Monday, January 19, 2009

ကံ ကံ၏အကျိုး ( ၁၀ )

( မကောင်းမှု စေတနာ )
ကျွန်မအသက် ဆယ့်လေးနှစ်အရွယ်ခန့်က ဖြစ်သည်၊ ကျွှန်မတို့ရွာတွင် မိုးရာသီနှင့် ဆောင်းရာသီတို့၌ သောက်ရေ သုံးရေများကို ရွာအနီးနားရှိ ရေတွင်းများမှ လုံလောက်စွာ ရရှိပါသည်၊ သို့သော် နွေရာသီရောက်တိုင်း ကျွန်မတိုအရွာတွင် ရေရှားမှုဒဏ်ကို ခံရသည်၊

နွေရာသီပေါက်ပါက ကျွန်မတို့ရွာနှင့် ၄-ဖာလုံခန့်ဝေးသော တောစပ်ရှိ ရေတွင်းများသို့ သွားရောက်ကာ ရေများကို သယ်ယူကြရပါသည်၊ တခုသောနွေရာသီ၏ ညနေခင်းတွင် ဖြစ်သည်၊ ကျွန်မသည် ၄-ဖာလုံခန့်ဝေးသော ရေတွင်းမှ အိမ်သို့ သောက်ရေ သုံးရေများကို ရေချောင်တထမ်းဖြင့် သယ်ယူနေပါသည်။

ကျွန်မသည် ပထမထမ်းခဲ့သော ရေလေးထမ်းကို သုံးရေအိုးထဲသို့ထည့်ခဲ့ပြီး ယခုနောက်ဆုံး ထမ်းခဲ့သော ရေတထမ်းကို သောက်ရေအိုးထဲကို ထည့်မည်ဟု စိတ်ကူးကာ ရေချောင်ထမ်းကို ထမ်းပြီး အိမ်သို့ပြန်လာပါသည်၊ ယင်းသို့ ပြန်လာစဉ် ရွာ၏အ၀င်ပေါက်ဝ၌ ကျွန်မ၏၀မ်းကွဲ တူတယောက်နှင့် တွေ့ပါသည်၊

ကျွန်မ၏တူက ကျွန်မကိုမြင်သောအခါ ( အရီး, ရေဆာလို့ ရေသောက်ဦးမယ်-ဟု ပြောပါသည်၊ ကျွန်မက အခုထမ်းခဲ့တာ သောက်ရေအတွက် ထမ်းခဲ့တာ၊ မင်း ငုံ့သောက်ပြီးသား မထည့်ချင်ဘူး၊ မသောက်နဲ့-ဟု ပြောပါသည်၊
သူကလဲ ရေဆာလှပြီမို့ သောက်ဦးမယ်-ဟု ရေချောင်တဖက်ကို အတင်းဆွဲထားပါသည်၊ ကျွန်မလဲ သုံးရေအတွက်ဆိုရင် သောက်စေတယ်၊ အခုဟာက သောက်ရေမို့ မသောက်နဲ့-ဟု အတင်းငြင်းပြီး ရေချောင်ထမ်းကို ထမ်းကာ အိမ်သို့ပြန်ခဲ့ပါသည်။

ဤသို့ဖြင့် ကျွန်မ၏အသက် ၁၉-နှစ်အရွယ်သို့ ရောက်ရှိလာသည်၊ ကျွန်မသည် စပါးတောင်း တတောင်းကို မ,လိုက်ရာ အမ,မတော်သဖြင့် ခါးနာသွားခဲ့သည်မှာ ယခုဆိုလျှင် ၇-နှစ်ခန့် ရှိပြီဖြစ်သည်။
ကျွန်မသည် ခါးနာနေသဖြင့် ယခုအခါတွင် ရေကို ကိုယ်တိုင်မထမ်းနိုင်တော့ပါ၊ သောက်ရေ သုံးရေကို သူများခပ်ပေးမှသာ သောက်နိုင် သုံးနိုင်သည့်ဘ၀သို့ ရောက်နေရပါသည်။

ကျွန်မတို့ရွာတွင် ရေအငှါး ခပ်လိုသူမှာလည်း ရှားပါးလှသဖြင့် ကျွန်မသည် ရေဆင်းရဲမှုဒဏ်ကို လှလှကြီး ခံစားနေရပါသည်။
တခါတရံ အိမ်တွင် သောက်ရေလုံးဝမရှိသဖြင့် အိမ်နီးနားချင်း အိမ်များသို့ သွားရောက်ကာ တောင်းသောက်နေရပါသည်။

ယခုကဲ့သို့ ကျွန်မဘ၀တွင် ရေဆင်းရဲမှုဒဏ်ကို အများနဲ့မတူ ခံစားနေရခြင်းမှာ ကျွန်မငယ်စဉ်က ရေဆာ၍ ရေတောင်းသူကို ရေမပေးခဲ့သော မကောင်းမှုစေတနာ အကျိုးကို လက်ရှိ ခံစားနေရခြင်းဖြစ်သည်-ဟု ယုံကြည်မိပါတော့သည်။
( စာဖတ်ပရိတ်သတ်များ ရေဆာသူကို ရေများ ပေးနိုင်ကြပါစေ )

( သန်းသန်းထွေး )
*********************************************************************************

( ကာလ၀ိပါက် )
အဘဦးဖိုးလူမှာ ဒေါသကြီးသူ, စိတ်မြန်သူ, ရက်စက် ကြမ်းကြုတ်သူ ဖြစ်သည်၊ အဘကို သား မြေး မြစ်များသာမက တရွာလုံးကပင် ကြောက်လန့်ကြရသည်၊ အဘသည် ဆွေမျိုးသားချင်း၊ ရွာသားချင်း အပေါ်၌သာ အနိုင်ယူသူမဟုတ် တိရစ္ဆာန်များအပေါ်၌လည်း သက်ညှာမှုကင်းစွာ အနိုင်ယူသူ၊ ရက်စက်သူ ဖြစ်သည်၊ အဘသည် သူစီးနေကျ မြင်းကိုပင် စိတ်တိုင်းမကျဖြစ်ကာ ရက်ရက်စက်စက် ရိုက်နှက်ခဲ့သဖြင့် မြင်းကိုက်ခံရဖူးသည်၊ နောက်ဆုံး အဘကိုယ်တိုင် သူ့မြင်းကို သတ်ပစ်ခဲ့သည်။

အဘသည် မိမိကျေးဇူးရှင် နွားများအပေါ်လည်း စာနာမှု ကင်းမဲ့စွာ ခိုင်းစေခဲ့သည်၊ အဘ၏ နွားများ ကျွဲများမှာ ပခုံးပေါက်လျက် ပိန်သည်က များသည်။

အဘသည် တိရစ္ဆာန်ထဲတွင် ခွေးကို အမုန်းဆုံးဖြစ်သည်၊ အဘတို့အိမ်မှာ ခွေးမရှိပေ၊ အဘသည် ခွေးမြင်လျှင်ပင် ရိုက်ချင်နှက်ချင် နေသည်လားမသိ၊ တနေ့တွင် အဘက ခွေးတကောင်ကို ခဲဖြင့်ပစ်လေသည်၊ ထိုခွေးက အဘဦးဖိုးလူကို ခုန်ဆွဲကာ လက်မောင်းအိုးကို ကိုက်လိုက်သည်၊ ဒဏ်ရာက မသေးလှချေ၊ အဘမှာ ဒေါသတွေ ထောင်းထောင်းထ,ကာ အိမ်ပြန်ခဲ့ရသည်၊ အိမ် အပင်က သင်္ဘောသီးစိမ်း တလုံးကို မီးအုံးကာ အဘအား ကိုက်သောခွေးကို ပစ်၍ကျွေးသည်၊ ခွေးသည် အဆင်ခြင်မဲ့စွာ ကိုက်ဟပ်လိုက်သည်နှင့် မလူးသာ မလွန့်သာ သင်္ဘောသီး ပူပူကြီးတန်းလန်းနှင့် လျှောက်ပြေးနေရတော့သည်။

ထိုခွေးမှာ နောင်တွင် သွားတချောင်းမကျန် ကျွတ်ကာ အတိဒုက္ခ ရောက်နေရတော့သည်၊ အဘဦးဖိုးလူ ၀မ်းသာအားရဖြစ်ကာ အိမ်ပြန်ခဲ့သည်၊ မကြာပါ အဘဦးဖိုးလူသည်လည်း မနေသာ မထိုင်သာ သွားကိုက်ရောဂါဆိုးကြီး ခံစားရပြီး သွားတချောင်းမကျန် ကြွေကျခဲ့သည်။

ယခုဆိုလျှင် ဒေါသအိုးကြီး အဘသည် သွားတချောင်းမှ မရှိသဖြင့် စားချင် ၀ါးချင်ရာကို မစားနိုင်ချေ၊ သူ့မျက်နှာမှာလည်း မြင်းကိုက်ရာကြီးကြောင့် ရုပ်ဆိုး အကျည်းတန်ကာ ကြောက်လန့်စရာပင် ကောင်လှသည်၊ လက်မောင်းက ခွေးကိုက်ရာမှာလည်း အထင်းသားကြီးပင်၊ အဘသည် ခါးကကိုင်း, နားကထိုင်းနှင့် အသက်ရှင်နေရသည်မှာ ၀ဋ်ဒုက္ခလို ဖြစ်နေတော့သည်၊ ဒေါသကြီးကြီး ရက်စက်ကြမ်းကြုတ်စွာ အညှာတာ ကင်းမဲ့သော အဘကို ဆွေမျိုးသားချင်းများကပင် ပြုစုဖို့ ရွံ့နေကြသည်၊ အဘ၏ ကံကြမ္မာ ၀ဋ်ဆိုးကို ကြည့်ကာ အားလုံး သင်ခန်းစာယူမိကြတော့သည်။
( မေရည်မွန်-မြန်မာစာ )
*********************************************************************************

(ကြောက်စရာ အကုသိုလ် )
ရွာတရွာတွင် အင်းသူကြီး တယောက်ရှိ၏၊ အမည်ကား ဦးထွန်းသူ-ဖြစ်၏၊ အင်းလုပ်ငန်းနှင့် အကျိုးပေးသည်ဟု ဆိုရမည်လားမသိ၊ ဒီရေအလား ပစ္စည်းဥစ္စာပေါကြွယ်ဝလာ၏၊ ဦးထွန်းသူသည် အင်းလုပ်သားဘ၀မှ အင်းသူကြီး ဖြစ်လာသည့်အတွက် အင်းလုပ်ငန်း၌ အောက်သက်ကျေ၏၊ လုပ်သားများကို ကိုယ်တိုင်ကြပ်ကြပ်မတ်မတ် ခိုင်း၏၊ ဟာကွက်မရှိစေရ၊ လုပ်သားများ နားသည့်အချိန် နား၍ အလုပ်လုပ်သည့်အချိန်၌ အလုပ်နှင့်လက် ဇယ်ဆက်သလို လုပ်ကြရ၏။

ဤကဲ့သို့ စနစ်ကျ၍ပင် ဦးထွန်းသူတယောက် အင်းလုပ်ငန်းဖြင့် နေ့ချင်းညချင်း စီးပွားဖြစ်ခဲ့၏၊ အိမ်၌လည်း ကုန်မျိုးစုံဆိုင်ကြီး ဖွင့်၍ တဖက်မှ ဈေးရောင်လိုက်သေး၏။

သို့ရာတွင် အင်းသူကြီးတယောက်ပီပီအစားအသောက် ကြမ်း၏၊ အစားမျိုးစုံ အကောင်မျိုးစုံကို ကြိုက်တတ်သော အင်းသူကြီးဖြစ်၏၊ လိပ်ကိုလည်း မလွတ်တမ်းစား၏၊ လိပ်သားနှင့် ယမကာလေးများကို အမြဲတမ်းမှီဝဲလေ့ရှိ၏၊ လိပ်မရက ငါးမီးဖုတ်ဖြင့် မြည်း၏၊ အကြိုက်ဆုံးကား ငါးပြေမ လှိုင်လှိုင်ပေါ်ချိန်၌ အင်းသူကြီးစားရန် လှောင်၍ပင် ထားရ၏၊ ငါးပြေမကို ရွံ့အုံးပြီး မီးဖုတ်စားခြင်းကို အလွန်နှစ်သက်၏။

သည့်အပြင် အင်းထဲ၌ပေါသော မြွေပတုတ်များကို အခြောက်လှန်း၍ ကြော်ကာ စားလေ့ရှိ၏၊ သူ၏အစားပက်စက်မှုကတော့ အံ့စရာပင်၊ ၀က်အရှင်ကို အမြီးဖြတ်၍ ရေနွေးဖြောကာ စားသည့်အလေ့အထလည်း ရှိ၏။

နွေအခါ တပေါင်း တခူး၌ အင်းသူကြီးသည် တပည့်များကို လိပ်ရှာခိုင်း၏၊ ကိုယ်တိုင်လည်း ရှာ၏၊ သူတို့ရှာပုံက ဒိုက်တောများကို မီးရှို့၍ ရှာခြင်းဖြစ်၏၊ အလွန်ပူပြင်းခြောက်သွေ့သော အချိန်တွင် မီးတင်ရှို့လိုက်တော့ ဘာသတ္တ၀ါ ခံနိုင်မည်နည်း။ မီးရှို့ပြီးနောက် လိပ်ရှာသူများသည် မီးလောင်ပြင်ကို လိုက၍ကြည့်ကြ၏၊ မီးလောင်ခံရသော သတ္တ၀ါမှန်သမျှ ပက်လက်လှန်၍ သေကြရရှာ၏၊ အပင်ပန်းမခံရဘဲ သားကောင်ကို လိုက်ကောက်၍ ယူခဲ့ကြလေသည်။

ညတည၀ယ်ဦးထွန်းသူ ရေချိန်က မကိုက်တကိုက်အချိန်တွင် ဈေးဝယ်သူရောက်လာ၏၊ အရက်ဝိုင်းမှ ဘာလဲ ဘာလဲ-ဟု ဗလုံးဗထွေးပြောကာ ထလာ၏၊ ဈေးဝယ်သူက ရေနံဆီ တဆယ်သား-ဟုပြော၏၊ ထိုအခါ ဦးထွန်းသူ၏ ဇနီးက ရှင်နေစမ်းပါတော် ကလေးတွေ ရောင်းပါလိမ့်မယ်-ဟုပြော၏၊ ဦးထွန်းသူက နင်မသိဘူး ကလေးတွေ စိတ်မချလို့ ငါကိုယ်တိုင်ရောင်းဘို့ ထလာတာ-ဟု ပြော၏။

ထိုအခါ ဇနီးသည် ဒေါ်စိန်မြက ရှင်ဖြစ်ပါ့မလား၊ လူကဖြင့် အရှိန်ကလေးနဲ့-ဟုပြောလိုက်ရာ ဦးထွန်းသူတယောက် အကြီးအကျယ် ဒေါပွသွား၏၊ ဘာပြောတယ်ကွ မိစိန်မြ၊ ဒီလောက် ငါမမူးသေးပါဘူး၊ နင် ငါ့ကို မစော်ကားနဲ့၊ ပါးပိတ်ရိုက်လို့ သွားထွက်သွားမယ်၊ နင် ဘာမှတ်သလဲ-ဟု ဦးထွန်းသူ ကြိမ်းမောင်လိုက်ရာ ဒေါ်စိန်မြ ငြိမ်သွားရ၏။

ဟေ့ကောင် လာစမ်း-ဟု တပည့်တယောက်ကိုခေါ်ပြီး မီးခွက်မြှောက်ပြခိုင်းသည်၊ ဦးထွန်းသူလည်း ရေနံဆီပုံး အဖုံးကိုဖွင့်ပြီး ဂါလန်ခွက်ထဲ ထည့်ရန် မ,၍ သွန်လိုက်သည်၊ ဟုတ်-ဟူသော မြည်သံနှင့်အတူ ရေနံဆီပုံး မီးစွဲလောင်တော့၏၊ ဦးထွန်းသူ ပစ်မချပါ၊ ပစ်ချလျှင် သူ့အိမ်နှင့်တကွ တရွာလုံး မီးလောင်ပေတော့မည်၊ ဒီအသိက သူ့ခေါင်းထဲ၌ရှိနေ၏၊ ထိုအခါ ဦးထွန်းသူသည် မီးစွဲလောင်နေသော ရေနံဆီမီးပုံးကို မ,ပြီး အိမ်တွေနှင့်လွတ်ရာ ကွင်းပြင်ဘက် ထွက်ပြေးပြီး ပစ်ချလိုက်၏၊ သို့ပေမယ့် ဦးထွန်းသူ တကိုယ်လုံးမှာ မီးဟုန်းဟုန်းတောက်၍ နေတော့၊

အနီးပတ်ဝန်းကျင်မှ တပည့်တပန်းများ ၀ိုင်းဝန်းငြိမ်းသတ်မှ မီးငြိမ်းသွားတော့၏၊ ဦးထွန်းသူခမျာ မချိမဆန့် ခံစား၍ နေရ၏၊ ထို့နောက် ဖက်ရွက်များ ဆီသုတ်ပြီး လှည်းပေါ်ခင်း၍ ဦးထွန်းသူအား ဆေးရုံတင်ရန် သွားကြ၏၊ သို့သော် ဆေးရုံအရောက်မခံပါ၊ လမ်းတွင် အသက်ပျောက်၍ သွားရှာလေတော့၏၊ အမှန်တော့ ဦးထွန်းသူသည် သူတပါးအသက်ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သော အကုသိုလ်များက သူ့ကို ဖိစီး၍သွားခြင်းဖြစ်ပါသည်။
( စိုးရည်ထွန်း )

( မြတ်မင်္ဂလာ ၁၉၉၁-ခု နိုဝင်္ဘာလ )

No comments: