တနေ့သ၌ အရှင်မဟာကဿပမထေရ်သည် ရာဇဂြိုဟ်မြို့တော်တွင်း ဆွမ်းခံပြီး ဆွမ်းစားခြင်းကိစ္စ ပြီးသောအခါ ပိပ္ပလိလိုဏ်ဂူသို့ သွားရောက်၍ အာလောကကသိုဏ်းကို ပွားများသည်၊ ထိုသို့ပွားများပြီး ဒိဗ္ဗစက္ခုအဘိညာဉ်ကို ၀င်စား၍ မေ့လျော့ပေါ့ဆစွာနေကြသော သတ္တ၀ါတို့ကို၎င်း၊ စုတိဆဲ၊ ပဋိသန္ဓေနေဆဲ၊ သတ္တ၀ါတို့ကို၎င်း၊ မမေ့မလျော့သော သတ္တ၀ါတို့ကို၎င်း၊ ဆင်ခြင်နေသည်။
ထိုသို့ ဆင်ခြင်နေစဉ် ဇေတ၀န်ကျောင်းတော်မှ ဘုရားရှင်သည် ရောင်ခြည်တော်လွှတ်ပြီးလျှင် ရှေ့တူရူသို့ ကိုယ်တော်တိုင် ကြွလာသကဲ့သို့ တန်ခိုးတော်ဖြင့် ဖန်ဆင်း၍
ချစ်သားကဿပ၊ သတ္တ၀ါတို့၏ မွေးဖွားခြင်း၊ သေဆုံးခြင်းတို့သည် ရေတွက်မကုန်နိုင်အောင် များပြားလှ၏။ ထိုအခြင်းအရာတို့ကို သိမြင်ခြင်းငှါ သင်၏အရာမဟုတ်၊
ဘုရားရှင်တို့၏ အရာသာဖြစ်၏။
မမေ့မလျော့ နေခြင်းသာ သင်၏အရာဖြစ်သည်-ဟု ဆုံးမကာ အောက်ပါဂါထာကို ဟောတော်မူသည်။
( ပါဠိ )
ပမာဒံ အပ္ပမာဒေန ၊ ယဒါနုဒတိ ပဏ္ဍိတော ။
ပညာပါသာဒ မာရုယှ ၊ အသောကော သောကိနိံ ပဇံ ။
ပဗ္ဗတဋ္ဌောဝ ဘူမဋ္ဌေ ၊ ဓီရောဗာလေ အဝေက္ခတိ ။
( မြန်မာပြန် )
ပညာရှိသူသည် မေ့လျော့မှုကို မမေ့လျော့မှုဖြင့် ပယ်ဖျောက်၏။
စိုးရိမ်မှုကင်းသော ရဟန္တာသည် ဒိဗ္ဗစက္ခုဟု ဆိုအပ်သော ပညာပြာသာဒ်ထက်သို့တက်၍ စိုးရိမ်မှုရှိသော သတ္တ၀ါအပေါင်းကို ရှုကြည့်၏။
တောင်ထိပ်၌ တည်သောသူသည် မြေပြင်၌ တည်သောသူတို့ကို ရှုကြည့်သကဲ့သို့ ပညာရှိ ရဟန္တာသည် (ပုထုဇဉ်) သူမိုက်တို့ကို ရှုကြည့်၏။
( ဆောင်ပုဒ် )
ကြေင်းကျိုးသိမြင်၊ ပညာရှင်သည်၊ အစဉ်သတိ၊ ဆင်ခြင်ကြည့်လျက်၊ မေ့သည့်တရား၊ ကုန်ပယ်ရှား၏။
တရားလိမ္မာ၊ မြတ်ဆရာသည်၊ ပညာပြာသာဒ်၊ အပေါ်ထပ်မှ၊ သောကကင်းစင်၊ စိတ်ကြည်လင်ဖြင့်၊ မြေပြင်ရွေ့လျား၊ သတ္တ၀ါများကို၊ သနားကြင်နာ၊ စေတနာဖြင့်၊ စိတ်ဖြာခွဲဝေ၊ ရှုကြည့်နေ၏။
တောင်မြေကုန်းထက်၊ အပေါ်တက်၍၊ အောက်ဖက်ကသွား၊ လူအများကို၊ ခွဲခြားဝေဖန်၊ ကြည့်နေဟန်တည်း။
( အပ္ပမာဒ၀ဂ် မဟာကဿပတ္ထေရ၀တ္ထု )
Friday, February 20, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment