Friday, January 16, 2009

စိတ်ကောင်းထားပါ

မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတ၀န်ကျေင်း၌ သီတင်းသုံးတော်မူစဉ် ရဟန်းတို့ကို ဤသို့ မိန့်တော်မူ၏-

ရဟန်းတို့၊ ညစ်နွမ်း၍ ချေးအထပ်ထပ် ပေရေကပ်ငြိနေသော အ၀တ်ကို ခ၀ါသည်သည် ဆိုးရည်တမျိုးမျိုးဖြင့် ဆိုးရာ၏၊ အညိုရောင်ဖြစ်စေ၊ ရွှေဝါရောင်ဖြစ်စေ၊ အနီရောင်ဖြစ်စေ၊ ခရမ်းရောင်ဖြစ်စေ၊
အလိုရှိရာ ဆိုးရည်တမျိုးမျိုးဖြင့် ဆိုးရာ၏။
ယင်းသို့ဆိုးသည်ရှိသော် မစွဲမထင်သော အရောင်အဆင်း ရှိသည်သာဖြစ်ရာ၏၊
မစင်မကြယ်သော အရောင်အဆင်း ရှိသည်သာဖြစ်ရာ၏။

ထိုသို့အလိုရှိအပ်သော အရောင်အဆင်းကို မရခြင်းသည် အဘယ့်ကြောင့်နည်း၊
ရဟန်းတို့ အ၀တ်၏ မစင်ကြယ်ခြင်းကြောင့်ပင်တည်း။

ရဟန်းတို့ ဤဥပမာအတူသာလျှင် စိတ်သည် ညစ်ညူးကြောင်းတရား
( သူတပါးစည်းစိမ်၌ လိုချင်မက်မောလွန်းခြင်း အဘိဇ္ဈာ၊
အာဃာတထား၍ ရန်ငြိုးဖွဲ့ခြင်း ဗျာပါဒ၊
အမျက်ထွက်ခြင်း ကောဓ၊
သူပြုဖူးသောကျေးဇူးကို ချေဖျက်ခြင်း မက္ခ၊
ဂုဏ်တုဂုဏ်ပြိုင် ပြောဆိုခြင်း ပဠာသ၊
သူတပါးတို့ လာဘ်လာဘရခြင်းစသည်ကို ငြူစူရှုတ်ချခြင်း ဣဿာ၊
မိမိစည်းစိမ်ဥစ္စာကို သူတပါးတို့နှင့် မဆက်ဆံစေရန် ၀န်တိုလျှို့ဝှက်ခြင်း မစ္ဆရိယ၊
အမျိုးအနွယ်စသည်ကို အစွဲပြု၍ ထောင်လွှားတက်ကြွခြင်း မာန၊
ကာမဂုဏ်အာရုံတို့၌ စိတ်ကိုလွှတ်၍ စိတ်အလိုလိုက်လွန်းခြင်း ပမာဒ စသည် ) တို့ကြောင့်
ညစ်နွမ်းခဲ့သော် မကောင်းသောဒုဂ္ဂတိ ( ငရဲ, တိရစ္ဆာန်, ပြိတ္တာ ) ဘုံဘ၀ကို အလိုရှိအပ်၏။
ဒုဂ္ဂတိဘုံဘ၀သို့သာ ရောက်ရလိမ့်မည်။

ရဟန်းတို့၊ ညစ်ကြေးမတင် ဖြူစင်သန့်ရှင်းသောအ၀တ်ကို ခ၀ါသည်သည် ဆိုးရည်တမျိုးမျိုးဖြင့် ဆိုးရာ၏၊
အညိုရောင်ဖြစ်စေ၊ ရွှေဝါရောင်ဖြစ်စေ၊ အနီရောင်ဖြစ်စေ၊ ခရမ်းရောင်ဖြစ်စေ၊ အလိုရှိရာ ဆိုးရည်တမျိုးမျိုးဖြင့် ဆိုးရာ၏။
ယင်းသို့ဆိုးသည်ရှိသော် ကောင်းစွာစွဲထင်သော အရောင်အဆင်း ရှိသည်သာဖြစ်ရာ၏၊ သန့်ရှင်းစင်ကြယ်သော အရောင်အဆင်း ရှိသည်သာဖြစ်ရာ၏။

ထိုသို့အလိုရှိအပ်သော အရောင်အဆင်းကို ရရှိခြင်းသည် အဘယ့်ကြောင့်နည်း၊
ရဟန်းတို့ အ၀တ်၏ ဖြူစင်သန့်ရှင်းခြင်းကြောင့်ပင်တည်း။

ရဟန်းတို့၊ ဤဥပမာ အတူသာလျှင် စိတ်သည် ညစ်ညူးကြောင်းတရား အဘိဇ္ဈာ-စသည်တို့ကြောင့် မညစ်နွမ်းခဲ့သော် ကောင်းသောသုဂတိဘုံဘ၀ကို အလိုရှိအပ်၏၊
သုဂတိဘုံဘ၀သို့သာ ရောက်ရလိမ့်မည်။

( မဇ္ဈိမနိကာယ် မူလပဏ္ဏာသ ၀တ္ထသုတ် )

No comments: