Friday, January 16, 2009

မိုးပျံ သာမဏေများ

မြတ်စွာဘုရား ဇေတ၀န်ကျောင်းတော်၌ ရှိစဉ် ဖြစ်၏၊ ပုဏ္ဏေးမကြီးတယောက်သည် မထေရ်ကြီး လေးပါးကို ဆွမ်းကျွေးမည်-ဟု ချက်ပြုတ်ပြင်ဆင်ပြီးနောက် ပုဏ္ဏားကြီးအား ပင့်ရန် စေလွှတ်လိုက်သည်၊ ထိုနေ့၌ ဆွမ်းစားလိုက်ရန် အလှည့်ကျသော သံကိစ္စ၊ သုမန၊ ပဏ္ဍိတ၊ သောပါက မည်သော သာမဏေ လေးပါးကို ပင့်ဆောင်၍ ပုဏ္ဏားကြီးပြန်ရောက်လာသည်၊ ပုဏ္ဏေးမကြီးက ငယ်ရွယ်သူများဖြစ်၍ မနှစ်သက်ဘဲ သာမဏေများကို နိမ့်သောနေရာတွင် ထိုင်စေလေသည်၊ ပုဏ္ဏားကြီအား မထေရ်ကြီးတပါးကို ရအောင်ပင့်ချေ-ဟု ထပ်မံလွှတ်ပြန်ရာ ရှင်သာရိပုတ္တရာအား ပင့်ဆောင်ခဲ့သည်၊ သို့သော် အရှင်မြတ်သည် သာမဏေလေးပါး ရှိနှင့်နေပြီဖြစ်၍ ပြန်ကြွသွား၏၊
နောက်ထပ်ပင့်ခိုင်းပြန်ရာ အရှင်မောဂ္ဂလာန်ပါလာပြီး ရှေးနည်းတူ ပြန်ကြွသွားလေသည်၊
သာမဏေလေးပါးသည် ဆာလောင်မွတ်သိပ်နေရာ သိကြားမင်းသိရှိပြီး ပုဏ္ဏားအို အယောင်ဆောင်၍ ပုဏ္ဏေးမကြီး အိမ်သို့ လာခဲ့၏၊ ပုဏ္ဏေးမကြီးက ရိုသေလေးစားစွာပြင်ဆင်ထားသောနေရာကောင်း၌ ထိုင်စေသည်၊ ပုဏ္ဏားအိုကြီးက မထိုင်ဘဲ သာမဏေများကို ရိုသေစွာရှိခိုးပြီး နိမ့်သောနေရာတွင် ထိုင်၏၊ မြေးအရွယ်လောက် သာမဏေများကို ရှိခိုးသော ပုဏ္ဏားအိုအား စိတ်ဆိုးကာ ပုဏ္ဏားလင်မယားက ပုဏ္ဏားအိုအား ဆွဲထုတ်ကြ၏၊ သို့သော် မည်သို့မျှပြုလုပ်မရသဖြင့် ထိတ်လန့်နေစဉ် သိကြားမင်းအဖြစ်ကိုသိစေပြီး ၇-နှစ်ရွယ် ရဟန္တာသာမဏေများအား ဆွမ်းလုပ်ကျွေးစေလေသည်။

ဆွမ်းစားပြီးသော် သာမဏေလေးပါးနှင့် သိကြားမင်းသည် အသီးသီး အိမ်မိုးမှ ဖောက်ထွက်ပြီး ပျံကြွသွားရာ အိမ်အမိုးတွင် အပေါက်ကြီးငါးပေါက် ကျန်ရစ်ခဲ့သည်၊ ကျောင်းတော်သို့ ပြန်ရောက်၍ ရဟန်းများက ပုဏ္ဏေးမကြီး ပြုမူပုံကို စိတ်မဆိုးပါလော-မေးရာ စိတ်မဆိုးပါ-ဟု ဖြေကြ၏၊ မြတ်စွာဘုရား သိတော်မူ၍ ဗြာဟ္မဏ (ရဟန္တာ) မည်သည် ဒေါသမရှိလေ-ဟု အောက်ပါဂါထာကို ဟောောတ်မူသည်။

( ဂါထာ )
အ၀ိရုဒ္ဓံ ၀ိရုဒ္ဓေသု ၊ အတ္တဒဏ္ဍေသု နိဗ္ဗုတံ ။
သာဒါနေသု အနာဒါနံ ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ ။

( မြန်မာပြန် )
ဆန့်ကျင်ဘက် ပြုသူတို့၌ မဆန့်ကျင်သော၊
တုတ် ဓား ရှိသူတို့၌ တုတ် ဓား ချထားပြီးသည်ဖြစ်၍ ရန်ငြိမ်းသော
စွဲလမ်းအပ်သော အရာတို့၌ မစွဲလမ်းသော ထိုသူကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။

( ဆောင်ပုဒ် )
ဆန့်ကျင်သူအား၊ ရန်မပွားဘဲ၊ တုတ် ဓားကိုင်လဲ၊ စိတ်ထဲသန့်ရှင်း၊ မျက်မာန်ကင်း၏။
သင်းပင်းတွယ်တာ၊ ငါးခန္ဓာကို၊ တဏှာမရှိ၊ စွဲကင်းဘိမူ၊ ထိုသသူအား၊ မြတ်သူဗြာဟ္မဏ၊ ခေါ်ဆိုရ၏။

( ဗြာဟ္မဏ၀ဂ် သာမဏေရာနံ ၀တ္ထု )

No comments: