Monday, February 9, 2009

ပုံပြင် ( ၆ )

( ပိယောလ မုဆိုး )

ပိယောလ-သည် သီဟိုဠ် (သီရိလင်္ကာ)ကျွန်း၊ မဟာဂါမပြည်၊ ရောဟဏဇနပုဒ်တွင် ထင်ရှားသည့် မုဆိုးကြီးဖြစ်သည်။ သူ့အသက်မပါဘဲ စားလေ့မရှိချေ။

တနေ့တွင် ပိယောလသည် သားကောင်တကောင်မျှ မရရှိသဖြင့် အိမ်သို့ စိတ်ပျက်လက်ပျက် ပြန်လာခဲ့သည်။
အိမ်ရှိ နွားငယ်တကောင်ကို သတ်ရန် ကြံစည်လျက်ရှိသည်။ ထို့ကြောင့် မြက်စည်းကို ပြ၍ နွားငယ်ကို မြူခေါ်သည်။

နွားငယ်က မြက်စည်းကို စားမည်ပြုစဉ် နွားငယ်၏လျှာကို အသင့်ယူထားသည့် ဓားဖြင့် ဖြတ်လိုက်သည်။ နွားငယ်ကား ပါးစပ်တခုလုံး သွေးခြင်းခြင်းနီရဲလျက် ရှိသည်။ ပိယောလမှာ နွားငယ်၏ ခုန်ဆွခုန်ဆွ ဖြစ်နေပုံကို ကြည့်၍ သဘောတွေ့နေသည်။ နွားငယ်၏ လျှာကို မီးမှာကင်၍ စားပစ်လိုက်သည်။

ထိုညက တညလုံး ပိယောလ အိပ်မပျော်၊ တူဖြင့် အထုခံရသလိုလို စူးချွန်ဖြင့် အထိုးခံရသလိုလို ဝေဒနာခံစားနေရသည်။ တညလုံး အော်ဟစ် ညည်းညူနေရသည်။

မနက်လင်းသည်နှင့် ပိယောလ ဆောက်တည်ရာမဲ့ ဖြစ်နေသည်။ ရောဟဏဇနပုဒ်ရှိ တိဿမဟာဝိဟာရ ကျောင်းတိုက်သို့ သွား၍ မထေရ်ကြီးထံ ကယ်မ,သနားရန် လျှောက်ထားသည်၊ မထေရ်ကြီးက-

ဒကာ မုဆိုး၊ သားကျွေးမှု မယားကျွေးမှုတွေအတွက် သူ့အသက်သတ်ခြင်းစတဲ့ မကောင်းမှုတွေကို ကျူးလွန်ရင် ငရဲခံရမှာပဲ၊ ဘယ်သူမှ ကိုယ့်အတွက် လာခံလို့ရမှာ မဟုတ်ဘူး-ဟု မိန့်တော်မူသည်။

ထို့နောက် ဘုရားရှင် ဟောတော်မုခဲ့သော ဒေ၀ဒူတသုတ္တန် တရားတော်ကို မုဆိုးကြီးအား အကျယ်ဟောပြတော်မူသည်၊ ပိယောလသည် ထိုသုတ္တန်ကို နာကြားပြီးနောက် လွန်စွာထိတ်လန့် တုန်လှုပ်သွားသည်။ ထို့ကြောင့်-

အရှင်ဘုရား၊ ယနေ့မှစ၍ သူ့အသက် မသတ်တော့ပါဘုရား-ဟူ၍ ၀န်ခံကတိပြုပြီး အိမ်သို့ပြန်လာခဲ့သည်။ အိမ်ရောက်လျှင်
မုဆိုး အသုံးအဆောင်များ အားလုံး လွှင့်ပစ်လိုက်သည်။

တနေ့တွင် ပိယောလသည် အဖော်များနှင့်အတူ သမုဒ္ဒရာကမ်းခြေ၌ ရေချိုးနေကြသည်။ သမုဒ္ဒရာအတွင်းရှိ ရေနဂါး တကောင်က ပိယောလအား တကိုယ်လုံးရစ်ပတ်ပြီး ညှစ်သတ်ရန် ကြိုးစားသည်။ ပိယောလသည် နဂါးဘေးမှ လွတ်မြောက်ရန် အစွမ်းကုန် ရုန်းထွက်သော်လည်း မရဘဲ ဖြစ်နေသည်။

ထိုစဉ် တိဿမဟာဝိဟာရ မထေရ်မြတ်၏ ဒေ၀ဒူတသုတ္တန် တရားတော်ကို သတိရပြီး-
ဒေ၀ဒူတသုတ္တန်သည် ဘုရားရှင်၏ နှုတ်ကပါဌ်တော်အစစ်အမှန် ဖြစ်ပါသည်။ ဘုရားသားတော် သံဃာတော်များသည်လည်း ထိုသုတ္တန်ကို ဟောပြတော်မူကြပါသည်။ ထိုရတနာသုံးပါး ဂုဏ်ကျေးဇူးတော်ကြောင့် ကျွန်ုပ်အား အသက်အန္တရာယ် မဖြစ်ပါစေသတည်း-ဟု စိတ်ထဲမှ သစ္စာပြုလိုက်၏။ ငါ မသေနိုင်-ဟုလည်း စိတ်ကို အားတင်းထားလိုက်၏။

ထိုအခါ နဂါးမင်းသည် ပိယောလအား အကြိမ်ကြိမ် အထပ်ထပ် ရစ်ပတ်ဖျစ်ညှစ်သတ်သော်လည်း ပြေလျှော၍သာ နေ၏။ မဖြစ်ဘူး မကြုံဘူး ထူးဆန်းနေသဖြင့် နဂါးမင်းက ပိယောလမအား နဂါးပြည်သို့ ခေါ်ဆောင်သွား၏။

နဂါးပြည်သို့ ရောက်လျှင် နဂါးမင်းက-
အမောင်လုလင်၊ သင် ကျွန်ုပ်သတ်မှာကို ဘာကြောင့် မကြောက်သလဲ၊ သင့်မှာ ဘာ အဆောင်များ ထားရှိသလဲ-ဟု မေးသည်။ ပိယောလက-
အို နဂါးမင်း၊ မြတ်စွာဘုရား ဟောကြားထားတဲ့ မကြောက်-တရားတော်ကို ကျွန်ုပ်နာကြားဖူးလို့ မကြောက်ခြင်းဖြစ်ပါတယ်။ ဒီတရားတော်ဟာ ကျွန်ုပ်ရဲ့ အဆောင် ၀ရဇိန် လက်နက်ပါပဲ-ဟု ပြန်ဖြေလိုက်သည်။

ထိုအခါ နဂါးမင်းက-
သေရမည်ကို မကြောက်သော တရား နာကြားလိုပါသည်-ဟု တောင်းပန်သဖြင့် ဒေ၀ဒူတသုတ္တန်ကို ထပ်မံ ဟောပြလိုက်သည်။ နဂါးမင်းက ကျေးဇူးတင် ၀မ်းမြောက် ကြည်ညိုလှသဖြင့် ဣစ္ဆာသယ ပတ္တမြားတလုံးကို ပိယောလအား လက်ဆောင်ပေးသည်။ အိမ်သို့လည်း ပြန်ပို့ပေသည်။

ပိယောလသည် ထိုပတ္တမြားကို အမှီပြု၍ သား မယားနှင့်တကွ အေးချမ်းစွာ နေထိုင် စားသောက်ပြီး ကုသိုလ်ကောင်းမှုများ ပြုလုပ်၍ နေသည်။
မကြာမီ ပိယောလသည် ပတ္တမြားရတနာကို သားမယားတို့အား လွှဲအပ်လိုက်သည်။ တိဿမဟာဝိဟာရ ကျောင်းတိုက်သို့ သွား၍ ပိယောလ ရဟန်းပြုသည်။ ထိုကျောင်း၌ ဒေ၀ဒူတသုတ္တန်ကို ထပ်မံနာကြား၍ ၀ိပဿနာရှုပွားရာ ရဟန္တာဖြစ်တော်မူသည်။

မဟာဂါမ နေပြည်တော်၌ ပိယောလ၏ သတင်း တမုဟုတ်ချင်း လွင့်သွားသည်။ မုဆိုးကြီးအဖြစ် လူသိများခဲ့သည့် ပိယောလသည် ယခုအခါ ရဟန်းဘ၀ဖြင့် တရားရှုမှတ်၍ ရဟန္တာဖြစ်သွားသည့်အခါ အထုးအဆန်းဖြစ်ရလေသည်။ မယုံတ၀က် ယုံတ၀က်ဖြင့် သတင်းအတိအကျသိရန် စုံစမ်းကြသည်။ နောက်ဆုံးတွင် ပိယောလ၏ သတင်းမှန်ကို သိသွားကြသည်။

ဒီလောက်တောင် သူ့အသား မစားရ မနေနိုင် ကြမ်းကြုတ်ခက်ထန် ရက်စက်ယုတ်မာလှတဲ့ မုဆိုးကြီးတောင်မှ ရဟန္တာဖြစ်သွားသတဲ့။ အံ့စရာပဲ၊ တရားတော်ဟာ တကယ်လုပ်ရင် အဟုတ်ဖြစ်ပါကလား-ဟု ဆိုကာ နေရာများစွာတို့၌ ပြောဆိုချီးကျူး အံ့သြနေကြတော့သည်။

ပိယောလမထေရ်ကို အကြောင်းပြု၍ များစွာသော သူတို့သည်လည်း ကုသိုလ်ကောင်းမှု ကြိုးစားပြုလျက် တရားဘာဝနာ အားထုတ်ကာ နေလေသတည်း။ ( မဓုရ ရသ၀ါဟိနီ-၄၀ )

( နန်းပွင့်စံ )

( မြတ်မင်္ဂလာ-၁၉၉၂-ခု စက်တင်ဘာလ )

No comments: