Friday, January 23, 2009

မြတ်ဗုဒ္ဓနှင့် ရှင်ဒေ၀ဒတ်

ကဏ္ဍမ္ဗသရက်ပင် စေတီတော်ကြီး အနီးအပါးရှိ ကားလမ်းမှ ပေ-၂၀ခန့်အကွာတွင် ရေကန်တခုရှိသည်၊ ထိုရေကန်သည် သိပ်နက်ဟန်မတူ၊ ၂-ဧကလောက် ကျယ်မည်ဟု ခန့်မှန်းရသည်၊ ပတ်ဝန်းကျင်တွင် လယ်ယာများရှိသည်၊ ဤရေကန် ကမ်းစပ်တွင် အရှင်ဒေ၀ဒတ် မြေမျိုခံရသည်။

အရှင်ဒေ၀ဒတ်သည် ဒေ၀ဒဟ ( ယခု-နီပေါ ) ပြည့်ရှင် သုပ္ပဗုဒ္ဓ သာကီဝင်နှင့် အမိတာ မိဖုရားတို့မှ ဖွားမြင်ခဲ့သော မဟာမျိုး မဟာနွယ်ပင်ဖြစ်သည်။ အမိတာသည် ဗုဒ္ဓ၏ခမည်းတော် ကပ်လ၀တ်ပြည့်ရှင် သုဒ္ဓေါဒနသာကီဝင်၏ နှမတော်ဖြစ်သည်၊ သို့ဖြစ်၍ အရှင်ဒေ၀ဒတ်သည် ဘုရားရှင်နှင့် ညီအကို ၀မ်းကွဲတော်သည့်အပြင် ယသော်ဓရာ၏ မောင်အရင်း၊ ဘုရားရှင်၏ ယောက်ဖတော်၊ ရာဟုလာ၏ ဦးရီးတော်ဖြစ်သည်၊ ဤမျှ ဆွေမျိုးရင်းချာပါသည်။

ဗုဒ္ဓမြတ်စွာ သာသနာတော် တည်ထောင်ခါစ စောစောကပင်ရှင်ဒေ၀ဒတ် ရဟန်းပြုခဲ့သည်၊ ဘုရားရှင်သည် မိဂဒါဝုန်၌ ပထမ၀ါ ကပ်တော်မူပြီးနောက် ဒေသစာရီ လှည့်လည်တော်မူရင်း ရာဇဂြိုဟ်မှတဆင့် ကဆုန်လပြည့်ကျော် ၁-ရက်နေ့တွင် ရဟန္တာနှစ်သောင်းနှင့်အတူမိမိမွေးရပ်မြေ ကပိလ၀တ်သို့ရောက်၍ ခမည်းတော် အမှူးပြုသော ဆွေတော်မျိုးတော်တို့အား တရားဓမ္မ ဟောပြတော်မူလျက် ကပိလ၀တ်၌ သီတင်းသုံးတော်မူသည်။

ထိုမှတဖန် ဒုတိယ၀ါကပ်ရန်အတွက် ရာဇဂြိုဟ်ဘက်သို့ ခရီးပြန်လှည့်ခဲ့ရာ မလ္လတိုင်း အနုပိယနိဂုံး သရက်တောသို့ ရောက်တော်မူသည်၊ ထိုအချိန်တွင် ရှင်ဒေ၀ဒတ်သည် ဘဒ္ဒိယ၊ အနုရုဒ္ဓါ၊ အာနန္ဒာ၊ ဘဂု၊
ကိမိလ-သာကီဝင်မင်းသား ၅-ဦး အခိုင်းအစေ ဥပါလိဆတ္တာသည်တို့နှင့်အတူ ရဟန်းပြုခဲ့သည်၊ အခြားသူတို့ တရားထုးရ၍ အရိယာဖြစ်သော်လည်း အရှင်ဒေ၀ဒတ်မှာမူ ပုထုဇဉ်ဘ၀ဖြင့် ဈာန်အဘိညာဉ်ကိုသာ ရသည်။

နောင်အခါတွင် မိမိနှင့်အတူ ရဟန်းပြုလာသူတို့အား လူအများက အရေးပေး ဆက်ဆံလှူဒါန်းကြသည်ကိုမြင်၍ အဇာတသတ် မင်းသားလေးအား တန်ခိုးပြလျက် ဘုန်းကြီးရန် ကြိုးစားတော့သည်၊ အဇာတသတ်လည်း ရှင်ဒေ၀ဒတ်ကို တကယ့်ပုဂ္ဂိုလ်မြတ် ထင်မှတ်ကာ အကြီးအကျယ် ကိုးကွယ်လေသည်။

ဗုဒ္ဓမြတ်စွာ ၀ါတော် ၂၀-ကျော်တွင် == ငါကား ဘုရားတဆူလုပ်ကာ သံဃာကို ခေါင်းဆောင်မည်-ဟု ကြံစည်၍ သူ့အား သံဃာအုပ်ချုပ်ရေးတာဝန် လွှဲအပ်ရန် တောင်းလေရာ ဗုဒ္ဓက လက်မခံဘဲ ( တံတွေးစားသူ ) ဟု မိန့်တော်မူသည်ကို ( ငါ့ကိုတော့ နှိမ်သည်၊ သာရိပုတ္တရာ မောဂ္ဂလာန်တို့ကိုသာ ချီးမြှောက်သည် ) ဟု ယူဆကာ ရန်ငြိုးဖွဲ့လေသည်၊ သို့ဖြစ်၍ ရရှိသော တန်ခိုးလည်း ကွယ်လေသည်၊ ( တံတွေးစား ) ဟု ဗုဒ္ဓမိန့်တော်မူရင်းမှာ မတရား ရသော ပစ္စည်းသည် တံတွေးနှင့်တူ၍ ရွံစရာကောင်းသည်၊ ထိုပစ္စည်းကို သုံးစွဲနေသူ-ဟု ဖြစ်ပေသည်။

ထိုနောက်တွင်မူ ရှင်ဒေ၀ဒတ်သည် အလွန်ကြီးလေးသော ပြစ်မှုများကို ဆက်ကာဆက်ကာ ကျူးလွန်လေသည်၊ အဇာတသတ်အား ခမည်းတော်ကို လုပ်ကြံခိုင်းသည်၊ ဘုရားရှင်ကိုသတ်ရန် လူသတ်သမားများကို စေလွှတ်စေသည်၊ ဂိဇ္ဈကုဋ်တောင်ခြေ၌ ဗုဒ္ဓမြတ်စွာ စင်္ကြံကြွ ( လမ်းလျှောက် ) နေစဉ် တောင်ပေါ်မှ ကျောက်တုံးကြီးကို လှိမ့်ချသည်၊ ဘုရားရှင်ကို နာဠာဂီရိဆင်ကြီးဖြင့် တိုက်စေသည်၊ သို့ရာတွင် မည်သို့မျှ ဗုဒ္ဓမြတ်စွာ၏ အသက်ကို အန္တရာယ်မပြုနိုင်ပေ။

အကြမ်းနည်းဖြင့် မရသဖြင့် အနုနည်းဖြင့် ကြံစည်ပြန်သည်၊
ရဟန်းများ-တသက်လုံး
( ၁) တောကျောင်းနေရန်
( ၂ ) ဆွမ်းခံစားရန်
( ၃ ) ပံသုကူသင်္ကန်း ဆောင်ရန်
( ၄ ) သစ်ပင်အောက်နေရန်
( ၅ ) သက်သတ်လွတ်စားရန် ဟူသော အချက် ၅-ချက်ကို ဗုဒ္ဓအား တင်ပြသည်၊
ဗုဒ္ဓက လက်ခံတော်မမူ။

လက်မခံခြင်းမှာ အကြောင်းရှိသည်၊ ရှင်ဒေ၀ဒတ်သည် သံဃာဂိုဏ်းခွဲလို၍ မဖြစ်နိုင်သည်ကို တောင်းဆိုခြင်းဖြစ်သည်။
ဤ၌ ( ၁ ) တောရကျောင်းနေမှ တရားရမည့်သူ
( ၂ ) မြို့/ရွာ ကျောင်းနေမှ တရားရမည့်သူ
( ၃ ) မည်သည့်ကျောင်း၌ နေနေ တရားရမည့်သူ
( ၄ ) မည်သည့်ကျောင်း၌ နေနေ တရားမရနိုင်သူ -ဟု ပုဂ္ဂိုလ် ၄-မျိုးရှိသည်။

ထိုတွင် ဗုဒ္ဓမြတ်စွာက
( ၁ ) နံပါတ်ပုဂ္ဂိုလ်ကို မိမိအတွက် တရားထူးရအောင်၊ သူများအတုယူနိုင်အောင် တောကျောင်း၌သာ နေစေလိုသည်။
( ၂ ) နံပါတ်ကို မြို့/ရွာ ကျောင်း၌ပင် နေစေလိုသည်။
( ၃ ) နံပါတ်ကိုလည်း သူများ အတုယူနိုင်အောင် တောကျောင်း၌သာ နေစေလိုသည်။
( ၄ ) နံပါတ်ကိုလည်း ပါရမီဖြစ်အောင် တောကျောင်း၌သာ နေစေလိုသည်။

သို့ဖြစ်လျှင် ဗုဒ္ဓ၏အလိုတော်မှာ တောကျောင်းဘက်က ၄-ပုံ ၃-ပုံ အလေးသာကြောင်း သိနိုင်ပါသည်။ နောက်အချက်မှာလည်း ဆိုင်ရာဆိုင်ရာ အကြောင်းများရှိသည်၊ ဒေ၀ဒတ်ကား မွန်မြတ်သည့် ရည်ရွယ်ချက်ဖြင့် တောင်းခြင်းမဟုတ်၊ ဂိုးဏ်းခွဲလို၍သာ ဖြစ်ပါသည်၊ ထို့ကြောင့် မျှော်လင့်ထားသည့်အတိုင်း ဗုဒ္ဓက ခွင့်ပြုတော် မမူသည်ကို ကျေနပ်လေသည်။

သေချင်နေသူ တယောက်သည် အဆိပ်ခွက်ကိုမြင်လျှင် ပျော်ရွှင်နေသလို မိမိအကျိုးပျက်မည့်အလုပ်ကိုပင် အဟုတ်ကြီးထင်ကာ သံဃာဂိုဏ်းခွဲ၍ နားမလည်သော ရဟန်းငယ် ၅၀၀-ကို ခေါ်ပြီး ဂယာသီသအရပ်သို့ ထွက်ခွာသွားလေသည်။

မကြာမီ လမ်းမှားလိုက်နေသော ရဟန်း ၅၀၀-အား အရှင်သာရိပုတ္တရာ အရှင်မဟာမောဂ္ဂလ္လာန်တို့ တရားဟောရန် ရောက်လာကြသည်၊ ရှင်ဒေ၀ဒတ်သည် အဂ္ဂသာဝက ၂-ပါး ကြွလာသည်ကို မြင်၍
( ငါ့တရားကို နှစ်သက်၍ ငါ့ဘက်ကူးလာကြသည် ) ဟု ထင်ကာ ရင်းရင်းနှီးနှီး နှုတ်ဆက်၍ တရားဟောရန် လွှဲအပ်ပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားလေသည်၊ ရှင်ဒေ၀ဒတ်၏ လက်ရုံး ကောကာလိက-ကမူ အကဲခတ်မိဟန်တူသည်။
အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလ္လာန်တို့သည် လူဆိုးများဖြစ်သည်၊ မယုံကြည်နှင့်၊
အရောမ၀င်နှင့်-ဟု သတိပေးလေသည်။

မထေရ်မြတ် ၂-ပါး တရားဟောသဖြင့် ရဟန်း ၅၀၀-တရားထူးရ၍ ဘုရားရှင်ထံ ပြန်ကြွသွားသောအခါ ကောကာလိက-က သင့်တပည့်ရဟန်းငယ်တို့ကို သာရိပုတ္တရာနှင့် မောဂ္ဂလ္လာန်တို့ ခေါ်သွားပြီ-ဟု ပြောပြောဆိုဆို အိပ်ပျော်နေသော ဒေ၀ဒတ်ရင်ဝကို ဒူးဖြင့် တိုက်နှိုးလေသည်၊ ထိုဒဏ်ချက်ဖြင့်ပင် အရှင်ဒေ၀ဒတ် သွေးအန်၍ မကျန်းမမာ ဖြစ်ရှာသည်။

ကိုးလလောက်အကြာတွင် သတိသံဝေဂရ၍ ဘုရားရှင်ကို ဖူးမြင်လိုသဖြင့် တပည့်များအား ဘုရားရှင်ထံ လိုက်ပို့ပေးရန် တောင်းပန်ရှာသည်၊ သင်ကျန်းမာစဉ်က ဘုရားရှင်အပေါ် ရန်လုပ်၍ မကျန်းမာမှ ဖူးချင်နေရ သလား-ဟု တပည့်များကပြော၍ လိုက်မပို့ဘဲနေရာ
ငါကသာ နောင်တော်ဘုရားအပေါ် ရန်သူလို သဘောထားပါသည်၊ နောင်တော်ကမူ ငါ့အပေါ် မေတ္တာမပျက်ပါ-ဟု အမှန်အတိုင်း ပြောရှာပေသည်။

ထိုအချိန်တွင် ဗုဒ္ဓမြတ်စွာသည် သာဝတ္ထိမြို့ ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးတော်မူနေသည်၊ သူ၏တပည့်များသည် ဂယာသီသရာဇဂြိုဟ်နယ်မှ သာဝတ္ထိသို့ ရှင်ဒေ၀ဒတ်ကို ထမ်းစင်ဖြင့် ယူဆောင်လာရာ ဇေတ၀န်အနီး ရေကန်အရောက်တွင် ထမ်းစင်ကို ခေတ္တချ၍ ရေချိုးရန် သွားကြသည်။

အရှင်ဒေ၀ဒတ်လည်း ထမ်းစင်ပေါ်မှထ၍ ခြေနှစ်ဖက်ကို မြေကြီးပေါ်၌ချကာ ထိုင်နေရှာ၏၊ သူ၏ခြေထောက်များသည် တဖြည်းဖြည်းချင်း မြေကြီးအတွင်းသို့ ၀င်သွားရာ ဆွဲနုတ်၍မရတော့၊
သူ၏အပြစ်များ လွန်စွာကြီးမားသဖြင့် ဘုရားရှင်အား ကိုယ်တွေ့ဖူးမြင်ခွင့် မရနိုင်တော့ပေ။

တဖြည်းဖြည်းချင်း မြေအတွင်းသို့ ၀င်သွားရာ လည်ပင်းလောက်အရောက်တွင် အောက်ပါစကားများ ရွတ်ဆို၍ နောက်ဆုံးအနေဖြင့် ဘုရားရှင်အား ကန်တော့ခဲ့လေသည်။

နောင်တော်ဘုရားရှင်သည် တကမ္ဘာလုံးတွင် အမြတ်ဆုံး အစင်ကြယ်ဆုံး ယဉ်ကျေးအောင် ဆုံးမနိုင်ဆုံး၊
ဘုန်းကံ အကြီးမားဆုံး ဖြစ်တော်မူပါသည်၊ ထိုနောင်တော်ဘုရားရှင်ကို ကျွန်ုပ်၏ကိုယ်တွင် ကျန်ရှိနေသေးသော ဤအရိုးများ ချုပ်ပျက်ခါနီးဖြစ်သော ဤအသက်များဖြင့် လေးလေးမြတ်မြတ် ကိုးကွယ်ဆည်းကပ်ခဲ့ပါသည်။

( အရှင်ပဏ္ဍိတာဘိဝံသ )
( မြတ်မင်္ဂလာ-၁၉၉၁-ဖေဖော်ဝါရီလ )

No comments: