Tuesday, February 3, 2009

အမြတ်ဆုံး ပူဇော်ခြင်း

ကျွန်ုပ်တို့သည် ပါရမီဒါနကို ယခုအခါ များစွာပြုနေကြသည်။ ဒါနနှင့်သာ မပြီးသေးပါ၊ သီလနှင့် ၀ိပဿနာဘာဝနာ ဆောက်တည်ပွားများဖို့ လိုပါသေးသည်။

မြတ်စွာဘုရားရှင်က မဟာပရိနိဗ္ဗာနသုတ်၌ သီလစောင့်သူတို့ ခံစားရသော အကျိုးငါးပါးကို ဤသို့ ဟောတော်မူ၏။
သီလစောင့်သူသည်-
၁။ မမေ့မလျော့ခြင်းကြောင့် များစွာသော စည်းစိမ်ဥစ္စာတို့ကို ရရှိ၏။
၂။ ကောင်းသောသတင်း ကျော်စောခြင်းဂုဏ်ကို ရရှိ၏။
၃။ ပရိသတ်လေးပါးအလယ် တင့်တယ်ရဲရင့် ရွှင်လန်းစွာ နေရ၏။
၎။ မတွေဝေဘဲ သေရ၏။
၅။ သေပြီးနောက် နတ်ပြည်၌ ဖြစ်၏။

ထိုမှတပါး သီလပြည့်စုံခြင်းဖြင့် အောက်ပါအကျိုး ၉-ပါး ပြည်စုံနိုင်၏
၁။ သီလရှိသော ပုဂ္ဂိုလ်အား စိတ်နှလုံး ရွှင်လန်းခြင်း၊(အ၀ိပ္ပဋိသာရ)၏ ပြည့်စုံခြင်း အကြောင်းဖြစ်၏။
၂။ စိတ်နှလုံး ရွှင်လန်းခြင်း၊(အ၀ိပ္ပဋိသာရ) ပြည့်စုံသောပုဂ္ဂိုလ်အား ၀မ်းမြောက်ခြင်း (ပါမောဇ္ဇ)၏ ပြည့်စုံခြင်း အကြောင်းဖြစ်၏။
၃။ ၀မ်းမြောက်ခြင်း(ပါမောဇ္ဇ)ပြည့်စုံသောပုဂ္ဂိုလ်အား နှစ်သက်ခြင်း (ပီတိ)၏ ပြည့်စုံခြင်း အကြောင်းဖြစ်၏။
၎။ နှစ်သက်ခြင်း (ပီတိ)နှင့် ပြည့်စုံသောပုဂ္ဂိုလ်အား ငြိမ်းချမ်းခြင်း (ပဿဒ္ဓိ)၏ ပြည့်စုံခြင်း အကြောင်းဖြစ်၏။
၅။ ငြိမ်းချမ်းခြင်း (ပဿဒ္ဓိ) နှင့် ပြည့်စုံသောပုဂ္ဂိုလ်အား ချမ်းသာခြင်း (သုခ)၏ ပြည့်စုံခြင်း အကြောင်းဖြစ်၏။
၆။ ချမ်းသာခြင်း (သုခ)နှင့် ပြည့်စုံသောပုဂ္ဂိုလ်အား တည်ကြည်ခြင်း (သမ္မာသမာဓိ)၏ ပြည့်စုံခြင်း အကြောင်းဖြစ်၏။
၇။ တည်ကြည်ခြင်း (သမ္မာသမာဓိ)နှင့် ပြည့်စုံသောပုဂ္ဂိုလ်အား ဟုတ်မှန်စွာ သိမြင်သော (ယထာဘူတ)ဉာဏ်၏ ပြည့်စုံခြင်း အကြောင်းဖြစ်၏။
၈။ ဟုတ်မှန်စွာ သိမြင်သော ( ယထာဘူတ) ဉာဏ်နှင့်ပြည်စုံသော ပုဂ္ဂိုလ်အား ငြီးငွေ့ခြင်း (နိဗ္ဗိဒါ)ဉာဏ်၏ ပြည့်စုံခြင်း အကြောင်းဖြစ်၏။
၉။ ငြီးငွေ့ခြင်း (နိဗ္ဗိဒါ)ဉာဏ် ပြည့်စုံသော ပုဂ္ဂိုလ်အား အရဟတ္တမဂ်၊ အရဟတ္တဖိုလ်ကို သိမြင်တတ်သော (၀ိမုတ္တိဉာဏဒဿန)၏ ပြည့်စုံခြင်း အကြောင်းဖြစ်၏။

ကျွန်ုပ်တို့သည် အကျိုးကျေးဇူး များပြားလှစွာသော သီလဆောက်တည်ခြင်းဖြင့် ကျေနပ်မနေသင့်၊ ၀ိပဿနာ ဘာဝနာကိုလည်း သီလစောင့်ရင်း ပွားများအားထုတ်သင့်လှ၏။

ဘုရားမြတ်စွာက-
ချစ်သား၊ ချစ်သမီးတို့ ခပ်သိမ်းကုန်သော သင်္ခါရတရားတို့သည် အမြဲမရှိကုန်။
ဤသို့ အကြင်အခါ၌ ၀ိပဿနာပညာဖြင့် ရှုမြင်၏။
ထိုသို့ရှုမြင်သည်ရှိသော် သံသရာဝဋ်ဆင်းရဲ၌ ငြီးငွေ့၏။
ဤသို့ငြီးငွေ့သည်ရှိသော် မဂ်ဖိုလ်နိဗ္ဗာန် ရောက်ခြင်း၏ လမ်းကြောင်းတည်း။ ( အနိစ္စလက္ခဏာ )
ဟူ၍ မမြဲသော သင်္ခါရတရားကို ရှုမြင်သူသည် နိဗ္ဗန်သို့ ရောက်နိုင်ကြောင်းကို၎င်း။

ချစ်သား၊ ချစ်သမီးတို့ ခပ်သိမ်းကုန်သော သင်္ခါရတရားတို့သည် ဆင်းရဲကြကုန်၏။
ဤသို့ အကြင်အခါ၌ ၀ိပဿနာပညာဖြင့် ရှုမြင်၏။
ထိုသို့ရှုမြင်သည်ရှိသော် သံသရာဝဋ်ဆင်းရဲ၌ ငြီးငွေ့၏။
ဤသို့ငြီးငွေ့သည်ရှိသော် မဂ်ဖိုလ်နိဗ္ဗာန် ရောက်ခြင်း၏ လမ်းကြောင်းတည်း။ ( ဒုက္ခလက္ခဏာ )
ဟူ၍ ဆင်းရဲသော သင်္ခါရတရားကို ရှုမြင်သူသည် နိဗ္ဗန်သို့ ရောက်နိုင်ကြောင်းကို၎င်း။

ချစ်သား၊ ချစ်သမီးတို့ ခပ်သိမ်းကုန်သော ခန္ဓာငါးပါး ရုပ်နာမ်တရားတို့သည် အစိုးမရ အလိုသို့မလိုက်ကြကုန်။
ဤသို့ အကြင်အခါ၌ ၀ိပဿနာပညာဖြင့် ရှုမြင်၏။
ထိုသို့ရှုမြင်သည်ရှိသော် သံသရာဝဋ်ဆင်းရဲ၌ ငြီးငွေ့၏။
ဤသို့ငြီးငွေ့သည်ရှိသော် မဂ်ဖိုလ်နိဗ္ဗာန် ရောက်ခြင်း၏ လမ်းကြောင်းတည်း။ ( အနတ္တလက္ခဏာ )
ဟူ၍ အစိုးမရသော သင်္ခါရတရားကို ရှုမြင်သူသည် နိဗ္ဗန်သို့ ရောက်နိုင်ကြောင်းကို၎င်း ဟောတော်မူခဲ့သည်။
( ဓမ္မပဒ ပါဠိတော် ၂၀-မဂ္ဂ၀ဂ်၊ ၂-၃-၄ လက္ခဏ၀တ္ထုတို့၌ ရဟန်းနှင့် ရဟန်းမများကို ဟောတော်မူသော ဒေသနာတော် )

အမြင်မှန်ရှိသော ထေရ၀ါဒီ ဗုဒ္ဓသာသနာဝင် သူတော်စင်တို့သည် နိဗ္ဗာန်ချမ်းသာကိုသာ တောင့်တကြသည်။ အဘယ့်ကြောင့်ဆိုသော် နိဗ္ဗာန်သည်သာ လွန်ကဲသော ချမ်းသာခြင်း ဖြစ်သောကြောင့်တည်း။
( နိဗ္ဗာနံ ပရမံ သုခံ။ ဓမ္မပဒ-သုခ၀ဂ်၊ ပသေနဒီကောသလ၀တ္ထု )

ထို့ကြောင့် ကြောင်းကျိုးသိမြင် လောကုတ္တရာပညာရှင်တို့သည် ဖြစ်မှု ပျက်မှု ရုပ်နာမ်နှစ်ခု သင်္ခါရတရားအစု၌ ငြီးငွေ့အောင် ပြုရာ၏။ ငြီးငွေ့အောင် ပြုပြီးသည့်နောက် မိမိကိစ္စ (၀ိပဿနာပွားများ တရားရှုမှတ်ခြင်း) ဟူသမျှကို နေ့ညဥ့်မယုတ် ကြိုးစား အားထုတ်ရာ၏။ အချိန်ကို အကျိုးမပြီး အချည်းနှီး မကုန်စေရာတည်း-ဟူ၍ ဓမ္မပဒ-တွင် လာရှိသည်။

မြတ်စွာဘုရားသည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ရဟန်းတို့အား ၀ိပဿနာတရား ကျင့်ကြံအားထုတ်ရာ၌ နက်ဖြန် သဘက်ခါ-ဟူ၍ ရက်ရွှေ့ မနေအပ်။ ရက်ဆိုင်းမရွှေ့ ဤယနေ့၌ပင်လျှင် ပြုဖွယ်ကိစ္စဟူသမျှကို ပြုအပ်၏။
နှေးဖြင့်ရှည်ကြာ နက်ဖြန်ခါ၌ အခြေမှောက်ယွင်း သေပျောက်ခြင်းကို အဘယ်သူသည် မုချပိုင်ပိုင် သိစွမ်းနိုင်အံ့နည်း။

တပါးမက များလှစွာသော စစ်သည်အခြံအရံ ရှိထသော, အသေသတ်ခွင်း ရှင်သေမင်းနှင့် အဘယ်နေ့ကျမှ လာခေါ်ပါ-ဟု အကြောင်းပြဆက်သွင်း တိုင်ပင်ချိန်းချက်ခြင်း တရံတခါမျှ ယမန်အခါက မပြုခဲ့ဘူးသည်သာလျှင်တည်း-ဟူ၍ ဟောကြားတော်မူခဲ့၏။ ၀ိပဿနာပွားများခြင်းကို ဤသို့လည်း ချီးမွမ်းတော်မူ၏။

ရုပ်ဓာတ် နာမ်ဓာတ်တို့၏ ဖြစ်ခြင်းပျက်ခြင်းကို မသိမမြင်ဘဲ အနှစ်တရာ အသက်ရှည်ခြင်းထက် ရုပ်ဓာတ်နာမ်ဓာတ်တို့၏ ဖြစ်ခြင်း ပျက်ခြင်းကို သိမြင်ပြီး တရက်မျှ အသက်ရှည်နေရခြင်းက မြတ်၏။ ( ဓမ္မပဒ။ ယော စ ၀ဿသတံ ဇီဝေ )

ထို့ကြောင့် ပါရမီဒါန ပြုရုံမျှဖြင့် တင်းတိမ်မနေအပ်။
သီလဆောက်တည်ရုံမျှဖြင့် ရောင့်ရဲမနေအပ်။
ရုပ်နာမ်နှစ်ပါးနှင့်တကွ ထိုရုပ်နာမ်နှစ်ပါးတို့၏ မမြဲမှု၊ ဆင်းရဲမှု၊ အစိုးမရမှုတို့ကို သိမြင်သော ၀ိပဿနာဉာဏ် အလင်းဓာတ်ရအောင် ၀ိပဿနာတရားကို ပွားများ အားထုတ်အပ်လှပေသည်။

ဗုဒ္ဓမြတ်စွာ သာသနာတော်အတွင်း၌သာ ရရှိသိမြင်နိုင်သည့် ၀ိပဿနာဉာဏ်အလင်းဓာတ်ကြီးကို ရရှိအောင် တရားတော်ကို ကိုယ်တိုင် နှလုံးသွင်း ကျင်သုံးကြပါစို့။

ဗုဒ္ဓရှင်တော်မြတ်အား ၀ိပဿနာအလုပ် အားထုတ်လျက် အမြတ်ဆုံး ပူဇော်ခြင်းဖြင့် ပူဇော် ကျေးဇူးဆပ်ကြပါစို့။

( ကထိက-ဒေါ်မြင့်သန်း )

No comments: