Friday, January 16, 2009

အဆိပ်ကင်းကွာ လူ့ချမ်းသာ

၁။ သတိမေတ္တာ၊ ဤနှစ်ဖြာ၊ လူ့ရွာ အဆိပ်ဖြေ။
၂။ အမှတ်မြဲသော်၊ သတိပေါ်၊ ရွှင်ပျော် အားတက်ပေ။
၃။ ခန္တီခိုင်မှ၊ မေတ္တာရ၊ မုချ အေးချမ်းပေ။
၎။ တယောက်တည်းပင်၊ စွမ်းအင်အပြည့်၊ တည့်လိုဘိ၊ သတိဖြင့်သာနေ။
၅။ အများတကာ၊ ဆက်ဆံရာ၊ မေတ္တာပါမှ အဆင်ပြေ။
၆။ သတိရှေ့ထား၊ တရားလက်ခံ၊ ပွားများပြန်၊ ဖန်ဖန်စပ်အောင် ရှုမှတ်လေ။
၇။ ကိုယ်ကိုစောင့်ကာ၊ သူ့ကိုပါ၊ မှန်စွာစောင့်နိုင်ပေ။
၈။ သည်းခံသနား၊ ၀မ်းမြောက်ငြား၊ ပွားများမေတ္တာဝေ။
၉။သူ့ကိုစောင့်ရှောက်၊ ကိုယ့်ဂုဏ်မြောက်၊ ပပျောက်ဘေးရန် လုံရပေ။
၁၀။ အဆိပ်ကင်းကွာ၊ လူ့ချမ်းသာ၊ ကောင်းစွာရနိုင်ပေ။
၁၁။ ဒါနသီလာ၊ ဘာဝနာ၊ မေတ္တာပါမှ ခိုင်မာပေ။

လူ့ချမ်းသာဆိုတာ ချမ်းသာအစစ်မဟုတ်ဘူး၊ အဆိပ်တွေ ရောနေတယ်၊ သတိမေတ္တာဆိုတဲ့ အဆိပ်ဖြေဆေး နှစ်ပါးကို ထည့်ပေးမှ အဆိပ်ကင်းကွာ လူ့ချမ်းသာကို ရရှိနိုင်မယ်။

သတိဆိုတာ အမှတ်မြဲမှ ပေါ်လာတယ်၊ မလွတ်တမ်း အကွက်ချပြီး မှတ်နေရင် သတိတိုးလာတယ်၊ သတိကို အာရုံဖမ်း ကိရိယာလို့လဲ ခေါ်ရတယ်၊
မြွေဆိုးကို ဖမ်းတဲ့အခါ အမြီးနဲ့ကိုယ်ကို ကိုင်ဖမ်းရင် ဖမ်းတဲ့သူဟာ အဆိပ်ပျံ့အောင် အကိုက်ခံရတတ်သလို အာရုံကို ဖမ်းတဲ့အခါ သတိမပါဘဲနဲ့ အမှတ်တမဲ့ဖမ်းရင် ကိလေသာအဆိပ်ပျံ့အောင် အာရုံက ဖမ်းသူကို ပြန်ကိုက်တတ်ပါတယ်၊ အာရုံကြောင့် စိတ်ဆင်းရဲတယ်ဆိုတာ တကယ်တော့ အာရုံအကိုက်ခံရတာပါ၊
မြွေဆိုးကို ပိုင်ပိုင်နိုင်နိုင် ပိပိစီးစီး ခေါင်းကကိုင်ဖမ်းရင် အကိုက်မခံရဘဲ ဘေးရန်ကင်းကွာ ဖမ်းနိုင်သလို အာရုံကိုဖမ်းတဲ့အခါလဲ သတိညှပ် ကိုင်ဖမ်းမှ အာရုံ အကိုက်မခံရဘဲ ဘေးကင်းရန်ကွာ ချမ်းသာစွာ ဖမ်းနိုင်ပြီး အာရုံကြောင့် တရားစွမ်းအားသာ ပေါ်လာရပါတယ်၊ ရွှင်ပျော်အားတက်ရပါတယ်၊ မေတ္တာကတော့ သည်းခံခွင့်လွှတ် အောင့်အည်းတတ်၊ အနစ်နာခံတတ်တဲ့ ခန္တီ အမာခံကို ပိုင်နိုင်အောင် လေ့ကျင့်ပေးနိုင်မှ လွယ်လွယ်နဲ့ ရရှိလာနိုင်ပါတယ်၊
သတိက တယောက်တည်း တည့်အောင်နေဖို့ ညွှန်ပြပါတယ်၊
မေတ္တာက မရှောင်သာလို့ အများနဲ့ ဆက်ဆံရတဲ့အခါ အများနဲ့အဆင်ပြေအောင် တည့်အောင်နေဖို့ ညွှန်ပြပါတယ်။
ဒါမှသာ အဆိပ်ကင်းပါလိမ့်မယ်၊
သတိဆိုတာ မိမိကိုလုံခြုံအောင် စောင့်ရှောက်ရင်း သူတပါးကိုပါ လုံခြုံအောင် စောင့်ရှောက်ပေးတယ်၊
မေတ္တာကတော့ သူတပါးကို လုံခြုံအောင် စောင့်ရှောက်ကူညီရင်း ကိုယ့်ကိုပါ လုံခြုံအောင် စောင့်ရှောက်ပေးပါတယ်။
မေတ္တာလို့ပြောလိုက်ရင် ခန္တီ ကရုဏာ မေတ္တာ မုဒိတာ ဆိုတဲ့ သူတော်ကောင်းလမ်းစဉ် ၄-ချက်လုံး ပါဝင်သွားပါတယ်၊
ဒါန သီလ ဘာဝနာ လုပ်ငန်းအားလုံး မေတ္တာပါမှ ခိုင်မာပါတယ်။

( တိပိဋကဓရ ယော-ဆရာတော် ဦးသိရိန္ဒာဘိဝံသ )

No comments: