောင်းသုံးပါးဖြင့် ကမ္ဘာကြီး ပျက်စီးရာတွင် မီးကြောင့်ပျက်စီးသည့်အခါ အထက်၌ ပထမဈာန် ဗြဟ္မာဘုံ သုံးဘုံအထိ ပျက်စီးသည်။
ရေဖြင့် ပျက်စီးသည့်အခါ ဒုတိယဈာန် ဗြဟ္မာဘုံ သုံးဘုံအထိ ပျက်စီးသည်။
လေဖြင့် ပျက်စီးသည့်အခါ တတိယဈာန် ဗြဟ္မာဘုံ သုံးဘုံအထိ ပျက်စီးသည်။
ဘေးပတ်ဝန်းကျင်တွင်ကား တဆက်တည်း ဆက်စပ်တည်ရှိသည့် ကမ္ဘာပေါင်း ကုဋေတသိန်း တပြိုင်နက် ပျက်စီးသည်ဟု ဆိုပါသည်။

ကမ္ဘာကြီးသည် မီးဖြင့် ခုနစ်ကြိမ် ပျက်စီးပြီးနောက်၊ ရေဖြင့် တကြိမ် ပျက်စီးသည်။
ဤသို့ မီး ခုနစ်ကြိမ် ရေတကြိမ်ဖြင့် ရှစ်ကြိမ်ရှစ်လီ ပြည့်မြောက်မည့် ( ၆၄ ) ကြိမ်မြောက်တွင် လေဖြင့် တကြိမ် ပျက်စီးသည်။

ကမ္ဘာပျက်ပုံအကျယ်ကို ၀ိသုဒ္ဓိမဂ် ဒု-အုပ် ပုဗ္ဗေနိဝါသာနုဿတိ ဉာဏကထာနှင့် သင်္ဂြိုဟ် ဘုံပိုင်း အဖွင့်ကျမ်းများ၌ ရှုနိုင်ပါသည်။

Saturday, December 13, 2008

သုံးဆယ့်တဘုံသားတို့၏ သက်တမ်း

စကြ၀ဠာ-ဟုခေါ်သော ကမ္ဘာလောကတခု၌ သတ္တ၀ါတို့၏ တည်ရာဌာန (၃၁-ဘုံ) ရှိသည်၊
ထိုတွင် အပါယ်လေးဘုံနှင့် လူ့ဘုံသားတို့၌ အမြဲတည်သော သက်တမ်းမရှိ။ ကံအားလျှော်စွာသာလျှင် တည်ကြရသည်။
ထို့အတူ နတ်ပြည်ခြောက်ထပ်တွင် အောက်ဆုံးဖြစ်သည့် စတုမဟာရာဇ် နတ်မျိုးတွင် ပါဝင်သော ၀ိနိပါတိကအသုရာ-ခေါ် အဆင့်နိမ့်နတ်များမှာလည်း တည်မြဲသော သက်တမ်းမရှိ။ အချို့ အလွန် အသက်ရှည်ပြီး အချို့မှာမူ ခုနစ်ရက်မျှသာ တည်သည်-ဟူ၍ ပါဠိ အဋ္ဌကထာတို့၌ ဆိုပါသည်။
သို့ရာတွင် အဘိဓမ္မာ အနုဋီကာ ဇိနာလင်္ကာရဋီကာ နောက်ပေါ်ကျမ်းတို့၌မူ ငရဲဘုံ ရှစ်ထပ်တို့၏ သက်တမ်းများ တွက်ပြထားသည်ကို တွေ့ရပါသည်။
လူ့ပြည်၌ ကမ္ဘာဦးလူသားတို့သည် နှစ်ပေါင်း အသင်္ချေမျှ အသက်ရှည်ခဲ့ကြပြီး အကုသိုလ်ဒုစရိုက်မှုများ ထူပြောမှုကြောင့် သက်တမ်းများ တဖြည်းဖြည်း ဆုတ်ယုတ်လာခဲ့ရာ ယခုခေတ်သည် သက်တမ်းတရာခေတ် ဖြစ်သည်ဟု ဆိုပါသည်။
သို့ရာတွင် ထိုနှစ်တရာတမ်းမှာ ဇမ္ဗူဒိပ်ကျွန်းသားတို့ အတွက်သာဖြစ်ပြီး ဥတ္တရကုရုခေါ် မြောက်ကျွန်း၌ နှစ်ပေါင်း တထောင်၊ ပုဗ္ဗ၀ိဒေဟခေါ် အရှေ့ကျွန်း၌ အပရဂေါယာနခေါ် အနောက်ကျွန်း၌ နှစ်ပေါင်းငါးရာ ယခုတိုင် သက်တမ်းရှိနေသည်-ဟုအချို့ကျမ်းတို့၌ ဆိုထားသည်ကို တွေ့ရပါသည်။

လူတို့၏ နှစ်ပေါင်းငါးဆယ်သည် စတုမဟာရာဇ်နတ်တို့၏ တရက်။
နှစ်ပေါင်းတရာသည် တာဝတိံသာနတ်တို့၏ တရက်။
နှစ်ပေါင်းနှစ်ရာသည် ယာမာနတ်တို့၏ တရက်။
နှစ်ပေါင်းလေးရာသည် တုသိတာနတ်တို့၏ တရက်။
နှစ်ပေါင်းရှစ်ရာသည် နိမ္မာနရတီနတ်တို့၏ တရက်။
နှစ်ပေါင်းတထောင့်ခြောက်ရာသည် ပရနိမ္မိတ၀သ၀တ္တီနတ်တို့၏ တရက်။
အသီးသီးဖြစ်သည်။

နတ်တို့၏အရေအတွက်အားဖြင့်မူ စတုမဟာရာဇ် နှစ်ပေါင်း ငါးရာ။
တာဝတိံသာ တထောင်။
ယာမာ နှစ်ထောင်။
တုသိတာ လေးထောင်။
နိမ္မာနရတီ ရှစ်ထောင်။
ပရနိမ္မိတ၀သ၀တ္တီ တသောင်းခြောက်ထောင် အသီးသီးဖြစ်သည်။

ထို့ကြောင့် စတုမဟာရာဇ်နတ်သက် ငါးရာကို လူတို့၏နှစ်ဖြင့် တွက်လျှင် နှစ်ပေါင်း (၉-သန်း) ရှိ၏။
တာဝတိံသာ စသော အထက်နတ်တို့၏ သက်တမ်းများကို လူတို့နှစ်ဖြင့် တွက်လျှင်လည်း အဆင့်ဆင့် လေးဆလေးဆ တက်၍ သွားပါသည်။
*********************************************************************************

ဗြဟ္မာတို့၏ သက်တမ်းများမှာမူ အလွန်ရှည်သောကြောင့် နှစ်ဖြင့် မတွက်နိုင်။ ကမ္ဘာဖြင့်သာ တွက်ရသည်။
ရူပဗြဟ္မာ ၁၆-ဘုံတို့တွင် ပထမဈာန် ဗြဟ္မာသုံးဘုံတို့သည် တကမ္ဘာ၏ သုံးပုံတပုံ။
တကမ္ဘာ၏ ထက်ဝက်နှင့် တကမ္ဘာ အသီးသီး သက်တမ်းရှိကြသည်။

ဒုတိယဈာန် သုံးဘုံတို့သည် ၂-ကမ္ဘာ၊ ၄-ကမ္ဘာ၊ ၈-ကမ္ဘာ အသီးသီး သက်တမ်းရှိကြသည်။

တတိယဈာန် သုံးဘုံတို့သည် ၁၆-ကမ္ဘာ၊ ၃၂-ကမ္ဘာ၊ ၆၄-ကမ္ဘာ အသီးသီး သက်တမ်းရှိကြသည်။

စတုတ္ထဈာန် ၇-ဘုံတို့တွင် ဝေဟပ္ဖိုလ်နှင့် အသည်သတ်ဘုံတို့၌ ကမ္ဘာ-၅၀၀၊
သုဒ္ဓါဝါသ ငါးဘုံတို့၌ ကမ္ဘာ-၁၀၀၀၊ ၂၀၀၀၊ ၄၀၀၀၊ ၈၀၀၀၊ ၁၆၀၀၀ အသီးသီးသက်တမ်းရှိကြသည်။

အရူပလေးဘုံတို့၌ ကမ္ဘာ-၂၀၀၀၀၊ ၄၀၀၀၀၊ ၆၀၀၀၀၊ ၈၄၀၀၀ အသီးသီးရှိကြသည်။

အထက်ပါ နတ်ဗြဟ္မာတို့၏ သက်တမ်းများကို အဘိဓမ္မာပိဋက ၀ိဘင်းပါဠိတော်၊ ဓမ္မဟဒယ ၀ိဘင်း၊ အင်္ဂုတ္တိုရ် အဋ္ဌကနိပါတ် ၀ိတ္တတူပေါသထသုတ်တို့၌ ဟောကြားထားပါသည်။

ဘာသာရေး ပြဿနာ ( ၇ )

ဘဒ္ဒန္တ တိလောကသာရ ဖြေသည်။

( သုဘဒ္ဒ ပရိဗိုဇ် )

( မေး )။ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံခါနီးတွင် နောက်ဆုံး ကျွတ်တန်းဝင်သူသည် သုဘဒ္ဒဖြစ်၍ ယင်းပုဂ္ဂိုလ်သည် ဥပကနှင့် မဆာဝါတို့ သားဟု အချို့က ဆိုသည်၊
အချို့က ဥပကနှင့် မဆာဝါတို့ သား-မဟုတ်ဟု ဆိုပါသည်၊ မည်သည်ကမှန်သည်ကို ကျမ်းဂန်သာဓက ညွှန်ပြ၍ ဖြေဆိုတော်မူပါရန်။
( သိန်းဝင်းမောင်-စက်တွင်းရွာ၊ ဆားလင်းကြီးမြို့ )

( ဖြေ )။ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံဝင်တော်မူခါနီးတွင် ပေါ်ပေါက်လာသော သုဘဒ္ဒပရိဗိုဇ်တို့နှင့် စပ်၍ သုဘဒ္ဒ အမည်တူ ၃-ဦးရှိသည်။
၁-မှာ အရှင်မဟာကဿပ၏ ပရိသတ်တွင်ပါသည့် မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီဖြစ်၍ ငါတို့လုပ်လိုရာ လွတ်လပ်စွာ လုပ်နိုင်သည်-ဟုဆိုသည့် သုဘဒ္ဒရဟန်းကြီး။

၂-မှာ ဥပကနှင့် မဆာဝါတို့၏သား သုဘဒ္ဒ ။
၃-မှာ ပုဏ္ဏား သူဌေးမျိုး သုဘဒ္ဒ-ဟူ၍ ဖြစ်သည်။

ဤ ၃-ဦးတွင် မြတ်စွာဘုရား၏ ပစ္ဆိမသာဝက (နောက်ဆုံးကျွတ်တမ်းဝင်၍ ရဟန်းဖြစ်သူ ) သုဘဒ္ဒမှာ ဥဒိစ္စ-ပုဏ္ဏားမျိုး ( အလွန်ထင်ရှား၍ ဇာတ်မြင့်ပုဏ္ဏား သူဌေးသား ) သုဘဒ္ဒဖြစ်ကြောင်း ဗုဒ္ဓ၀င်အဋ္ဌကထာ၊ မဟာပရိနိဗ္ဗာနသုတ် အဋ္ဌကထာတို့၌ ပြဆိုပါသည်၊ မုဆိုးနွယ်ဖြစ်သော ဥပကနှင့် မဆာဝါတို့သား မဟုတ်ကြောင်း ထင်ရှားပါသည်။

ဥပက ဆာဝါတို့သား သုဘဒ္ဒသည် မိဘနှစ်ဦးလုံး ရဟန်း ရဟန်းမ ဖြစ်သွား၍ အဘိုးအဘွားများထံ ကျန်ရစ်ခဲ့ပြီး အရွယ်ရောက်လျှင် ရဟန်းပြုကြောင်းဆိုသည်၊ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံခါနီး ရောက်လာသော သုဘဒ္ဒကား ပရိဗိုဇ်ရဟန်း ( ဗာဟိရက-သာသနာပြင်ပ ၀ါဒတမျိုးရှိသူ ) ဖြစ်၍ ဥဒိစ္စပုဏ္ဏားမျိုး ဖြစ်ကြောင်း ဆိုသဖြင့် ကွာပြားခြားနားပါသည်။
*********************************************************************************

( ထန်းလျက် )

( မေး )။ သံဃာတော်များသည် မူးယစ်စေတတ်သော ထန်းရည် စသည်မှရရှိသော အရည်များကို ကျိုချက်၍ ပြုလုပ်ထားသော ထန်းလျက် စသည်များကို စားကောင်းပါသလား၊
၎င်းထန်းလျက်နျင့် ရော၍ပြုလုပ်ထားသော အုန်းသီး ဆီးသီး စသည့်ယိုများကို စားကောင်းပါသလားဘုရား။
( ရှင်ဇိနဒတ္တ-မောင်ထောင်တိုက်၊ ပုသိမ်မြို့ )

( ဖြေ )။ ထန်းလျက်ပြုလုပ်သော ထန်းရည်မှာ မူးယစ်စေသော ထန်းရည်မဟုတ်၊
မူးယစ်စေသော ထန်းရည်မှာ တဆေးခေါ်သည့် အရာဝတ္ထုများ၊ မူးယစ်စေနိုင်သော ထန်းချိုးစသည်များခံ၍ မူးအောင် ပြုလုပ်ထားရသော ထန်းရည်တမျိုး (ထန်းရည်ခါး) ဖြစ်သည်။
ထန်းလျက်ချက်သော ထန်းရည်မှာ မည်သည့်အရာဝတ္ထုနှင့်မျှ ထုံစိမ်ခြင်းမရှိသော ပကတိထန်းရည် (ထန်းရည်ချို) ကို ချက်ခြင်းဖြစ်သည်။
တမျိုးတခြားစီ ဖြစ်သဖြင့် သံဃာတော်များ သံသယကင်းရှင်းစွာ သုံးဆောင်နိုင်ပါသည်၊
၎င်းထန်းလျက်နှင့်ရော၍ ပြုလုပ်ထားသော အုန်းယို၊ ဆီးယို စသည်များကိုလည်း နံနက်ပိုင်း၌ သုံးဆောင်နိုင်ပါသည်။
*********************************************************************************

( ရဟန္တာ ဓာတ်တော် )

( မေး )။ ဈာန်ရသော ရဟန္တာပုဂ္ဂိုလ်များ ပရိနိဗ္ဗာန်စံလျှင် မီးသင်္ဂြိဟ်ြသောအခါ ဓာတ်တော်များကျသည်ဟု ဆိုကြပါသည်၊ ဈာန်မရသော ရဟန္တာများလည်း ဓာတ်တော် ကျနိုင်-မကျနိုင် သိလိုပါသည်ဘုရား။
( ကိုဟန်ဝင်း-အင်းစိန်မြို့သစ်၊ ၁၈၆-၆-လမ်း၊ ခ-ရပ်ကွက် )

( ဖြေ )။ မြတ်စွာဘုရားဖြစ်စေ၊ ရဟန္တာဖြစ်စေ ပရိနိဗ္ဗာန် စံဝင်၍ တေဇောဓာတ်လောင်သောအခါ၌ ဓာတ်တော်များအနေဖြင့် အစိတ်စိတ်အမွှာမွှာ လုံးဝန်းစွာဖြင့် ကျန်ရစ်စေရန်မှာ ပရိနိဗ္ဗာန်ပြုတော်မူခါနီးတွင် အဓိဋ္ဌာန်ပြုတော်မူရပါသည်။
ဤတွင် ဤကမ္ဘာ၌ ပွင့်တော်မူသော သက်တမ်းတော်ရှည်သော ကကုသန်၊ ကောဏာဂုံ၊ ကဿပ၊ ဟူသည့် မြတ်စွာဘုရားတို့ အနေဖြင့် ပရိနိဗ္ဗာန်စံဝင်ပြီး၍ တေဇောဓာတ် လောင်တော်မူသောအခါ ဓာတ်တော်များ အစိတ်စိတ်အမွှာမွှာ ကွဲပြားတော်မမူ၊ တလုံးတဆူတည်းသော ဓာတ်တော် အစုအခဲသာ ကြွင်းသည်၊ ထို့ကြောင့် စေတီတော် တဆူတည်းသာတည်၍ ပူဇော်ကြရသည်၊
အကျွန်ုပ်တို့မြတ်စွာဘုရားမှာ သက်တမ်းတော် တိုပါသည်၊ သာသနာတော်ကို ထားရစ်တော်မူပြီး ထိုသာသနာတော်တလျှောက်လုံး ကိုးကွယ်ပူဇော်၍ သတ္တ၀ါများ သုဂတိဘ၀သို့ လားရောက်နိုင်ရန် အဓိဋ္ဌာန်ပြုသည်။ ထိုအဓိဋ္ဌာန်တော်မူချက်အရ တေဇောဓာတ်လောင်တော်မူသောအခါ ကိုယ်တော်မှ အဆင်းသုံးသွယ်၊ အရွယ်သုံးစား၊ အချင့်အားဖြင့် ၁၆-ပြည်သား ဓာတ်တော်များဖြစ်၍ ကျန်ရစ်ရပါသည်။
ရဟန္တာများလည်း ထို့အတူပင် ပရိနိဗ္ဗာန်စံခါနီး၌ ဓာတ်တော်အဆူဆူ လုံးလုံးဝန်းဝန်း အရွယ်အမျိုးမျိုးဖြစ်ရန် အဓိဋ္ဌာန်တော်မူရပါသည်။
အဓိဋ္ဌာန်တော်မမူပဲ ပရိနိဗ္ဗာန်စံလျှင် တေဇောဓာတ်လောင်တော်မူပြီးနောက် လုံးလုံးဝန်းဝန်း မဟုတ်ပဲ အရိုးတော် ပကတိအတိုင်းပင် ကျန်ပါသည်၊
သာဓကအနေအားဖြင့် ယခုဖူးမြင်နိုင်သော မဇ္ဈိမဒေသ ဆံချီစေတီတော်မှ ရသည့် အရှင်သာရိပုတ္တရာ၊
အရှင်မဟာမောဂ္ဂလ္လာန် ဓာတ်တော်များမြှ အရိုးတော်ပကတိအတိုင်းပင် ဖြစ်ပါသည်၊
ရဟန္တာအနေဖြင့် ဈာန်ရ ဈာန်မရ မထူးပါ၊ အဓိဋ္ဌာန်မှသာ လုံး ၀န်း ရွယ်စား ဓာတ်တော်များ ဖြစ်လာရပါသည်၊ သို့သော် ရဟန္တာဓာတ်တော်များသည် မြတ်စွာဘုရား ဓာတ်တော်များလောက် သေးသေးမွှားမွှားမဖြစ်၊ မြတ်စွာဘုရား ဓာတ်တော်များမှာ အကြီးဆုံး ပဲနောက် ပမာဏမျှဖြစ်သည်၊
ရဟန္တာဓာတ်တော်များမှာ ပဲကြီးစေ့ မတ်ပဲစေ့ ရွေးကြီးစေ့နှင့် ကျောက်စရစ်ခဲပမာဏရှိကြောင်း မှတ်သားရဖူးပါသည်။
*********************************************************************************

( ကုသိုလ်ဖြစ်ရန် လိမ်လည် လှည့်စားခြင်း )

( မေး )။ ၁။ လူတဦးတယောက်အား ကုသိုလ်ရပါစေခြင်းအကျိုးငှါ လိမ်လည်လှည့်ဖြားမိသည်ဆိုလျှင် ထိုလိမ်သူမှာ မုသာဝါဒကံ ထိုက်ပါသလား။
၂။ သာသနာတော် စည်ပင်စေရန် လူငယ်လူရွယ်တို့အား လောကုတ္တရာဘက်သို့ အာရုံစိုက်လာစေရန် ၄င်းတို့အကြိုက် ( ဥပမာ-နစ္စ၊ ဂီတ၊ စသည်တို့နှင့် ) ဖြားယောင်းသွေးဆောင်၍ စည်းရုံးလှုံ့ဆော်ခြင်းသည် အပြစ်ရှိပါသလား ဘုရား။
( မောင်ဆွေတင့်-မြို့နယ်ပညာရေးမှူးရုံး၊ ရွှေတောင်မြို့ )

( ဖြေ )။ လိမ်လည်လှည့်ဖြားခြင်း မုသာဝါဒကံမှာ
၁-မဟုတ်မမှန်သော ၀တ္ထုလည်းဖြစ်စေ၊
၂-ချွတ်ယွင်းစေလိုသော စိတ်ရှိသည်လည်းဖြစ်စေ၊
၃-ကိုယ်နှုတ်နှစ်ပါးတွင် တပါးပါးဖြင့် သိအောင်လည်းပြုစေ၊
၎-တပါးသူက ပြုသည့်အတိုင်း သိလည်းသိစေ-
ဤအင်္ဂါလေးပါးနှင့်ညီလျှင် မုသာဝါဒဖြစ်ပါသည်။
သို့သော် သူတပါးအကျိုးပျက်စီးမှု အကြီးအသေးပေါ် မူတည်၍ အပြစ်အကြီးအသေး ကွားခြားနိုင်ပါသည်။

လူတဦးတယောက်အား ကုသိုလ်ရပါစေခြင်းငှါ-ဟု ရည်ရွယ်ချက်ရှိ၍ ပြောဆိုခြင်းမှာ အပြစ်မကြီးဟု ဆိုနိုင်သည်။
သို့သော် လိမ်လည်မှုအစား ပရိယာယ်ပြုခြင်းမျိုးကို ပြုလုပ်သင့်ပါသည်။
သာဓကမှာ-တမ္ဗဒါဌိက ခိုးသားကြီးသည် အရှင်သာရိပုတ္တရာအား တပည့်တော် ငါးဆယ့်ငါးနှစ်ပတ်လုံး လူသတ် ခဲ့သည်မှာ ကိုယ်သတ်ချင်၍ သတ်သည်မဟုတ်၊ ရှင်ဘုရင် သတ်ခိုင်း၍ သတ်ရပါသည်၊ တပည့်တော်မှာ အပြစ်ရှိပါသလား-ဟု ဆိုသည်၊
ဤတွင် အပြစ်ရှိသည်ဟု ပြောလျှင် ၄င်းခိုးသားကြီး စိတ်လှုပ်ရှား၍ တရားမနာနိုင်ဖြစ်ကာ ကောင်းကျိုးမရဖြစ်မည်ကြောင့် ရှင်ဘုရင် သတ်ခိုင်း၍ သတ်ခြင်း၌ သင့်မှာ အပြစ်ရှိနိုင်ပါ့မလား-ဟူ၍ ရှိသည်ဟုလည်းမဆို၊ မရှိသည်ဟုလည်းမဆို၊ ပရိယာယ်အမေးစကားဖြင့် ဖြေလိုက်သည်၊ ပညာနည်းသော ခိုးသားကြီးစိတ်တွင် ငါ့မှာ အပြစ်မရှိဘူး-တဲ့ ဟု သိမြင်သွားကာ ကောင်းစွာ တရားနာနိုင်၍ တမလွန်ဘ၀တွင် တုသိတာနတ်ပြည်သို့ ရောက်သွာရပေသည်။

၂။ ဇနပဒကလျာဏီအား စွဲလမ်း၍ ရဟန်းတရား အားမထုတ်နိုင်သော ညီတော် နန္ဒ-ရဟန်းအား မြတ်စွာဘုရားက နတ်ပြည်ခေါ်သွားကာ နတ်သမီးများကိုပြရာ ဇနပဒကလျာဏီ အစွဲပျောက်ပြီး နတ်သမီးများအား စွဲလမ်းသွားသည်၊ ဤတွင် ရဟန်းတရားအားထုတ်လျှင် ဤနတ်သမီးများကို ရနိုင်ကြောင်း မြတ်စွာဘုရားက နတ်သမီးဖြင့် သွေးဆောင်၍ တရားအားထုတ်စေသည်၊ ညီတော်နန္ဒလည်း တရားအားထုတ်ကာ ရဟန္တာအဖြစ်သို့ ရောက်သွားပါသည်၊ ဤသို့ ဆူးတချောင်းစူးသည်ကို ဆူးတချောင်းဖြင့် ထွင်သည့်သဖွယ် ပရိယာယ်ဖြင့် ဖြားယောင်းသွေးဆောင်၍ လောကုတ္တရာဘက်သို့ ရောက်စေသည်မှာ အပြစ်ရှိသည်ဟု မဆိုနိုင်ပါ။
*********************************************************************************

( ဈာန်တရား )

( မေး )။ သြကာသ ကန်တော့ခန်းအဆုံး ဆုတောင်းရာတွင် ဈာန်တရား၊ မဂ်တရားဟု ဈာန်တရားကို ထည့်၍ ဆုမတောင်းရဘူးလား ဘုရား။
( မျိုးမြင့်-မော်လမြိုင်မြို့ )

( ဖြေ )။ သြကာသကန်တော့ခန်း ဆုတောင်ပိုင်းတွင် ပယ်ဆု၊ လိုဆု-နှစ်မျိုးရှိသည်၊
ပယ်ဆုပိုင်းတွင် အပါယ်လေးပါး၊ ကပ်သုံးပါး စသော မလိုလားအပ် ပယ်ရှားအပ်သော ဆုများကို တောင်းရသည်။

လိုဆု-နေရာတွင် မဂ်တရား ဖိုလ်တရား နိဗ္ဗာန်တရားတော်မြတ် ဟူသော လောကုတ္တရာဆုကိုသာ တောင်းရပါသည်။

ဈာန်တရားမှာ လောကီတရားဖြစ်၍ ယင်းကို ဆုတောင်းထဲ ထည့်ရလျှင်-လူ့စည်းစိမ် နတ်စည်းစိမ်တို့ကိုလည်း ရရှိပြီး၍, စသည့်ဈာန်တရား၏ ရှေ့ကထည့်ရမလို ဖြစ်နေပါသည်၊ ထိုပကြောင့် ရှေးရှေးဆရာမြတ်တို့က ကန်တော့ခန်းတွင် လောကုတ္တရာဆုတောင်းကိုသာ ထည့်ပေးခြင်းဖြစ်ကြောင်း မှတ်သားသင့်ပါသည်။
*********************************************************************************

( ဒုလ္လဘရဟန်းခံလျှင် )

( မေး )။ ဆရာတော်များထံ၌ ကြိုတင်ဆည်းကပ် နေထိုင်ခြင်းမရှိဘဲ ဒုလ္လဘရဟန်းခံခါနီးမှ လာရောက် ရဟန်းခံသူအတွက် အကျိုးအပြစ် မည်သို့ ရှိပါသလဲဘုရား။
( ဦးအေးဖေ-အထက-၁၊ သံတွဲမြို့ )

( ဖြေ )။ ရဟန်းမခံမီက သာမဏေ၀တ်ရသေးရာ ဆံချခြင်း၊ သင်္ကန်းတောင်းခြင်း၊ သရဏဂုံ ခံယူခြင်းတို့အတွက် ကြိုတင်သင်ကြားရေး။
ရဟန်းဘ၀၌ နေထိုင်စဉ် ပစ္စဝေက္ခဏာ ဆင်ခြင်မှု၊ ဒေသနာခံ ဒေသနာကြားမှု စသည် ကြိုတင်သင်ကြားရေးတို့ လိုပါသည်။
ထို့အတွက် ရဟန်းမခံမီ တပတ်ခန့် သင်ကြားနိုင်ဖို့ လိုအပ်ပါသည်။
ထိုသိမှတ်လေ့လာဖွယ်တို့ကို မသိမှတ် မလေ့လာဘဲ ရဟန်းဘ၀သို့ရောက်လျှင် ပစ္စဝေက္ခဏာမဆင်ခြင်နိုင်ပါ၊ ပစ္စဝေက္ခဏာမဆင်ခြင်ဘဲ သုံးဆောင်၍ ဣဏပရိဘောဂဖြစ်ခြင်း၊ သင့်သောအာပတ်ကို ဖြေကြားရန် လိုအပ်ခြင်းတို့ကြောင့် အပြစ်များဖွယ်ရှိပါသည်။
*********************************************************************************

( စက္ခု ငါးပါး ဘုရားပင့် )

( မေး )။ ဒိဗ္ဗစက္ခု၊ ဓမ္မစက္ခု၊ ဉာဏစက္ခု၊ ဗုဒ္ဓစက္ခု၊ သမန္တစက္ခု၊ စက္ကန္နဖုသီသံ ဗုဒ္ဓေါ ဘ၀ိဿတိ။
ငယ်စဉ်က မိခင်သင်ပေးထားသော ဂါထာဖြစ်ပါသည်၊ နှုတ်တက်ရနေသည်ကို ရေးတတ်သလို မှန်းဆရေးသားခြင်း ဖြစ်ပါ၍ သည်းခံဖတ်ရှုပြီး ပြင်ဆင်လျက် အနက်ပေးပေးပါဘုရား။
( မ၀င်း-မကစ (၂) မလွန်စခန်း )

( ဖြေ )။ ဂါထာမှာ မြတ်စွာဘုရား၏ စက္ခုတော်ငါးပါးကို ဖော်ဆို၍ မိမိဦးထိပ်ထက်၌ပင့်သော အဓိပ္ပါယ်ပေါ်လွင် ပါသည်၊ သို့သော် စက္ခုတော် အစဉ်မမှန်ခြင်း၊ ပါဠိမမှန်ခြင်းတို့ကြောင့် ပြင်ဆင်ရေးသား၍ အနက်ပေးလိုက်ပါသည်၊
အစားထိုး ကျက်မှတ်ရွတ်ဆို၍ နေ့စဉ် ဘုရားရှိခိုးတိုင်း ဘုရားပင့်ပါ။
မျက်စိမှုန်မွဲ၍ အမြင်အားနည်းသူများ အထူးရွတ်ဆိုသင့်ပါသည်။

ဗုဒ္ဓ ဓမ္မ သမန္တဉ္စ ၊ ဒိဗ္ဗဉာဏတိ ပဉ္စဟိ ။
စက္ခူဟိ မေဟိ သမ္ပန္နော ၊ ဗုဒ္ဓေါ မေ ဌာတု သီသကေ ။

ဗုဒ္ဓ ဓမ္မ သမန္တဉ္စ-ဗုဒ္ဓစက္ခု ဓမ္မစက္ခု သမန္တစက္ခု၎င်း၊ ဒိဗ္ဗဉာဏဉ္စ-ဒိဗ္ဗစက္ခု ဉာဏစက္ခု၎င်း၊ ဣတိ-ဤသို့၊ ပဉ္စဟိ-ငါးပါးကုန်သော၊ ဣမေဟိ စက္ခူဟိ-ဤစက္ခုတော်တို့နှင့်၊ သမ္ပန္နော-ပြည့်စုံတော်မူသော၊ ဗုဒ္ဓေါ-မြတ်စွာဘုရားသည်၊ မေ-ဘုရားတပည့်တော်၏၊ သီသကေ-ဦးခေါင်းထက်၌၊ ဌာတု-တည်တော်မူပါစေသတည်း။

ဗြဟ္မာ့ဘုံ သွားလိုသူ

မြတ်စွာဘုရား ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် ဗြဟ္မာ့ပြည်သို့ ရောက်လိုသောကြောင့် လတိုင်း လတိုင်း အသပြာတထောင် အကုန်ခံပြီး တက္ကတွန်းတို့အား ပေးလှူနေသော ဦးရီးပုဏ္ဏားကို ရှင်သာရိပုတ္တရာ-က ဗြဟ္မာ့ပြည်သို့ ရောက်ရန်လမ်းကို သင်လည်း မသိ၊ သင့်ဆရာလည်း မသိ၊ အမှန်တကယ်သိသူကိုပြမည်-ဟုပြောကာ ဘုရားရှင်ထံ ခေါ်ဆောင်လာ၏၊
မြတ်စွာဘုရားက ပုဏ္ဏား သင်သည် ဤသို့ အနှစ်တရာပတ်လုံး ပေးလှူသည်ထက် ငါ၏တပည့် အရိယာသာဝက တို့အား တခဏမျှ ကြည်ညိုစိတ်ဖြင့် ဖူးမြော်ခြင်း၊ တဇွန်း တယောက်မမျှ လှူဒါန်းခြင်းက မြတ်သေး၏-ဟု ဟောတော်မူသည်။

မာသေ မာသေ သဟေဿန ၊
ယော ယဇေထ သတံ သမံ ။
ဧကဉ္စ ဘာဝိတတ္တာနံ ၊
မုဟုတ္တမပိ ပူဇယေ ။
သာယေ၀ ပူဇနာ သေယျော ၊
ယဉ္စေ ၀ဿသတံ ဟုတံ ။

အနှစ်တရာပတ်လုံး လတိုင်း လတိုင်း ငွေတထောင်အကုန်ခံ၍ တက္ကတွန်းတို့အား လှူခြင်းထက်
ဝိပဿနာစိတ်ကို ပွားပြီးသော အရိယာပုဂ္ဂိုလ်တပါးကို တခဏမျှ ပူဇော်ခြင်းက မြတ်၏။

( ဆောင်ပုဒ် )
ပုဂ္ဂိုလ်သာမန်၊ အလှူခံအား၊ စိတ်ထားညွတ်ပျောင်း၊ နှစ်ပေါင်းတရာ၊ လတိုင်းသာလျှင်၊ သပြာတထောင်၊ ကုန်အောင်စွန့်ကြဲ၊ ပေးလှူပွဲထက်၊ စိတ်ထဲဖြူဆွ၊ ၀ိပဿနာ၊ ဘာဝနာပွား၊ အရှင်များကို၊ ၀ပ်တွားခဏ၊ ပူဇော်ရက၊ များလှအကျိုး၊ စုံပြည့်ဖြိုး၏။

( သဟဿဝဂ်၊ သာရိပုတ္တတ္ထေရဿ မာတုလ ဗြဟ္မဏ ၀တ္ထု )

မကြံစည်အပ်သော အရာ

ရဟန်းတို့၊ မကြံစည်အပ်သော တရားလေးမျိုးရှိ၏၊ ယင်းလေးမျိုးကို ကြံစည်လျှင် ရူးသွပ်ရုံသာ ရှိ၏၊ စိတ်ပင်ပန်းရုံသာ ရှိ၏၊
အဘယ်လေးပါးနည်းဟူမူ-
၁။ ရဟန်းတို့၊ ဘုရားရှင်တို့၏ ဘုရားအရာသည် မကြံစည်အပ်သောအရာဖြစ်၏၊
မကြံစည်အပ်၊ ကြံစည်လျှင် ရူးသွပ်ရုံ၊ စိတ်ပင်ပန်းရုံသာရှိ၏။

၂။ ဈာန်ရပုဂ္ဂိုလ်တို့၏ ဈာန်အရာသည် မကြံစည်အပ်သောအရာဖြစ်၏၊
မကြံစည်အပ်၊ ကြံစည်လျှင် ရူးသွပ်ရုံ၊ စိတ်ပင်ပန်းရုံသာရှိ၏။

၃။ ကံ၏ အကျိုးပေးပုံသည် မကြံစည်အပ်သောအရာဖြစ်၏၊
မကြံစည်အပ်၊ ကြံစည်လျှင် ရူးသွပ်ရုံ၊ စိတ်ပင်ပန်းရုံသာရှိ၏။

၎။ ( မဟာပထ၀ီမြေကြီးကို အဘယ်သူပြုလုပ်သနည်း၊
မဟာသမုဒ္ဒရာကို ဘယ်သူတူးသနာ်း။
သတ္တ၀ါတို့ကို ဘယ်သူဖန်ဆင်းသနည်း၊
တောင်ကြီးတွေကို ဘယ်သူဖို့သနည်း၊
သရက်ပင်၊ ထန်းပင်၊ အုန်းပင်၊ အစရှိသော သစ်ပင်တွေကို ဘယ်သူ စစိုက်သနည်း-စသည်ဖြင့် )
လောကနှင့် စပ်သောအရာသည် မကြံစည်အပ်သောအရာဖြစ်၏၊
မကြံစည်အပ်၊ ကြံစည်လျှင် ရူးသွပ်ရုံ၊ စိတ်ပင်ပန်းရုံသာရှိ၏။
ဤလေးမျိုးတို့ပင်တည်း။
( စတုက္က အင်္ဂုတ္တိုရ် ဒု-ပဏ္ဏာသက၊ ၃-အပဏ္ဏက၀ဂ်၊ ၇-အစိန္တေယျသုတ် )

Friday, December 12, 2008

ကမ္ဘာလေးမျိုး

ကပ္ပ-ဟူသော ပါဠိကို ကမ္ဘာ-ဟု မြန်မာပြန်ပါသည်၊
နှစ်ပေါင်းမည်၍မည်မျှရှိသည်ဟု အတိအကျမသိနိုင်၊ မရေတွက်နီုင်သဖြင့် ကြံဆ၍သိအပ်သော ကာလအပိုင်းအခြား တခုကို ကပ္ပ-ကမ္ဘာ-ဟုခေါ်ပါသည်။

ကြံဆ၍သိအပ်ပုံကား-
အလျား အနံ အမြင့် တယူဇနာစီရှီသော တိုက်ကြီးတလုံးထဲ၌ အလွန်သေးငယ်သော မုန်ညင်းဖြူစေ့ ကလေးများ အပြည့်ထည့်ထားပြီး နှဏ်ပေါင်း တရာတရာလွန်သောအခါမှ တစေ့တစေ့သာ ယူပစ်သဖြင့် ထိုမုန်ညင်းစေ့ပုံကြီး ကုန်သွားသော်လည်း တကမ္ဘာ-ဟုခေါ်သော အချိန်ကာလကား မကုန်နိုင်သေး-ဟူ၍ ဥပမာ ပြကြပါသည်။

ကမ္ဘာ-ဟုခေါ်သော ထိုကပ် ( ကပ္ပ ) သည်
၁။ မဟာကပ်
၂။ အသင်္ချေယျကပ်
၃။ အန္တရကပ်
၎။ အာယုကပ် ဟူ၍ လေးမျိုးရှိသည်။

မဟာကပ်တခုကို တကမ္ဘာဟု ခေါ်ခြင်းဖြစ်သည်။
ထိုမဟာကပ်တခုသည် အသင်္ချေယျကပ် လေးခုနှင့်ညီမျှသည်။

အသင်္ချေယျကပ် လေးခုကား သံဝဋ္ဋကပ်၊ သံဝဋ္ဋဌာယီကပ်၊ ၀ိဝဋ္ဋကပ်၊ ၀ိဝဋ္ဋဌာယီကပ် တို့ဖြစ်သည်။
ထိုတွင် ၁။ ကမ္ဘာဖျက်မိုး ရွာသည်မှစ၍ မီးဖြင့်ပျက်မည့် ကမ္ဘာဖြစ်လျှင် မီးလျှံ စပ်သည့်တိုင်အောင်၊
ရေဖြင့်ပျက်မည့်ကမ္ဘာဖြစ်လျှင် ရေရပ်စဲသည့်တိုင်အောင်၊
လေဖြင့်ပျက်မည့်ကမ္ဘာဖြစ်လျှင် လေရပ်စဲသည့်တိုင်အောင်သော အချိန်ကာလကို သံဝဋ္ဋကပ်-ပျက်ဆဲ အချိန်ဟု ခေါ်သည်။

၂။ မီး ရေ လေ တခုခုဖြင့် ပျက်စီးသည်မှစ၍ ကမ္ဘာပြုမိုး ရွာသည့်တိုင်အောင်သော အချိန်ကာလကို သံဝဋ္ဋဌာယီကပ်-အပျက်အတိုင်းတည်သော အချိန်ဟုခေါ်သည်။

၃။ ကမ္ဘာပြုမိုး ရွာသည်မှစ၍ နေလ နက္ခတ်တာရာတို့ ပေါ်ထွက်လာသည့်တိုင်အောင်သော အချိန်ကာလကို ၀ိဝဋ္ဋကပ်-ဖြစ်ပေါ်တိုးတက်ဆဲ အချိန်ဟု ခ်ါသည်။

၎။ နေလနက္ခတ်တာရာတို့ ပေါ်ထွက်လာသည့် အချိန်မှစ၍ နောက်တဖန် ကမ္ဘာဖျက်မိုး ရွာသည့်တိုင်အောင်သော အချိန်ကာလကို ၀ိဝဋ္ဋဌာယီကပ်-ဖြစ်ပေါ်တိုးတက်လာပြီးနောက် တည်တံ့နေသော အချိန်ဟုခေါ်သည်။

အထက်ပါ အသင်္ချေယျကပ် လေးမျိုးတို့တွင် ၀ိဝဋ္ဋဌာယီကပ် အတွင်း၌သာလျှင် လူ့ပြည်၌ လူသတ္တ၀ါများ ဖြစ်ပေါ်လာကြသည်၊ ထိုလူသတ္တ၀ါတို့သည် ကမ္ဘာဦးအစတွင် နှစ်ပေါင်းအသင်္ချေ အသက်ရှည်ကြသည်၊
သို့သော် နောက်ပိုင်းတွင် လောဘ ဒေါသစသည့် အကုသိုလ်တရားများ ထူပြောလာ၍ သက်တမ်းတဖြည်းဖြည်း ဆုတ်ယုတ်သွားရာ ဆယ်နှစ်တမ်းအထိ ရောက်သွားသည်၊
ထို့နောက် လူတို့က ကုသိုလ်တရားများကို ကျင့်သုံးကြပြန်သဖြင့် ဆယ်နှစ်တမ်းမှ အနှစ် ၂၀၊ အနှစ် ၄၀-စသည်ဖြင့် တဆထက်တဆ တိုးတက်ကာ အသက်အသင်္ချေယျတမ်းသို့ ရောက်သွားကြပြန်သည်၊ ဤသို့ လူတို့သက်တမ်း အသင်္ချေယျမှ ဆယ်နှစ်တမ်းအထိ ဆုတ်သွားပြီး၊ တဖန် ဆယ်နှစ်တန်းမှ အသင်္ချေယျအထိ ပြန်တက်သွားသည့် အချိန်ကာလ (ဆုတ်ကပ် တက်ကပ် တစုံ) ကို အန္တရကပ် တခုဟုခေါ်ပါသည်။

လူတို့ သက်တမ်းဆုတ်ယုတ်ရာတွင် လောဘလွန်ကဲမှုကြောင့် ဆုတ်ယုတ်ခြင်းဖြစ်လျှင် နောက်ဆုံး၌ လူတို့သည် ငတ်မွတ်ခြင်းဘေး-ဒုဗ္ဘိက္ခန္တရကပ် ကျရောက်၍ သေကြေပျက်စီးကြရသည်။

ဒေါသလွန်ကဲမှုကြောင့် ဆုတ်ယုတ်ခြင်းဖြစ်လျှင် အချင်းချင်း လက်နက်ဖြင့် သတ်ဖြတ်ခြင်း-သတ္ထန္တရကပ် ကျရောက်၍ သေကြေပျက်စီးကြရသည်။

မောဟလွန်ကဲမှုကြောင့် ဆုတ်ယုတ်ခြင်းဖြစ်လျှင် ရောဂါဆိုး ကျရောက်ခြင်း-ရောဂန္တရကပ်ဖြင့် သေကြေပျက်စီးကြရသည်ဟု ဆိုပါသည်။

ဝိ၀ဋ္ဋဌာယီကပ်တခု၌ အန္တရကပ်ပေါင်း (၆၄)ခု ရှိသည်၊
သံဝဋ္ဋကပ်စသည့် ကျန်အသင်္ချေယျကပ် သုံးခုတို့သည်လည်း အန္တရကပ်ပေါင်း (၆၄)ခုနှင့် အသီးသီး ညီမျှကြသည်။ ထို့ကြောင့် တကမ္ဘာဟုခေါ်သော မဟာကပ်တခု၌ အသင်္ချေင်္ယျကပ်ပေါင်း လေးခုရှိသည်။ အန္တရကပ်ပေါင်းကား ( ၆၄-၄=၂၅၆ ) ကပ်ရှိသည်ဟု အချုပ်အားဖြင့် မှတ်ယူနိုင်ပါသည်။

ထိုထိုအချိန်ကာလ အားလျော်စွာ တည်ရှိသောလူတို့၏ သက်တမ်းကို အာယုကပ်ဟုခေါ်ပါသည်။ လူတို့ သက်တမ်းတရာဖြစ်လျှင် နှစ်ပေါင်းတရာသည် အာယုကပ် တခု ဖြစ်သည်။
သက်တမ်းတထောင်ဖြစ်လျှင် နှစ်ပေါင်းတထောင်သည် အာယုကပ်တခု ဖြစ်သည်။
သက်တမ်းရှည်လွန်းသောခေတ်၌ လူတို့အား အနိစ္စ ဒုက္ခတရားများ ထင်မြင်ရန် ခဲယဉ်းသည်၊
သက်တမ်းတိုလွန်းသောခေတ်၌ လူများသည်လည်း လောဘ ဒေါသ ထူပြောလွန်းသောကြောင့် ထိုတရားများကို မြင်ရန်မလွယ်ကြ၊
ထို့ကြောင့်မြတ်စွာဘုရားတို့သည် သက်တမ်းတသိန်းအထက်၌၄င်း၊ သက်တမ်းတရာအောက်၌၄င်း၊ မပွင့်ကြပဲ ထိုသက်တမ်းနှစ်ခုကြား၌သာ ပွင့်တော်မူကြသည်။
ဂေါတမမြတ်စွာဘုရားကား သက်တမ်း တရာခေတ်၌ ပွင့်တော်မူသည်ဖြစ်၍ သက်တမ်းအတိုဆုံး မြတ်စွာဘုရား ဖြစ်လေသည်။

( ကမ္ဘာနှစ်မျိုးနှင့် ကမ္ဘာငါးမျိုး )
သတ္တ၀ါတို့ ဖြစ်ပေါ်ရာ ကမ္ဘာသည်
မြတ်စွာဘုရားတို့ ကင်းဆိတ်သော
(၀ါ) မြတ်စွာဘုရားတဆူမျှ မပွင့်သော သုညကမ္ဘာနှင့်
မြတ်စွာဘုရားတို့မှ မကင်းဆိတ်သော
(၀ါ) မြတ်စွာဘုရား အနည်းဆုံး တဆူဖြစ်စေ ပွင့်သော အသုညကမ္ဘာဟူ၍ နှစ်မျိုးရှိသည်။

တဖန် ထိုအသုညကမ္ဘာသည်လည်း-
၁။ ဘုရားတဆူသာပွင်သော သာရကမ္ဘာ
၂။ ဘုရားနှစ်ဆူပွင့်သော မဏ္ဍကမ္ဘာ
၃။ ဘုရားသုံးဆူပွင့်သော ၀ရကမ္ဘာ
၎။ ဘုရားလေးဆူပွင့်သော သာရမဏ္ဍကမ္ဘာ
၅။ ဘုရားငါးဆူပွင့်သော ဘဒ္ဒကမ္ဘာဟူ၍ ငါးမျိုးရှိသည်။

ယခုရောက်ဆဲကမ္ဘာသည် ဘဒ္ဒကမ္ဘာဖြစ်၍ ကကုသန်၊ ကောဏာဂုံ၊ ကဿပ၊ ဂေါတမ ဟူသော ဘုရားလေးဆူ ပွင့်ခဲ့ပြီး နောင်တွင် အရိမေတ္တေယျ ဘုရားတဆူ ပွင့်ရန်ရှိပါသည်။

ဂေါတမဗုဒ္ဓ အလောင်းတော်သည် လွန်ခဲ့သော လေးသင်္ချေနှင့် ကမ္ဘာတသိန်းထက်တွင် ဒီပင်္ကရာမြတ်စွာဘုရားထံ၌ ဘုရားဆုကို ပန်ခဲ့သည်။
ထိုကမ္ဘာ၌ ဘုရားလေးဆူ ပွင့်တော်မူရာ ဒီပင်္ကရာမြတ်စွာဘုရားသည် စတုတ္ထမြောက် ဖြစ်သည်။
ထိုဘုရားလေးဆူနှင့်တကွ ဂေါတမမြတ်စွာဘုရားကိုပါ ထည့်သွင်း ရေတွက်ပါမှ လေးသင်္ချေနှင့် ကမ္ဘာတသိန်း အတွင်း၌ မြတ်စွာဘုရားပေါင်း ( ၂၄ ) ဆူသာ ပွင့်ခဲ့သည်။
ဘုရားပွင့်သောကမ္ဘာကား ( ၁၁ ) ကမ္ဘာမျှသာ ရှိခဲ့သည်။ ကျန်သောကမ္ဘာပေါင်း ( ၉၉၉၈၉ ) ကမ္ဘာတို့မှာ ဘုရားမှဆိတ်သုဉ်းသော သုညကမ္ဘာများသာ ဖြစ်ကြသည်။ ထို့ကြောင့်ပင် ဗုဒ္ဓုပ္ပါဒေါ ဒုလ္လဘော-ဘုရားတဆူ ဖြစ်ပေါ်လာခြင်းကို ရခဲလှပေ၏-ဟူ၍ ဟေကြားတော်မူခြင်း ဖြစ်ပါသည်။

( ဆောင်ပုဒ် )
တဆူသာရ ၊ နှစ်မဏ္ဍ ၊ ၀ရ သုံးဆူသာ ။
သာရ မဏ္ဍ ၊ လေးဆူပြ ၊ ဘဒ္ဒငါးဆူပါ ။
တဆူသော်မျှ ၊ မပွင့်က ၊ သုည ကပ်ကမ္ဘာ ။

လောကသုံးပါး

လုဇ္ဇတိ-ပျက်စီးတတ်၏၊ ပလုဇ္ဇတိ-အဖန်ဖန် ပျက်စီးတတ်၏၊ ဣတိ-ထို့ကြောင့်၊ လောကော-လောကမည်၏။
ဟူ၍ ကျမ်းဂန်တို့၌ ဖွင့်ဆိုပါသည်၊
ထိုလောကသည်
၁။ သတ္တလောက
၂။ သြကာသလောက
၃။ သင်္ခါရလောက ဟူ၍ သုံးပါးရှိသည်၊
ထိုတွင် ၁။ သက်ရှိ ရုပ်နာမ်ခန္ဓာအစဉ်ကို သတ္တလောက-ဟုခေါ်သည်။
၂။ သက်မဲ့ရုပ်ဝတ္ထုများကို သြကာသလောက-ဟုခေါ်သည်။
၃။ သက်ရှိ သက်မဲ့နှစ်မျိုး၌ တည်ရှိသော ရုပ်နာမ်တရားသဘောများကို သင်္ခါရလောက-ဟုခေါ်သည်။
ဤသည်မှာ ကျမ်းဂန်အဖွင့်များနှင့်အညီ စာစကားဖြင့် ဖော်ပြခြင်းဖြစ်ပါသည်။

အများသိလွယ်သော အရပ်စကားဖြင့် ပြောမည်ဆိုလျှင်
၁။ လူ နတ် တိရစ္ဆာန် စသော သက်ရှိသတ္တ၀ါအပေါင်းသည် သတ္တလောက။
၂။ ထိုသတ္တ၀ါတို့၏ တည်ရာဘုံဌာနများနှင့် တကွ သစ်ပင် တောတောင် သမုဒ္ဒရာစသည့် သက်မဲ့အရာဝတ္ထုများသည် သြကာသလောက။
၃။ ထိုသက်ရှိ သက်မဲ့ နှစ်မျိုးလုံးတို့၌ ဖြစ်ပျက်နေသော သဘောတရားများသည် သင်္ခါရလောက မည်၏။
ဟု မှတ်ယူနိုင်ပါသည်။
( လောကသုံးပါး အကျယ်ဖွင့်ပြချက်ကို ၀ိသုဒ္ဓိမဂ် ဗုဒ္ဓ်နုဿတိကထာနှင့် ပါရာဇိကဏ် အဋ္ဌကထာ ဝေရဉ္ဇကဏ္ဍ လောက၀ိဒူ အဖွင့် စသည်တို့၌ ရှုနိုင်ပါသည် )။

Thursday, December 11, 2008

ကံ ကံ၏အကျိုး ( ၆ )

( မိဘလုပ်ကျွေး ဘေးရန်ဝေး )

ဦးလှကြီး ဒေါ်နန်းစောတို့သည် ကျောက်ပန်းတောင်းမြို့နယ် အိုင်လျားကျေးရွာတွင် ထန်းအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြု၍ နေထိုင်သည်၊ တနေ့တွင် ဦးလှကြီး မျက်စိကို ထန်းရွက်နှင့်ထိုးမိသည်၊ ထိုဒဏ်ရာကြောင့် မျက်စိမကောင်းတော့၊ ထန်းမတက်နိုင်တော့ပါ၊ ထို့ကြောင့် သားအလတ် အလယ်တန်း ကျောင်းသား မောင်ကျော်မြိုင်က ဖခင်၏ထန်းအလုပ်ကို ကျောင်းမသွားမီနှင့် ကျောင်းအပြန်များတွင် ၀င်ရောက်လုပ်ကိုင်ရသည်။
မောင်ကျော်မြိုင်သည် ထန်းလုပ်ငန်းကို ဖခင်ကြီးကိုယ်စား ၀င်ရောက်လုပ်ကိုင်ရသော်လည်း ကျောင်းစာများတွင် ထူးချွန်သည်၊ ၁၉၈၇-၈၈ စာသင်နှစ် အဋ္ဌမတန်းစာမေးပွဲတွင် သင်္ချာနှင့်အထွေထွေသိပ္ပံ ဘာသာရပ်များတွင် ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သည်။
မောင်ကျော်မြိုင် ၈-တန်းစာမေးပွဲတွင် ဂုဏ်ထူးနှစ်ဘာသာဖြင့် အောင်မြင်သောကြောင့် မိဘနှစ်ပါးနှင့် ဆွေမျိုး မွေးချင်းများသာမက အိုင်လျားတရွာလုံးကပါ ၀မ်းမြောက်ဂုဏ်ယူလျက် ရှိကြပါသည်။
ကျောင်းပြန်ဖွင့်သည့်အချိန်တွင် ဦးလှကြီး ဒေါ်နန်းစောတို့ မိသားစုသည် သား-မောင်ကျော်မြိုင်ကို ကျောင်းဆက်ထားရေးအတွက် ရတက်မအေးကြရပါ။
မောင်ကျော်မြိုင် ကျောင်းဆက်နေလျှင် ကျောင်းစရိတ်များ ကုန်ကျမည်၊ ကျောင်းစရိတ်ကို ဆွေမျိုးတစုက ၀ိုင်းဝန်းထောက်ပံ့လျှင် ဖြစ်နိုင်သေး၏၊ မောင်ကျော်မြိုင် ကျောင်းဆက်နေလျှင် မည်သူထန်းတက်တော့မည်နည်း၊ မိသားစု၏ စားဝတ်နေရေးသည် ထန်းလုပ်ငန်းပေါ်တွင် အမှီပြု နေကြရပါသည်။
နောက်ဆုံးတော့ မောင်ကျော်မြိုင် ကျောင်းဆက်နေလိုသော်လည်း မိသားစု စားဝတ်နေရေးကို ငဲ့ညှာလျက် ကျောင်းထွက်ကာ ထန်းတက်ရပေတော့သည်။
မောင်ကျော်မြိုင်သည် ထန်းတက်ရသော်လည်း စိတ်ဓာတ်ကျဆင်းခြင်း မရှိပေ၊ ၄င်း၏ဘ၀ကို အနစ်နာခံ၍ မိဘများအား လုပ်ကျွေးရခြင်းကိုပင် ၀မ်းသာဂုဏ်ယူပါသည်ဟု အမြဲပြောသည်။
၁၃၅၂-ခုနှစ် ၀ါခေါင်းလဆန်း ၁၄-ရက်နေ့ နံကတွင် လာကြပါဦး တော်ရေ၊ ကျော်မြိုင် ထန်းပင်ပေါ်က လိမ့်ကျလို့၊ လာကြပါဦး-ဟု ဒေါ်နန်းစော၏ အော်သံကြောင့် လူအများပြေးသွားကြသည်၊ သို့ရာတွင် မောင်ကျော်မြိုင်သည် ထန်းပင်ပေါ်မှကျသော်လည်း ပြင်းထန်စွာ ဒဏ်ရာမရ၊ အနည်းငယ် မူးသွားသည်မှ အပ၊ ဘာမျှ မဖြစ်သလို ထိုင်လျက်ရှိနေသည်ကို တွေ့ကြရသည်။
အတောင်နှစ်ဆယ်ခန့်ရှိသော ထန်းပင်ပေါ်မှ မောင်ကျော်မြိုင် လိမ့်ကျသော်လည်း မည်သို့မျှမဖြစ်သောကြောင့် ရွာသူရွာသားများလည်း အံ့သြခြင်း၊ ၀မ်းသာခြင်းများ ဖြစ်ကြရပါသည်။
ဤသည်မှာ မိဘလုပ်ကျွေး-ဘေးရန်ဝေးခြင်း-ပင် ဖြစ်ပေသည်ဟု ရွာသူရွာသားများက မှတ်ချက်ချကာ သာဓုခေါ်လျက် ရှိကြပါတော့သည်။
( ဂွေးပင်ချို-ထွန်းလှိုင် )
*********************************************************************************

( ကြက်သင်းကွဲ )

သွားရင်းလာရင်း ကြက်များကိုတွေ့လျှင် ကျွန်တော်ငယ်စဉ်က အိမ်တွင်ရှိသော ကြက်သင်းကွဲကို သတိရမိသည်၊ ကြက်သင်းကွဲဆိုသည်မှာ ကျွန်တော်တို့ အိမ်သူအိမ်သားများက ပေးထားသော နာမည်ပင် ဖြစ်ပါသည်၊ ကျွန်တော် ကျောင်းသားအရွယ်က အိမ်တွင် ကြက်များမွေးမြူထားသည်၊ တခါသော် အိမ်ကကြက်မကြီး သားပေါက်ရာတွင် ကြက်ကလေးတကောင်မှာ အခြားကြက်ငယ်များလို ဥမှ ချက်ချင်း မဖောက်နိုင်ပဲ ရှိသည်၊ အခြားကြက်ငယ်များ ပေါက်ပြီး နောက်နေ့လောက်ကျမှ ဥထဲမှ ခေါင်းကလေးသာ ထွက်နိုင်သည်၊ တညပ်ညပ်နှင့် အော်နေ၍ အကိုက ဥကိုခွဲပြီး ထုတ်ယူရသည်။
ထိုကြက်ငယ်ကလေးမှာ သူ့မိခင် ကြက်သားအုပ်သို့ မ၀င်နိုင်တော့၊ မိခင်ကြက်မကြီးကပင် အ၀င်မခံ၊ သူလာလျှင် ဆိတ်၍လွှတ်သည်၊ သို့နှင့် သူ့ကိုကြက်မအုပ်သို့ မသွင်းတော့ပဲ အိမ်ပေါ်မှာပင် မွေးထားရသည်၊ ဆန်ကွဲများကျွေး၍ ညတွင် ၀ါဂွမ်းများပုံ၍ အိပ်စေရသည်၊ သို့နှင့် ကြက်သင်းကွဲလေးသည် တစတစ ကြီး၍လာကာ အိမ်သားများကို အထူး ခင်မင်နေသည်၊ သွားရာသို့ လိုက်နေတတ်သည်၊ အထူးအားဖြင့် သူ့အား ဂရုတစိုက် ကျွေးမွေးပြုစုသော အမေ့ကို ပိုခင်သည်၊ အမေသွားရာ လိုက်သည်၊ ထို့ကြောင့် အမေသည် ဈေးသွားလျှင် သူ့ကိုခြင်းဖြင့် အုပ်ထားခဲ့ရသည်၊ ကျွန်တော်တို့ အိမ်သားအားလုံးပင် သူ့ကိုချစ်ခင်ကြ၍ ကြက်သင်းကွဲ-ဟု ခေါ်ကြသည်၊ သူကလည်း ကြက်သင်းကွဲရေ-ဟု ခေါ်လျှင် ကြားရာက ပြေးလာလေ့ရှိသည်။
ကြက်သင်းကွဲသည် ကြက်ဖလေးဖြစ်၍ အခြားကြက်များနှင့် မနေ၊ တကောင်တည်းသာ နေလေ့ အစာရှာလေ့ရှိသည်၊ နေ့လည်ဆိုလျှင် အမေက ဆန်များကို အိမ်ရှေ့တွင်ပက်ကာ ကြက်သင်းကွဲရေ-ဟု ခေါ်ကျွေးလေ့ရှိသည်၊ ကြက်သင်းကွဲ စ၍တွန်တတ်စအရွယ် တနေ့လည်တွင် အမေသည်ထုံးစံအတိုင်း အိမ်ရှေ့တွင် ဆန်များကိုပက်၍ ကြက်သင်းကွဲရေ-ဟုခေါ်သည်၊ ကြက်သင်းကွဲသည် အိမ်ခြံထောင့်တနေရာတွင် ယက်ကာယက်ကာ အစာစားနေရာ အမေနှစ်ခွန်းသုံးခွန်း ခေါ်သည့်တိုင်အောင် မလာ၊ သို့နှင့်အမေသည် သူပက်ထားသောဆန်ရှိရာသို့ မောင်းခေါ်ရန် ကြက်သင်းကွဲရှိရာသို့ သွားပြီး ဟဲ့-လာခဲ့၊ ဟဲ့-လာခဲ့နှင့် ခေါ်သည်၊ ကြက်သင်းကွဲသည် အမေ့ကို တချက်နှစ်ချက်လှည့်ကြည့်ပြီး ယက်မြဲယက်နေသည်၊ အမေသည် သူ့အနားသို့ ရောက်သွားချိန်တွင် ကြက်သင်းကွဲယက်လိုက်သော မြေကြီးမှုန်များ အကြားမှ ၀င်းခနဲထွက်လာသော အရာဝတ္ထု တခုကို မြင်လိုက်သည်၊ အမေသည် ကြက်သင်းကွဲကို လက်တဖက်က ကောက်ချီလိုက်ရင်း လက်တဖက်က ၀င်းပြောင်နေသော အရာဝတ္ထုကို ယူကြည့်လိုက်ရာ လက်စွပ်တကွင်း ဖြစ်နေလေသည်။
လက်စွပ်မှာ နီလာကျောက်ပါသော ရွှေလက်စွပ် ဖြစ်သည်၊ အတော်ရှေးကျဟန်ရှိပါသည်၊ မည်သူ့လက်နှင့်မှမတော် ကွင်းကျယ်သည်၊ အဖေ့လက်နှင့်သော်မှ လက်ခလယ်နှင့်မှ တော်ရုံရှိသည်၊ လွန်ခဲ့သော နှစ်သုံးဆယ်ကျော်လောက်က ဖြစ်ရာ ထိုအချိန်က ရောင်ချလိုက်ရာ၌ ငွေလေးရာခန့် ရသည်ဟု မှတ်မိပါသည်၊ ကြက်သင်းကွဲသည် သူ့အား စောင့်ရှောက်သော ကျွန်တော့မိသားစုကို ကျေးဇူးပြုခြင်းပင် ဖြစ်ပါသည်၊ ကျွန်တော်တို့မှာလည်း သူတပါးအား ကယ်ဆယ်၍ ပြုစုကျွေးမွေး စောင့်ရှောက်သော ကောင်းကျိုးကို ခံစားခဲ့ရပါသည်။
( မောင်တင်ထွန်း-ပြည်မြို့ )
*********************************************************************************

( တူသောအကျိုး )

ထီးချိုင့်မြို့နှင့် မနီးမဝေးတွင် သပြေပင်ဆိုသော ရွာတရွာရှိ၏၊ ထိုရွာမှ လူအများသည် တောင်ယာလုပ်ငန်းဖြင့် အသက်မွေးကြသည်၊ ဤရွာမှ လူများသည် ရှေးလူကြီးတို့၏ ဆိုရိုးစကား ဓလေ့ထုံးစံတို့ကို လက်ကိုင်ပြု၍ နေထိုင်ကြသော ရွာတရွာဖြစ်၏၊ ကျီးသာလျှင် ဧည့်ရောက်မည်၊ ကြင်နီပုရွက်တို့ အိမ်ပေါ်တက်လျှင် ရေကြီးမည်၊ မိမိတို့ အိမ် ခြံဝင်း စသည်တို့တွင် ပျားအုံစွဲလျှင် စီးပွားတက်မည်၊ စသော အယူအဆများ ရှိကြသည်၊ ထိုရွာတွင် အရက်သမား ကိုသာအေး တယောက်သာ လူ့ကန့်လန့်ဖြစ်သည်၊ ရွာမှ လူများက အဖြူဆိုလျှင် ကိုသာအေးက အမည်း၊ သူများက အမည်းဆိုလျှင် သူက ဖြူစမြဲ။
တနေ့ ကိုသာအေးတို့ခြံဝင်း သရက်ပင်ပေါ်တွင် ပျားအုံကြီးတအုံ စွနြေသည်၊ မြင်မြင်သမျှ ရွာသားများက ဗျို့-ကိုသာအေး ခင်ဗျားသည်နှစ်တော့ တောင်ယာဖြစ်အုံးမှာပဲဗျာ၊ ဟု ချီးမွမ်းစကားဆိုလေ့ရှိသည်၊ ထိုစကားသံများကို ကိုသာအေး မနှစ်မြို့။
စီးပွားဆိုတာ ဖြစ်ချိန်တန် ဖြစ်မှာပဲ၊ ပျားအုံစွဲလို့ စီးပွားဖြစ်တယ်ဆိုတဲ့ သကား ကျုပ်မယုံဘူး၊
သွားကြ၊ လာမပြေကြနဲ့၊
စသည်ဖြင့် ကိုသာအေး အော်လွှတ်သည်၊ ထို့ကြောင့် ပျားအံကိစ္စနှင့်ပတ်သက်၍ ကိုသာအေးကို မည်သူမျှ မပြောကြတော့ပေ။
တနေ့ ကိုသာအေးတယောက် အိမ်ရှေ့ကွပ်ပြစ်တွင် ရေနွေးကြမ်း သောက်နေသည်၊ ထိုစဉ် ထီးချိုင့်မှ ကိုသာအေး သူငယ်ချင်း ကိုအောင်နိုင်-ဆိုသူ ရောက်လာသည်၊ ကိုအောင်နိုင်နှင့် ကိုသာအေးတို့ စကားစမြည် ပြောနေစဉ် ကိုအောင်နိုင် စရက်ပင်ပေါ်မှ ပျားအုံကို မြင်သွားသည်။
ဟ-ကိုသာအေး၊ ခင်ဗျား သည်နှစ်တော့ စီးပွားတက်ဦးမှာပဲဗျ၊
ဘာဖြစ်လို့လဲ
ဟော-ဟိုမှာ ပျားအံစွဲနေတယ်လေ၊
မဆိုင်တာပဲဗျာ
မဆိုင်တာ ဆိုင်တာ အပထား၊ ခင်ဗျား သည်ပျားအံကို မောင်းမထုတ်နဲ့နော်၊ သူတို့ ဘာသာ သူတို့ နေပါစေ။
ကိုသာအေး ဘာမျှမပြောပဲ ငြိမ်နေလိုက်သည်၊ ကိုအောင်နိုင် နှုတ်ဆက်ပြန်သွားသည်အထိ ကိုသာအေး ဘ၀င်မကျပေ၊ စိတ်ထဲကလည်း ပျားအုံကို မောင်းထုတ်ဖို့ တေးထားသည်။
တနေ့ ကိုသာအေး လယ်ထဲမသွားဘဲ မူးမူးနှင့် ပျားအုံကို မီးမှိုင်းတိုက်လေသည်၊ ၀ါးလုံးနှင့် မမှီသောကြောင့် သစ်ပင်ပေါ်တက်ပြီး မှိုင်းတက်လေသည်၊ ပျားတွေလဲ မီးမှိုင်းကြောင့် ကစဉ်ကလျား ပြေးကုန်ကြ၏၊ ကိုသာအေးလည်း မီးလောင်နေသော ပျားတွေကို ကြည့်၍ ပီတိဖြစ်နေသည်၊ ထိုစဉ် ၀ါးလုံး၌ ပတ်ထားသော ရေနံချေးမီးဝတ်သည် သရက်ပင်အောက်သို့ ပြုတ်ကျသွားသည်၊ အပင်ခြေရင်းမှသစ်ရွက်တွေကို မီးစွဲလောင်သည်၊ နွေရာသီဖြစ်၍ လေလည်းတိုက်နေသည်၊ သစ်ရွက်ခြောက်များမှတဆင့် ပင်စည်အထိ မီးကူးစက်လာသည်၊ ကိုသာအေးသည် အပေါ်တက်၍လည်းမဖြစ်၊ အောက်ဆင်း၍လည်းမဖြစ်၊ အရူးမီးဝိုင်းနေပေပြီ၊ မီးဟပ်လိုက်သဖြင့် ကိုသာအေး အောက်ပြုတ်ကျသွား၏၊ ဘေးပတ်ဝန်းကျင်အိမ်မှ လူများရောက်လာပြီး အတင်းဝင်ဆွဲကြသည်၊ ကိုသာအေးကား သတိမရတော့၊ ထာဝရအိပ်စက်သွားလေသည်။
ပျားအုံစွဲလျှင် စီးပွားတက်မည် ဆိုသည်ကို ကိုသာအေး မယုံကြည်သည်ပင် ထားဦး၊ သူတပါးကို မီးရှို့သတ်သဖြင့် မိမိလည်း မီးလောင်မြိုက်ခံရသော အကျိုးကို ကိုသာအေးတယောက် ကြုံတွေ့သွားရလေသည်။
( မွန်ဆူး (န) ထီးချိုင့် )
( မြတ်မင်္ဂလာ ၁၉၉၁-ဇန်န၀ါရီ )

ဘာသာရေး ပြဿနာ ( ၆ )

ဘဒ္ဒန္တ တိလောကသာရ-ဖြေသည်။

( ငရဲ နှင့် ၀ဋ် )
( မေး)။ ငရဲမှာ အပ ၀ဋ်မှာအမြဲ-ဟူသော ဆိုရိုးစကားရှိပါသည်၊ မည်သည့်အတွက်ကြောင့် ငရဲမှာ ကုသိုလ်ဖြင့် ဆေးကြောလို့ရပြီး ၀ဋ်ကျတော့ မရပါသလဲဘုရား၊ ရှင်းလင်း မိန့်ကြားပေးပါရန်။
( မနိုင်နိုင်မော်-ပုလောမြို့ )

( ဖြေ )။ ငရဲဟူသည်မှာ အကုသိုလ်၏ ပဋိသန္ဓေကျိုးဖြစ်၍
ဝဋ်ဟူသည်မှာ အကုသိုလ်၏ ပ၀တ္တိအကျိုး ဖြစ်ပါသည်။
ကုသိုလ်ကောင်းမှုများကို စဉ်ဆက်မပြတ် ပြုလုပ်ခြင်းဖြင့် ကုသိုလ်ကောင်းမှုများက သုဂတိဘ၀များ၌ ပဋိသန္ဓေ အကျိုးများ ဆက်ကာဆက်ကာ ပေးသွားလျှင် ငရဲပဋိသန္ဓေများ ကြားမ၀င်နိုင်ပါ၊
ဘ၀တခုခု၌ မဂ်တရား ဖိုလ်တရားများကို ရရှိသွားလျှင် ငရဲဟူသော ပဋိသန္ဓေကျိုးမှာ အဟောသိကံ ဖြစ်သွားရသည်။
ဝဋ်ဟူသည်မှာ ပဋိသန္ဓေကျိုး မဟုတ်ပါ၊ သုဂတိဘ၀၌ပင် ကုသိုလ်ကျိုးများ အကြား၌ အခြားအကုသိုလ်ကံ တခုခု၏ ဥပထမ္ဘက-ထောက်ပံ့မှုကို ရလျှင် ကုသိုလ်အကျိုးပေးတို့ ကွာဟ လစ်ဟင်းနေရာ၌ အန္တရာယ်အနေဖြင့် ၀င်ရောက်၍ အကျိုးပေးနိုင်ပါသည်။
*********************************************************************************

( ဈာန် အဘိညာဉ် )

( မေး)။ ဈာန်နှင့်အဘိညာဉ်တို့၏ အဓိပ္ပါယ်ကို ခွဲခြားသိလိုပါသည်၊
ဘုရားလောင်းသိဒ္ဓတ္ထ တောထွက်ပြီး ပထမဈာန်မှ အဋ္ဌမဈာန်အထိ ဈာန်ရှစ်ဆင့် ရရှိအောင် အဆင့်ဆင့် ကျင့်ကြံအားထုတ်ပုံကို အကျဉ်းချုံး၍ ရှင်းပြပေးတော်မူပါရန်
( မောင်သန်းနိုင်-မြန်မာစာအဓိက၊ မေဓာဝီလမ်း-မြောက်ဥက္ကလာပ )

( ဖြေ )။ ကာမစ္ဆန္ဒစသော နီဝရဏတရားတို့ကို လောင်မြိုက်တတ်သော တရားကို ဈာန်ဟုခေါ်သည်။
စတုက္ကနည်းအားဖြင့် ရူပဈာန်လေးပါး၊ အရူပဈာန်လေးပါး၊ ယင်း ၈-ပါးကို သမာပတ် ၈-ပါးဟုခေါ်သည်။
အဋ္ဌမဈာန်ဟု အသုံးမရှိပါ၊
ရူပါဝစရ ကုသိုလ် ကြိယာ ပဉ္စမဈာန်ကို အထူးသိတတ်သော သဘောတရားများ ဖြစ်၍ အဘိညာဉ်ဟုခေါ်သည်။
အဘိညာဉ်မှာ ဣဒ္ဓိဝိဓ-စသည်ဖြင့် ငါးပါးရှိပါသည်။
ဈာန် ၈-ဆင့်ရရှိရန် အဆင့်ဆင့် အားထုတ်ပုံမှာ-ပ၀ထီစသော ကသိုဏ်းဝန်းကို ရှု၍ ရူပပထမဈာန် စသည်ဖြင့် ရူပဈာန် ၅-ဆင့်၊ ထို့နောက် ကောင်းကင်ပညတ် စသည် အာရုံဖြင့် အရူပဈာန် ၄-ဆင့်ကို ဆက်လက် အားထုတ်ရပါသည်၊
အားထုတ်ရပုံကို ဖော်ပြရလျှင် အလွန်ကျယ်ဝန်းလှပါသည်၊ အဘိဓမ္မာ စိတ်ပိုင်း ရူပ-အရူပ အပိုင်းအခန်းကို လေ့လာဖို့ လိုအပ်ပါသည်။
*********************************************************************************

( အရှင်မောဂ္ဂလိပုတ္တတိဿ နှင့် အရှင်နာဂသိန် )

( မေး )။ တတိယသံဂါယနာ ဦးဆောင်အရှင် မောဂ္ဂလိပုတ္တိဿနှင့်
မိလိန္ဒမင်းကြီး အမေးကို ဖြေတော်မူသည့် အရှင်နာဂ၀ိန်တို့၏ အကြောင်းအရာမှာ ဆင်သလိုဖြစ်နေပါ၍
ရှင်းလင်းဖြေကြးပေးတော်မူပါဘုရား။
( မောင်ခင်ဦး-ကြို့ချောင်းရွာ၊ ဥက္ကံနယ် )

( ဖြေ )။ အရှင်မောဂ္ဂလိပုတ္တတိဿ၊ အရှင်နာဂသေန တို့သာမက အဋ္ဌကထာကျမ်းပြု အရှင်မဟာဗုဒ္ဓဃောသတို့ပါ လူ့ဘ၀သို့ ရောက်လာရသော အတ္ထုပ္ပတ္တိအကြောင်းမှာ တူညီသလို
ဖြစ်နေကြပါသည်၊
ဤသည်မှာလည်း သဘာဝမလွန်ပါ၊ ရဟန္တာအရှင်မြတ်ကြီးများသည် အနာဂတ်သာသနာတော်ကြီး မည်သည့်ဘေးရန်များ ထိပါးမည်နည်း၊ မည်သို့အခက်အခဲများ ပေါ်ပေါက်မည်နည်း၊ စသည်ဖြင့် အနာဂတံသ ဉာဏ်ဖြင့် ကြည့်ရှုတော်မူကြသည်၊ ယင်းသို့ ကြည့်ရှုတော်မူရာမှ ဤမည်သောအချိန်အခါ၌ ဤမည်သော အန္တရာယ်များ အခက်အခဲများ တွေ့ကြုံရလိမ့်မည်-ဟု မြင်တော်မူလျှင် ဤအန္တရာယ်အခက်အခဲတို့ကို မည်သူဖယ်ရှား သုတ်သင်နိုင်မည်နည်း-ဟုကြည့်တော်မူသည်၊ ထိုအချိန်၌ ပညာရှိ ရဟန္တာလောင်းများမှာ နတ်ပြည်၌သာ ရှိနေကြကြောင်း မြင်တော်မူသည်နှင့် ထိုအချိန်အခါ၌ လူပြည်၌ဖြစ်ရန်၊ ဖြစ်လျှင် စောင့်ရှောက်၍ ပညာသင်ရန် တာဝန် အသီးသီးယူစေပြီးမှ စိတ်ချလက်ချ ပရိနိဗ္ဗာန်ပြုတော်မူကြသည်၊
ဆိုင်ရာဆိုင်ရာ အချိန်အခါတို့၌ ပညာရှင် နတ်သားတို့က နတ်ပြည်မှစုတေ၍ လူ့ပြည်ဖြစ်ခြင်း၊ စောင့်ရှောက် ပညာသင်ပေးရမည့် ရဟန်းသံဃာတော်တို့က သာသနာတွင်းရောက်အောင် ဆွဲဆောင်၍ ပညာသင်ပေးရခြင်း စသည်တို့မှာ ပြုမူပြောဆိုပုံမှစ၍ တူညီနေကြပါသည်၊ တူညီနေ၍ မဟုတ်နိုင်ပါဘူး-ဟု ပြောဆိုရန်မသင့်။
ဤသို့ဖြစ်လျှင် ဤနည်းဖြင့် သာသနာတော်ကို သုတ်သင်ကြရပါကလား-ဟု ရှေးရှေး သာသနာတော်စောင့် ရဟန္တာအရှင်မြတ်ကြီးများအား အကြည်ညိုပွားကြရန်ပင် ဖြစ်ပါသည်။
*********************************************************************************

( သီလအကြောင်း )

( မေး )။ ဥပုသ်စောင့်လိုသူများသည် ရဟန်းတပါးပါးထံမှဖြစ်စေ၊ ရုပ်ပွားတော် စေတီတော်များ ရှေ့၌ဖြစ်စေ ခံယူဆောက်တည်နိုင်ကြောင်း သိရပါသည်။
သို့တည်းမဟုတ် မည်သူ့ထံမှ မဆောက်တည်ဘဲ ငါးပါးသီလ ရှစ်ပါးသီလ တို့ကို စိတ်ဖြင့် စောင့်စည်းနေထိုင် ကျင့်ကြံလျှင် ဖြစ်နိုင် မဖြစ်နိုင် ဖြေကြားပေးတော်မူပါ ဘုရား။
( မင်းနွယ်သစ်-ကွမ်ရိုက်ရွာ၊ ချောင်းဆုံမြို့နယ် )

( ဖြေ )။ ငါးပါး ရှစ်ပါး သီလတို့ကို မိမိဘာသာ စောင့်ရှောက် ဆောက်တည်နိုင်သော်လည်း နှုတ်မြွက်ဆို၍ကား ဆောက်တည်ရပါမည်။
နှုတ်မမြွက်ဘဲ စိတ်ထဲက ဆောက်တည် စောင့်စည်း နေထိုင်ရုံဖြင့် မရပါ။
အနည်းဆုံး-တပည့်တော်သည် ငါးပါးသီလကို ဆောက်တည်ပါ၏ ဘုရား။
ရှစ်ပါးသီလကို ဆောက်တည်ပါ၏ ဘုရား-ဟစသည်ဖြင့်
မြန်မာဘာသာဖြင့် နှုတ်မြွက် ပြောဆို၍ ဆောက်တည်ရပါမည်။
*********************************************************************************

( ကိုယ်စောင့်နတ်နှင့် သာဝက ဆုရှင်များ )

( မေး )။ ၁။ ကုသိုလ်အဖို့ဘာဂကို အမျှဝေရာတွင် ကိုယ်မှာစောင့်ကြပ် ကိုယ်စောင့်နတ်မှ အရင်းစ၍-
စသည်ဖြင့် ပေးပို့လေ့ရှိကြရာ ခန္ဓာကိုယ်ကို စောင့်ကြပ်သော ကိုယ်စောင့်နတ် တကယ် ရှိ-မရှိ သိလိုပါသည်ဘုရား။
၂။ အဂ္ဂသာဝက၊ မဟာသာဝက၊ ဧတဒဂ်ရ ရဟန္တာအရှင်၊ အရှင်မ အလောင်းများသည် မိမိတိုပတောင့်တသော ဆုကို ဘ၀တိုင်း သတိရနိုင်ကြပါသလား ဖြေကြားတော်မူပါရန်။
( မမီးမီး-ဗိုလ်တထောင်မြို့နယ် )

( ဖြေ )။ ၁။ အရက္ခဒေ၀တာ-ဟူသော ကိုယ်စောင့်နတ်ရှီကြောင်း ဗုဒ္ဓစာပေတွင် အထင်အရှားရှိသည်။
သို့သော် ကိုယ်စောင့်နတ်ဆို၍ စောင့်ရှောက်အပ်သောသူ၏ ကိုယ်တွင် အမြဲကပ်မှီ၍နေသည်-ဟု မမှတ်ရာ၊ အခြေအနေအရ ကြည့်ရှုစောင့်ရှောက်ခြင်းမျိုးသာဖြစ်၍ ယင်းတို့ကုသိုလ်အားလျော်စွာ ဘုမ္မဋ္ဌ၊ ရုက္ခဋ္ဌ စသည်ဖြင့် ဘုံဗိမာန်များ၌ နေကြသော နတ်များသည်ဖြစ်သည်၊
ဥပမာ-ရုက္ခစိုး ဆိုပါစို့၊ ၄င်းတို့မှာ သစ်ပင်ပေါ် သစ်ကိုင်းပေါ် ခွဆုံ စသည်၌ နေသည်မဟုတ်၊
သစ်ပင်၏ထိပ်ဖျား၌ဖြစ်စေ၊ အနီးအပါး၌ဖြစ်စေ၊ ကုသိုလ်အားလျော်စွာ ဖြစ်လာသော ဘုံဗိမာန်ရှိလေသည်။
ယင်းဘုံဗိမာန်၌ နေကြ၏၊ သစ်ပင်ပျက်စီးလျှင် ဘုံဗိမာန်လည်း ပျက်စီးတော့သည်၊
ကိုယ်စောင့်နတ်မှာ မိမိဆိုင်ရာ လူ ကွယ်လွန်လျှင် အခြားတဦးသို့ ပြောင်းရွှေ့သွားရတတ်လေသည်၊ သို့သော် လူတိုင်းတွင် ကိုယ်စောင့်နတ် ရှိသည်မဟုတ်၊ ကုသိုလ်ရှိသူ ကောင်းမှုရှင် ဘုန်းကံရှင်များ၌သာ ရှိနိုင်ကြောင်း သတိပြုပါလေ။

၂။ အလွန်လေးနက်သော ဧတဒဂ်ဆုကဲ့သို့ အဓိကရကိစ္စကြီးကို မဆိုထားဘိ၊ မိမိ၏ စွဲလမ်းမှု ၀ါသနာသည်ပင် တဘ၀နှင့် တဘ၀ လိုက်ပါစွဲထင်လေ့ရှိသည်၊
အရှင်ပိလိန္ဒ၀စ္ဆသည် ဘ၀များစွာ ဇာတ်မြင့်ပုဏ္ဏားမျိုးဖြစ်ပြီး မိမိအောက်လူများကို သူယုတ်-ဟု ခေါ်လေ့ရှိကြောင်း နောက်ဆုံးဘ၀ ရဟန္တာဖြစ်သည့်တိုင်အောင် လူများအား သူယုတ်-ဟု ခေါ်လေ့ရှိကြောင်း၊ မျောက်ဘ၀နှင့်နီးစပ်သော ရဟန္တာတပါးမှာ မြောင်း-စသည်ကို ခုန်၍သွားတတ်ကြောင်း၊
ဗြဟ္မာပြည်မှ လာသူများမှာ ကာမကို ရွံရှာ စက်ဆုပ်၍ ၀ိသဘာဂအာရုံများကို ရှောင်ရှားတတ်ကြကြောင်း ဆိုပါသည်။
ဧတဒဂ်ဆုရှင်များကား ယင်းဆုကို အလွန့်အလွန် မြတ်နိုးလှသည်၊ သမုဒ္ဒရာ လက်တကမ်းသို့ အရောက်သွားနိုင်လျှင် ယင်းဆုကို ရမည်ဆိုလျှင်ပင် သမုဒ္ဒရာကို လက်ပစ်ကူး၍ သွားနိုင်သော ဆန္ဒရှိသည်။
ဤမြေအောက် ရောက်အောင်သွားနိုင်လျှင် ဤဆုကို ရမည်ဆိုပါက မြေကြီးကိုယက်၍ အရောက်သွားနိုင်သည့် ဆန္ဒရှိသည်။ ဤမျှ လိုအင်ဆန္ဒကို လွန်လွန်မင်းမင်း စွဲပိုက်ထားသူများဖြစ်၍ ဘ၀ပေါင်းမည်မျှ ကွာခြားလင့်ကစား မိမိတောင်းထားသောဆုကို သတိရနိုင်ပေသည်။
ရှင်သီဝလိအလောင်း သတို့သားသည် ကမ္ဘာတသိန်းထက်က လာဘ်လာဘ ပေါများရာတွင် အမြတ်ဆုံး ဧတဒဂ်ဆုကို တောင်းထားကြောင်း၊ ၉၁-ကမ္ဘာထက် ၀ိပဿီမြတ်စွာဘုရားလက်ထက် လှူဒါန်းရာတွင်လည်း ထိုဆုကိုပင် ထပ်၍တောင်းကြောင်း ထို့အတူ ဘ၀တိုင်းပင် ဤဆုကိုသာ တောင်းဆိုခဲ့ကြောင်း အပါဒါန်တွင် ပါရှိပေသည်။
*********************************************************************************

( ဘုရားခန်းနှင့် အောက်ထပ် )

( မေး )။ အောက်ထပ် အိမ်ထောင်စုများ၌ ဘုရားခန်းထား၍ ကိုးကွယ်ရာ အပေါ်ထပ် အိမ်ထောင်စုတို့၏ အောက်မှာ ဖြစ်နေတတ်၍ ဘုရားခန်း၏အပေါ်၌ သွားလာနေထိုင်သူများ၌ အပြစ်ရှိပါသလား၊
သို့မဟုတ် အောက်ထပ်၌ ဘုရားခန်း ထားသူများမှာ အပြစ်ရှိပါသလား၊
ဖြေကြားပေးပါရန် လျှောက်ထားပါသည်ဘုရား။
( ဒေါ်တင်တင်-ရန်ကင်း )

( ဖြေ )။ အထက်ထပ်၌ နေသည်ဖြစ်စေ၊ အောက်ထပ်၌ နေသည်ဖြစ်စေ၊ ဗုဒ္ဓရှင်တော်မြတ်ဘုရား၌ ကြည်ညိုကိုးကွယ်ကြသော ဗုဒ္ဓဘာသာဝင်များပီပီ ဘုရားခန်းကို တခမ်းတနားထား၍ ကိုးကွယ်ကြခြင်းမှာ ဓမ္မတာဖြစ်ရသည်။
အောက်ထပ်ဖြစ်၍ ဘရားခန်း မထားသင့်-မကိုးကွယ်သင့်ဟူ၍ မဖြစ်သင့်ပါချေ။
မိမိတို့နေထိုင်ရာ နေရာ၌ အထွတ်မြတ်ဆုံးထား၍ ကိုးကွယ်ကြရန်သာ ဖြစ်သည်။
ဤသို့ အောက်ထပ်၌ ဘုရားထား၍ ကိုးကွယ်ခြင်းကြောင့် အထက်ထပ်၌ နေသူတို့အတွက်လည်း မရိုမသေ ပြုမူသည်မမည်။ ပကတိနေမြဲအတိုင်း နေပါ၊ အပြစ်ဖြစ်စရာ အကြောင်းမရှိပေ။

သာဓကအနေဖြင့် ဆိုရသော်
ဥတ္တရသတို့သမီးသည် မိမိခင်ပွန်းဖြစ်သူက ဗုဒ္ဓရှင်တော်မြတ်ဘုရားအား ကိုးကွယ်သူမဟုတ်၍ ခင်ပွန်းဖြစ်သူအား မိမိကိုယ်စား သီရိမာအား အထက်ထပ်၌ ပြုစုလုပ်ကျွေးစေခဲ့သည်၊ မိမိက အောက်ထပ်သို့ ဆင်းလာပြီး ဘုရားအမှူးရှိသော သံဃာတော်တို့အား ခုနစ်ရက်ပတ်လုံး ပင့်ဖိတ်၍ ဆွမ်းလုပ်ကျွေးခဲ့လေသည်။
မြတ်စွာဘုရားကိုယ်တော်တိုင်လည်း ဥတ္တရာရှိရာ ပြသာဒ်အောက်ထပ်၍ ကြွရောက်ချီးမြှောက်ခဲ့သည်။
ထို့ကြောင့် အိမ်အောက်ထပ်၌ နေထိုင်သော်လည်း ဘုရားခန်းထား၍ ကိုးကွယ်သင့်သည်သာ ဖြစ်ပါ၏၊ ဘုရားခန်းသို့ အမှုန်အမှိုက်များ မကျရောက်နိုင်ရန် အ၀တ်မျက်နှာကြက်စသည် လှလှပပ ပြုလုပ်ပူဇော်ထားကြရန်ကား လိုပေလိမ့်မည်။