Friday, January 23, 2009

ဗြဟ္မာ့ဘုံ သွားလိုသူ

မြတ်စွာဘုရား ဝေဠုဝန်ကျောင်း၌ နေတော်မူစဉ် ဗြဟ္မာ့ပြည်သို့ ရောက်လိုသောကြောင့် လတိုင်းလတိုင်း အသပြာတထောင် အကုန်ခံပြီး တက္ကတွန်းတို့အား ပေးလှူနေသော ဦးရီးပုဏ္ဏားကို ရှင်သာရိပုတ္တရာက
( ဗြဟ္မာ့ပြည်သို့ ရောက်ရန်လမ်းကို သင်လည်း မသိ၊ သင့်ဆရာလည်း မသိ၊ အမှန်တကယ် သိသူကိုပြမည်-ဟု ပြောကာ ဘုရးရှင်ထံ ခေါ်ဆောင်လာ၏၊
မြတ်စွာဘုရားက ပုဏ္ဏား သင်သည် ဤသို့ အနှစ်တရာပတ်လုံး ပေးလှူသည်ထက် ငါ၏တပည့် အရိယာသာဝက တို့အား တခဏမျှ ကြည်ညိုစိတ်ဖြင့် ဖူးမြော်ခြင်း၊ တဇွန်း တယောက်မမျှ လှူဒါန်းခြင်းက မြတ်သေး၏-ဟု ဟောတော်မူသည်။

( ပါဠိဂါထာ )
မာသေ မာသေ သဟေဿန ၊ ယော ယဇေထ သတံ သမံ ။
ဧကဉ္စ ဘာဝိတတ္တာနံ ၊ မုဟုတ္တမပိ ပူဇယေ ။
သာယေ၀ ပူဇနာ သေယျော ၊ ယဉ္စေ ၀ဿသတံ ဟုတံ ။

( မြန်မာပြန် )
အနှစ်တရာပတ်လုံး လတိုင်းလတိုင်း ငွေတထောင် အကုန်ခံ၍ တက္ကတွန်းတို့အား လှူခြင်းထက်
ဝိပဿနာစိတ်ကို ပွားပြီးသော အရိယာပုဂ္ဂိုလ်တပါးကို တခဏမျှ ပူဇော်ခြင်းက မြတ်၏။

( ဆောင်ပုဒ် )
ပုဂ္ဂိုလ်သာမန်၊ အလှူခံအား၊ စိတ်ထားညွတ်ပျောင်း၊ နှစ်ပေါင်းတရာ၊ လတိုင်းသာလျှင်၊
သပြာတထောင်၊ ကုန်အောင်စွန့်ကြဲ၊ ပေးလှူပွဲထက်၊
စိတ်ထဲဖြူဆွ၊ ၀ိပဿနာ၊ ဘာဝနာပွား၊ အရှင်များကို၊ ၀ပ်တွားခဏ၊ ပူဇော်ရက၊ များလအကျိုး၊
စုံပြည့်ဖြိုး၏။

( သဟဿဝဂ်၊ သာရိပုတ္တတ္ထေရဿ မာတုလ ဗြဟ္မဏ ၀တ္ထု )

No comments: