Tuesday, February 3, 2009

မြတ်ဗုဒ္ဓ၏ ကျန်းမာရေးလမ်းညွှန်

ဤရုပ်ခန္ဓာကိုယ်သည် ဖောက်ပြန် ပျက်စီးတတ်သောသဘော ရှိကြောင်းကို အများလက်ခံနာယူပြီးဖြစ်သည်၊
မျက်စိတမှိတ် လျှပ်တပျက် အတွင်းတွင် မရေတွက်နိုင်အောင် များပြားသော ဖြစ်ပျက်မှုများ အမြဲရှိနေသည်၊
ထိုအခြင်းအရာကို ကံ စိတ် ဥတု အာဟာရ ဟူသော အကြောင်းလေးပါးက ပြုပြင်စီမံလျက်ရှိကြောင်းကိုလည်း ဟောကြားထားလေသည်။

ဤခန္ဓာကိုယ်၏ ကျန်းမာရေးသည် အလွန်အရေးကြီးပေသည်၊ ကျန်းမာရေးပြည့်စုံမှ လောကီရေး၊ လောကုတ္တရာရေး အစစအရာရာ အဆင်ပြေမည်၊ ကျန်းမာရေး ချွတ်ယွင်းလျှင် ပညာရေး စီးပွားရေး လူမှုရေး ကုသိုလ်ကောင်းမှု ပြုလုပ်ရေး အားလုံး ချွတ်ယွင်းကုန်သည်၊ ကျန်းမာရေးမကောင်းလျှင် အဘက်ဘက်တွင် အောက်ကျနောက်ကျဖြစ်လျက် လူဖြစ်ရကျိုး မနပ်တော့ပေ။

ဗုဒ္ဓမြတ်စွာသည် အခါအခွင့်သင့်တိုင်း လူ၏ အသက်ရှည်ရေး၊ ကျန်းမာရေးအတွက် ကံ စိတ် ဥတု အာဟာရ ဟူသော အကြောင်းတရား လေးပါးကို အလေးထား၍ ညွှန်ပြခဲ့ပေသည်၊ အခြေအနေ အရည်အချင်း ပုံးစံအမျိုးမျိုးဖြင့် လူဖြစ်လာရခြင်းတွင် ရှေးကံသည် အဓိကအကြောင်းရင်း ဖြစ်သော်လည်း ကြီးလေးသော ဂရုကံများမှအပ သေးငယ်သော အကုသိုလ်ကံများကို ယခုပစ္စုပန် လုပ်ရပ်ကံများက အတော်အသင့် ပြုပြင်နိုင်ကြောင်း ၀တ္ထုသာဓကများဖြင့် ဟောကြားခဲ့ခြင်းများ ရှိသည်၊
ဘုရားအို ကျောင်းအို ပြုပြင်ခြင်း, တံတားဆောက်ခြင်း, ညောင်ထောက်ခြင်း, ပရိတ်ရွတ်ခြင်း, မေတ္တာပို့ခြင်းစသော ကုသိုလ်ကောင်းမှုများသည် မကောင်းကံဟောင်းကို ပေါ့အောင် ပျောက်အောင် ရှောင်ဖယ်နည်းများ ဖြစ်လေသည်။

စိတ်သည်လည်း ကျန်းမာအသက်ရှည်ရေးအတွက် အရေးပါလှပေသည်၊ လူတို့တွင် စိတ္တဇရုပ်က ပြုပြင်နေသော အချက်ကို စိတ်ဆိုးသောအခါ ကြောက်လန့်သော အခါများတွင် ထင်ရှားတွေ့နိုင်ကြသည်၊ ကျန်းမာအသက်ရှည်ရေးအတွက် စိတ်ကို လန်းဆန်း ပျော်ရွှင်အောင် သင့်တင့်စွာ နှလုံးသွင်းတတ်ရန် အရေးကြီးပေသည်။
လောကဓံတရားများ တွေ့လျှင်လည်း ကြံ့ကြံ့ခံနိုင်ရန် လိုပေသည်၊ အကောင်းဆုံးနည်းမှာ မိမိနှင့်လျှော်သော ကမ္မဋ္ဌာန်းဘာဝနာ တခုခုကို ကျင့်သုံးဆောက်တည်ခြင်းဖြင့် သမာဓိထူထောင်ကာ ယောနိသော မနသိကာရ နှလုံးသွင်းတတ်ရန် လေ့ကျင့်ပေးရ ပေမည်။

ဥတုသည်လည်း လူကို အချိန်မပြတ် စက္ကန့်မလပ် ပြုပြင်လျက်ရှိပေသည်၊ ရာသီဥတု အပူအအေးကို လိုက်၍ ၀တ်စား ဆင်ယင်ခြင်း, သွားလာနေထိုင်ခြင်းများ ပြုလုပ်ရန် အမြဲသတိရှိအပ်ပေသည်၊ နှာစေး ချောင်းဆိုးမှအစ အပူရှပ်ခြင်း, ဖျားနာခြင်း စသည်တို့သည် အများအားဖြင့် အနေအထိုင် မှားယွင်းရာမှ စတင်တတ်သည်။

အာဟာရဇရုပ်များကလည်း လူကို အမြဲမပြတ် ပြုပြင်ပေးလျက်ရှိသည်၊ ဥတုဘောဇန ၀သေန အာယု ဟာယတိပိ ၀ဍ္ဎတိပိ= ဟူသော အဆုံးအမက ရာသီဥတုနှင့် အစားအစာသည် အသက်ကို ရှည်စေနိုင်၊ တိုစေနိုင်သော သတ္တိရှိသည်ကို ညွှန်ပြလျက်ရှိသည်၊ ဆေးလည်း အစာ, အစာလည်း ဆေး-ဟူသော ရှေးဟောင်းစကားကလည်း အစားအစာ သင့်တင့်အောင် စားတတ်ရန် ညွှန်ပြလျက်ရှိသည်။ ထို့ကြောင့် ဤရုပ်ခန္ဓာကိုယ် ကျန်းမာရေးအတွက် ကံ စိတ် ဥတု အာဟာရ ဟူသော အကြောင်းတရားလေးပါးကို အမြဲသတိရှိပြီး သင့်လျော်အောင် ပြုပြင်ကြပါဟု သတိပေးရပါသတည်း။

( မြတ်မင်္ဂလာ ၁၉၈၇-ဖေဖော်ဝါရီလ )

No comments: