Friday, January 16, 2009

ပေါက်ပေါက်လှူ၍ နတ်ဗိမာန်ကြီး ရသော လာဇာနတ်သမီး

ဘုရားမြတ်စွာ ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် တချိန်တွင် အမျိုးသမီးငယ်တဦးသည် သူတပါး၏ လယ်စပါးခင်းတွင် အခစားစောင့်ရှောက်နေ၏၊ တနေ့သ၌ သူသည် စပါးခင်းစောင့်ရှောက်ရင်း စားရန် ပေါက်ပေါက် ( ပြောင်းဖူးလှော် )များ ယူလာခဲ့၏၊
ထိုအချိန်တွင် အရှင်မဟာကဿပသည် ခုနစ်ရက်ပတ်လုံး နိရောဓသမာပတ်ဝင်စားရာမှ ထကာ ထိုအမျိုးသမီးငယ်အား ချီးမြှောက်ရန် စပါးခင်းသို့ ကြွလာ၏၊ အမျိုးသမီးလေးသည် အရှင်မြတ်အား ကြည်ညိုစိတ်ဖြင့် မိမိစားမည့် ပေါက်ပေါက်များကို စေတနာထက်သန်စွာ လှူဒါန်းလိုက်၏။
အရှင်မြတ် ပြန်ကြွသွား၍ မကြာမီပင် အမျိုးသမီးလေးကို အဆိပ်ပြင်းသော မြွေကိုက်သဖြင့် ကွယ်လွန်ရာ တာဝတိံသာနတ်ပြည်တွင် ကြီးကျယ်ခမ်းနားသော ရွှေဗိမာန်၌ နတ်သမီးဖြစ်လေသည်။
ပေါက်ပေါက်အလှူကို အစွဲပြု၍ သူ့ကို လာဇာနတ်သမီး-ဟု ခေါ်ကြသည်၊ လာဇာနတ်သမီးသည် အရှင်မြတ်၏ ချီးမြှောက်မှုကြောင့် ဤစည်းစိမ်ကြီးကို ရပေသည်-ဟု သိမြင်၍ ကျောင်းသို့လာရောက်ပြီးလျှင် တံမြက်လှည်းခြင်း, အမှိုက်ကျုံးခြင်း, ရေခပ်ခြင်း စသော
ဝေယျာဝစ္စများလုပ်နေ၏၊
သုံးရက်မြောက်သောနေ့၌ အရှင်မဟာကဿပ သိတော်မူ၍
အမျိုးသမီးတယောက်တည်း ၀တ်ကြီးဝတ်ငယ်ပြုနေခြင်းသည် သံဃာတော်နှင့် မအပ်စပ်၊ လက်မခံလို-ဟု ဆိုကာ နှင်ထုတ်ရာ လာဇာနတ်သမီး ငိုယို၏၊ ထိုငိုသံကို မြတ်စွာဘုရားကြားတော်မူ၍ အောက်ပါဂါထာကို ဟောတော်မူသည်။

( ဂါထာ )
ပုညဉ္စေ ပုရိသော ကယိရာ ၊ ကယိရာနံ ပုနပ္ပုနံ ။
တမှိ ဆန္ဒံ ကယိရာထ ၊ သုခေါ ပုညဿ ဥစ္စယော ။

( မြန်မာပြန် )
ကောင်းမှုကို အကယ်၍ တကြိမ်တခါ ပြုမိပါလျှင် ထိုကောင်းမှုကို ထပ်ခါထပ်ခါ ပြုရာ၏။
ထိုကောင်းမှု၌ စိတ်အလိုဆန္ဒကိုလည်း ဖြစ်စေရာ၏။
အကြာင်းမူကား-ကောင်းမှုပွားများခြင်းသည် ပစ္စုပ္ပန် တမလွန် နှစ်တန်သောဘ၀တို့၌ ချမ်းသာခြင်းကို
ဖြစ်စေတတ်၏။

( ဆောင်ပုဒ် )
ကုသိုလ်ကောင်းမှု၊ တခုခုကို၊ ပြုရပြီးခါ၊ နောက်ထပ်သာလျှင်၊ ခါခါဖန်ဖန်၊ ပြုသင့်မှန်၏။
ဇွဲသန်ဆန္ဒ၊ အားထုတ်ရ၏။ ဆန္ဒကြီးမား၊ ထပ်ပွားလုံ့လ၊ ပြုလုပ်ရ၍၊ လောက သံသရာ၊ နှစ်ဖြာအကျိုး၊
စဉ်ပွားတိုး၏။

( ပါပ၀ဂ် လာဇဒေ၀ီဓီတာဝတ္ထု )

No comments: