ကာဏာအမျိုးသမီးသည် သာဝတ္ထိမြို့တော် မိခင်ထံသို့ အလည်လာ၏။ မိမိ၏ လင်ယောက်ျားထံ ပြန်မည့်ရက်တွင် လက်ဆောင်ယူသွားရန် မုန့်ကြော်နေ၏။ ထိုအခိုက် ရဟန်းတော်တပါး အိမ်ပေါက်ဝ လာ၍ရပ်ရာ အလွန်သဒ္ဓါတရားရှိသော ကာဏာ၏ မိခင်သည် မုန့်များကို အကုန် လောင်းလှူလိုက်၏။ ထိုနေ့တွင် ကာဏာသည် လင့်ရပ်ရွာသို့ မပြန်ဖြစ်တော့ပေ။
နောက်နေ့တွင် မုန့်ကြော်နေစဉ် ရဟန်းတပါး ရောက်လာ၍ လှူလိုက်ပြန်ရာ မပြန်ဖြစ်ပြန်ပေ။ တတိယနေ့တွင် ထို့အတူ ဖြစ်ပြန်၏။
စတုတ္ထနေ့တွင် လင့်ထံမှ စာရောက်လာ၏။ ( အမြန် လာလျှင်-လာ၊ မလာလျှင် နောက်မိန်းမယူတော့မည်-ဟု ရေးလိုက်၏။ ထိုနေ့တွင် မုန့်ကြော်နေစဉ်တွင်လည်း ရဟန်းတော်တပါး ကြွရောက်လာ၍ လှူလိုက်ပြန်ရာ မသွားဖြစ်ပြန်ပေ။
ယောက်ျားသည် သူပြောသည့်အတိုင်း နောက်မိန်းမတယောက် လက်ထပ်ယူလိုက်လေသည်။ ကာဏာ-သိသောအခါ ရဟန်းမြင်တိုင်း (ဤကိုယ်တော်တွေရှုပ်လို့ ငါ တခုလပ်ဖြစ်ရသည်)-ဟု ရေရွတ်ဆဲဆိုလေသည်။ ထိုအကြောင်းကို ဇေတ၀န်ကျောင်းတော်မှ မြတ်ဘုရား ကြားသိတော်မူရာ ကာဏာအား တရားဟောပြ ဆုံးမတော်မူလေသည်။ ကာဏာအမျိုးသမီး သောတာပန် ဖြစ်သွား၏။ မြတ်စွာဘုရားက ( ရဟန်းတို့၊ ကာဏာသည် ယခုအခါ ကြည်လင်သောစိတ် ရှိနေပြီ ) ဟု ဟောကြားတော်မူလေသည်။
( ပါဠိဂါထာ )
ယထာပိ ရဟဒေါ ဂမ္ဘီရော ၊ ၀ိပ္ပသန္နော အနာဝိလော ။
ဧ၀ံ ဓမ္မာနိ သုတွာန ၊ ၀ိပ္ပသီဒန္တိ ပဋိတာ ။
( မြန်မာပြန် )
နက်လှစွာသော ရေအိုင် ( သမုဒ္ဒရာ ) သည် နောက်ကျုခြင်းမရှိ အထူးကြည်လင်ဘိသကဲ့သို့
ပညာရှိတို့သည် မြတ်စွာဘုရား ဟောကြားအပ်သော တရားတို့ကို ကြားနာရ၍ အထူးကြည်လင်ကုန်၏။
( ဆောင်ပုဒ် )
နက်ရှိုင်းပြည့်လျံ၊ ရေကြည်ကန်သည်၊ လှိုင်းသံမပြု၊ နောက်ကျုမရှိ၊ ငြိမ်သက်ဘိသို့၊
တတ်သိမြော်မြင်၊ ပညာရှင်သည်၊ စွမ်းအင်မြင့်မား၊ မြတ်တရားကို၊ နာကြားပြီးလျှင်၊ လွန်ကြည်လင်၏။
( ပဏ္ဍိတ၀ဂ်၊ ကာဏာမာတာဝတ္ထု )
Thursday, February 5, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment