Sunday, February 1, 2009

သ,ကိစ္စ-အ,ကိစ္စ

ကတမံ သ,ကိစ္စံ၊ ကတမံ အ,ကိစ္စံ
( ၁ ) ပြုသင့်ပြုထိုက်သော မိမိကိစ္စကား အဘယ်နည်း။
( ၂ ) မပြုသင့် မပြုထိုက်သော မိမိကိစ္စကား အဘယ်နည်း-ဟူသော ဤမေးခွန်းပြဿနာ နှစ်ရပ်၏ သဘာဝ အဖြေမှန်ကို လေ့လာရန် လိုအပ်လာပါသည်။

သာသနာတော်၌၄င်း၊ လောက၌၄င်း၊ အဘယ်မည်သော ကိစ္စမျိုးကို ပြုအပ်၊ ပြုသင့်၊ ပြုထိုက်သည်။
အဘယ်မည်သော ကိစ္စမျိုးကို မပြုလုပ်ဘဲ ရှောင်လွှဲထိုက်သည်-ဟု သိနားလည်မှသာလျှင် ပစ္စုပ္ပန် သံသရာ နှစ်ဖြာသော အကျိုးစီးပွားကို ရရှိနိုင်ပေလိမ့်မည်။

သာသနာတော်၌ သာသနာ့ဝန်ထမ်း ရဟန်းသာမဏေများနှင့် သီလရှင်များ ယထာရဟ-သုံးထိုက်သော သင့်လျော်သော ကိစ္စများမှာ-
( ၁ ) အဓိသီလ သိက္ခာ
( ၂ ) အဓိစိတ္တ သိက္ခာ
( ၃ ) အဓိပညာ သိက္ခာ-တို့ပင် ဖြစ်ပေသည်။

အချုပ်အားဖြင့်-
( ၁ ) အဓိသီလ သိက္ခာ-ဟူသည် ကိုယ်အမူအရာ ကာယကံ သောင်းကျန်းမှု၊
နှုတ်အမူအရာ ၀စီကံ သောင်းကျန်းမှု မရှိရအောင် စောင့်ထိန်းရာ၌ သင်ယူလိုက်နာ ကျင့်သုံးထိုက်သော ဓမ္မစာပေးများပင် ဖြစ်ပေသည်။
( ၂ ) အဓိစိတ္တ သိက္ခာ-ဟူသည် စိတ်အာရုံအများဝယ် ထွေပြား ပျံ့လွင့်မှု မရှိအောင် စောင့်စည်းခြင်း၌ သင်ယူလိုက်နာ ကျင့်သုံးထိုက်သော ဓမ္မစာပေများပင် ဖြစ်ပေသည်။
( ၃ ) အဓိပညာ သိက္ခာ-ဟူသည် ရုပ်နာမ်တရားတို့ကို လက္ခဏာရေးသုံးပါးဖြင့် ပိုင်းခြား၍ သိမ်းဆည်းခြင်း၌ သင်ယူလိုက်နာ ကျင့်သုံးထိုက်သော ဓမ္မစာပေများပင် ဖြစ်သည်။

ထိုတွင် ၀ီတိက္ကမ ကိလေသာကို ပပျောက်စေနိုင်သော အဓိသီလ သိက္ခာကို ရှေးဦးစွာ သင်ယူထိုက်လှပေသည်၊
ထို့နောက် ပရိယုဋ္ဌာန ကိလေသာကို ပပျောက်စေနိုင်သော အဓိစိတ္တ သိက္ခာကို
ထို့နောက် အနုသယ ကိလေသာကို ပပျောက်စေနိုင်သော အဓိပညာ သိက္ခာကို သင်ယူထိုက်လှပေသည်။

ယင်းသိက္ခာသုံးရပ်ကို ဖြည့်ကျင့် ဆည်းပူးခြင်း၊ လိုက်နာကျင့်သုံးခြင်းကိုပင် သာသနာတော်၌ ရဟန်း သာမဏေများနှင့် သီလရှင်များ ယထာရဟ-ကျင့်သုံးထိုက်သော သ,ကိစ္စ-ဟူ၍ မှတ်ယူရပါမည်။

သိက္ခာသုံးရပ်ကို လိုက်နာကျင့်သုံးခြင်းမှတပါး လာဘသက္ကာရ, မိစ္ဆာဇီဝ စသော အမှုများမှာ သာသနိက ပုဂ္ဂိုလ်တို့ မလိုက်နာထိုက်၊ မကျင့်သုံးထိုက်၊ မရှာမှီးထိုက်သော အ,ကိစ္စ-ဟူ၍ မှတ်ယူရပါမည်။

ထို့ကြောင့်
အဓီသီလ စိတ္တာနံ ၊ အဓိပညာယ သိက္ခနာ ။
အတ္တကိစ္စန္တိ ၀ိညေယျာ ၊ နညာကာမ ဂဝေသနာ ။ ဟု ဗုဒ္ဓမိန်ပတော်မူအပ်ပါသည်။

လောက၌ လူအပေါင်းတို့ ကျင့်သုံးထိုက်သော သင့်လျော်သော ကိစ္စမှာ-ဃရာဝါသော ဗဟုကိစ္စော-အရ အလွန်များပြားလှပါသည်။

အချုပ်အားဖြင့်-
လောက၌ သူတော် သူမြတ်တို့ ကျင့်သုံး ဆောက်တည်အပ်သော နိစ္စဂရုဓမ္မ ငါးပါးသီလတော်မြတ်ကို မကျိုး မပေါက် မပြောက် မကျားရအောင် စောင့်ရှောက် ထိန်းသိမ်မှု၊ သူတော်သူမြတ်တို့၏ အဆုံးအမ သြ၀ါဒကို နာယူမှတ်သားမှု၊ တရားသဖြင့် ပစ္စည်းဥစ္စာ ရှာဖွေစုဆေင်းမှု၊ ဉာတကာနဉ္စ သင်္ဂဟော-အရ သားသမီး ဆွေမျိုး မိဘ ဆရာသမား မိတ်ဆွေသင်္ဂဟ စသည်တို့ကို စွမ်းနိုင်သမျှ ချီးမြှောက်ထောက်ပံ့မှု၊ ဒါနမှု သီလမှု ဘာဝနာမှု၊ ပဓာနအားဖြင့် သိင်္ဂါလောဝါဒသုတ်၊ မင်္ဂလသုတ်တို့၌ လာသော ၀တ်အကျင့် တရားများကို လိုက်နာကျင့်သုံးမှုများမှာ လောကီလူအပေါင်းတို့ လိုက်နာကျင့်သုံးထိုက်သော သင့်လျော်သော သ,ကိစ္စများ ဖြစ်ပါသည်။

ဖော်ပြအပ်ပြီးသော လိုက်နာကျင့်သုံးထိုက်သော သကိစ္စမှ တပါး သူတော်သူမြတ်တို့ အထူးသဖြင့် စက်ဆုပ်ရွံရှာအပ်သော ဒုစရိုက် ဒုရာဇီဝ အမှု ဟူသမျှတို့မှာ လောကီလူအပေါင်းတို့ မကျင့်သုံးထိုက်သော အ,ကိစ္စ-များ ဖြစ်ပါသည်။

ထို့ကြောင့် အရာရာတွင် ဆင်ခြင်ဉာဏ်ရှေ့သွားဖြင့် သ,ကိစ္စ-အ,ကိစ္စ နှစ်ပါးကို ခွဲခြားဝေဖန်၍ လိုက်နာကျင့်သုံးကြပါရန် ဖြူစင်သော မေတ္တာတရားဖြင့် လေးစားစွာ တိုက်တွန်းအပ်ပါသတည်း။

( ဆရာကြီး ဒေါ်ဝဏ္ဏမာယီ )

No comments: