Thursday, January 15, 2009

ကံ ကံ၏အကျိုး ( ၉ )

( စိတ်ထားမြတ်၍ ကြိုးစားသူ )

ကျွန်မတွင် သား ၅-ယောက်ရှိပါသည်၊ ဖခင်လုပ်သူက အစိုးရ၀န်ထမ်းအရာရှိ တယောက်ဖြစ်ပါသည်၊ ကျွန်မကတော့ ၁၀-တန်းကို ခ-အဆင့်နှင့်အောင်ပြီး အိမ်ထောင်ကျကာ ပညာရေးကို လမ်းစ ပြတ်ခဲ့ပါသည်၊
သား ၄-ယောက်မှာ အဖေနှင့်တူ၍ ဉာဏ်ရည်ထက်ကြပါသည်၊ ဒုတိယ သားကတော့ အမေနှင့်တူ၍ အခြားညီအကိုတွေလောက် ဉာဏ်ရည်မထက်ပါ။

သို့သော် ဒုတိယသားက ဇွဲရှိသည်၊ စိတ်ကောင်းရှိသည်၊ တိရစ္ဆာန်လေးများကို သနားတတ်သည်၊ မိဘကို ညှာသည်၊ ပညာကို လိုလိုချင်ချင် ကြိုးစားသည်၊ ၁၀-တန်းဖြေထား၍ ကျောင်းအားနေသည့်အခါ မိဘအလုပ်ကို မညည်းမညူ ဒိုင်ခံ၍လုပ်ပေးပါသည်၊ အမေနှင့် သား ဆိုတော့ ဘာမှပြဿနာ မရှိခဲ့ပါ။
အဖေနှင့်သားကတော့ အနည်းအကျဉ်း ပြဿနာရှိတတ်သည်၊

စက်တင်္ဘာလ ၂-ရက်နေ့ကျတော့ ၁၀-တန်းအောင်စာရင်းတွေ ထွက်လာပါသည်၊ ကျွန်မသားလေး ၁၀-တန်းကို က-အဆင့်မှ အောင်လာပါသည်၊ အောင်စာရင်းထွက်ပြီးမှ သားလေးက ၁၀-တန်းဖြေပြီးကတည်းက သူ၏လုပ်ဆောင်ချက်တွေကို ကျွန်မအား ဖွင့်ပြောပါတော့သည်၊
သား ၁၀-တန်းဖြေပြီးကတည်းက ညတိုင်း ဘုရားမှာ ဂုဏ်တော် ၉-ပါး ပုတီးစိပ်တယ်၊ ဉာဏ်ပညာထက်မြက်စေရန် ရည်ရွယ်ပြီး ၁၀-တန်းအောင်လျှင် မြတ်စွာဘုရားအား ရောင်စုံမီးသီးဝယ်ပြီး လှူမည်-ဟု ဓိဋ္ဌာန်ထားပါတယ်၊ မိဘနှစ်ပါးရဲ့ဝတ္တရားများကိုလည်း တတ်နိုင်သလောက် လုပ်ဆောင်ပါမယ်-ဟု သစ္စာဆိုကာ ညစဉ်ညတိုင်း ၁၀-တန်းကို က-အဆင့်မှအောင်ရန် ဆုတောင်းခဲ့ကြောင်း ပြောပါသည်။

သားပြောပြမှ သား ၁၀-တန်းအောင်ခဲ့သည်မှာ ဉာဏ်ရည်မထက်လှသော်လည်း
ကြိုးစားမှု ၀ီရိယအကျိုးအပြင် သားလေး၏ လုပ်ဆောင်ချက် ကောင်းမှုကံပါ ပါလာသည်ဟု ကျွန်မယုံကြည်မိပါသည်။

မိဘနှစ်ပါးက သား ၁၀-တန်းအောင်သည့်အတွက် ငွေ ၅၀၀ ဆုချပါသည်၊ ပိုက်ဆံရလျှင်ရချင်း မြတ်စွာဘုရားအတွက် လျှပ်စစ်မီးသီးနှင့် ရွှေတိဂုံစေတီတော် ရုပ်ပုံကားချပ် ၁-ချပ်ဝယ်ရာ ငွေ ၃၀၀-ကုန်ပါသည်၊
မိဘနှစ်ပါးအတွက် ၁၀၀-တန် လိမ္မော်ရည် တပုလင်း ၀ယ်ကန်တော့ပါသည်။
ကျန်သည့်ငွေ ၁၀၀-ကိုတော့ သူ၏သူငယ်ချင်းများနှင့် အိမ်မှအဖော်များကို
လက်ဖက်ရည် ၀ယ်တိုက်ပါသည်၊ သူ့အတွက် မိဘကဆုချသည့်ငွေကို သူ့စိတ်ကူးနှင့်သူ အကျိုးရှိစွာ သုံးစွဲသွားပါသည်။
*********************************************************************************

( သေဘေးမှ လွတ်ခဲ့သူ )
လွန်ခဲ့သော အနှစ် ၂၀-ကျော်ခန့်က ဖြစ်ပါသည်၊ ရန်ကုန်မှ မြစ်ကြီးနား-ပူတာအို ခရီးစဉ်အဖြစ် ထွက်ခွါသည့် ဒါကိုတာ ခရီးသည်တင် လေယာဉ်သည် ရာသီဥတု ဆိုးရွားမှုကြောင့် တောင်နှင့်တိုက်မိပြီး ( ၁၉၆၃-ခုနှစ် ဇွန်လ ၁၀-ရက်နေ့တွင် ) ပျက်ကျခဲ့ပါသည်၊ ထိုလေယာဉ်ပျက်ကျရာတွင် လူတော်တော်များများ အသက်ဆုံးရှုံးခဲ့ရပါသည်။

ထိုလူအများစုအနက် လေယာဉ်ပေါ်မှကျပြီး သစ်ပင်ချုံပုတ်တခုပေါ်တွင် တင်ကျန်နေရစ်သော ဦးကျော်ညွန့်၏ ကိုယ်တွေ့အဖြစ်အပျက်မှာ အံ့သြလောက်အောင်ပင် ထူးဆန်းနေပါသည်၊ လေယာဉ်ပျက်ကျမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာက စစ်ဆေးမေးမြန်းသောအခါ လေယာဉ်ပေါ်တွင် လိုက်ပါခဲ့သူ လေယာဉ်စက်ပျင် အင်ဂျင်နီယာ ဦးကျော်ညွန့်က မိမိသည် လေယာဉ်ပေါ်မတက်မီ နေ့စဉ် နံနက် အိမ်ရာမှ နိုးသည့်အခါ ဘုရားဂုဏ်တော် ၉-ပါးနှင့် သမ္ဗုဒ္ဓေဂါထာတော်ကြီးကို အမြဲပုတီးစိပ်လေ့ရှိကြောင်း၊ ထိုနေ့ကလည်း မိမိသည် လေယာဉ်ပေါ် တက်သည့်အချိန်မှစ၍ ရတနာသုံးပါးကို အာရုံပြုပြီး သမ္ဗုဒ္ဓေ ဂါထာတော်ကြီးကို မပြတ်ရွတ်ဖတ် ပူဇော်နေခဲ့ကြောင်း ဖွင့်ဟပြောဆိုသည်ဟု သိရပါသည်။
( မောင်မြင့်ထွန်း )

( မြတ်မင်္ဂလာ ၁၉၉၁-စက်တင်္ဘာလ )

No comments: