Friday, February 27, 2009

ကံ ကံ၏အကျိုး ( ၂၂ )

( မြွေသား စားကြသူများ )

မိဖုရားဂူသည် ထီးချိုင့်မြို့ ကျောက်စေတီတော် အနောက်ယံ၌ တည်ရှိပါသည်၊ မိဖုရားဂူဟူသည်မှာ သက္ကရာဇ် ၁၂၃၅-ခုနှစ်တွင် ကွယ်လွန်သော ကန်မမိဖုရားကြီး ဂူသွင်းသင်္ဂြိုဟ်ရာ အုတ်ဂူကြီး ဖြစ်ပါသည်။

ထိုမိဖုရားဂူကြီး၌ စပါးကြီးမြွေကြီး တကောင် ခိုအောင်းနေထိုင်လျက်ရှိသည်၊ အနီးပတ်ဝန်းကျင်ရှိ လူအပေါင်းက တွေ့ဖူး မြင်ဖူးကြသဖြင့် သိရှိကြသည်၊ မည်သူ့ကိုမျှ အန္တရာယ်မပေးသဖြင့် မြွေသူတော်ကောင်းကြီးဖြစ်သဖြင့် အသိအမှတ်ပြုကာ လက်ပွန်းတတီး ရှိနေကြပါသည်။

တရက်တွင် လူသုံးဦးသည် မိဖုရားဂူအနီးမှ တောချုံများကို ခုတ်ထွင်ရှင်းလင်း နေကြပါသည်၊ မည်သည့်အကြောင်းကြောင့် တောခုတ်နေရသနည်း-ဟု လူအချို့က သွားရောက်စပ်စုကြသည်၊
မိမိတို့ သမိုင်းဝါသနာရှင်များ ဖြစ်ကြပါသည်-ဟု ပြန်ပြောကြသည်။

ထိုသူတို့သည် လူများအလစ်တွင် ဂူအောက်ရှိ အပေါက်ကြီးအတွင်းသို့ ကောက်ရိုးအမှိုက်များ သွင်းကာ မီးတိုက်လိုက်သည်၊ ထိုအခါ ဂူအောင်းနေသော စပါးကြီးမြွေကြီးသည် အပြင်ဘက်သို့ ထွက်လာရတော့၏၊ သည်အကွက်ကို ချောင်းနေသော ထိုသူသုံးဦး၏ တုတ်၊ ဓားလက်ချက်ဖြင့် မြွေကြီးခမျာ သေရှာလေ၏။

ထိုသူသုံးဦးသည် နေ့လယ် ၁၁-နာရီခန့်က ရရှိခဲ့သောျြေမွကြီးကို ကြော်၍တဖုံ၊ ချက်၍တမျိုး စီစဉ်ကြသည်၊ ထို့နောက် ချက်အရက်များ သောက်ကာ မြွေသားဖြင့် ပျော်ပွဲစားကြ၏။

မြွေသားနှင့်တွဲဘက်၍ မစားအပ်သော အစာကို စားမိ၍လား ( သို့မဟုတ်) သူတော်ကောင်း မြွေကြီးကို သတ်ဖြတ် စားသောက်မိ၍လား မပြောနိုင်ပေ၊ မြွေသားစားကြသူ သုံးယောက်စလုံး တညလုံး ၀မ်းလျှောကြ၍ ဆေးရုံတင်ပေးလိုက်ကြရသည်၊ နောက်တနေ့ ၁၁-နာရီ ( မြွေကြီးကို ရိုက်သတ်ကြသော အချိန် ) တွင် သုံးယောက်စလုံး တပြိုင်တည်း သေဆုံးသွားကြပါတော့သည်။

( ၀ရဇိန်-ထီးချိုင့် )
*********************************************************************************

( ကြောက်မက်ဖွယ် အတွေ့အကြုံ )

ပုသိမ်မြို့၏ ကုန်းရပ်ကွက်တွင် ဈေးကလေးတခုရှိသည်၊ ကြက်တူရွေးဇာပင်ဈေး-ဟုအမည်တွင်သည်။ လွန်ခဲ့သည့်နှစ်ပေါင်း ၅၀-ကျော်က ထိုဈေးတွင် ငါးပုဇွန်များ ရောင်းချသော ဒေါ်ခါတွန်အမည်ရှိ အမျိုးသမီးကြီး တဦးရှိသည်၊ ဒေါ်ခါတွန်မှာ အခြားဈေးသည်များထက် ဈေးသက်သာပြီး အလေးချိန်ခွင် မှန်ကန်သဖြင့် အရောင်းရ သွက်လှသည်။

အဒေါ် ငါးရံ့ကြီးကြီး တကောင်လောက်၊
ဈေးဝယ်သူက ဈေးမေးပြီး ၀ယ်လိုက်သည်တွင် ဒေါ်ခါတွန်သည် တောင်းတွင်းမှ ငါးရံ့အရှင်ကြီးတကောင် နှိုက်၍ ဦးခေါင်းကို တုတ်ဖြင့် ထုလိုက်သည်၊ ထို့နောက် တဖျပ်ဖျပ် လူးနေသော ငါးကြီးကို ချိန်ခွင်ပေါ် တင်လိုက်၏၊ ပြီးတော့ ငါးကြေးများကို ဓားမလေးဖြင့် ခွါကာ အသားများကိုလည်း တုံးတစ်ပေးလိုက်သေးသည်၊ ၀ယ်သူမှာ အိမ်ရောက်သည်တွင် ရေဆေးချက်ရုံမျှသာ ဖြစ်၍ အလုပ်သက်သာ၏။

ထို့ကြောင့် ဒေါ်ခါတွန်၏ တောင်းကြီး တောင်းငယ်များတွင် ရှိသော ငါး ပုဇွန်များမှာ နေ့မကူးဘဲ ကုန်သွားတော့၏၊ ကြက်တူရွေးဇာပင်ဈေး အနီး၌ မြောင်းမြကျောင်းအမည်ရှိ ဘုန်းတော်ကြီးကျောင်း တကျောင်း ရှိသည်၊ ကျောင်းထိုင်ဆရာတော်ကြီးမှာ သီလ သမာဓိနှင့် အထူးပြည့်စုံသည်။

ဥပုသ်သီတင်းနေ့ ကျရောက်တိုင်း ကျွန်တော်တို့ ဆယ်ကျော်သက် လူငယ်တစုသည် ဆရာတော်ကြီးကျောင်းမှ အလှူခံပုံးကလေးများကို ယူ၍ ကြက်တူရွေးဇာပင်ဈေး အတွင်းသို့ လှည့်လည် အလှူခံလေ့ရှိသည်။ ဒေါ်ခါတွန်သည် ပိုက်ဆံနှစ်ပြားကို ရေစင်ကြယ်အောင်ဆေး၍ အလှူခံထဲသို့ လှူလေ့ရှိသည်၊ ပါးစပ်မှလည်း တိုးတိုးဆုတောင်းသေးသည်။

ဟဲ့ မခါတွန်တယောက် ဈေးမရောင်းတာ တပတ်လောက်ရှိပြီ၊ အသည်းအသန် ဖြစ်နေဆိုပဲ၊
ငါ သွားမေးလိုက်ဦးမယ်၊
ကျွန်တော်၏ မိခင်ကြီးက သူ့မိတ်ဆွေ ဒေါ်ခါတွန် နေမကောင်းသဖြင့် လူမမာမေး ထွက်သွားသည်၊
အမေပြန်လာတော့ အင်း-မခါတွန် တယောက်တော့ သတိလဲမရဘူး၊ မျောနေပြီး မျက်ဖြူကြီးလန်လို့၊
အစာလဲ မစားတော့ဘူး။
အမေက မိတ်ဆွေအတွက် စိတ်မကောင်းစွာဖြင့် ပြော၏၊
အချို့လူများကတော့ မခါတွန် သေပါပြီ၊ ဖုတ်ဝင်နေတာပါ၊ ဖုတ်ထွက်သွားရင် လူကောင်ကြီး ပုပ်နေတာ တွေ့ရမှာပါ-ဟူ၍ ထင်ကြေးအမျိုးမျိုး ပြောဆိုနေကြသည်။

ဒေါ်ခါတွန်မှာ ကျွန်တော့သူငယ်ချင်း၏ မိခင်ဖြစ်၍ ကျွန်တော်လည်း မကြာခဏဆိုသလို သူငယ်ချင်း၏အိမ်သို့ ရောက်တတ်၏၊ ရောက်သည့်အခါတိုင်းပင် ဒေါ်ကြီးဒေါ်ခါတွန်၏ဘေး၌ သူ့သားသမီးများ ၀ိုင်းထိုင်၍ ငိုသူက ငိုနေကြသည်ကို တွေ့ရ၏။

ကျွန်တော့မှာ သူများ၏ ပြောဆိုသံကြောင့် ဒေါ်ကြီးဒေါ်ခါတွန်ကို ကြည့်ရမှာ ကြောက်လန့်နေ၏၊ ကြည့်လဲကြည့်ချင်သည်၊ သို့ဖြင့် ကြောက်ကြောက်နှင့်ပင် ကြည့်မိ၏၊ ဟိုခေတ် အခါသမယတွင် ဆေးရုံသို့ တက်ရောက်ကုသမှုခံရန် လူများ အကြောက်ကြီးကြောက်ကြ၏၊ ဆေးရုံသို့ မတက်လိုကြပေ။

ထို့ကြောင့်ပင်လားမသိ၊ ဒေါ်ခါတွန်ခမျာ ဆေးရုံသို့ မတက်ရောက်ဘဲ ပင်ပန်းကြီးစွာဖြင့် ရောဂါဝေဒနာ ခံစားနေရ၏၊
မခါတွန်တယောက် ထမင်းတောင် စားနိုင်ပြီတဲ့၊ စကားလည်း ကောင်းကောင်းမွန်မွန် ပြောလို့
အမေက သူ့မိတ်ဆွေ နေကောင်းကြောင်း ပြောရင်း ပြုံးပြုံးရွှင်ရွှင် ဖြစ်နေ၏။

ပြီးတော့အမေက စကားဆက်ပြန်၏၊ သူမျောနေတုန်းမှာ သူဟာ တောကြီးတခုထဲကို ရောက်သွားတယ်တဲ့၊ လူသံ ငှက်သံဆိုလို့ ဘာသံကိုမျှ မကြားရဘူး ဆိုတယ်၊ မခါတွန်ဟာ လျှောက်လျှောက်သွားရင်းက အလွန်တရာမှကြီးလှတဲ့ ချောက်ကြီးထဲ ရောက်သွားတယ်၊ လူတွေဟာလဲ ငိုသူက ငို၊ အော်သူတွေက အော်၊ သွေးသံရဲရဲတွေနဲ့တဲ့၊ ဧရာမကြီးလှတဲ့ ခွေးနက်ကြီးတွေကိုလည်း တွေ့ရတယ်၊ ဒါနဲ့ မခါတွန်ဟာ ရှေ့ဆက် မလျှောက်ရဲတော့ဘဲ နောက်လှည့်ပြန်မယ်လုပ်တော့ မျက်နှာ ပုံပန်းသဏ္ဍာန်တွေက ဆိုးဆိုးဝါးဝါးကြီးနဲ့ ထွားကျိုင်းလှတဲ့ လူကြီးတွေဟာ မခါတွန်ဘက်ဆီကို ပြေးလာကြတယ်။
ကိုယ်မှာလဲ အ၀တ်အထည်မပါကြဘူး၊ ကိုယ်လုံးတီးကြီးတွေနဲ့၊ သူတို့လက်ထဲမှာလဲ သစ်သားတင်းပုတ်ကြီးတွေ ကိုင်လို့၊ မခါတွန်လဲ ကြောက်ကြောက်နဲ့ အတင်းလှည့်ပြေးရာ မြောင်းမြကျောင်းရှေ့ရောက်တော့ ဆရာတော်ကြီး ရပ်နေတာ တွေ့တယ်တဲ့၊

ဆရာတော်ကိုတွေ့တော့ မခါတွန်က အရှင်ဘုရား၊ ကယ်ပါဦး-ကယ်ပါဦး-လို့ တအားအော်မိတယ်၊ ဆရာတော်ကြီးက ကျောင်းထဲဝင်ခဲ့-လို့ အမိန့်ရှိတော့ ကျောင်းထဲလည်း ၀င်လိုက်ရော လိုက်လာတဲ့ လူကြီးတွေကို မတွေ့ရတော့ဘူး၊ သူတအားအောက်လိုက်တာ အသံထွက်ပြီး အော်တာကြောင့် သူ့သားသမီးတွေ ၀ိုင်းလာကြတယ်၊ မခါတွန်လဲ မောနေတာပဲတဲ့၊ ဒါနဲ့ ရေတောင်းသောက်လိုက်ရတယ်၊
ညဉ်းငါ့ကို မသေလို့တွေ့ရတာ ဆိုပြီး အမေ့လက်ကို ကိုင်ပြီးငိုတယ်-ဟူသော အမေ့၏ ပြန်ပြောသော စကားများကြောင့် ကျွန်တော်တို့ မောင်နှမတစုမှာ ကြောက်ကြောက်နှင့် တဦးမျက်နှာကို တဦး ကြည့်နေကြသည်၊ ညီမငယ်လေးက အမေ၏ရင်ခွင်တွင်းသို့ တိုးဝင်သွားသည်။

ထိုကဲ့သို့သော အတွေ့အကြုံကြောင့်လားမသိ၊ ထိုနေ့ထိုရက်မှစ၍ ဒေါ်ခါတွန် တယောက်
ငါးအရှင်၊ ပုဇွန်အရှင်များ ရောင်းချသည်ကို ကျွန်တော်တို့ မတွေ့ရတော့ပေ။

( ပုသိမ်-ခင်ညို )

( မြတ်မင်္ဂလာ ၁၉၉၂-ခု ဇန်န၀ါရီလ )

No comments: