Wednesday, January 14, 2009

သံပုရာသီး

သံပုရာသီးကို မျက်နှာတခြမ်း လေဖြတ်ထားသူများ, သွေးပေါင်ချိန် တက်တတ်သူများ, အမူးအမော် ရှိသူများ, ရင်တုန်တတ်သူများသည် သံပုရာသီးကို အမြဲဆောင်ထားသင့်သည်၊
ခေါင်းမရှင်း မကြည်လင်လျှင် သံပုရာရည်တခွက်ကို သောက်လိုက်ရသည်၊ ထိုအခါမှ ခေါင်းရှင်း ခေါင်းကြည်သွား၍ လန်းဆန်းတက်ကြွသွားလေသည်။

သံပုရာသီးသည် ချဉ်သောအရသာရှိသဖြင့် များများစားလျှင် ရင်ကိုပူစေသည်၊ သံပုရာသီးသည် လေကိုင်နိုင်ပြီး နှုတ်ကိုမြိန်စေသည်၊ ၀မ်းကိုသက်စေသည်၊ ပိုးများကို နိုင်သည်၊ ၀မ်းမီးကိုတောက်စေပြီး
ဝမ်းတွင်းရှိ အန္တရာယ်ပြုသော ပိုးများကို ဖျက်ဆီးနိုင်သော အစွမ်းသတ္တိရှိသည်။

ထိုအန္တရာယ်ပြုသော ပိုးများကြောင့် ဖြစ်ပေါ်လာသည့် ကင်ဆာ ရောဂါ, အဆုတ်နာ ရောဂါ, တိုက်ဖွိုက် ရောဂါ, အတိဿရ ၀မ်းရောဂါ, ကာလ ၀မ်းရောဂါများကို သံပုရာရည်က နိုင်နင်းစွာ ဖျက်ဆီးချေမှုန်းနိုင်သည်။ အဆစရောင် ရောဂါ, သွေးတိုး ရောဂါ, အစာမကြေ ရင်ပြည့်ရင်ကယ် ရောဂါ, သလိပ်ကပ် ရောဂါတို့ကိုလည်း သံပုရာရည်က ကာကွယ်ပေးနိုင်သည်။

ငှက်ဖျားရောဂါသမားများအနေဖြင့်ကျကျဖျော်ထားသော ကော်ဖီတွင် သံပုရာရည်ကိုထည့်၍ မှန်မှန်သောက်သုံးပေးပါက ငှက်ဖျားရောဂါသည် တနေ့တခြား လျော့ပါးသွားပါလိမ့်မည်၊ နှလုံးသွေးကြောကျဉ်း ရောဂါရှိသူများအနေဖြင့် ရေနွေးပူပူကို မတ်ခွက်အတွင်းထည့်၍ သံပုရာသီးကို အလုံးလိုက်ထည့်ပါ၊ ထို့နောက် မတ်ခွက်အဖုံးကို အုပ်ထားပါ၊ သံပုရာသီး နွမ်းလောက်သောအချိန်ကျမှ မတ်ခွက်အတွင်းရှိ အရည်ကို သောက်၍ အသီးကို စားသုံးပါက ရောဂါသက်သာပျောက်ကင်းစေနိုင်ပါသည်၊ အသက်ရှူကျပ်၍ အသက်ရှိုက်ပြီး ရှူနေရသော ဝေဒနာရှင်များအဖို့လည်း အထူးသက်သာရာ ရစေပါသည်။

ထို့ပြင် သံပုရာရည် ဇွန်းကြီး ၂-ဇွန်းကို ရေ ၂-ဇွန်းဖြင့် ရောစပ်ပြီး နံနက်တကြိမ် ညတကြိမ် ပုံမှန်သောက်ပေးပါက သွေးတွင်းအဆီကို ကျစေကာ ခန္ဓာကိုယ် မ၀အောင် ထိန်းချုပ်ထားနိုင်သည်၊ ထိုမျှမက ဆီးကို ကောင်းစေပြီး သွေးပေါင်ချိန်ကိုလည်း ထိန်းထားနိုင်ကြောင်း တွေ့ရသည်။

ရေ၀ဲစားသောအနာ ပွေး ဒက် မွှေးကျွတ်နာ ဦးခေါင်း၌ပေါက်သော ဗောက်များ အရေပြား၌ အမည်းကွက်များပေါ်ခြင်း-စသော ယားနာအမျိုးမျိုးတို့အတွက် သံပုရာသီးကို ထက်ခြမ်းခြမ်း၍ နာနာပွတ်တိုက်ပေးပါ၊ ထိုအနာတို့ သက်သာပျောက်ကင်းစေပါသည်။

သံပုရာရည်တွင် သကြားအနည်းငယ်ထည့်၍ များများသောက်ပေးပါက အရက်မှဖြစ်သော အဆိပ်, အစာမှဖြစ်သော အဆိပ်,ဘိန်းမူးလွန်သော အဆိပ်, မြွေဆိပ် စသည်တို့ကို သက်သာပျောက်ကင်းစေနိုင်သည်။

သံပုရာရည်တွင် သကြားအနည်းငယ်ထည့်ပြီး နံနက်တကြိမ် ညတကြိမ် ပုံမှန်သောက်ပေးလျှင်လည်း သွားမှ သွေးယိုခြင်း၊ ၀မ်းဗိုက်အတွင်း ပူလောင်ခြင်း၊ အဆီများ၍ ချောင်းဆိုခြင်း၊ သည်းခြေအားနည်းခြင်း၊ အဆစ်အမြစ်ကိုက်ခဲခြင်း ရောဂါတို့ကို သက်သာပျောက်ကင်းစေနိုင်ပါသည်။

သံပုရာရည်တွင် ပျားရည်အနည်းငယ်ရောစပ်ပြီး မျက်နှာကိုလိမ်းပေးကာ လက်ဖြင့် အသာအယာ နှိပ်နှယ်ပေးပါ၊ ပြီးနောက် ရေဆေးချလိုက်ပါ၊ သွေးလှည့်ပတ်မှု အားကောင်းလာပြီး ၀က်ခြံ တင်းတိပ်များ ပျောက်ကင်း၍ မျက်နှာပြင် အသားအရေ ချောမွေ့လာပါလိမ့်မည်။

ခြေသည်းလက်သည်းများ၌ဖြစ်သော မှိုစွဲရောဂါရှိသူတို့အဖို့ ထိုရောဂါရှိသောနေရာကို သံပုရာရည်ထဲတွင် မိနစ် ၂၀-မျှ စိမ်ထားပေးပါ၊ သက်သာပျောက်ကင်းပါလိမ့်မည်။

သံပုရာသီးအခွံစိမ်းကို စားပေးပါက လေနာရောဂါကို ပျောက်ကင်းစေနိုင်ပါသည်၊ ထို့ပြင် သံပုရာစေ့ ၅-စေ့ခန့်ကို အခွံခွာ၍ နေ့စဉ်စားပေးခြင်းဖြင့် သွေးပေါင်ချိန်ကို ထိန်းထားနိုင်သည်၊ အအေးမိ ကိုက်ခဲခြင်း၊ အဆစ်အမြစ်များ အလွန်နာကျင်ကိုက်ခဲခြင်းဖြစ်ပါက သံပုရာရည်တွင် ဇ၀က်သာအနည်းငယ်နှင့် ပျားရည်အနည်းငယ် ရောစပ်၍ သောက်ပေးခြင်းဖြင့် သက်သာရာရစေပါသည်။

အဖျားဖြတ်ဆေးအနေဖြင့်လည်း သံပုရာပင် အခေါက်ကို အသုံးပြုနိုင်သည်၊ သံပုရာပင် အခေါက် ၅-ကျပ်သားကို ရေ ၅၀-ကျပ်သားနှင့် ရော၍ ၂၅-ကျပ်သားခန့်ရအောင် ကျိုပါ၊ ထိုအရည်ကို တခါသောက် ၂-ကျပ်သားမျှ သောက်ပေးပါက အဖျားရောဂါ ပျောက်ကင်းစေနိုင်ပါသည်၊ သရက်ရွက်ကြီးသောရောဂါ ရရှိပါက သံပုရာသီးသနပ်ကို ထမင်းဖြင့် အမြဲစားသုံးခြင်းဖြင့်လည်း သက်သာပျောက်ကင်းစေနိုင်ပါသည်။

ကင်ဆာရောဂါဝေစဒနာရှင်များအတွက် အရည်ပြည့်ဝသော သံပုရာသီးကို ရေအေးတွင် စိမ်ထားပါ၊ ထို့နောက် သံပုရာသီးကို အလုံးလိုက်ပြုတ်၍သော်၎င်း၊ ပေါင်း၍သော်၎င်း ပြုပါ၊ ထို့နောက် ထိုသံပုရာသီးကို အလုံးလိုက် အရည်ကိုစုပ်၍၎င်း၊ အရည်ညှစ်၍ ပျားရည်နှင့်ရောစပ်၍၎င်း၊ နံနက်တကြိမ် ညတကြိမ် ပုံမှန်သောက်ပေးနိုင်မည် ဆိုပါက မည်သည့်ကင်ဆာရောဂါမျိုးကိုမဆို သက်သာပျောက်ကင်းစေနိုင်သည်-ဟု အဆိုရှိပါသည်။

ထို့ပြင် ပေါင်းထားသော သံပုရာသီးရည်ကို တရက်လျှက် တလုံး စသည်ဖြင့် ၁၂-လုံးပြည့်အောင် သောက်ရပါမည်၊ ၁၂-လုံးပြည့်သောအခါ တဖန်ပြန်၍ ဆေးတပတ်လျှင်တရက် လျှော့၍ သောက်ရပါမည်။
အကယ်၍ ၁၂-လုံးပြည့်အောင် မသောက်နိုင်ပါက ၈-လုံးပြည့်သောအခါ တဖန်ပြန်၍ တရက်စီလျှော့ပြီး သောက်ပေးပါက ကင်ဆာရောဂါကို သက်သာပျောက်ကင်းစေနိုင်ကြောင်း သံပုရာရည်တွင် ပိုးကို အထူးနိုင်သော ဓာတ်တမျိုး ပါရှိခြင်းကြောင့်ဖြစ်ကြောင်း၊ အရှင်နာဂသိန်၏ ပုံပြဆေးအဘိဓာန်ကျမ်း၊ စာမျက်နှာ ၄၂၂-တွင် ဖော်ပြထားသည်ကို တွေ့ရပါသည်။

ခန္ဓာကိုယ်တွင်းရှိ ပိုးများမှဖြစ်သော အဆိပ်တို့သည် လေဒေါသနှင့်တွေ့ပါက လေရောဂါ အမျိုးမျိုး၊ သလိပ်ဒေါသနှင့်တွေ့ပါက သလိပ်ရောဂါအမျိုးမျိုးတို့ကို ဖြစ်စေတတ်ပါသည်၊ ထို့ကြောင့် ထိုရောဂါပိုးများကို သံပုရာရည်က အံ့သြလောက်အောင်ပင် နှိမ်နှင်းနိုင်ပါသဖြင့် သံပုရာသီးကို ကျန်းမာရေးအတွက် သင့်သလို သုံးစွဲနိုင်ကြောင်း တိုင်းရင်းဆေးရှုထောင့်မှ တင်ပြအပ်ပါသည်။

( ခိုင်-တိုင်းရင်းဆေးသိပ္ပံ )
Dip. T.Med ( Mdy ). B.A ( Mya )
( မြတ်မင်္ဂလာ ၂၀၀၈-ဒီဇင်္ဘာ )

1 comment:

rainbow said...

အရမ်းကောင်းပါတယ်............ကျေးဇူးတင်ပါတယ်........