Tuesday, February 3, 2009

မြတ်ဗုဒ္ဓနှင့် သတ္တဌာန

မဟာဗောဓိ စေတီတော်၏ အနီးတ၀ိုက်၌ ဗုဒ္ဓမြတ်စွာနှင့် ဆက်စပ်နေသော နေရာ ၇-ဌာန ရှိသည်။ ယင်းကို သတ္တဌာန-ဟု ခေါ်၏။
ပါဠိပိဋကတ်တော်၌ မြတ်စွာဘုရား ဖြစ်တော်မူသည့် နေရာဌာနကို ညွှန်ပြရာတွင် ဥရုဝေလတော နေရဉ္ဇရာမြစ်ကမ်း ဗောဓိပင်အောက်၌-ဟု ရှေးဦးစွာ ပြဆို၏။ ထိုနှင့်ဆက်၍ သတ္တသတ္တာဟ-ခုရက် ခုနှစ်လီ ( ၇ x ၇ = ၄၉ ) ရက် စံတော်မူရာ ဌာနများကိုပြ၏။ ယင်းနေရာများကို ဗုဒ္ဓဘာသာဝင်များ အဆက်ဆက် မှတ်သားလာခဲ့ရာ အသောကခေတ်၌မူ ကျောက်စာရေးထိုး၍ ကျောက်တိုင်များ စိုက်ထားခဲ့ပေသည်။

အစဉ်အလာ အမှတ်အသားများ တချို့နေရာ၌ အနည်းငယ် ကွဲလွဲမှုရှိနိုင်၏၊ သို့ရာတွင် သတ္တဌာနသည် မဟာဗောဓိဝန်းကျင်တွင် အမှန်ရှိပေသည်။ နှစ်ပေါင်း ၂၅၀၀-ကျော်နေပြီဖြစ်၍ အများစု ဗုဒ္ဓဘာသာ မဟုတ်သောနိုင်ငံတွင် ဤမျှ ကျန်နေသည်ကိုပင် နှောင်းခေတ်ဗုဒ္ဓဘာသာဝင်များအတွက် ကုသိုလ်ပွားစရာ ရတနာဟု သဘောထားရပေသည်။ ယင်းနေရာများသည် သက်တော်ထင်ရှား မြတ်ဘုရားကို အာရုံယူနိုင်စေရန် အထောက်အကူဝတ္ထုများ၊ ကိုးကွယ်ပူဇော်စရာ ပရိဘောဂ စေတီတော်များ ဖြစ်ကြသည်။

သမိုင်းအမြင်ဖြင့်ကြည့်ပါက ဗုဒ္ဓပရိနိဗ္ဗာန် စံတော်မူပြီးနောက် အနှစ် ၂၀၀-ကျော်တွင် ရေးထိုးခဲ့သော ကျောက်စာတိုင်နှင့် အထိမ်းအမှတ်များသည် ဗုဒ္ဓခေတ်နှင့် အနှစ် ၂၀၀-ကျော်မျှသာ ကွာသဖြင့် ယုံမှားစရာ မလိုပေ။ ဘာသာခြားအချို့၏ ဖျက်ဆီးမှု, ပူးကပ် ၀င်ရောက်မှု, ရောထွေးပေါင်းစပ်မှုသာ မရှိပါက ယခုထက် ပိုမိုပီပြင် ကြီးကျယ်ခိုင်ခံ့သော သမိုင်းမှတ်တိုင်များ အဖြစ် ရပ်တည်ကြပေလိမ့်မည်။ ဤအခြေအနေကို ကမ္ဘာ့ဗုဒ္ဓဘာသာဝင်များ မျက်ခြည်မပြတ်သင့်ပေ။

ဗုဒ္ဓဂယာနယ်မြေသို့ရောက်သူ ဗုဒ္ဓဘာသာဝင်တိုင်း သတ္တဌာနများကို ဖူးမြော်လေ့ရှိကြပါသည်။

၁။ ဗောဓိပင်ကို ၁၅x၁၀ ခန့်ရှိတံတိုင်းဖြင့် ကာရံထားသည်။ ဗောဓိပင်နှင့် စေတီတော်ကြီးအကြား ပလ္လင်တော်ရှိသည်။
ပလ္လင်မှာ ကျောက်တုံးဖြင့် ထားထားသည်။ ဤနေရာကို ပလ္လင်္ကသတ္တာဟ-ဟု ခေါ်သည်။
ဗုဒ္ဓမြတ်စွာ ကဆုန်လပြည့်နေ့ နံနက်ပိုင်း၌ နေရဉ္ဇရာမြစ်အတွင်း ရွှေခွက်ကို မျှောတော်မူပြီး မြစ်ကမ်းနား အင်းကြင်းတောဝယ် အာနာပါနကမ္မဋ္ဌာန်း စီးဖြန်းတော်မူသည်။ ညနေဆည်းဆာချိန်တွင် နေရဉ္ဇရာမြစ်၌ ရေချိုးတော်မူ၍ ဗောဓိပင်ရှိရာ ဤနေရဉ္ဇရာသို့ လာတော်မူခဲ့သည်။ လမ်းတွင် သောတ္တိယမည်သော မြက်ရိတ်သမားက ဗုဒ္ဓအား မြက်ရှစ်စီး ( ရှစ်ဆုပ် ) လှူလိုက်သည်။ အရှေ့အရပ်မှ မဟာဗောဓိပင်သို့ ၀င်တော်မူ၍ အရှေ့ဘက် မျက်နှာမူလျက် တင်ပျဉ်ခွေ ထိုင်တော်မူပြီး ( အရေ အကြော အရိုးမျှ ကျန်ပါစေ၊ သွေးသားအားလုံး ခြောက်ခန်းပါစေ၊ တရားထူး တရားမြတ် မရသမျှ မထ ) ဟု အဓိဋ္ဌာန်တော်မူသည်။

မကြာမီ မာရ်နတ်စစ်တပ် လာ၍ ဖျက်သော်လည်း သမာဓိမပျက်၊ မာရ်နတ်သာ ထွက်ပြေးသွားရသည်၊ ဈာန်သမာပတ် ဆက်လက်ဝင်စား၍ ( ပု-ဒိ-အာ ) ဟုခေါ်သော ဉာဏ်တော်သုံးပါးတွင် ရှေးရှေးဘ၀များစွာကို အောက်မေ့အမှတ်ရနိုင်သော ပုဗ္ဗေနိဝါသာနုဿတိ ဉာဏ်တော်ကို ည ၁၀-နာရီအတွင်း ရတော်မူသည်။

အဝေးရှိ အာရုံ၊ ဖုံးကွယ်နေသော အာရုံမှန်သမျှကို နတ်မျက်စိကဲ့သို့ မြင်နိုင်သော ဒိဗ္ဗစက္ခုဉာဏ်တော်ကို ည ၂-နာရီအတွင်း ရတော်မူသည်။

အလောင်းတော်သည် စတုတ္ထဈာန်သမာပတ် ၀င်စားရင်း အကြားအကြားတွင် ၀ိပဿနာ ပွားတော်မူသည်။ ဉာဏ်စဉ်အတိုင်း တက်၍ ကဆုန်လပြည့်ကျော် ၁-ရက်နေ့ မကူးမီ ပစ္ဆိမယံ ( နောက်ဆုံးညဥ့် ) အချိန်၌ အာသ၀က္ခယဉာဏ်ကို ရ၍ သဗ္ဗညုတဉာဏ်ကိုပါ ရရှိတော်မူလျက် ဘုရားဖြစ်တော်မူသည်။ ဗုဒ္ဓမြတ်စွာ ဤနေရာ၌ ထိုင်တော်မူ၍ ၇-ရက်လုံးလုံး အရဟတ္တဖိုလ်ချမ်းသာ ခံစားတော်မူသည်။

၂။ ၈-ရက်မြောက် ( ကဆုန်လပြည့်ကျော် ၈-ရက် ) နေ့တွင် ဖလသမာပတ်မှ ထတော်မူ၍ မတ်တတ်ရပ်တော်မူလျက် မျက်လုံးတော် မမှိတ်ဘဲ ဗောဓိပင်နှင့် ပလ္လင်တော်ကို ၇-ရက်လုံးလုံး စူးစိုက်ကြည့်ရှုတော်မူသည်။ ဤနေရာကို အနိမိသ သတ္တာဟ-ဟု ခေါ်သည်။ အနိမိသ စေတီ-ဟုလည်း တွင်နေသည်။ မဟာဗောဓိစေတီတော်၏ အရှေ့မြောက်ထောင့်အရပ် ကုန်းမြင့်ပေါ်၌ တည်ရှိသည်။ ဉာဏ်တော် ၅၅-ပေ ရှိသည်။ အရှေ့ဘက်တွင် လိုဏ်မုခ်ရှိ၍ ဘုရားလောင်းရုပ်တု ရှိသည်။

၃။ ၇-ရက်လွန်သောအခါ ဗောဓိပင်နှင့် အနိမိသ စေတီ၏အကြား အရှေ့အနောက် ရှည်လျားသော ရတနာစင်္ကြံဝယ် တရားတော်ကို ဆင်ခြင်၍ ဖလသမာပတ် ၀င်စားတော်မူလျက် ၇-ရက်ကြာအောင် စင်္ကြံကြွ ( လမ်းလျှောက် ) တော်မူသည်။
ဤနေရာကို စင်္ကမသတ္တာဟ ( ရတနာစင်္ကမစေတီ ) ဟု ခေါ်သည်။
စေတီတော်ကြီး၏မြောက်၌ အရှေ့အနောက် အလျား ၆၀-ပေ, အနံ ၄-ပေ, အမြင့် ၃-ပေ ရှိသော စင်္ကြံလမ်းတခုကို ရတနာစင်္ကြံ အထိမ်းအမှတ်အဖြစ် ပြုလုပ်ထားသည်။ အုတ်ခုံပေါ်၌ ခြေတော်ရာအဖြစ် ကြာပွင့် ၁၉-ပွင့် ထုလုပ်ထားသည်။

၎။ ၇-ရက်အကြာတွင် ဗောဓိပင်မှ အနောက်မြောက်ထောင့် အရပ်ဝယ် နတ်ဗြဟ္မာတို့ ဖန်ဆင်းအပ်သော ရတနာဃရရွှေအိမ်၌ ထိုင်တော်မူ၍ တရားတော်များကို ဆင်ခြင်တော်မူသည်။ ဤနေရာကို ရတနာဃရ သတ္တာဟ-ဟု ခေါ်သည်။ ယခုစေတီတော်ကြီး၏ အနောက်ယွန်းယွန်း ပေ ၃၀၀-ရာခန့် ကွာဝေးသည်။ အမိုးမရှိ၊ အုတ်နံရံမျှသာ ကျန်ရှိသော အုတ်တိုက်ငယ်တခု ဖြစ်သည်။

၅။ ထို့နောက် ဗောဓိပင်မှ အရှေ့အရပ်၌ရှိသော အဇပါလနိဂြောဓ ( ဆိတ်ကျောင်းသားများ နားခိုရာ ညောင်ပင် ) သို့ ကြွ၍ ၇-ရက်လုံးလုံး သမာပတ်ဝင်စားလျက် သီတင်းသုံးတော်မူသည်။ ဤနေရာကို အဇပါလသတ္တာဟ-ဟုခေါ်သည်။
ယခု ညောင်ပင် မရှိတော့၊ အထိမ်းအမှတ်အဖြစ် အသောကမင်းကြီး စိုက်ထူခဲ့သည့် ကျောက်တိုင်တခု ရှိသည်။ ကျိုးပဲ့နေသဖြင့် ၁၂-ပေခန့်သာ မြင့်တော့သည်။ စေတီတော်ကြီး၏ အရှေ့မုခ် ပေ-၂၀၀ ခန့်အကွာ အရှေ့မုခ်လှေကားမှအဆင်း အလယ်တည့်တည့်၌ တည်ရှိသည်။ တချို့က နေရဉ္ဇရာမြစ် အရှေ့ဘက်ကမ်းရှိ ဟိန္ဒူဘုရားကျောင်းဝင်းကို ဆိတ်ကျောင်းညောင်ပင်နေရာ-ဟု ဆိုကြသည်။

၆။ တဖန် အဇပါလ ညောင်ပင်ရင်းမှ မုစလိန္ဒာအိုင် ကျည်းပင်ရင်းသို့ကြွ၍ အရဟတ္တဖိုလ်ချမ်းသာ ခံစားတော်မူလျက် ၇-ရက်နေတော်မူစဉ် မိုးအကြီးအကျယ် ရွာလေသည်။ မုစလိန္ဒာ နဂါးကြီးသည် ဗုဒ္ဓမြတ်စွာကို မိုးရေအေး မနှိပ်စက်စေရန် ဆန်းကြယ်စွာ ဖန်ဆင်း၍ အခွေ ၇-ထပ် ရစ်ပတ်ကာရံပြီး ဦးခေါင်းထက်၌ ပါးပျဉ်း အုပ်မိုးထားလေသည်။ ဤနေရာကို မုစလိန္ဒသတ္တာဟ-ဟု ခေါ်သည်။

ဗောဓိပင်မှ အရှေ့တောင်ဘက် စေတီတော်ကြီး၏ အရှေ့တောင်ယွန်းယွန်း တမိုင်ခန့်အကွာ၌ တည်ရှိသည်။ တဧကခန့် ကျယ်သော ရေကန်ကြီးအတွင်း၌ မြန်မာပြည်သားများ လှူထားသော နဂါးရုံ ရုပ်ပွားတော်ရှိသည်။ ရေကန်အတွင်း ကြာများဖူးပွင့်နေသည်။

၇။ ကျည်းပင်ရင်းမှ တဆင့် ဗောဓိပင်၏တောင်ဘက် ရာဇာယတန( လင်းလွန်းပင် )အရိပ်၌ ၇-ရက် သီတင်းသုံးကာ ဖလသမာပတ်ကို ၀င်စားတော်မူပြန်သည်။ ဤနေရာသည် ရာဇာရတန သတ္တာဟ-မည်၏။
စေတီတော်ကြီး၏တောင်ဘက် ပေ-၂၀ ခန့်အကွာ၌ တည်ရှိသည်။ အထိမ်းအမှတ်အဖြစ် အုတ်တိုက်ငယ်တခု ရှိသည်။

၄၉-ရက်အတွင်း မြတ်စွာဘုရားသည် အာဟာရ ဘုဉ်းပေးခြင်း မရှိ၊ ကျင်ကြီးကျင်ငယ် စွန့်ခြင်း၊ ရေချိုးခြင်း၊ ရေသောက်ခြင်း၊ ကျိန်းစက်ခြင်း လုံးဝ မရှိပေ။ ၄၉-ရက် ပြည့်၍ ၀ါဆိုလဆန်း ၅-ရက်နေ့တွင် ဥက္ကလာတိုင်းမှ တပုဿနှင့် ဘလ္လိက ကုန်သည် ညီနောင်နှစ်ယောက်တို့က ဘုရားရှင်အား ပျားရည်နှင့် နယ်ထားသော မုန့်များ ကပ်လှူခဲ့သည်။
ထိုစဉ်က သံဃာမရှိသေး၍ ဧတေ မယံ ဘန္တေ ဘဂ၀န္တံ သရဏံ ဂစ္ဆာမ ဓမ္မဉ္စ-ဟု ဘုရားရှင်နှင့် တရားတော်ကိုသာ ရည်မှန်း၍ နှစ်ခွန်းသာ ဆိုရသော ဒွေဝါစိက သရဏဂုံ ဆောက်တည်ကြသည်။ ဘုရားရှင်က ကိုးကွယ်ဖို့ရာ ဆံတော်များ ချီးမြှင့်တော်မူလိုက်သည်။

( အရှင်ပဏ္ဍိတာဘိဝံသ-နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ် )

No comments: