Saturday, January 17, 2009

မြတ်ဗုဒ္ဓနှင့် မိဂဒါဝုန်

ပါဠိစာပေများ၌ မိဂဒါဝုန်တော လေးမျိုးလောက် တွေ့ရသည်။
၁။ ဘဂ္ဂတိုင်း သုသုမာရဂိရမြို့အနီးရှိ ဘေသကဠာဝန မိဂဒါဝုန်။
၂။ ကောသလတိုင်း ဥရုညာမြို့ ကဏ္ဏကတ္ထလ မိဂဒါဝုန်။
၃။ မဂဓတိုင်း ရာဇဂြိုဟ် ဂိဇ္ဈကုဋ်တောင်ခြေရှိ မဒ္ဒကုစ္ဆိ မိဂဒါဝုန်။
၎။ ဗာရာဏသီအနီး ဣသိပတန မိဂဒါဝုန် တို့ဖြစ်သည်။
ထိုတွင် အမှတ် ၄-သည် အထင်ရှားဆုံးဖြစ်သည်။

ဣသိပတန =ရသေ့ ရဟန်း သူတော်စင်တို့ ကျရောက် လာရောက် ပျော်မွေ့ရာတော-ဟု အဓိပ္ပါယ်ရသည်။
ဗုဒ္ဓမြတ်စွာ ဗုဒ္ဓဂယာမှ ကြွလာတော်မူ၍ လူသံကင်းဝေး အေးဆေးငြိမ်သက်လှစွာ မိဂဒါဝုန် ရဂုံသာမော ဤမြိုင်တော၌ ထိုခေတ်က မည်သည့်ပညာရှင်မှ မညွှန်ပြနိုင်သော မဇ္ဈိမပဋိပဒါ လမ်းစဉ်ပြ ဓမ္မစကြာ တရားထူးကို ၀ါဆိုလပြည့်နေ့မှ လပြည့်ကျော် ၄-ရက်ထိ ဟောကြားကာ ပဉ္စ၀ဂ္ဂီ ၅-ဦးကို သောတာပန် ဖြစ်စေတော်မူခဲ့သည်၊ ဤနေရာ၌ အသောကမင်းကြီးသည် ကျောက်တိုင်စိုက်၍ စေတီတော်ကြီးများ တည်ထားခဲ့သည်။

ဝါဆိုလပြည့်ကျော် ၅-ရက်နေ့တွင် ခန္ဓာငါးပါးတို့၏ အနှစ်သာရကင်းမဲ့ပုံပြ အနတ္တလက္ခဏသုတ်တော်ကို ဆက်လက် ဟောကြားကာ ရဟန္တာဖြစ်စေတော်မူခဲ့သည်၊ မိမိ၏အဆုံးအမ ဓမ္မရတနာကို တဆင့်ဖြန့်ဝေမည့် သံဃာရတနာကို ပဉ္စ၀ဂ္ဂီငါးဦးဖြင့် စတင်ဖွဲ့စည်းတော်မူခဲ့သည်။

သံဃာအစ ပဉ္စ၀ဂ္ဂီ-က ဟု ဆိုထိုက်သော ပဉ္စ၀ဂ္ဂီငါးဦးလုံးပင် ဗုဒ္ဓ၏မွေးရပ်မြေ ကပိလ၀တ်နယ်သားများ ဖြစ်ကြသည်၊ ထို ၅-ဦးတွင် အကြီးဆုံး အရှင်ကောဏ္ဍည၏ အကြောင်းအရာ အပြည့်အစုံကို ပိဋကတ်တော်၌ တွေ့ရ၍ အရှင်အဿဇိ၏ အကြောင်းအရာကို အတော်အသင့် တွေ့ရသည်၊ အရှင်ဝပ္ပ, အရှင်ဘဒ္ဒိယ, အရှင်မဟာနာမ်တို့၏ အကြောင်းအရာကိုမူ အနည်းငယ်သာ တွေ့ရသည်၊ ထိုသို့ဖြစ်ခြင်းမှာ ပုဂ္ဂိုလ်ရေးထက် ဓမ္မကို ဦးစားပေးသောခေတ်ဖြစ်၍ ဓမ္မနှင့် ပတ်သက်သမျှကိုသာ မှတ်တမ်းတင်ထားသောကြောင့် ဖြစ်သည်ဟု ဆိုနိုင်သည်။

အရှင်ကောဏ္ဍညသည် ဘုရားအလောင်းတော်၏ လက္ခဏာကို ကြည့်ရှုစစ်ဆေးကြသော ဝေဒပါရဂူ ပဏ္ဍိတ်ဗြဟ္မဏ ၈-ဦးအနက် အငယ်ဆုံးဖြစ်သည်၊ အလောင်းတော်ဘုရား ဧကန်ဖြစ်လိမ့်မည်-ဟုသိ၍ အလောင်းတော် တောထွက်ပြီးချိန်လောက်မှာပင် အခြားပဏ္ဍိတ်များ၏သား ၄-ယောက်နှင့်အတူ ရသေ့ဝတ်လျက် တောထွက်ခဲ့သည်။

ဗုဒ္ဓထက် သက်တော် ၁၆-နှစ်လောက် ကြီးဟန်တူ၍ ဗုဒ္ဓဘုရားဖြစ်တော်မူချိန်တွင် သက်တော် ၅၀-ကျော်ရှိပေလိမ့်မည်၊ ၀ါဆိုလပြည့်နေ့ဝယ် ဓမ္မစကြာ၏အဆုံး၌ သောတာပန် ဖြစ်တော်မူသည်၊
ဗုဒ္ဓမြတ်စွာ၏ အညာသိ ၀တ ဘော ကောဏ္ဍညော-ကောဏ္ဍည သစ္စာတရားသိပြီ-ဟူသော စကားတော်ကြောင့် အညာသိ ကောဏ္ဍည-ဟု နာမည်ဖြစ်လာသည်၊ အနတ္တလက္ခဏသုတ်တော်ကို နာရ၍ ၀ါဆိုလပြည့်ကျော် ၅-ရက်နေ့တွင် ရဟန္တာ ဖြစ်တော်မူသည်။

သာဝကအားလုံးတွင် ၀ါအကြီးဆုံးနှင့် ပထမဆုံး တရားထူးရရှိသူ ရတ္တညူဧတဒဂ်ဘွဲ့ ရရှိတော်မူသည်၊ ဗုဒ္ဓနှင့်အတူ သာသနာပြုတော်မူ၍ အဂ္ဂသာဝက, မဟာသာဝကများ စုံစုံညီညီဖြစ်လာသောအခါတွင်
ဆဒ္ဒန်အိုင်အနီး တောအုပ်သို့ ကြွတော်မူ၍ တပါးတည်းသီးတင်းသုံးတော်မူသည်၊ တောသို့မကြွမီ မိမိ၏နှမ မန္တာဏီပုဏ္ဏေးမ၏သား တူဖြစ်သူ ပုဏ္ဏအမျိုးသားကို ရဟန်းပြုပေးခဲ့သည်၊ အရှင်ပုဏ္ဏလည်း တရားဟောဓမ္မကိကတို့တွင် အသာဆုံး ဧတဒဂ်ရ ရဟန္တာ ဖြစ်တော်မူသည်။

ဆဒ္ဒန်တော၌ ၁၂-နှစ်ကြာနေ၍ ပရိနိဗ္ဗာန် စံတော်မူသည်၊ ပရိနိဗ္ဗာန်စံတော်မူခါနီးတွင် ဗုဒ္ဓထံ အဖူးအမြော် တခေါက် လာသေးသည်၊ ဤအကြောင်းကို ပါဠိကဗျာ ( ဂါထာ ) စာဆို ရဟန္တာအရှင်ဝဂီင်္ိသ-က ဂါထာရေးဖွဲ့ မှတ်တမ်းတင်ထားသည်။

အငယ်ဆုံး အဿဇိ အရှင်မြတ်ကား ဗုဒ္ဓတရားကို အတိုချုပ်၍ ဟောတော်မူလေ့ရှိဟန်တူသည်၊ အရှင်မြတ်သည် လက်ယာတော်ရံ ပညာအကြီးဆုံး ဧတဒဂ်ရ ဓမ္မသေနာပတိ အရှင်သာရိပုတ္တရာ၏ဆရာ ဖြစ်တော်မူသည်၊ ဗုဒ္ဓမြတ်စွာ ပထမ၀ါဆိုပြီးနောက် ပြာသိုလ်လပြည့်နေ့တွင် ရာဇဂြိုဟ်သို့ရောက်၍ သီတင်းသုံးတော်မူခိုက် ၁၅-ရက်ခန့်အကြာ တပို့တွဲလဆန်း ၁-ရက်နေ့လောက်တွင် အရှင်သာရိပုတ္တရာ အလောင်း ဥပတိဿပရိဗိုဇ်သည် ရာဇဂြိုဟ်မြို့တွင်းသို့ ဆွမ်းခံဝင်လာသော အရှင်အဿဇိကို တွေ့သည်။

အရှင်အဿဇိ၏ ထူးခြားသောဣနြေ္ဒနှင့် ကြည်ညိုဖွယ်ရာ ကြွသွားပုံကိုမြင်၍ တရားထူးရသူ ဖြစ်လိမ့်မည်-ဟု ဆုံးဖြတ်ကာ တရားဟောရန် လျှောက်ထားသည်၊ အရှင်အဿဇိ-က ဓမ္မစကြာသုတ်တော် တခုလုံးကို ရည်ညွှန်းသော ယေ ဓမ္မာ ဟေတုပ္ပဘ၀ါ-စသော ဂါထာကို ဟောတော်မူရာ ဥပတိဿ သောတာပန် ဖြစ်တော်မူသည်။

အခါတပါး ဗုဒ္ဓမြတ်စွာ ဝေသာလီပြည် မဟာဝုန်တော၌ ပဉ္စမ၀ါဆိုတော်မူသည်၊ ထိုအချိန်၌ အဂ္ဂိဝေဿန အနွယ်ရှိသော သစ္စကပရိဗိုဇ်သည် ဗုဒ္ဓနှင့် ၀ါဒ ( အယူ ) ပြိုင်ဆိုင်မပြောမီ လမ်းလျှောက်ထွက်လာရင်း
ဝေသာလီမြို့တွင်း ဆွမ်းခံကြွလာသော အရှင်အဿဇိကို တွေ့သည်၊ ဗုဒ္ဓ၏၀ါဒကို ကြိုတင်သိထားလျှင် စကားပြောရာ၌ နိုင်မည်-ဟု ယူဆ၍ ရဟန်းဂေါတမသည် သာဝကများကို ဘယ်လိုတရားမျိုးဖြင့် ဆုံးမပါသလဲ-ဟု မေးလေသည်။

အဿဇိထေရ်က အနတ္တလက္ခဏသုတ်တော် တခုလုံးကို အတိုချုံး၍ ရုပ်, ဝေဒနာ, သညာ, သင်္ခါရ,
ဝိညာဉ် ခန္ဓာငါးပါးသည် အနိစ္စ အနတ္တဖြစ်၏ဟု ဗုဒ္ဓဆုံးမလေ့ရှိကြောင်း မိန့်တော်မူသည်။

( အရှင်ပဏ္ဍိတာဘိဝံသ )

No comments: