Wednesday, February 25, 2009

ဘာသာရေး ပြဿနာ ( ၂၂ )

( ဘဒ္ဒန္တ တိလောကသာရ ဖြေသည် )

( မေး ) ( ဗောဓိပင်ကို ထီးတင်ခြင်း )
အရှင်ဘုရား၊ ဗောဓိပင်သည် ပရိဘောဂစေတီ ထိုက်တော်မူသည်ကို တပည့်တော် နားလည်ပြီး ဖြစ်ပါသည်ဘုရား၊ ထိုဗောဓိပင်အား စေတီတော်များကဲ့သို့ ထီးတော်တင်လှူ ပူဇော်ထားသည်ကို မြင်ရပါ၍ ပို၍ အကျိုးသက်ရောက်မှု ရှိ-မရှိ၊ လုပ်သင့်-မလုပ်သင့်နှင့် သာသနာတော်အတွက် အနှောက်အယှက် ဖြစ်နိုင်-မဖြစ်နိုင်ကို ဖြေကြားပေးတော်မူပါရန် ရိုသေစွာ လျှောက်ထားအပ်ပါသည်ဘုရား။
( ဦးသောင်း-ဒဂုံမြို့သစ် တောင်ပိုင်း )

( ဖြေ )
ဗောဓိပင်ကို စေတီတော်များကဲ့သို့ ထီးတင်ခြင်း ထုံးစံမရှိပါ၊ ညောင်ရေလောင်းခြင်းစသော သင့်လျော်သောပူဇော်မှုမျိုးကိုသာ ပြုသင့်ပါသည်။
မဟာဝင်ဝတ္ထု၌ ဒုဋ္ဌဂါမဏိမင်းကြီးသည် ဗောဓိပင်ကို ပူဇော်ဦးအံ့-ဟုကြံ၍ ဗောဓိပင်ကို ပလ္လင်မြှင့်ခြင်း၊ တံတိုင်းကာခြင်း၊ တံခွန်ဆွဲခြင်း၊ ရွှေသလဲ ငွေသလဲ ကြဲခြင်း၊ အစရှိသော ပူဇော်ခြင်းအထူးကို ပြုတော်မူ၏။
( မဟာဝင်ဝတ္ထု ၃၃၈ ) စသည်ဖြင့် ပါရှိသဖြင့် ဗောဓိပင်နှင့် သင့်လျော်သော ပူဇော်ခြင်းမျိုးတို့ဖြင့် ပူဇော်ခြင်းသည်သာ သူတော်ကောင်းတို့ ချီးမွမ်းဖွယ်ဖြစ်ပါသည်။

သာသနာတော် တလျှောက်လုံး၌ ဗောဓိပင်ကို ထီးတင်ခြင်းဟူသော ပူဇော်မှုမျိုး မရှိခဲ့ဘူးကြောင်း
သတိပြုဖွယ် ဖြစ်ပါသည်။
********************************************************************************

( မေး ) ( အမေကို လုပ်ကျွေး၊ ဘုရားကို လှူ )
အရှင်ဘုရား၊ တပည့်တော်အဒေါ်က ဘုရားကိုဆွမ်းကပ်တာထက် ကိုယ့်အမေကို ကျွေးတော့ ပိုပြီးကုသိုလ်မရဘူးလားတဲ့၊
အမေက လက်ငင်းစားရတယ်-ဟု ပြောပါသည်၊ အဲဒီအမေးကို ဖြေကြားပေးတော်မူပါဘုရား။
ဥပမာလေးနှင့် ပြောပြလျှင် သိပ်ကောင်းမှာပါဘုရား၊ အရှင်ဘုရား၏အဖြေကို တပည့်တော် စောင့်မျှော်နေမှာပါဘုရား၊ ဖြေဆိုပေးတော်မူပါဘုရား။
( ဒကာ-ကျော်မင်းလွင် )

( ဖြေ )
လောကတွင် ဘုရားသာ အမြတ်ဆုံးဖြစ်၍ ဘုရားကိုလှူပြီးမှ စားသောက်ကြခြင်းမှာ ဗုဒ္ဓဘာသာတလောကလုံး၏ ထုံးတမ်းစဉ်လာ ဖြစ်ပါသည်၊ အမိ အဖ ဆရာသမားတို့မှာလည်း မိမိ၏ စားဦးသောက်ဦးကို ပေးလှူရမည့်ပုဂ္ဂိုလ်များ ဖြစ်ပါသည်၊ အဆင့်အတန်း အားလျော်စွာ ဘုရား တရား သံဃာ ရတနာသုံးပါး နောက်မှ ပေးလှူရမြဲ ဖြစ်ပါသည်၊
ဥပမာအားဖြင့်-ကျီး ခွေးစသော တိရစ္ဆာန်များထက် လူ, ဖုန်းတောင်းယာစကာများကို ဦးစွာပေး ကျွေးသင့်ပါသည်၊ ထိုထက် လူသူတော်စင်များ, မိဘ ဆရာသမားများ, ရဟန်းသံဃာနှင့် ရတနာသုံးပါး အဆင့်ဆင့် ဦးစားပေး လှူဒါန်းကြရပါသည်။
********************************************************************************

( မေး ) ( ချမ်းသာ ခုနစ်ဝ )
အရှင်ဘုရား၊ ဆွမ်းအလှူရှင်တို့အား ဆရာောတ်များက
ယခုကပင်၊ နိဗ္ဗာန်ဝင်အောင်၊ ကျိုးအင်ငါးချက်၊ နေ့စဉ်တက်ပြီး၊ ဆက်ဆက်မြင့်ရာ၊ ချမ်းသာခုနစ်ဝ၊ ကိုယ်ပိုင်ရ၍၊ ဘ၀ဆုံးခန်း၊ နိဗ္ဗာန်နန်းကို၊ စံမြန်းကြရပါစေသာဝ်-ဟု ဆုပေးလေ့ရှိကြပါသည်၊ ယင်း၌ ချမ်းသာ ခုနစ်ဝ ဆိုသောစကားကို တပည့်တော်များ နားမလည်ပါ၍ ရှင်းပြတော်မူပါဘုရား။
( အရှင်ပညာသီရိ-မိတ္ထီလာ )

( ဖြေ )
ဆွမ်းအကျိုးငါးပါးမှာ
သက်ရှည်၊ ဆင်းလှ၊ ချမ်းသာရ၊ ဗလ၊ ဉာဏ်ပညာ၊ ဖြစ်၍ ၄င်းအကျိုးငါးပါး ဤဘ၀တွင် ရရှိလျက်
နောင် လူ့ဘ၀၊ နတ်ပြည်( ခြောက်ထပ်နှင့် ခုနစ်ဘ၀ပါ ) ချမ်းသာ ခုနစ်ဝရ၍ နိဗ္ဗာန်အထိ အကျိုးပြုပါစေ-ဟု
ဆိုလိုပါသဖြင့် လူနှင့်နတ်ပြည်ခြောက်ထပ်ကို ချမ်းသာခုနစ်ဝဟု ယူလိုပါသည်။
********************************************************************************

( မေး ) ( ဆွမ်းသွတ်ခြင်း )
အရှင်ဘုရား၊ လူ့ဘ၀မှာ လူတယောက် ကွယ်လွန်သွားပြီဆိုလျှင် ဗုဒ္ဓဘာသာ ထုံးစံအတိုင်း အသုဘကိစ္စပြုလုပ်၍ ခုနစ်ရက်လည်လျှင် ဆွမ်းသွတ် ( သပိတ်သွတ် ) ကြပါသည်၊ ၄င်းဆွမ်းသွတ်ခြင်း အဓိပ္ပါယ်ကို ဖြေကြားပေးတော်မူပါဘုရား။
( သီဟကိုကို-ပဲခူး )

( ဖြေ )
လူ့ဘ၀မှကွယ်လွန်သူသည် အကယ်၍ ပေတလောက ( ပရဒတ္တူပဇီဝိတခေါ် လူ့ဘ၀က အမျှပေးဝေသည်ကို သာဓုခေါ်နိုင်သော အဆင့်မြင့် ) ပြိတ္တာမျိုး ဖြစ်နေလျှင် ၄င်းအားရည်ညွန်း၍ ကျန်ရစ်သူများက ကုသိုလ်ပြု အမျှပေးဝေရပါသည်၊ သာဓုခေါ်လျှင် ၄င်းတို့ကိုယ်တိုင် ကုသိုလ်ပြုသကဲ့သို့ ကောင်းကျိုးကို ခံစားနိုင်ပါသည်၊
ဗုဒ္ဓဘာသာတို့သည် ကုသိုလ် အကုသိုလ် ရောနှောအကျိုးပေးလျှင် ထိုပေတလောကသို့ အရောက်များတတ်သည်၊ သို့ဖြစ်၍ သေပြီးနောက်
သေသောနေ့တွင် သက်ပျောက်သပိတ်ဟူ၍၄င်း၊
ချသောနေ့တွင် မြေဆင်းသပိတ်ဟူ၍၄င်း၊
ရက်လည်နေ့တွင် ရက်လည်သပိတ်ဟူ၍၄င်း၊ အရပ်ထုံးစံအားလျော်စွာ လှူဒါန်း အမျှပေးဝေမှုပြုကြလေ့ရှိပါသည်။

တချိန်ချိန်တွင် သာဓုခေါ်နိုင်က ကွယ်လွန်သူအဖို့ ကောင်းကျိုးချမ်းသာ ရရှိနိုင်ပါသည်၊ သံဃာတော်တို့၏ သပိတ်ထဲသို့ လောင်းလှူသွတ်သွင်း၍ အမျှပေးဝေကြရသဖြင့် သပိတ်သွတ်သည် ( ဆွမ်းသွတ်သည် ) ဟု ဝေါဟာရ ပြုထားကြပါသည်။
********************************************************************************

( မေး ) ( ဥစ္စာစောင့် )
အရှင်ဘုရား၊ တပည့်တော်တို့ လူ့ဘုံလောကကို ဥစ္စာစောင့် သိုက်နန်းရှင်တွေဟာ လာချင်တိုင်းလာ၊ ပြန်ချင်တိုင်း ပြန်သွားလို့ ရတယ်လို့ လူတွေ အတော်များများက ယုံကြည်နေကြပါတယ်ဘုရား၊ အဲဒါဖြစ်နိုင်ပါသလား။
နောက်ပြီး ဥစ္စာစောင့်နှင့် သိုက်နန်းရှင်ဆိုတာ မတူဘူးလို့ ပြောကြတယ်ဘုရား၊ ဘယ်လိုကွာခြားပါသလဲ၊ တကယ်ကော ရှိ-မရှိ ဖြေကြားပေးတော်မူပါဘုရား။
( မောင်ချိုလေး-ပဲခူး )

( ဖြေ )
ဥစ္စစောင့်-ဟူသည် ဘုမ္မစိုးနတ်မင်းကြီး၏ လက်အောက်ခံ ပေတမျိုးနွယ်များ ဖြစ်ကြသည်-ဟုဆိုသည်။
လူတို့ တခါတရံ တွေ့ကြ ကြုံကြသဖြင့် လူ့ဘ၀နှင့် နီးစပ်သည်-ဟု ထင်ရသော်လည်း အမှန်အားဖြင့် ဘ၀ချင်း ကွာခြားလှပါသည်၊
ဘုမ္မဿိတပေတ ( မြေကိုမှီနေသော ပြိတ္တာမျိုး )များစွာ ရှိသဖြင့် ၄င်းအမျိုးထဲမှ ဖြစ်နေသော ဥစ္စာစောင့်သိုက်နန်းရှင် ဆိုသည်များလည်း ရှိမည်ဆိုက ရှိနိုင်ပါသည်၊ လူများ၌ အဆင့်အတန်းအမျိုးမျိုး ရှိသလို ပြိတ္တာများလည်း အဆင့်အတန်းအမျိုးမျိုး ရှိနိုင်ကြောင်း ပေတ၀တ္ထုတွင် ဖတ်ရှုသိသာရပါသည်။
********************************************************************************

( မေး ) ( လင် ကုသိုလ်ပြုက-မယား ရ-မရ )
အရှင်ဘုရား၊ လင်ယောက်ျားက တနေရာတွင် ကုသိုလ်ပြုခဲ့ပါလျှင် အိမ်မှာနေသော မယား ကုသိုလ် ရ-မရ ၊
မယား အိမ်က လှူဒါန်းမှု ပြုလျှင် ခရီးသွားနေသော လင် ကုသိုလ် ရ-မရ သိလိုပါသည်။
မယာြးုက သိသိ၊ မသိသိ လင် ကုသိုလ်ရသည်ဟု ပြောကြားသည်ကို ကြားရပါသည်၊ ရှင်းရှင်းဖြေကြားတော်မူပါဘုရား။
( ဒေါ်ညီမ-ပြည်မြို့ )

( ဖြေ )
အပါဒါန်ပါဠိတော် အဋ္ဌကထာ, ထေရီထေရာ ပါဠိတော် အဋ္ဌကထာတို့၌ ဘုရားလောင်း၊ ပစ္စေကဗုဒ္ဓါအလောင်း၊ ရဟန္တာယောက်ျားအလောင်း၊ ရဟန္တာမိန်းမအလောင်းတို့သည် ဆုတောင်း၍ ကုသိုလ်ပြုသဖြင့် မိမိတို့ကုသိုလ် ပါရမီအားလျော်စွာ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ကို ရကြသည်၊
ယောက်ျားဆုတောင်း၍ ပြုသောကြောင့် ယောက်ျားသာ ဘုရား ပစ္စေကဗုဒ္ဓါ၊ ရဟန္တာဖြစ်သည်။
မိန်းမဆုတောင်း၍ ပြုသောကြောင့် မိန်းမသာ ရဟန္တာ(မိန်းမ) ဖြစ်သည်-ဟု လာသည်။

ဒီပင်္ကရာ မြတ်စွာဘုရားလက်ထက် ယသော်ဓရာအလောင်း သုမိတ္တာ သူဋ္ဌေးသမီးဖြစ်စဉ်က ငါတို့ဘုရားလောင်း၏ ဇနီးမယားဖြစ်ရန် ဆုတောင်း၍ ဘုရားလောင်းနှင့်အတူ ဖြစ်ရသော ဘ၀တိုင်း၌ ကုသိုလ်ပြုဖက်ဖြစ်သော်လည်း ရဟန္တာမလောင်းအဖြစ် ပါရမီမဖြည့်နိုင်ခဲ့သေးပါ။ ဘုရားလောင်းသာ လေးသင်္ချေနှင့် ကမ္ဘာတသိန်း ပါရမီဖြည့်ခဲ့သည်၊

ပဒုမုတ္တရ မြတ်စွာဘုရားလက်ထက် ( ကမ္ဘာတသိန်းအလို ) ကျမှ ယသော်ဓရာ အလောင်း ကုသိုလ်ပြု ဆုတောင်း၍ ရဟန္တာမ-ဖြစ်ရန် ပါရမီဖြည့်ရသည်၊ ထိုအခါမှ ပါရမီရှင် စစ်စစ် ဖြစ်ရ၏၊
ဤခေတ်တွင် ပါရမီရှင်ဟု လွယ်လွယ်ခေါ်နေကြသည်၊ ရှေးဦးစွာ ဗောဓိဆု တဆုဆုကို တောင်းရဦးမည်ဖြစ်၏၊ ဆုတောင်းပြီးမှ ထိုဆုပြည့်ရန် ဒါနစသည့် ပါရမီတို့ကို ပြုလုပ်ရမည်ဖြစ်သည်၊ ဆုမတောင်းဘဲ လှူဒါန်းခြင်းစသည်မှာ ပါရမီ မဟုတ်သေးကြောင်း သတိပြုရပေမည်။
********************************************************************************

( မေး ) ( ကံ စိတ် ဥတု အာဟာရ နှင့် သုံးဆယ့်နှစ်ကောဋ္ဌာသ )
အရှင်ဘုရား၊ ဆံပင်၊ မွေးညှင်း၊ စသော ၃၂-ကောဋ္ဌာသကို ပထ၀ီဓာတ် ၂၀၊ အာပေါဓာတ် ၁၂-ပါးဟု ခွဲထားသည်ကို သိရပါသည်၊
တခါက အရှင်ဘုရားသည် ၄င်း ၃၂-ကောဋ္ဌာသကို ကံ စိတ် ဥတု အာဟာရ ၄-ပါးနှင့် ခွဲပုံကို ရေးသားသည်-ဟု သိရပါသည်၊ ထိုခွဲပုံကို တပည့်တော်အား အကျဉ်းမျှ ဖြေပြစေလိုပါသည်ဘုရား။
( စောမြမောင်-ဘားအံ )

( ဖြေ )
ဆံပင်၊ မွေးညင်း စသော ၃၂-ကောဋ္ဌာသတွင်
ပြည့်၊ အစာသစ်၊ အစာဟောင်း၊ ကျင်ငယ်၊ ဥတေုကြောင့်ဖြစ်သည့် ၄-ပါး။

နှပ်၊ တံတွေး၊ ချွေး၊ မျက်ရည် ဥတု စိတ် နှစ်ပါးကြောင့်ဖြစ်သည့် ၄-ပါး။

၎င်း ၈-ပါးမှကြွင်း ၂၄-ပါးမှာ ကံ စိတ် ဥတု အာဟာရကြောင့် ဖြစ်သည်-ဟု မှတ်သားသင့်ပါသည်။

၎င်းအကြောင်းမှတ်ဖွယ် ကဗျာတပုဒ် ကင်းဝန်မင်းကြီး ကဗျာစာအုပ်တွင် ဤသို့တွေ့ရသည်။

ဥတုဖြစ်မှာဖြင့်၊ ပြည်-စာသစ်၊ ကျင်-နှစ်တန်၊
နှပ်-တံတွေး၊ ချွေး-မျက်ရည် လေးပုံစုမှာ၊
ဥတု စိတ်နှစ်ပါးငယ်ကြောင့်၊ ပွားဘိအမှန်၊
နှစ်ဆယ့်လေး၊ စုဝေးကြ ကြွင်းအကျန်၊ စိတ် ကံ ဥ ဟာ လေး၊
သမုဋ္ဌာန်၊ ဟုတ်မှန်အောင်၊ မှတ်ယူသိလေဟု၊ ညွှန်းဘိလတ်သေး။
********************************************************************************

( မေး ) ( ဗုဒ္ဓဘာသာနှင့် ၃၇-မင်း နတ်များ )
အရှင်ဘုရား၊ ဗုဒ္ဓဘာသာဝင် အမည်ခံ အတော်များများ ၃၇-မင်းနတ် ကိုးကွယ်နေကြသည်၊
လက်ရှိကောင်းကင်ယံတွင် နေထိုင်ကြကုန်သော ၀ိသာခါ ကျောင်းအမ၊ အနာထပိဏ်သူဋ္ဌေးကြီးကဲ့သို့
နတ်ပြည်နေ နတ်များကိုမူ ကိုးကွယ်သည်-ဟုတော့ မကြားတွေ့ရပါ၊
စင်စစ် ၃၇-မင်းနတ်များဒသည် အစိမ်းသေများဟု စပေလာရှိထားရာ ဗုဒ္ဓဘာသာဝင် အမြတ်စားဖြစ်လိုကြသူများ အတွက် ဆုံးမ ဖြေကြားပေးတော်မူပါဘုရား။
( ဦးစောဋ္ဌေး-တောင်ကြီး )

( ဖြေ )
ဝိသာခါ အနာထပိဏ်တို့သည် နိမ္မာနရတီ နတ်ပြည်၊ တာဝတိံသာ နတ်ပြည်ဟူသော နတ်ပြည်ခြောက်ထပ် အထက်တန်းစား နတ်မိဖုရားကြီး နတ်မင်းကြီးများ ဖြစ်နေကြသည်။
၎င်းတို့သည် လူ့ပြည်သို့ လာလေ့မရှိကြ၊ လူတို့၏ အနံ့ကို မခံနိုင်ကြပါ။ ယူဇနာပေါင်းများစွာမှပင် လူတို့အနံ့ဆိုးများက လှိုင်၍နေသည်-ဟု ဆိုကြသည်။

ဘုရား ရဟန္တာ သူတော်ကောင်းတို့၏ သီလရနံ့များကြောင့်သာ တခါတရံ လာရောက်နိုင်ကြသည်၊
ယခုခေတ် လူများသည် ၄င်းနတ်ကောင်း နတ်မြတ်များကို အဆင့်မမီနိုင်ကြ၊ လူ့ရွာရှိ ဖော်ပြပါ အစိမ်းသေ နတ်များလောက်သာ အဆင့်မီကြပြီး ထိုနတ်များကလည်း နတ်ဆိုးများပီပီ ထိုသူတို့အား မှီခိုနှိပ်စက်၍ စားနေကြသည်၊ လူတို့ကလည်း သူခိုး ဓားပြများကို ရိုက်နှက်မည်ကို စိုးရိမ်၍ ရှိခိုးနေကြသကဲ့သို့ ကိုးကွယ်ပသနေကြခြင်းသာ ဖြစ်ရာ ဗုဒ္ဓဘာသာ သူတော်ကောင်းတို့ အလုပ်မဟုတ်သဖြင့် ယင်းနတ်ဆိုးများအား အဆက်အဆံမလုပ်ဘဲ ကုသိုလ်တရားသာ အားထားလုပ်ဆောင်၍ အမျှအတန်း ပေးဝေနေသင့်ပါကြောင်း ဖြေကြားအပ်ပါသည်။

( မြတ်မင်္ဂလာ ၂၀၀၁-ဒီဇင်ဘာ )

No comments: