Sunday, January 18, 2009

အသက်ရှည်ကြောင်း

ဘုန်းကြီးမှာ သွေးတိုးလဲ မရှိဘူး၊ နှလုံးရောဂါလဲ မရှိဘူး၊ ဘာရောဂါမှ မရှိဘူး ဒကာတို့၊
အသက်ရှည်ရှည် နေထိုင်နိုင်အောင် ပူပင်သောက မထားနဲ့၊
ပူပင်စရာ သောကဖြစ်စရာ ကြုံလာရင်လဲ သတိနဲ့ ဆင်ခြင်ပြီး ဖြေဖျောက်ပစ်၊
အစားအစာကိုလဲ ကိုယ်နဲ့သင့်တင့်ရာကို ချင့်ချိန်ပြီး မျှတအောင် စား၊
ကိုလက်လှုပ်ရှားမှု တခုခုအနေနဲ့ လမ်းဖြစ်ဖြစ် မှန်မှန်လျှောက်၊

ပူပင်သောက ကြောင့်ကြမှု များရင်လည်း လူဟာ အသက်တိုတယ်၊ လူအိုတယ်၊
အစားအသောက် အနေအထိုင် ပူပင်ကြောင့်ကြမှု နည်းနိုင်သမျှနည်းတာဟာ စိတ်ချမ်းသာရေး
ကျန်းမာရေးလို့ သဘောပေါက်။
ပါဠိတော်ထဲမှာလဲ-အတိတ်ကိုစြွဲပီး မပူပန်ပါ၊
အနာဂတ်ကို စွဲ၍ မတောင့်တပါ၊
ပစ္စုပ္ပန် ရှိတာလေးနဲ့ မျှတပါသည်၊
ထိုပကြောင့် ရုပ်ဆင်း ကြည်လင်ပါသည်-လို့ ဟောထားတာ ရှိပါသည်။
ဒါကြောင့် တို့ ကျန်းမာရေးကောင်းခြင်း အကြောင်းတရပ်ကတော့ စိတ်အေးအေး ထားတတ်ခြင်း၊
ပူပင်ကြောင့်ကြမှု ကင်းခြင်း-လို့ ဆိုနိုင်ပါတယ်။

နောက်တခုက စိတ်အလုပ်ပဲ
တကယ့်ကို စိတ်အလုပ် လုပ်ထားတဲ့သူ တယောက်ဟာ သေချိန်ကျလို့ သေခါမှသေရော၊
မကျန်းမမာ ဖြစ်ခဲတယ်၊ ဟိုဘ၀က ပါလာတဲ့ ကံဟောင်းကံကြွေးရှိလို့ ခံရတာမျိုးမှတပါး
ကျန်းမာရေးမထိခိုက်နိုင်ဘူးဆိုတာ တို့တကယ်ယုံကြည်တယ်၊
အလုပ်လုပ်နေတယ်၊ အလုပ်လုပ်နေလို့ ညအိပ်ချိန် နည်းသွားမယ်၊ ဘာမှမဖြစ်ဘူး၊
စိတ်အလုပ်ပြောတာနော်၊ စိတ်အလုပ်ဆိုတာ ကမ္မဋ္ဌာန်းအလုပ် ပြောတာ၊ ငါငယ်ငယ်ကတဲက လုပ်ခဲ့တာပဲ၊
ဒီကမ္မဋ္ဌာန်းအလုပ်ကလဲ ငါ့ကို ကျန်းမာစေတယ်လို့ ယူဆတယ်။

နောက်တခုက ကိုယ်လက်လှုပ်ရှားခြင်းဟာ ကျန်းမာရေးအတွက် အလွန်အရေးပါတဲ့ လေ့ကျင့်မှုတရပ်ပဲ၊
လမ်းလျှောက်ခြင်းဟာ ကမ္မဋ္ဌာန်းထိုင်တဲ့ ပုဂ္ဂိုလ်များ ( ထိုင်ပြီးအလုပ်လုပ်ရတဲ့ ပုဂ္ဂိုလ်များ ) အတွက် အလွန်အရေးကြီးတယ်၊ လမ်းမလျှောက်လို့ ဖြစ်ကိုမဖြစ်ဘူး၊
ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်မှာ စင်္ကြံသွားခြင်းရဲ့အကျိုး ၅-ပါး ဟောထားတာရှိတယ်၊
ခရီးသွားနိုင်၊ ကြံ့ခိုင်အားအင်၊ ကင်းစင်ရောဂါ၊ အစာကြေညက်၊ မပျက်သမာဓိ၊ ငါးပါးရှိ၊
မှတ်သိစင်္ကြံအကျိုးတည်း-တဲ့
ငါတော့ အင်္ဂလန်မှာနေတုံး ဘယ်လောက်အေးအေး လမ်းလျှောက်ထွက်တာပဲ၊ မိုးသိပ်များလို့ မထွက်နိုင်ရင် အခန်းတွင်းမှာ လေ့ကျင့်ခန်းလုပ်တယ်၊ ခြေဖျားကိုထိအောင် ကွေးညွတ်ရတဲ့ လေ့ကျင့်ခန်းမျိုးတွေ
မပျက်မကွက် လုပ်လေ့ရှိတယ်၊ ဒါကြောင့် နှာစေးချောင်းဆိုးမှစ တပါးတခြား ဘာရောဂါဖြစ်တယ်လို့ သိပ်မရှိပါဘူး။

( ဆရာတော် အရှင်သေဋ္ဌိလ )

No comments: