Wednesday, January 28, 2009

မြတ်ဗုဒ္ဓနှင့် သာဝတ္ထိ / ကောသလမင်းကြီး

သာဝတ္ထိ၏ အဓိပ္ပါယ်မှာ ( အသုံးအဆောင် ပစ္စည်းအားလုံး ရှိသောမြို့ )ဟု ဆိုလိုသည်။
သဗ္ဗ+အတ္ထိ=အားလုံး+ရှိသည်၊
သက္ကတအသံထွက်ဖြင့် ဆရ် ဗဆတိ-ဟု ခေါ်၍ ယခုအခေါ် ဆာဟေတ် မဟေတ် ( ဆာဟေ့ မဟေ့ ) ဟု ဖြစ်သည်၊
မြို့တော်ဟောင်းသည် မဟေ့၊ ဇေတ၀န်ကို ဆာဟေ့-ဟုလည်း ခွဲခြား ခေါ်သေးသည်။

သာဝတ္ထိကို အစိရ၀တီမြစ်ကမ်း၌ တည်ထားသည်၊ သရဘူမြစ်နှင့် အစိရ၀တီမြစ် ၂-စင်း အကြားဖြစ်၍ မြေသြဇာကောင်းသော ဒေသဖြစ်သည်၊ စိန်းလန်းစိုပြည်၍ သစ်ပင်အတော်စုံစုံ ပေါက်ရောက်သည်၊ ရာသီဥတုမှာ အေးမြသည်၊ သို့ဖြစ်၍ ဗုဒ္ဓခေတ်က ထိုဒေသ တ၀ိုက်တွင် အစားအစာ ပြည့်စုံလျက် လူဦးရေ ပေါများပြီး အလွန်စည်ကားသည် ဆိုသည်မှာ ဖြစ်နိုင်ပေသည်။

သာဝတ္ထိသည် ကောသလတိုင်း၏ မြို့တော်ကြီးဖြစ်သည်၊ ယခုအခါ မြောက်ဘက်၌ ဗဟရာဣစဒိစတြိတ်၊
တောင်ဘက်၌ သုလတန်ပုရ်၊
အနောက်ဘက်၌ ဗာရာဗံကီနှင့် ဖေဇာမဂရ၊ ဇောနပုရ် နယ်များသည် ကောသလတိုင်း ဖြစ်သည်ဟု ဆိုကြသည်၊
ပြည်သူများ တဦးနှင့်တဦး နှုတ်ဆက်ရာတွင် ကစ္စိကုသလံ-ကျန်းမာရဲ့လား-ဟုဆို၍ ကုသလ-ဟူသော စကားကို များစွာအသုံးပြုရာမှ ကောသလ-ဖြစ်လာသည်ဟုလည်း ဆိုသည်။

ထိုစဉ်က သာဝတ္ထိနယ်တ၀ိုက်တွင် လူဦးရေ ကုဋေချီရှိရာ သန်းပေါင်းများစွာက အရိယာပုဂ္ဂိုလ်များ ဖြစ်ကြသည်၊
ဤမျှလောက် ဗုဒ္ဓဘာသာအင်အား ကောင်းသော မြို့ကြီးဖြစ်သည်၊ ဘုရင်နှင့်တကွ ပြည်သူများက သာသနာတော်အား
လွန်စွာ ထောက်ပံ့ကြသဖြင့် ဗုဒ္ဓမြတ်စွာသည် ၀ါတော် ၂၁-၀ါမြောက်မှ စ၍ ၄၄-၀ါအထိ သာဝတ္ထိ၌သာ အမြဲ ၀ါဆိုတော်မူခဲ့သည်။

ဗုဒ္ဓခေတ်တွင် ကောသလတိုင်းကို အုပ်ချုပ်သောဘုရင်မှာ ပသေနဒီ ကောသလ ဖြစ်သည်၊ မင်းကြီးသည် ဗုဒ္ဓမြတ်စွာနှင့် သက်တူရွယ်တူ ဖြစ်၍ ဗုဒ္ဓနှင့် ရင်းနှီးရုံသာမက ဗုဒ္ဓအပေါ် အမှန်ပင် လေးစားကြည်ညိုပေသည်။

ဗုဒ္ဓမြတ်စွာ ရာဇဂြိုဟ်၌ ဒုတိယ၀ါဆိုတော်မူပြီးနောက် သက်တော် ၃၇-နှစ်လောက်တွင် အနာထပိဏ် သူဌေးကြီး၏ ပင့်လျှောက်ချက်အရ သာဝတ္ထိသို့ ကြွတော်မူသည်၊ ထိုစဉ်ကပင် မဟာရာဇာလည်း ဗုဒ္ဓထံလာရောက်၍ ၀မ်းမြောက်ဖွယ်
စကားများ ပြောလျက် တရားနာယူပြီး ဥပါသကာအဖြစ် ခံယူခဲ့သည်။

ဘဒ္ဒ၀ဂ္ဂီ ညီနောင် သုံးကျိပ်-ဟု အသိများသော မင်းသား ၃၀-သည် ကောသလမင်းကြီးနှင့် ဖတူမိကွဲ ညီအကိုများ ဖြစ်ကြသည်၊ သာသနာတော် တည်ထောင်ခါစကပင် တရားထူးရကြသည်၊ နောင်အခါ ထိုအရှင်များကို အကြောင်းပြု၍ ကထိန် ခွင့်ပြုတော်မူခဲ့သည်၊ ကောသလတိုင်း အနောက်ပိုင်း ပါဝေယျ-နယ်၌ အနေများ၍ ထိုအရှင်တို့ကို ပါဝေယျက-ဟု ပါဠိတော်များ၌ သုံးစွဲသည်။

ဤပါဝေယျသည် ပါဝါမြို့ မဟုတ်သေး၊ ပါဝါကား မလ္လတိုင်းတွင် ပါဝင်၍ ကုသိနာရုံ၏အနီးမှာ ရှိသည်၊ ဗုဒ္ဓမြတ်စွာအား မိမိပိုင် သရက်ဥယျာဉ်၌ ကျောင်းဆောက်လှူ၍ နောက်ဆုံး ၀က်ပျိုသားဆွမ်းကို ကပ်လှူခဲ့သော ရွှေပန်းတိမ်သည်၏သား သောတာပန် စုန္ဒအမျိုးသား၏ မြို့ဖြစ်သည်။

ကျမ်းစာများ၌ ကောသလမင်းကြီးနှင့်အတူ တွေ့ရသော အဂ္ဂမဟေသီ မိဖုရာ မလ္လိကာဒေ၀ီမှာ မင်းကြီးအောက်
အသက်အတော်ငယ်ဟန် တူပေသည်၊ ကောသလမင်း၏ နှမ ဝေဒေဟီနှင့် မဂဓတိုင်းရှင် ဗိမ္ဗိသာရမင်းတို့ လက်ထပ်သောအခါ ဖခင် မဟာကောသလမင်းကြီးက အကောက်ခွန် တသိန်းရသော ကာသိရွာကြီးကို ပန်းဖိုးနံ့သာ ( သနပ်ခါး ) ဖိုး အနေဖြင့် သမီးတော် ဝေဒေဟီအား လက်ဖွဲ့ခဲ့သည်။

အဇာတသတ်သည် ခမည်းတော် ဗိမ္ဗိသာရမင်းကြီးကို လုပ်ကြံ၍ ထီးနန်းယူလေရာ မယ်တော်ဝေဒေဟီလည်း ထိုသောကဖြင့်ပင် မကြာမီ ကွယ်လွန်လေသည်၊ ပသေနဒီကောသလ-က အဇာတသတ်သည် မိဘတို့ကို သတ်သည်၊ ငါ့ခမည်းတော်က ငါ့နှမအား ပေးခဲ့သော ရွာသည် ငါ့နှမ မရှိလျှင် ငါဆိုင်သည်-ဟု အရေးဆို၍ ကာသိရွာကို သိမ်းယူရန် ကြိုးစားသည်။

အဇာတသတ်ကလည်း ငါ့မယ်တော် ပိုင်သောရွာကို ဦးရီးတော်က ဘာဆိုင်၍ ၀င်ရှုတ်ရသနည်း-ဟု ပြော၍ လက်မလွှတ်ဘဲ နေရာ တူဝရီးချင်း စစ်ဖြစ်ကြလေသည်၊ ပထမအချီတွင် ကောသလမင်းကြီး ရှုံး၍ မြို့သိုဆုတ်ခွါလာရင်း ပန်းခြံအတွင်းတွင် ၀င်ရောက်အနားယူလျက် မိမိစစ်တပ်ကို စောင့်နေသည်။

ပန်းရောင်းသူ၏သမီး မလ္လိကာသည် ပန်းခူးနေစဉ် မင်းကြီးကိုမြင်၍ ၀တ်ကြီးဝတ်ငယ်ပြုစုသည်၊ မလ္လိကာ၏ ရုပ်အဆင်းနှင့်
အမူအရာကို မင်းကြီးချစ်မြတ်နိုးသဖြင့် နန်းတော်သို့ ဆောင်ယူစေ၍ အဂ္ဂမဟေသီအရာ၌ ထားသည်၊ ဤသည်မှာ နံနက်ခင်းက ဘုရားရှင်အား ကြည်ကြည်နူးနူး ဖူးမြင်၍ မုန့်သုံးခုလှူခဲ့သော ကောင်းမှု၏ ဒိဋ္ဌဓမ္မ ( လက်တွေ့ ) အကျိုးဖြစ်သည်-ဟု ဆိုသည်။

တချိန်တွင် ဘုရင်နှင့်ပြည်သူတို့ အပြိုင်အဆိုင် ဒါနပြုကြစဉ် ဘုရင်က မနိုင်ဖြစ်နေရာ မလ္လိကာ၏အကြံပေးချက်အရ ပြည်သူများမသုံးနိုင်သည့် မင်းခမ်းမင်းနား ဖြစ်သော ဆင်များ, ထီးဖြူများ, နန်းတွင်းသူများ, အခြံအရံဖြင့် သန်းပေါင်း ၁၄၀-တန် အလှူကြီးကို ပေးလှူသည်၊ ထိုအလှူသည် အသဒိသ ( အတူမရှိသော ) ဒါန-ဟု သာသနာတော်၌ ထင်ရှားနေသည်။

ထို့ပြင် မင်းကြီးသည် ဘိက္ခုနီမများ အတွက် ရာဇိကာရာမ ( ရာဇိကာရုံ ) ကျောင်းတိုက်ကို ဆောက်လုပ်လှူဒါန်းခဲ့သည်၊ ဤကျောင်းတိုက်သည် သာဝတ္ထိနှင့် ဇေတ၀န်အကြား၌ တည်ရှိသည်၊ ယခုအခါ ရှာဖွေတူးဖော်ခြင်း မပြုရသေးချေ။

ဇေတ၀န်ကျောင်းတိုက်အတွင်း၌လည်း ထင်းရှူးသားများဖြင့် ဆောက်လုပ်အပ်သော သလဠာဂါရ-ခေါ် တသိန်းတန်ကျောင်းဆောင်ကို ဘုရားရှင်သီတင်းသုံးတော်မူရန် လှူဒါန်းခဲ့သည်။

နန်းတော်သူများ တရားဓမ္မ နားလည်စေရန်အတွက် စွမ်းရည်သတ္တိရှိသော ရဟန်းတပါးကို နန်းတော်သို့ပင့်၍ နေ့စဉ် သင်ပြစေသည်၊ ဤမျှလောက် ကြိုးစားပါသော်လည်း ပါရမီဓာတ်ခံနည်းပါေးသာကြောင့် မဟာရာဇာကြီး တရားထူးရသည်-ဟု အဆိုမရှိချေ။ အနာဂတ၀င်၌မူ ရင့်မာတကျိပ် အပါအ၀င် ဘုရားလောင်း ဖြစ်သည်-ဟု ဆိုပေသည်။

( အရှင်ပဏ္ဍိတာဘိဝံသ )
နိုင်ငံတော်ပရိယတ္တိတက္ကသိုလ် ရန်ကုန်။

No comments: