Tuesday, February 17, 2009

ကံ ကံ၏အကျိုး ( ၁၈ )

( ရွှေအိုးမြှုပ်နှံခြင်း )

ရန်ကုန်မြို့ ကမ္ဘာအေးဈေးနှင့် ပတ်ဝန်းကျင်တွင် အသက် ၈၀-ခန့်ရှိ အဘိုးအိုတယောက်သည် တဆိုင်ဝင် တဆိုင်ထွက်ဖြင့် ဈေးအနှံ့လှည့်လည် အလှူခံစားသောက်လျက်ရှိ၏။

အဘိုးအိုကို ကြည့်ရသည်မှာ လွန်စွာသနားစရာကောင်းလှ၏။ ခါးကလည်း ကိုင်းလှ၏၊ အစာအာဟာရ ချို့တဲ့မှုကြောင့် ခွန်အားဗလလည်း လွန်စွာချိနဲ့လျက်ရှိ၏၊ ကားလမ်းမကြီးဘေးရှိ မုန့်ဟင်းခါဆိုင်မှ စားစရာ ထည့်လိုက်သောအခါ ထိုဆိုင်နှင့် မလှမ်းမကမ်းမှာပင် ထိုင်လျက် အားရမြိန်ရှက်စွာ စားသောက်နေသည်ကို သနားစဖွယ် တွေ့မြင်ရလေ၏။ အဘိုးအို၏ သနားစဖွယ်အဖြစ်ကို စာရေးသူ မကြာခဏ တွေ့မြင်ရသည်။

ဤသို့တွေ့မြင်ရဖန် များလာသောအခါ ထိုအဖိုးအိုအပေါ် ကရုဏာသက်မိ၏၊ စားစရာ သောက်စရာများ ပေးလှူချင်သည့်စိတ်များ တဖွားဖွားဖြစ်ပေါ်မိ၏၊ တနေ့တွင် နို့မုန့်နှင့် နို့ဆီဘူး လှူမည်-ဟု စိတ်ကူးပြီးနောက် အဘိုးအို၏ အနားသို့ သွား၍ အဘိုး-ဘုရားဝင်းထဲ ခဏ လိုက်ခဲ့စမ်းပါ၊ အဘိုးကို စားစရာလှူချင်လို့ပါ-ဟု ပြောရာ အဘိုးအိုမှာ နားလေးနေရော့သလား မပြောတတ်။ ဘယ်မှ မလိုက်နိုင်ဘူး၊ သွားစရာရှိသေးတယ်-ဟု ပြန်ပြောသဖြင့် စာရေးသူလည်း လှည့်ပြန်ခဲ့ရလေ၏။ စာရေးသူတွင် လှူဖွယ်ပစ္စည်းများမှာ တခါတည်း ပါမလာသဖြင့် မလှူလိုက်ရခြင်း ဖြစ်လေသည်။

တနေ့တွင် စာရေးသူသည် ကမ္ဘာအေး ဘောဂလမ်းထဲသို့ လမ်းလျှောက်သွားစဉ် လမ်းဘေး၌ တဲငယ်တလုံးကို မြင်သဖြင့် တဲငယ်အတွင်းသို့ လှမ်းကြည့်လိုက်ရာ လူတယောက် ခွေခွေကလေး အိပ်နေသည်ကို တွေ့ရလေ၏။ သေချာစွာကြည့်ပြန်ရာ ဈေးထဲ၌ အလှူခံ စားသောက်နေသော အဘိုးအိုဖြစ်မှန်း သိရလေ၏၊ အစားအစာအတွက် ဒုက္ခရောက်နေသည်ကို မြင်ရသဖြင့် သနားနေမိရာမှ နေရသည့်အိမ်ကိုပါ မြင်ရပြန်သောအခါ အဘိုးအိုအပေါ် ပို၍ပင် သနားမိပြန်၏။

သို့နှင့် နောက်တနေ့ နံနက်တွင် နို့မုန့် တထုပ်၊ သကြား တထုပ်၊ ဘီစကစ်တထုပ်၊ ကိတ်ခြောက်တထုပ်၊ အစာကြေဆေး တပုလင်းတို့ကို ၀ယ်ယူ၍ ကြွပ်ကြွပ်အိတ်တွင် ထည့်ကာ ထိုအဘိုးအို အိမ်သို့သွား၏။ သို့သော် အဘိုးအိုကိုမတွေ့ရပေ၊ အနီးပတ်ဝန်းကျင်တွင် ရှာကြည့်ပြန်ရာ မတွေ့သဖြင့် ပြန်လာခဲ့ရာ ဘုရားလမ်းမှတ်တိုင်အနီး ကွမ်းယာဆိုင်တဆိုင် ထိုင်ခုံပေါ်တွင် ထိုင်နေသည်ကို တွေ့ရလေ၏။

စာရေးသူလည်း လူငယ်တဦးကို လှူဖွယ်ပစ္စည်းများကို ပေးပြီး အဘိုးအိုအား လှူခိုင်းလိုက်လေ၏။ အဘိုးအိုက ဒါကဘာလဲ-ဟု မေးရာ လူငယ်က ဟိုဦးပဉ္စင်းက အဘိုးကို လှူခိုင်းလို့ပါ-ဟု ပြန်ပြောလေရာ အဘိုးအိုသည် စာရေးသူကို မော်ကြည့်လျက် ကြည်လင်ရွှင်ပြသောမျက်နှာဖြင့် လက်အုပ်ချီရှိခိုးလျက် ပါးစပ်မှလည်း တတွတ်တွတ်နှင့် ဆုတောင်းနေလေ၏၊

စာရေးသူလည်း အဘိုးအိုကို ခဏမျှကြည့်ရှုပြီးနောက် ၀မ်းသာကြည်နူးသော စိတ်ဖြင့် မိမိကုသိုလ်ကို ဆင်ခြင်အောက်မေ့လျက် ပြန်လာခဲ့လေသည်။
စာရေးသူသည် ဤကုသိုလ်ကြောင့် မျက်မှောက်ဘ၀မှာပင် အစားအစာပေါများခြင်း၊ ဆေးဝါးပစ္စည်း လှူဒါန်းမည့်သူ ပေါ်ပေါက်ခြင်း၊ ကျန်းမာခြင်း စသော အကျိုးများကို ရရှိခံစားနေရပါသည်။
( တက္ကသိုလ် သောတုဇန )
********************************************************************************

( တူသောအကျိုး )

ဦးမဲကြီးသည် တောရွာလေးများသို့ ဆင်း၍ ကြက်ဝယ်ပြီး မြို့တွင် ပြန်ရောင်းသူဖြစ်သည်။ ဈေးထဲတွင် ကြက်သားရောင်းသူများက ဦးမဲကြီးထံမှ တဆင့် ၀ယ်ကြရသည်။ ဦးမဲကြီးသည် အမြတ်များများကျန်အောင် မသမာနည်းကိုသုံးကာ ရောင်းဝယ်မြဲဖြစ်သည်။ ၀ယ်လျှင် အလေးတမျိုး၊ ရောင်းလျှင် အလေးတမျိုး ထားတတ်သည်။ ဦးမဲကြီးသည် တောမှဝယ်လာသော ကြက်များကို မြို့သို့မရောက်မီ ပြောင်းဖူးစေ့များ ကျွေးသည်၊ ရိုးရိုးချကျွေးသည်တော့ မဟုတ်၊ ကြက်များကို တကောင်ချင်း နှုတ်သီးဖြဲကာ ထိုးသွတ်ထည့်ခြင်းသာ ဖြစ်သည်၊ ကြက်များကို စလုတ်များ ဖောင်းတင်းပြီး မခံချိမခံသာ တစ်ဆို့နေအောင် ထည့်ခြင်းဖြစ်သောကြောင့် ကြက်များမှာ မလှုပ်မယှက်နိုင်လောက်အောင် ဝေဒနာဆိုးကို ခံစားကြရသည်။ ဤနည်းဖြင့် ဦးမဲကြီးမှာ အမြတ်အစွန်း ကောင်းကောင်းရနေခဲ့သည်။

မကြာမီက ဦးမဲကြီးတယောက် တောဆင်းပြီး ကြက်မ၀ယ်နိုင်တော့-ဟု သတင်းကြားရသည်။ နာတာရှည် ရောဂါဖြင့် အိပ်ရာထဲ လဲနေသည်-ဟု ပြောကြသည်။ ဦးမဲကြီးခမျာ အစာမစားရဘဲ လည်မျိုတွင် တခုခု ဆို့ထားသလို တစ်ဆို့ဆို့ကြီး ဖြစ်နေသဖြင့် အစာမ၀င်သည်မှာ တပတ်ခန့်ရှိပြီ-ဟု ကြားရပြန်သည်။ တလခန့်အကြာတွင် ဦးမဲကြီး ဆုံးသည်၊ တချို့က လည်ချောင်းကင်ဆာ-ဟု ဆိုကြသည်။

ကြက်များ၏စလုတ်ထဲသို့ ပြောင်းဖူးစေ့များ မတန်တဆ ထိုးသွင်းခဲ့သော လောဘဇောတိုက် ရက်စက်မှုကြောင့် သူ့ဘ၀နိဂုံးတွင်လည်း ကြက်များနည်းတူ ဝေဒနာဆိုး ခံစားရကာ သေဆုံးရတော့မည်ဖြစ်ကြောင်း နောက်ဆုံးစကား ပြောသွားခဲ့သည်-ဟု သိရှိရပါသည်။
( မေရည်မွန်-မြန်မာစာ )

( မြတ်မင်္ဂလာ ၁၉၉၂-ခု ဒီဇင်ဘာလ )

No comments: