Wednesday, February 4, 2009

ကံ ကံ၏အကျိုး ( ၁၄ )

( ကိုသိုလ်ကံအကျိုး မီးမတိုး )

၁-၉-၈၈ စနေနေ့တွင် ညောင်တုန်းမြို့၌ မီး-အကြီးအကျယ်လောင်ခဲ့ပါသည်။ ကမ်းနား ၁၇-လမ်းမှစတင်၍ လောင်ကျွမ်းသောမီးသည် ဤမှာဘက် ၈-လမ်းတိုင်တိုင်၊ ထိုမှာဘက်တွင် လမ်း ၂၀-အထိ တလမ်ပြီးတလမ်း တတိုက်ပြီးတတိုက် တအိမ်ပြီးတအိမ် ၀ါးမျိုလောင်ကျွမ်း၍ ဖျက်ဆီးနေသည်မှာ မြင်ရသူအဖို့ ရင့်နင့်စဖွယ်ပင် ဖြစ်တော့၏။

လူတိုင်းပင် မိမိ စွမ်းဆောင်သမျှ မီးသတိပေးခြင်း၊ ပစ္စည်းများ ကူညီသယ်ယူပေးခြင်းတို့ကို ပြုလုပ်ခဲ့ရပါသည်၊ မြို့တွင်းရှိ သံဃာတော်များပင် မနေသာ၊ ကူညီဆောင်ရွက်ပေးကြရပါသည်။

ညောင်တုန်းမြို့တွင် ဇာဘော်လီ ဒေါ်သိန်းသိန်းကို မသိသူ ရှားပါသည်၊ သူ၏ လုပ်ငန်းမှာ ဇာဘော်လီလုပ်ငန်းဖြစ်သည်၊ မီးအရှိန်သည် ဒေါ်သိန်းသိန်း၏ အိမ်နှင့် တအိမ်ကျော်တွင် လောင်ကျွမ်းနေပေပြီ၊ ဒေါ်သိန်းသိန်း၏ အိမ်၌ သံဃာတော်များ အများဆုံး ကူညီပေးနေကြ၏။ မီး၏ အပူရှိန်သည် ဒေါ်သိန်းသိန်း၏ အိမ်အထိ ပြင်းထန်စွာ ရောက်ရှိနေပေပြီ။

ဒေါ်သိန်းသိန်းသည် သူ၏တိုက် မီးလောင်မှာသေချာပြီ-ဟု စိတ်ကို လျှော့လိုက်တော့၏၊ ကူညီနေသော သံဃာများကိုလည်း ဦးပဉ္စင်းတို့ ကိုရင်တို့ တိုက်ထဲက အမြန်ထွက်ကြပါဘုရား၊ မီးတွေနီးနေပြီ တပည့်တော်မရဲ့ ပစ္စည်းတွေ အဲဒီအတိုင်းသာ ထားခဲ့ပါဘုရား-ဟု မိမိပစ္စည်းထက် သံဃာတော်များ အသက်အန္တရာယ်ကို ပို၍စိုးရိမ်စွာဖြင့် ပြောဆိုသည်။ ထို့နောက် နိုင်သမျှ ပစ္စည်းအချို့ကိုသာ ယူလျက် တိုက်တံခါးကို သော့ခတ်ကာ မီးနှင့်ဝေးရာသို့ ရှောင်ထွက်ကြတော့သည်။

မီးညွန့်သည် ဒေါ်သိန်းသိန်း၏ တိုက်သို့ တချက်တချက်တွင် လာရောက်ဟပ်လေ၏။ ထို့နောက် ဒေါ်သိန်းသိန်း တိုက်နား ရောက်လာသော မီးသည် ဆက်လက်လောင်ကျွမ်းခြင်း မရှိတော့ဘဲ မီးညွန့်ကျိုးသွားလေတော့၏။

ကုသိုလ်ကံ၏ အကျိုးပေးခြင်းသည် နောင်ဘ၀တွင်သာ မဟုတ်၊ ယခုလက်ငင်း ဘ၀မှာလည်း ပေးတတ်ကြောင်းကို ယုံကြည်စွာ လက်ခံရပေမည်၊ ဒေါ်သိန်းသိန်းသည် စိတ်သဘောထား ကောင်းရုံသာမက အလှူရေစက် လက်နှင့်ကွာသည်ဟူ၍ မရှိပေ။ ညောင်တုန်းမြို့ပေါ်ရှိ ကျောင်းတိုက်ကြီးများသို့ သွားရောက်အလှူပေးလေ့ရှိ၏၊ အထူသဖြင့် စာသင်တိုက်ကြီးဖြစ်သော ရွှေဟင်္သာတောရ ကျောင်းတိုက်ကြီးတွင် နှစ်ရက်ခြား သုံးရက်ခြား ဆွမ်း, ဆွမ်းဟင်း အသုပ်စုံများ ကပ်လှူ၏။

ကုသိုလ်ပြုလုပ်ရာတွင်လည်း ပေါ့ပေါ့တန်တန် သဘောမထားပေ။ သူကိုယ်တိုင် ချွေးဒီးဒီးကျ အပင်ပန်းခံပြီး ချက်ပြုတ် လှူဒါန်း၏။ ဆရာတော်ကြီးများကို သိက္ခာထပ်ခြင်းဖြင့် ရဟန်းအမ အမည်ခံယူလိုက်သေး၏။ ဆရာတော်ကြီးများအတွက်လည်း လိုလေသေးမရှိ ကြည့်ရှု လှူဒါန်းလေ့ရှိ၏။

ဤကဲ့သို့ ကောင်းမှုကုသိုလ်တို့၏ အရှိန်အဟုန်သည် ရန်သူမီး၏ အရှိန်အဟုန်ကို တွန်းလှန် အနိုင်ယူလိုက်ခြင်းပင် ဖြစ်တော့သည်။

( ကျုံပျော်-မောင်ဆွေငယ် )

( မြတ်မင်္ဂလာ ၁၉၉၂-ခု သြဂုတ်လ )

No comments: