Sunday, January 11, 2009

အပျိုစင်

ကျွန်ုပ်တို့သည် အပျိုဖြန်းကလေးများ၏ သဘေသဘာဝကို သိသင့်သမျှ သိခဲ့ကြရပြီးနောက် တိုးတက်နားလည်ရန် အချက်သည်ကား ( အပျိုစင် )များ၏ အကြေင်းပင် ဖြစ်လေသည်။ ၄င်းအပျိုစင်ခေါ်ရသော အရွယ်တို့မှာ ငယ်သွေးငယ်မူမှ ကြီးမူကြီးရာသို့ တဖြည်းဖြည်း ကူးမြောက်၍ အပျိုစင်ဘ၀သို့ ရောက်လေသည်၊ ထိုအချိန်မှာ ၁၅-နှစ် ၁၆-နှစ် အရွယ်များက အစပင် ဖြစ်လေသည်။

အပျိုစင်ဘ၀သို့ လုံးလုံးရောက်သော အရွယ်တို့မှာ အပျိုဖြန်း၊ အပျိုပေါက်တို့လောက် စိတ်မကစားဘဲ အရှက်အကြောက်နှင့် ကာယိနြေ္ဒတို့သည် တိုးမှန်းမသိ တိုး၍ နေရာတကာမျိုးမှာ သိပ်သိပ်သည်းသည်းကလေး ဖြစ်၍လာ၏၊ အပျိုဖြန်း အပျိုပေါက်တို့လောက် ပလီစိ ပလီစာမများဘဲ အပြောအဆို ဆင်ခြင်၏၊ အနေအထိုင် ပြင်ဆင်၏၊ ပြင်ပတပါးသို့ အသွားအလာနည်း၏၊ ဤကဲ့သို့ ပြောင်းလဲမှန်းမသိ ပြောင်းလဲ၍လာသည်မှာ ဓမ္မတာသဘော၏ ပြုပြင်မှုပင်တည်း။

အသက် ၁၆-နှစ်ကစ၍ ၂၃-နှစ် ၂၄-နှစ် အရွယ်များတွင် အရိုးအရေ အသားအသွေးတို့သည် ထွားကျိုးပြည့်ဝပြီးလျှင် အစွမ်းကုန်လှသော အချိန်အရွယ်မျိုး ဖြစ်လေ၏၊ ကိုယ်ကာယဖွံ့ဖြိုး၍ အလှကျက်သရေ တိုးသည်နှင့်အတူ စိတ်နေစိတ်ထားမှာလည်း တမျိုးပင် ပြောင်းလဲ၍ လာလေသည်။

အသက် ၁၄-နှစ် ၁၅-နှစ် အရွယ်မျိုးမှာ ပူရပင်ရမှန်းမသိ မသိတတ်သေးချေ၊ သက်တူရွယ်တူ အပျိုဖြူချင်း တွေ့ဆုံကြလျှင် ပြုံးပြုံးရွှင်ရွှင်နှင့် ရယ်သွမ်းသွေးကာ နေတတ်ကြ၏၊ ပူစရာ ရှိပြန်ကလည်း ကောက်ရိုးမီးကဲ့သို့ တဟုန်ထိုး တခဏမျှသာ ပူတတ်၏၊ အပျော်အပါးနှင့် အလှပြုပြင်မှုကိုသာ အမြဲစိတ်ကူး၍ အလှရူးရူးသော အရွယ်မျိုး ဖြစ်လေသည်။

အလှဘက်ကို အာရုံထားပြီး သူများထက်သာအောင် နိုင်ငံခြားဖြစ်အလှဆီ၊ အရောင်တင်ပေါင်ဒါ၊ ရေမွှေး နှုတ်ခမ်းဆိုး ပါးအို့နီဆေး မျက်ခုံးမွေးမင် စသည့် အလှပြုပြင်စရာ ၀တ္ထုများကို တွေ့တိုင်းဝယ်၊ ပေါ်တိုင်းသုံး၍ ငွေဖြုန်းဘက်က အားသန်သော အရွယ်မျိုး ဖြစ်လေသည်။

အင်္ကျီတထည် ချုပ်မည်ကြံလျှင် လက်ကျဉ်းမှ၊ လက်ပွမှ၊ လက်ဖျားကျယ်မှ၊ လက်တိုမှ၊ အနားပတ်သေးမှ၊ လက်ချုပ်မှ၊ စက်တွန့်မှ၊ လည်ဟိုက်မှ၊ ကိုယ်ထည်ဝိုင်းမှ၊ နောက်တက်မှ၊ ရှေ့စိုက်မှ၊ ဇာတပ်မှ၊ ထိုးပန်းပါမှ စသည်ဖြင့် အင်္ကျီတထည်ဖြစ်ဖို့ရန် အမျိုးမျိုး စီမံခြယ်လှယ်ကြကုန်၏။

အင်္ကျီသာလျှင်မဟုတ်သေး လုံချည်ဘက်ကလည်း ဇီဇာကျယ် စိန်ရွှေနှင့်ပတ်သက်သည့် လက်ဝတ်လက်စားဘက်ကလည်း လတိုင်းလိုလို အဆန်းထွင်၍ အဟောင်းကို ပြင်ရသည့်ကိစ္စ၊ ကုန်ကျသည့် လက်ခကို သဘောမထားဘဲ အဆန်းအပြားကိုသာ အာရုံထားတတ်ကြ၏။

ဤကဲ့သို့ တယောက်ထက် တယောက်သာရန် အတုခိုး၍ တယောက်တမျိုး ဆန်းရာကစပြီးလျှင် လူအမျိုးမျိုးတို့၏ အသုံးအနှုန်း အပြင်အဆင်ကို လှလိမ့်နိုးထင်လျက် လက်ဆွဲအိတ် ဆောင်ချင်သောစိတ်၊ လေဒီရှူး စီးချင်သောစိတ်၊ လည်ပတ်ကော်လာ ဆင်ချင်သောစိတ်၊ ဖဲကြိုးစည်းချင်သောစိတ်၊ ကျစ်ဆံမြီး ထိုးချင်သောစိတ်၊ ဆံထုံးကြီးကြီး ထုံးချင်သောစိတ်၊ အင်္ကျီပါးပါး ၀တ်ချင်သောစိတ်တို့သည် အလှပြုပြင်မှုကို အမှီပြု၍ ဖြစ်ပေါ်လာရကုန်၏။

မိန်းမဘာဝ၊ တုပလူတွင်၊ ၀တ်ဆင်တန်းဆာ၊ လျှပ်ပေါ်စွာကာ၊ ရာတန်ထောင်တန်၊ သိန်းတန်မက၊ ရွှေငွေစသား၊ မြမြစိန်စိန်၊ ထိန်ထိန်လက်လက်၊ နှစ်သက်လိုလား၊ ၀တ်စားကိစ္စ၊ အားမရဘူး။ ( မဃဒေ၀ )

မိန်းမ ယောက်ျား၊ မြင်ဖန်များ ၊ သနား ချစ်ကျွမ်းဝင်။
ကျွန်ပင်ဖြစ်ငြား၊ မရှောင်ရှား၊ မေ့မှားတတ်ကြအင်။

( ရေးသူ-ဦးခ )

No comments: