Thursday, January 15, 2009

မိတ်ဆွေကောင်း အရေးကြီးသည်

မြတ်စွာဘုရားသည် သက္ကတိုင်း သက္ကရအမည်ရှိသော နိဂုံး၌ သီတင်းသုံးနေတော်မူစဉ် ရှင်အာနန္ဒာက ဤသို့လျှောက်သည်၊
မြတ်စွာဘုရား မိတ်ကောင်းရှိသည့်အဖြစ် အပေါင်းအသင်းကောင်း ရှိသည့်အဖြစ် အပေါင်းအသင်းကောင်းတို့၌ ကိုင်းရှိုင်းသည့်အဖြစ်သည် မြတ်သောအကျင့်ကို ကျင့်ရာ၌ ထက်ဝက်အကျိုးပြီးပါသည်ဘုရား။

ယင်းသို့လျှောက်သောအခါ မြတ်စွာဘုရားက-
အာနန္ဒာ သည်လိုမပြောနှင့်, အာနန္ဒာ သည်လိုမပြောနှင့်, အာနန္ဒာ မိတ်ဆွေကောင်းရှိသည့်အဖြစ် အပေါင်းအသင်းကောင်း ရှိသည့်အဖြစ် အပေါင်းအသင်းကောင်းတို့၌ ကိုင်းရှိုင်းသည့်အဖြစ်သည် မြတ်သောအကျင့်ကို ကျင့်ရာ၌ အလုံးစုံ အကျိုးပြီး၏။

အာနန္ဒာ ဤစကားကို ယခုပြောမည့် အကြောင်းပရိယာယ်ဖြင့် သိအပ်၏၊ အာနန္ဒာ ငါဘုရားတည်းဟူသော မိတ်ဆွေကောင်းကို အကြောင်းပြု၍-
ပဋိသန္ဓေနေခြင်း သဘောရှိသော သတ္တ၀ါတို့သည် ပဋိသန္ဓေနေခြင်းမှ လွတ်မြောက်ကုန်၏။
အိုခြင်း သဘောရှိသော သတ္တ၀ါတို့သည် အိုခြင်းမှ လွတ်မြောက်ကုန်၏။
သေခြင်း သဘောရှိသော သတ္တ၀ါတို့သည် သေခြင်းမှ လွတ်မြောက်ကုန်၏။
စိုးရိမ်ခြင်း, ငိုကြွေးခြင်း, ကိုယ်ဆင်းရဲခြင်း, စိတ်ဆင်းရဲခြင်း, ပြင်းစွာ ပင်ပန်းခြင်း, သဘောရှိကုန်သော သတ္တ၀ါတို့သည် စိုးရိမ်ခြင်း, ငိုကြွေးခြင်း, ကိုယ်ဆင်းရဲခြင်း, စိတ်ဆင်းရဲခြင်း, ပြင်းစွာ ပင်ပန်းခြင်းမှ လွတ်မြောက်ကုန်၏။

အာနန္ဒာ ယခုပြောသည့် အကြောင်းပရိယာယ်အားဖြင့် မိတ်ကောင်းရှိသည့်အဖြစ် အပေါင်းအသင်းကောင်း ရှိသည့်အဖြစ် အပေါင်းအသင်းကောင်းတို့၌ ကိုင်းရှိုင်းသည့်အဖြစ်သည် မြတ်သောအကျင့်ကို ကျင့်ရာ၌ အလုံးစုံအကျိုးပြီး၏-ဟူ၍ မိန့်တော်မူ၏။

( သံယုတ္တနိကာယ် မဟာဝဂ္ဂသံယုတ် ပါဠိတော်၊ ၁-မဂ္ဂသံယုတ်၊ ၁-အ၀ိဇ္ဇာဝဂ်၊ ၂-ဥပဍ္ဎသုတ် )

No comments: