Sunday, February 22, 2009

ပုံပြင် ( ၁၁ )

( ကျေးဇူးသစ္စာကို စောင့်သိခြင်း၏ အကျိုး )

ရှေးအခါက တိုင်းပြည်တပြည်တွင် ပညာရှိပုရောဟိတ် အမတ်ကြီးတဦး ရှိသည်၊ တခါသော် ထိုပုရောဟိတ်နှင့် ရှင်ဘုရင်တို့ တခုသောပြဿနာအတွက် သဘောကွဲလွဲကြ၏၊
မင်းကြီးကလဲ ငါ-ဘုရင်ပဲ ဟု မင်းမာန်ဖြင့် အလျှော့မပေးချေ၊
ပုရောဟိတ်ကလည်း ငါ ပြောတာအမှန်ပဲ၊ သူလဲ ကောင်းဖို့၊ နိုင်ငံလဲ ကောင်းဖို့ ပြောတာပဲ-ဟု အလျှော့မပေးချေ၊

ဘုရင်က ရာဇမုန်ပွားကာ ပုရောဟိတ်အမတ်ကြီးကို ရာထူးမှ ချ၊ အဆောင်အယောင်များကို သိမ်း၊ ပင်ကိုယ်က ပါလာတဲ့ ပစ္စည်းလောက်နှင့် မြို့ပြင်မှာနေစေ-ဟု အမိန့်တော် ချလိုက်သည်။

ပုရောဟိတ်ကြီးသည် မြို့ပြင်မှာ တဲထိုး၍ ဆင်းရဲစွာ နေရသော်လည်း မိမိ၏၀တ္တရားကို မပျက်ကွက်စေဘဲ ညစဉ် ကောင်းကင်နက္ခတ်တို့ကို ကြည့်ရှုလေ့ရှိပေသည်၊ ထိုစဉ် ရှင်ဘုရင်ဖြစ်သူက ဆင်ခြင်မိသည်မှာ- ငါမေးတိုင်း လက်အောက်မှူးမတ်များ၊ မင်းချင်းများက တိုင်းပြည်သာယာပါတယ်၊ မုဒိန်း ဒန္တ-စသည်တို့ ကင်းရှင်းပါတယ်-လို့ လျှောက်တင်ကြတယ်၊ ယင်းတိုပပြောတဲ့အတိုင်း မှန်-မမှန် သိရအောင် ငါကိုယ်တိုင်ထွက်၍ စုံစမ်းမည်-ဟု ကြံစည်မိ၏။

သို့ဖြင့် ညအခါ တဦးတည်း ရုပ်ဖျက်ကာ လက်နက်ကိုင်၍ လမ်းကြိုလမ်းကြား သွားနေလေသည်၊ ထိုသို့သွားလာနေစဉ် မိမိနှင့် မျက်နှာချင်းဆိုင်မှလာကြသော လူတစုနှင့် တွေ့မိရာ ထိုလူများက
ဟေး---ရှေ့ကလာတာ ဘယ်သူလဲ-ဟု မေး၏၊ မင်းကြီးက ကျွန်တော် ညလူပါ-ဟုဖြေ၏၊
သူခိုးများက တယောက်တည်းလား၊ အများနဲ့လား-ဟု မေးရာ
မင်းကြီးက မခိုးတတ် ခိုးတတ်ဆိုတော့ တယောက်တည်းပါပဲ-ဟု ဖြေပြီးလျှင်
ဆရာတို့လက်ခံရင် တပည့်အဖြစ် လိုက်လိုပါတယ်-ဟု ပြော၏၊
သူခိုးအုပ်စုက လက်ခံသဖြင့် လိုက်သွားရ၏၊
မြို့ပြင်ရှိ ပုရောဟိတ်ဟောင်း၏ တဲအနီး သစ်ပင်အောက်တွင် အချိန်ကို ငံ့လင့်ကာ စောင့်ဆိုင်းနေကြသည်။

ထိုစဉ် ပုရောဟိတ်ဟောင်း အမတ်ကြီးလည်း တဲမှထွက်ကာ ကောင်းကင်နက္ခတ်ကို ကြည့်ပြီးလျှင် သူ၏ဇနီးအား ဤသို့ပြော၏။ ရှင်မရေ၊ ငါတို့ဘုရင်ဟာ ခိုးသူတွေ လက်ထဲ ရောက်နေခဲ့တယ်၊ သို့ပေမဲ့ စိုးရိမ်စရာမရှိပါ၊ သုံးနာရီအကြာမှာ ခိုးသူတွေလက်ထဲက လွတ်မှာပဲ-ဟု ပြော၏၊ ထိုအခါ ဇနီးက ရှင်ဟာ အမှတ်သည်းခြေ မရှိဘူး၊ ရှင်ဘုရင်က ရာထူးချထားလို့ ကျွန်မတိုပ မြို့ပြင်မှာ တဲပုတ်နဲ့ နေနေရတယ်၊ အခု ရှင်ပြောတဲ့စကား မင်းကြီးနား ရောက်သွားရင် ရှင်တော့ အသတ်ခံရတော့မှာပဲ-ဟု ပြောရာ ပုရောဟိတ်ဟောင်းက ရှင်မရယ်-ဒီလိုမပြောပါနဲ့၊ ခုလို ဆင်းရဲစွာနေရတာ ဘ၀ ဘ၀က ပြုခဲ့တဲ့ မကောင်းမှုကံကြောင့်ပါ၊ မင်းကြီးရဲ့ ကျေးဇူးသစ္စာကို စောင့်သိရမယ်၊ တို့ကို မသတ်ဘဲထားတာကို များစွာ ကျေးဇူးတင်ရမယ်၊ မင်းကြီးရဲ့ ဘုန်းရိပ် ကံရိပ်ကြောင့် တို့ဆင်းရဲပေမယ့် အေးအေးချမ်းချမ်း နေရတယ်၊ ဒါကြောင့် မင်းကြီးအပေါ် သစ္စာရှိရမယ်-ဟု ပြော၏။

ဘုရင်ကြီးလည်း ထိုစကားများကို ကြားသိရလျှင် ငါ-ပုရောဟိတ်ကြီးကို ရာထူးချမိတာ မှားသွားလေပြီ-ဟု သတိသံဝေဂရ၍ စိတ်မချမ်းမသာ ဖြစ်မိသည်။ အချိန်ကျလျှင် ခိုးသူတို့လည်း တိုက်တတိုက်ကို ၀င်ရောက်ခိုးယူကြ၍ ဝေစုခွဲကာအသီးသီး မိမိတို့လိုရာ သွားကြ၏၊ ဘုရင်ကြီးလည်း ထိုက်တန်သည့်ဝေစုရကာ နန်းတော်သို့ ပြန်လာခဲ့၏။ နောက်တနေ့ ညီလာခံသဘင်၌ မင်းကြီးက အသစ်ခန့်ထားသော ပုရောဟိတ်အား ညက နက္ခတ်တာရာများကို ကြည့်ပါရဲ့လား-ဟု မေး၏၊ ပုရောဟိတ်အသစ်က ညက နက္ခတ်တာရာများကို ကြည့်ပါတယ်၊ တိုင်းပြည် ၀ပြောသာယာပြီး မင်းကြီးလဲ ဘုန်းတန်ခိုး တိုးတက်ပါလိမ့်မယ်-ဟု လျှောက်ထား၏။

မင်းကြီးက ပုရောဟိတ်အသစ် လျှောက်တင်ချက်ကို မှတ်ထားလိုက်၏၊ ထို့နောက် မင်းချင်းတယောက်ကို စေလွှတ်၍ မြို့ပြင်မှ ပုရောဟိတ်ဟောင်းကို ခေါ်စေ၏။ ပုရောဟိတ်ဟောင်း၏ ဇနီးက မင်းကြီးထံမှ အခေါ်လွှတ်ကြောင်းသိရသော် ၄င်း၏ခင်ပွန်းအား ကျွန်မမပြောဘူးလား၊ ရှင် ညကပြောတာကြောင့် မင်းပြစ် မင်းဒဏ် သင့်တော့မယ်-ဟု ငိုယိုပြောဆို၏၊ ထိုအခါ ပုရောဟိတ်ကြီးက ရှင်မရယ် အခေါ်လွှတ်ရုံနှင့် မင်းပြစ်မင်းဒဏ် သင့်ရမှာလား၊ ကျုပ်ကို ဒဏ်ခတ်ချင်ရင် လက်မရွ့အာဏာသားတွေနဲ့ ခေါ်မှာ၊ မပူပါနဲ့-ဟု ပြော၍ နန်းတော်သို့ လိုက်သွားလေ၏။

မင်းကြီးက ညက ကောင်းကင်နက္ခတ်များ ကြည်မိသလား၊ ဘယ်လိုနိမိတ်များ မြင်ပါသလဲ-ဟု မေးရာ ပုရောဟိတ်ဟောင်းက ညက ကောင်းကင်နက္ခတ်များကို ကြည့်ပါတယ်၊ မင်းကြီးဟာ ခိုးသူများလက်ထဲကို ခေတ္တမျှ ကျရောက်နေတာကို တွေ့ရပါတယ်၊ သို့ပေမယ့် သုံးနာရီခန့်ကြာရှိတော့ ခိုးသူများထံမှ လွတ်မြောက်ခဲ့ပါတယ်-ဟု လျှောက်တင်၏။ ထိုအခါ မင်းကြီးက ပုရောဟိတ်ဟောင်း ပြောတာနဲ့ ညက ငါကိုယ်တိုင်ဖြစ်ခဲ့တာ တထပ်တည်းပဲ၊ အံကိုက်ပဲ ပုရောဟိတ်ဟောင်းကြီးက ငါ့အပေါ်မှာ သစ္စာရှိတယ်၊ ကျေးဇူးတရားကို သိတတ်တယ်၊ ပြုနေကျဝတ္တရားကို မပျက်မကွက်ပြုပေတယ်-ဟု ပြောဆိုပြီးလျှင် လိမ်လည်ပြောဆိုသည့် ပုရောဟိတ်အသစ်ကို ရာထူးမှချ၍ ပုရောဟိတ်အဟောင်းအား ရာထူးဌာနန္တရ စည်းစိမ်ဥစ္စာတို့ကို ပြန်လည်ပေးအပ်ပြီး ချီးမြောက်လေသည်။
(အကိုး။ နာနာဆန္ဒဇာတ်တော်ကို မှီးပါသည်)

( တက္ကသိုလ်ခေမာ-ကျိုက်လတ် )
********************************************************************************

( မတူညီသော ခံစားချက်များ )

ကိုဖိုးသောင်းကြီး လေဖြတ်သွားလို့တဲ့တော့
ဟဲ့ ဘယ်ကိုဖိုးသောင်းလဲ၊ အရှေ့ပိုင်းက ဖိုးသောင်းလား၊ အနောက်ပိုင်းက ဖိုးသောင်းလား၊
အရှေ့ပိုင်းက ငှက်ထောင်မုဆိုး ကို ဖိုးသောင်းလေ၊ မနေ့က လေဖြတ်သွားတာတဲ့၊ ခြေထောက်ရော လက်တွေပါ ကွေးကောက်ပြီး လှုပ်လို့မရတော့ဘူးတဲ့။

အေးဟယ်၊ သနားစရာ၊ အင်း-ကာလ၀ိပါက် နောက်ပိုးတက်ပြီ ထင်ပါရဲ့၊
နေပါဦး ကြီးဒေါ်စိန်ရဲ့၊ ဘာရယ် ကာလ၀ိပါက် နောက်ပိုးတက် ဟုတ်လား၊
အေးပေါ့အေ၊ ဖိုးသောင်းက ငှက်တွေထောင်ဖမ်းပြီး စီပွားရှာနေတာမို့လား၊ ငှက်တွေ အများကြီးမိတဲ့နေ့ဆို တယောက်တည်း မနိုင်မနင်းဆိုတော့ မပျံနိုင်အောင် အတောင်တွေချိုး၊ ခြေတွေချိုးပြီး ထားတယ်မို့လား၊ အခုလဲ သူ့ခြေထောက်တွေ ချိုးထားသလို ကွေးကောက်ပြီး မလှုပ်နိုင်တာနေမှာပေါ့၊ အင်း-ဒုက္ခ ဒုက္ခ၊
ဝဋ်တွေများ ကြောက်စရာ တယ်ကောင်း၊ ဘ၀မခြားဘဲ ခံစားရတယ်၊ တို့များတော့ ကြောက်တယ်ဟေ့၊ ဒါကြောင့် ဒီဘ၀မှာ ငယ်ငယ်လေးထဲက သူများအသက်ကို မသတ်ရဲဘူး၊ သူများကို နာကျင်အောင် မလုပ်ခဲ့ဖူးဘူး။

ဒါကြောင့်ထင်တယ်နော်၊ ကြီးဒေါ်စိန်က အသက်ကြီးနေပေမယ့် သန်သန်မြန်မြန် ဖြစ်နေတုန်းပဲ၊ ရောဂါလဲ ကြီးကြီးကျယ်ကျယ် မရှိဘူး၊
အေးပေါ-အေးပုံရယ်၊ ဒါလဲ ပါမှာပေါ့၊
အင်း ဒီနေ့ထိတော့ ကျန်းမာနေပါသေးတယ်၊ မနက်ဖြန်တော့ မပြောတတ်ဘူးပေါ့ကွယ်၊
အင်း-ညနေစောင်း အေးပုံအားရင် တို့ဖိုးသောင်းကို သွားပြီး မေးကြရအောင်ကွယ်၊ သနားစရာပါ၊
အသက်ကဖြင့် ဘာရှိသေးတုန်း၊ အလွန်ဆုံးရှိမှ လေးဆယ့်ငါး၊ ငါးဆယ်ပေါ့။

ဟုတ်ကဲ့ပါ-ကြီးဒေါ်စိန်၊ ညနေ ကျွန်မအားပါတယ်၊ သွားကြတာပေါ့နော်၊
ညနေပိုင်းတွင် ကြီးဒေါ်စိန်နှင့် အေးပုံတို့ နှစ်ယောက် ရွာအရှေ့ပိုင်းရှိ ကိုဖိုးသောင်း၏ အိမ်သို့ လူနာမေး သွားကြသည်။ ကိုဖိုးသောင်းကတော့ ခုတင်ပေါ်တွင် ပက်လက်၊ စကားမပြောနိုင်၊ ၀ူးဝူးဝါးဝါးနှင့်သာ အော်နေသည်၊
ကိုဖိုးသောင်း၏ လူမမည်အရွယ် ကလေးများမှာလည်း သူ့တဲလေးထဲတွင် ဟိုတယောက် ဒီတယောက်၊ မိန်းမဖြစ်သူ မတုတ်ကတော့ သူ့ဘေးနားမှာထိုင်ပြီး စိတ်ဓာတ်ကျနေပုံရသည်၊ ဒေါ်စိန်တို့ကိုမြင်တော့-

သြော်-ဒေါ်ကြီးစိန် လာလာ၊ ထိုင်ပါ၊ ကိုဖိုးသောင်း အဖြစ်ကတော့ ဒါပါပဲတော်၊ ဒီနေ့ပါဆို နှစ်ရက်ရှိပြီ။
ဟဲ့-ဘယ်လိုဖြစ်တာလဲ မတုတ်ရဲ့၊ ဖိုးသောင်းက မာမာချာချာ သန်သန်မြန်မြန်ကြီးပဲ၊
ဟုတ်တယ် ဒေါ်ကြီးစိန်ရေ၊ ဟိုနေ့ညက အိုက်တယ်ဆိုပြီး အင်္ကျီချွတ်အိပ်တယ်၊ လေက တဟူးဟူးတိုက်နေတဲ့ အိမ်ရှေ့ကွပ်ပျစ်မှာ အိပ်တယ်လေ။ သန်းခေါင်ကျော်လောက်တော့ ဒီလိုဖြစ်သွားတာပဲ၊ ကျုပ် သူ့ကို ပြောပါသေးတယ်၊ မရဘူး၊ အပူဒဏ်မခံနိုင်ဘူးတဲ့လေ၊ ခုတော့ ကြည့်ပါဦး။

ထိုစဉ် ကိုဖိုးသောင်း သူ့မိန်းမကို စကားပြောချင်ပုံရသည်၊ ၀ူးဝူးဝါးဝါးအော်နေသည်၊ သွးရည်တွေကလည်း တများများ ကျနေ၏၊ ကိုဖိုးသောင်းအဖြစ်က မကြည့်ရက်စရာ၊
ကြီးဒေါ်စိန်က မျက်နှာလွှဲကာ အိမ်အတွင်းသို့ ဟိုဟိုဒီဒီ မျက်လုံးရောက်သွား၏၊ မီးဖိုပေါ်ရှိ ကျပ်ခိုးစင်ပေါ်တွင် အသားကင်၊ အသားခြောက် အချို့ကို တွေ့ရသည်။

ဟို တစို့ထိုးထားတဲ့ အကင်တွေက ဘာတွေတုန်း မတုတ်ရဲ့၊ သြော်-ကြီးဒေါ်စိန် ဒါလေ လမိုက်ရက်တုန်းက ကိုဖိုးသောင်း ငှက်တွေ အများကြီးရလာလို့ တချို့လဲရောင်း၊ တချို့လဲ ကင်ထားတာ၊ တခါတည်း ရောင်းမကုန်လို့လေ။
ဟင်-ဟုတ်လား၊ ငှက်အရှင်လေးတွေရော ကျန်သေးလား မတုတ်၊
ဟုတ်ကဲ့-အတောင် မချိုးရသေးတဲ့ ငှက်အငယ်လေးတွေတော့ ကျန်သေးတယ်၊
ကြီးဒေါ်စိန် လိုချင်လို့လား။

အေးကွယ်-ကြီးဒေါ်စိန် လိုချင်လို့ ဘယ်နှစ်ကောင်လောက် ရှိလဲဟင်၊ သိပ်တော့ များများ မရှိပါဘူး၊
ငါးကောင်ပဲ ရှိတော့တယ်၊ ရေဘဲလေးတွေလေ၊ ကြီးဒေါ်ယူရင် လျှော့ပေးပါ့မယ်၊
အေး-အေး လှောင်ချိုင့်လေးနဲ့လား၊
မဟုတ်ဘူး ကြီးဒေါ်ရဲ့၊ ခြေထောက်တွေ ကြိုးနဲ့ချည်ထားတာ၊ ငါးကောင် တခါတည်း တွဲပေးလိုက်မယ်၊ စားဖို့ဆိုရင်တော့ ကျုပ်တခါတည်း ကိုင်ပေးလိုက်မယ်လေ။

အို-အို နေပါစေ၊ မလိုပါဘူးကွယ်၊ ကြီးဒေါ်စိန် ဘာသာဟိုကျမှ လုပ်ခိုင်းပါ့မယ်၊ ပြပါဦး၊ အကောင်လေးတွေ ကြည့်ရအောင်၊ မတုတ်က အိမ်နောက်ဖေးရှိ ပုတ်ခြင်းကြီးထဲမှ ရေဘဲအငယ် ငါးကောင်ကို ကြိုးချည်းလျက်သား ထုတ်ပေးသည်။ ငါးကောင် တထောင်ပဲ ပေးခဲ့ပါတော်၊ ကြီးဒေါ်စိန်ဆိုတော့ လျှော့ပေးရမှာပေါ့။

အေး-အေး-ရော့ ဒီမှာပိုက်ဆံ၊
ကြီးဒေါ်စိန်က အတွင်းခံအင်္ကျီအိတ်ကပ်ထဲမှ ငွေတထောင်ကျပ်တန်ကို ထုတ်ပေးလိုက်သည်၊
ပြီးမှ သတိရဟန်နှင့်-
သြော်-မေ့နေလို့ပါအေ၊ ရော့ ရော့ နှစ်ရာ၊ ဖိုးသောင်းအတွက် ဓာတ်စာဖိုး၊ ဆေးဖိုးပေါ့အေ၊ တို့များလဲ မချမ်းသာလို့ များများ မကူညီနိုင်ဘူး။

ကျေးဇူးပါပဲ ကြီးဒေါ်စိန်ရယ်၊ ဆေးဖိုးကတော့ အတော်ကုန်မှာ၊ မနက်က ရွာနောက်ပိုင်းက ဒေါ်မြကြီး လာပြီး နှိပ်သွားတယ်၊ ထူးမခြားနားပါပဲတော်။
ညရော-အိပ်ရရဲ့လားဟဲ့။
ဘယ်အိပ်နိုင်မလဲ၊ ကြီးဒေါ်စိန်ရယ်၊ အော်နေတာပဲ၊ ကျုပ်လဲ စိတ်ပျက်တယ်၊ လူမမာရှိတော့ အလုပ်လဲ သွားပြီးမလုပ်ရ၊ ငွေလဲ မရှာနိုင်၊ ကလေးတွေကလဲ များတော့ ဒုက္ခရောက်တယ်။

အေးပေါ့ကွယ်၊ ဒီလိုပေါ့၊ ဒုက္ခဆိုတာ လူတိုင်းမှာ အနည်းနှင့်အများ ရှိကြတာပေါ့၊ တတ်နိုင်သမျှတော့ ပြုစုကုသ ပေါ့အေ၊ ကဲ ကဲ တို့သွားဦးမယ်၊
ဟုတ်ကဲ့ ဟုတ်ကဲ့
ဒေါ်စိန်နှင့် အေးပုံ စိတ်မကောင်းစွာနဲ့ အိပ်ရာပေါ်က ဖိုးသောင်းကို တချက်ကြည့်ပြီး ထွက်လာကြသည်၊ ဒေါ်စိန်နှင့် အေးပုံတို့ နှစ်ယောက်သား ရေဘဲလေးများကို တယုတယပွေ့ပြီး ယူလာကြသည်၊ အိမ်ရောက်တော့ တကောင်ချင်း ကြိုးဖြေ၍ ဒဏ်ရာရနေသောနေရာသို့ နနွင်းသိပ်ပေးပြီး ပျံနိုင်သောရေဘဲလေးများကို လွှတ်ပေးလိုက်သည်။

ကောင်းကင်ယံသို့ လွတ်လပ်စွာ ပျံတက်သွားသော ရေဘဲငှက်လေးများကို ကြည့်ရင်း မိမိကုသိုလ်အတွက် ကြည်နူးနေသော ဒေါ်စိန်နှင့် အိပ်ရာထဲတွင် မလှုပ်နိုင် မယှက်နိုင်ဘဲ ခံစားနေရသော ကိုဖိုးသောင်းတို့၏ ခံစားချက်တို့ကား မည်မျှခြားနားလေစွတကား-ဟု အေးပုံ တွေးနေမိသည်။

ငှက်များစွာရလေ့ရှိသော လကွယ်ည သန်းခေါင်တွင် ကိုဖိုးသောင်း ကွယ်လွန်သည်၊ ဆုတောင်းတိုင်းသာ ပြည့်မည်ဆိုလျှင် ကိုဖိုးသောင်း ကောင်းရာသုဂတိ လားပါစေ-ဟု လူတိုင်း ဆုတောင်းပေးမည်သာ။
သို့သော် သို့သော် - - - - ။

( ချယ်ရီ-ရွှေခြံ )

( မြတ်မင်္ဂလာ ၂၀၀၁-နိုဝင်ဘာ )

No comments: