မိမိတို့၏ မြတ်စွာဘုရားသည် သတ္တ၀ါတို့၏ အကျိုးစီးပွားအလို့ငှါ ပွင့်တော်မူလာခြင်း ဖြစ်သည်။
မိမိတကိုယ်တည်း လွတ်မြောက်ခြင်းထက် သတ္တ၀ါအပေါင်း၏ လွတ်မြောက်ရေးကို ဆောင်ရွက်တော်မူခဲ့သည်။
ဂေါတမဗုဒ္ဓဟူ၍ ထင်ရှားပွင့်တော်မူလာသောအခါ ၄၅-၀ါပတ်လုံး သတ္တ၀ါများအား တရားရေအေး တိုက်ကျွေးတော်မူခဲ့သည်။ တနေ့တွင် ၂၄-နာရီရှိသည့်အနက် ၂-နာရီခွဲခန့်သာ အပန်းဖြေ ကျိန်းစက်တော်မူသည်။ ကျန်အချိန်တွင် လူနတ်ဗြဟ္မာ သတ္တ၀ါများအား သံသရာမှ လွတ်မြောက်ရေးအတွက် အချိန်ကို အသုံးချခဲ့ပေသည်။ ထိုသို့ အပင်ပန်းခံ၍ ဟောကြားတော် မူသည်နှင့်အမျှ မရေတွက်နိုင်သော သတ္တ၀ါများ ကျွတ်တမ်းဝင်ခဲ့ကြသည်။ ကျွန်ုပ်တို့သည် ဂင်္ဂါဝါဠု သဲစုအမျှ ပွင့်တော်မူခဲ့သော ဘုရားအဆူဆူကိုလည်း လွဲခဲ့သည်။ သို့သော် ယခုလက်ရှိဘ၀ကို စဉ်းစားပါလျှင် အခွင့်အရေးတွေ များစွာ ရနေသည်ကို တွေ့မြင်နေရပါသည်။
ကျွန်ုပ်တို့သည် ဗုဒ္ဓဘာသာတရားတော်များ ထင်ရှားရှိနေသော မြန်မာနိုင်ငံတော်တွင် လူဖြစ်နေကြသည်။
ဗုဒ္ဓုပ္ပါဒ န၀မခေတ်ကြီးကို ကြုံတွေ့နေရသည်။
သာသနာတော် ပြန့်ပွားထွန်းကားနေသည်။
ထင်ရှားရှိနေသော ဗုဒ္ဓ၏ အဆုံးအမ တရားတော်များကို လိုက်နာကျင့်သုံးရန်သာ လိုပါသည်။
ဗုဒ္ဓ၏တရားတော်များကို ပိဋကအားဖြင့် သုံးသွယ်၊ နိကာယ်အားဖြင့် ငါးတန်၊ ဓမ္မက္ခန္ဓာအားဖြင့် ၈၄၀၀၀-စသည်ဖြင့်
ခွဲခြားထားရာ လူဝတ်ကြောင်အနေဖြင့် တတ်ကျွမ်းဖို့ရာ မလွယ်ပါ။ အိမ်ရာထောင်သော လူပုဂ္ဂိုလ်အနေဖြင့် ပိဋကတ်သုံးပုံကို နှံ့နှံ့စပ်စပ် ကျေညက်အောင် လေ့လာကြည့်ရှုရန် ခဲယဉ်းလှပါသည်။ သို့သော် သံသရာမှ လွတ်မြောက်ရေး ပဋိပတ္တိလုပ်ငန်းတွင် ပရိယတ္တိ အသိဉာဏ်ကျယ်ရန်၊ အဓိပ္ပါယ်အယူအဆ ကြွယ်ဝရန် လိုအပ်လှပေရာ ရှေးပညာရှိကြီးများ ရေးသားညွှန်ပြခဲ့သော ကျမ်းဂန်အမျိုးမျိုးကို လေ့လာရန် လိုအပ်လှပေသည်။
ရှေးအဆက်ဆက်က ရဟန်းပညာရှိ၊ လူပညာရှိတို့သည် ဘုရားဟော တရားတော်များကို အလွယ်တကူ ကျင့်ကြံနိုင်စေရန် ကျမ်းစာအုပ်အမျိုးမျိုး ရေးသားခဲ့ကြရာ ထိုထိုကျမ်းများကို ရှာဖွေကြည့်ရှုကြပါရန် တိုက်တွန်းလိုက်ရပါသည်။
လယ်တီဆရာတော်၏ ဒီပနီကျမ်းစာအမျိုးမျိုး, ညောင်လေးပင်တောရ ဆရာတော်၏ အရသာကျမ်းစာအမျိုးမျိုး,
မင်းကွန်း ဇေတ၀န်ဆရာတော်၏ သူဒနီကျမ်းစာအမျိုးမျိုး စသည်ဖြင့် များပြားလှစွာသော လမ်းညွှန်များ ရှိနေပါသည်။
Tuesday, February 3, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment