Thursday, February 12, 2009

အရှင်သာရိပုတ္တရာ၏ မြင့်မြတ်သော စိတ်သဘောထား

အခါတပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးနေတော်မူ၏။
ထိုအခါ အရှင်သာရိပုတ္တရာသည် ဒေသစာရီ လှည့်လည်ဖဲသွားရန် မြတ်စွာဘုရားထံ ခွင့်ပန်လျှောက်ထားရာ
( သွားရန်မှာ သင်၏ အလိုအတိုင်းပင် ဖြစ်၏-)ဟု မိန့်တော်မူ၏။

ထို့နောက် ရဟန်းတပါးသည် အရှင်သာရိပုတ္တရာသည် အကျွန်ုပ်ကို ထိပါး၍ အပြစ်ကို သည်းမခံစေဘဲ ဒေသစာရီ ဖဲသွားပါသည်-ဟု မြတ်စွာဘုရားအား လျှောက်၏။
မြတ်စွာဘုရားသည် အရှင်သာရိပုတ္တရာအား ခေါ်စေ၍ မေးမြန်းစုံစမ်းတော်မူ၏။
ထိုအခါ အရှင်သာရိပုတ္တရာသည် မြတ်စွာဘုရားအား ဤသို့လျှောက်ထား၏။

အရှင်ဘုရား၊ မြေ၌ စင်ကြယ်သောဝတ္ထုကိုလည်း ချထားကုန်၏၊ မစင်ကြယ်သော ၀တ္ထုကိုလည်း ချထားကုန်၏။
ကျင်ကြီးကိုလည်း စွန့်ချကုန်၏၊ ကျင်ငယ်ကိုလည်း စွန့်ချကုန်၏။
တံတွေးကိုလည်း ထွေးကုန်၏၊ ပြည်ကိုလည်း ချထားကုန်၏။
သွေးကိုလည်း ချထားကုန်၏၊
မြေသည် ထိုသို့ချထားမှုဖြင့် မငြီးငွေ့၊ မရှက်နိုး၊ မစက်ဆုပ်သကဲ့သို့
အရှင်ဘုရား ဤအတူပင် အကျွန်ုပ်သည် ပြန့်ပြောသော မြင့်မြတ်သော အတိုင်းအရှည် မရှိသော ရန်မရှိသော ငြိုငြင်မှု မရှိသော မြေနှင့်တူသော စိတ်ဖြင့် နေပါ၏။

အရှင်ဘုရား၊ ရေ၌ စင်ကြယ်သောဝတ္ထုကိုလည်း ဆေးကြောကုန်၏၊ မစင်ကြယ်သောဝတ္ထုကိုလည်း ဆေးကြောကုန်၏။
ကျင်ကြီးကို၎င်း၊ ကျင်ငယ်ကို၎င်း၊ တံတွေးကို၎င်း၊ ပြည်ကို၎င်း၊ သွေးကို၎င်း၊ ဆေးကြောကုန်၏။
ရေသည် ထိုဆေးကြောမှုဖြင့် မငြီးငွေ့ မရှက်နိုး မစက်ဆုပ်သကဲ့သို့
အရှင်ဘုရား ဤအတူပင် အကျွန်ုပ်သည် ပြန့်ပြောသော မြင့်မြတ်သော အတိုင်းအရှည်မရှိသော ရန်မရှိသော ငြိုငြင်မှု မရှိသော ရေနှင့်တူသော စိတ်ဖြင့် နေပါ၏။

အရှင်ဘုရား၊ မီးသည် စင်ကြယ်သောဝတ္ထုကိုလည်း လောင်၏၊ မစင်ကြယ်သော ၀တ္ထုကိုလည်း လောင်၏။
ကျင်ကြီးကိုလည်း၊ ကျင်ငယ်ကိုလည်း၊ တံတွေးကိုလည်း၊ ပြည်ကိုလည်း၊ သွေးကိုလည်း လောင်၏။
မီးသည် ထိုလောင်မှုဖြင့် မငြီးငွေ့ မရှက်နှိုး မစက်ဆုပ်သကဲ့သို့
အရှင်ဘုရား၊ ၌အတူပင် အကျွန်ုပ်သည် ပြန့်ပြောသော မြင့်မြတ်သော အတိုင်းအရှည်မရှိသော ရန်မရှိသော ငြိုငြင်မှုမရှိသော မီးနှင့်တူသော စိတ်ဖြင့် နေပါ၏။

အရှင်ဘုရား၊ လေသည် စင်ကြယ်သောဝတ္ထုကိုလည်း တိုက်ခတ်၏၊ မစင်ကြယ်သောဝတ္ထုကိုလည်း တိုက်ခတ်၏။
ကျင်ကြီးကိုလည်း၊ ကျင်ငယ်ကိုလည်း၊ တံတွေးကိုလည်း၊ ပြည်ကိုလည်း၊ သွေးကိုလည်း တိုက်ခတ်၏။
လေသည် ထိုတိုက်ခတ်မှုဖြင့် မငြီးငွေ့ မရှက်နိုး မစက်ဆုပ်သကဲ့သို့
အရှင်ဘုရား၊ ဤအတူပင် အကျွန်ုပ်သည် ပြန့်ပြောသော မြင့်မြတ်သော အတိုင်းအရှည်မရှိသော ရန်မရှိသော ငြိုငြင်မှုမရှိသော လေနှင့်တူသော စိတ်ဖြင့် နေပါ၏။

အရှင်ဘုရား၊ ဖုန်သုတ်အ၀တ်သည် စင်ကြယ်သောဝတ္ထုကိုလည်း သုတ်ရ၏၊ မစင်ကြယ်သောဝတ္ထုကိုလည်း သုတ်ရ၏။
ကျင်ကြီးကိုလည်း၊ ကျင်ငယ်ကိုလည်း၊ တံတွေးကိုလည်း၊ ပြည်ကိုလည်း၊ သွေးကိုလည်း သုတ်ရ၏။
ဖုန်သုတ်အ၀တ်သည် ထိုသုတ်မှုဖြင့် မငြီးငွေ့ မရှက်နိုး မစက်ဆုပ်သကဲ့သို့
အရှင်ဘုရား၊ ဤအတူပင် အကျွန်ုပ်သည် ပြန့်ပြောသော မြင့်မြတ်သော အတိုင်းအရှည်မရှိသော ရန်မရှိသော ငြိုငြင်မှုမရှိသော ဖုန်သုတ်အ၀တ်နှင့်တူသော စိတ်ဖြင့် နေပါ၏။

အရှင်ဘုရား၊ ခွက်လက်စွဲလျက် စုတ်ပြတ်သောအ၀တ်ကို ၀တ်သော ဒွန်းစဏ္ဍား လုလင်ပျိုသည်၎င်း၊ ဒွန်းစဏ္ဍာလုံမပျိုသည်၎င်း၊ ရွာနိဂုံးသို့ဝင်လတ်သော် နိမ့်ချသောစိတ်ကိုသာလျှင် ဖြစ်စေ၍ ၀င်သကဲ့သို့
အရှင်ဘုရား၊ ဤအတူပင် အကျွန်ုပ်သည် ပြန့်ပြောသော မြင့်မြတ်သော အတိုင်းအရှည်မရှိသော ရန်မရှိသော ငြိုငြင်မှုမရှိသော ဒွန်းစဏ္ဍာလုလင်ပျို လုံမပျိုနှင့်တူသော စိတ်ဖြင့် နေပါ၏။

အရှင်ဘုရား၊ ဦးချိုကျိုးသော, အကျင့်ကောင်းသော, ယဉ်ကျေးပြီးသော, ဆုံးမအပ်ပြီးသော, နွားလားသည် လမ်းမတခုမှ လမ်းမတခုသို့၊ လမ်းဆုံတခုမှ လမ်းဆုံတခုသို့ လှည့်လည်လတ်သော် ခြေဖြင့်သော်၎င်း၊ ဦးချိုဖြင့်သော်၎င်း၊ တစုံ့တရာကိုမျှ မညှဉ်းဆဲသကဲ့သို့
အရှင်ဘုရား၊ ဤအတူပင် အကျွန်ုပ်သည် ပြန့်ပြောသော မြင့်မြတ်သော အတိုင်းအရှည်မရှိသော ရန်မရှိသော ငြိုငြင်မှုမရှိသော ဦးချိုကျိုးသော နွားလားနှင့်တူသော စိတ်ဖြင့် နေပါ၏။

အရှင်ဘုရား၊ ငယ်ရွယ်နုပျိုသော အလှပြင်လေ့ရှိသော ဦးခေါင်းနှင့်တကွ ရေချိုးပြီးသော မိန်းမပျိုသည်၎င်း၊ ယောက်ျားပျိုသည်၎င်း၊
မြွေကောင်ပုပ်ကိုဖြစ်စေ၊ ခွေးကောင်ပုပ်ကိုဖြစ်စေ၊ လူကောင်ပုပ်ကိုဖြစ်စေ၊ လည်ပင်း၌ဆွဲလိုက်ပါမူ ငြီးငွေ့ ရှက်နိုး စက်ဆုပ်သကဲ့သို့
အရှင်ဘုရား၊ ဤအတူပင် အကျွန်ုပ်သည် ဤခန္ဓာကိုယ် အကောင်ပုပ်ဖြင့် ငြီးငွေ့ပါ၏၊ ရှက်နိုးပါ၏၊ စက်ဆုပ်ပါ၏။

အရှင်ဘုရား၊ ယောက်ျားသည် အပေါက်ကြီးငယ်ရှိသော အထက်မှလျှံကျသော အောက်မှယိုကျသော အမဲဆီအိုးကို ရွက်ဆောင်နေရသကဲ့သို့
အရှင်ဘုရား၊ ဤအတူပင် အကျွန်ုပ်သည် အပေါက်ကြီးငယ်ရှိသော အထက်မှလျှံကျသော အောက်မှယိုကျသော ဤ(ခန္ဓာ)ကိုယ်ကို ရွက်ဆောင်နေရပါ၏။

အရှင်ဘုရား စင်စစ် ဤ(ခန္ဓာ)ကိုယ်၌ ကာယဂတာသတိ မထင်သော ပုဂ္ဂိုလ်သည်သာ သီတင်းသုံးဖော် တဦးဦးကို ထိပါး၍ အပြစ်ကိုလည်း သည်းမခံစေဘဲ ဒေသစာရီ ဖဲသွားရာပါ၏-ဟု လျှောက်၏။

ကျွန်တော်သည် အထက်ပါ အရှင်သာရိပုတ္တရာ၏ မြတ်စွာဘုရားအား လျှောက်ထားသော စကားတော်မြတ်တို့ကို ဖတ်ရှုရသောအခါ
အရှင်သာရိပုတ္တရာ၏ မြေနှင့်တူသောစိတ်
အရှင်သာရိပုတ္တရာ၏ ရေနှင့်တူသောစိတ်
အရှင်သာရိပုတ္တရာ၏ မီးနှင့်တူသောစိတ်
အရှင်သာရိပုတ္တရာ၏ လေနှင့်တူသောစိတ်
အရှင်သာရိပုတ္တရာ၏ ဖုန်သုတ်အ၀တ်နှင့်တူသောစိတ်
အရှင်သာရိပုတ္တရာ၏ ဒွန်းစဏ္ဍာလုလင်ပျို, လုံမပျိုနှင့်တူသောစိတ်
အရှင်သာရိပုတ္တရာ၏ ဦးချိုကျိုးသော နွားလားနှင့်တူသောစိတ်
အရှင်သာရိပုတ္တရာ၏ ခန္ဓာကိုယ်အကောင်ပုပ်ကို ရှက်နိုး စက်ဆုပ်သောစိတ်
အရှင်သာရိပုတ္တရာ၏ ပြန့်ပြောသော မြင့်မြတ်သော အတိုင်းအရှည်မရှိသော ရန်မရှိသော ငြိုငြင်မှုမရှိသော
စိတ်တော်မြတ်ကို လက်စုံချီမိုး ရှိခိုးဦးခိုက် ဖူးမြော်လိုက်မိပါတော့သတည်း။

( သန်းထွန်း-ပညာရေးတက္ကသိုလ် )

No comments: