Tuesday, February 10, 2009

ပုံပြင် ( ၇ )

( ဓမ္မစကြာ မယ်ဟေမာ )

သီရိလင်္ကာကျွန်း အနုရာဓမြို့တွင် ဟေမာအမည်ရှိ အမျိုးသမီးတဦး ရှိသည်။ မဟေမာသည် လှပ တင့်တယ်၍ ဉာဏ်ပညာ ထက်မြက်၏။

တနေ့သောအခါ ဖခင်နှင့်အတူ ဘုန်းတော်ကြီးကျောင်းသို့ သွား၍ တရားနာကြသည်။ သံဃာတော်အရှင်မြတ်တို့က ဓမ္မစကြာတရားတော်ကို ဟောကြားကြသည်။
မဟေမာသည် ဉာဏ်ပညာထက်မြက်သူဖြစ်၍ ဓမ္မစကြာ တရားတော်ကို ပုဒ်ပါဌ်အက္ခရာ မှန်ကန်စွာ ရွတ်ဆိုနိုင်ခဲ့သည်။ တရားတော်၏ နက်နဲသိမ်မွေ့သည့် သဘောတရားကိုလည်း နက်ရှိုင်းစွာ သဘောပေါက်သွားသည်။

တနေ့တွင် မဟာတိတ္တရွာမှ ကုန်သည်လုလင်ပျို တဦးသည် အနုရာဓမြို့သို့ ရောက်ရှိလာပြီး ကုန်ပစ္စည်းများကို မြိ့အတွင်း လှည့်လည်ရောင်းချသည်။ ထိုစဉ် ကုန်သည်လုလင်ပျိုသည် မဟေမာအိမ် အနီး ရောက်ရှိသွားပြီး မဟေမာကို မြင်ရစဉ်တွင် ဘ၀ဟောင်းမှ ရေစက်ကြောင့် ချစ်ခင်စွဲလမ်းသွားသည်။

ထို့ကြောင့် မဟေမာနှင့် အဆွေခင်ပွန်း ဖွဲ့သည်။ ရင်းနှီးကျွမ်းဝင်မှု ရှိလာသောအခါ မဟေမာအိမ်မှာပင် နေထိုင်ခဲ့သည်။ သို့သော် ကုန်သည် လုလင်ပျိုသည် မဟေမာ၏ မိဘများကို ပန်ကြားပြောဆို၍ မဟာတိတ္တရွာသို့ ခေတ္တပြန်သွားသည်။

မဟာတိတ္တရွာသို့ ရောက်ရှိပြီးနောက် ကုန်သည် လုလင်ပျိုသည် မဟေမာအား လွမ်းဆွတ်လှသော်လည်း ကုန်ရောင်းကုန်ဝယ်ကိစ္စ မပြီးပြတ်သောကြောင့် ရက်ပေါင်းအတော်ကြာ မပြန်ဖြစ်ချေ။

မဟောမာသည် ကုန်သည်လုလင်ပျို ပြန်လာနိုးဖြင့် စောင့်မျှော်နေခဲ့သည်။ အတွင်းဆွေး ဆွေးလျက် စိတ်ပူပင်သောက ရောက်နေခဲ့ရသည်။
တညဥ့်တွင် မဟေမာသည် ကုန်သည်လုလင်ပျို နောက်သို့ လိုက်ရန် တယောက်တည်း တိတ်တဆိတ် ထွက်လာခဲ့သည်။ ကုန်းပေါ်မှ သွားနေရလျှင် တော်တော်နှင့် ရောက်မည်မဟုတ်။ သမုဒ္ဒရာကို လက်ပစ်ကူးပြီး အမြန်ရောက်အောင်သွားမည်-ဟု ကြံမိသည်။

ထိုသို့ ကြံပြီးနောက် မဟေမာသည် ဆံပင်ကို မြဲမြံစွာထုံး၍ အ၀တ်များကို တင်းကျပ်အောင် ၀တ်လိုက်ပြီး သမုဒ္ဒရာအတွင်းသို့ ဆင်းကာ လက်ပစ်ကူးတော့သည်။

သမုဒ္ဒရာအလယ်သို့ တဖြည်းဖြည်း ရောက်ရှိသွားသောအခါ မဟေမာကို နဂါးမင်းက မြင်တွေ့သွားသည်။ သမုဒ္ဒရာကို လက်ပစ်ကူးနေသော အမျိုးသမီးကို မြင်ရသဖြင့် မဟေမာအား ဟဲ့-သူငယ်မ၊ လှိုင်းတံပိုးတွေ ထနေတဲ့ သမုဒ္ဒရာကြီးကို မျက်စိစုံမှိတ်ပြီး ကူးနေတာ မကြောက်ဘူးလား။ နင် ဘယ်သူလဲ-ဟု မေးပြန်သည်။

ထိုအခါ မဟေမာ-က အို-နဂါးမင်း၊ ကျွန်တော်မသည် ချစ်သူအတွက် အသက်ကိုစွန့်ပြီး လက်ပစ်ကူးလာသူ ဖြစ်ပါတယ်။ ချစ်တဲ့သူနဲ့ အတူမနေရလျှင် သေရတာနဲ့ အတူတူပါပဲ-ဟု ဖြေကြားသည်။

ထိုစကားကို နဂါးမင်းကြားလျှင် အို-သူငယ်မ၊ အချစ်အတွက်နဲ့ အသက်ကို မဆုံးရှုံးစေသင့်ဘူး၊ သီရိလင်္ကာကျွန်းမှာ နေကြတဲ့သူတွေဟာ အများအားဖြင့် ဘုရားရဲ့ တရားတော်တွေကို နှလုံးသွင်းကြတယ်လို့ သိရတယ်။ သင်ကော တရားတော်ကို သိမှ သိရဲ့လား-ဟု မေးမြန်းသည်။

မဟေမာ-က မိမိနေ့စဉ် နှလုံးသွင်းလျက်ရှိသည့် ဓမ္မစကြာတရားတော်ကို အကျယ်ဝေဖန် နားလည်သိရှိကြောင်း ပြန်လည်ဖြေကြားလိုက်သည်။ ထိုအခါ နဂါးမင်းသည် သမုဒ္ဒရာအတွင်း ရတနာမဏ္ဍပ်ကြီးတခု ဖန်ဆင်းပေးပြီး မဟေမာအား ဓမ္မစကြာတရားကို ဟောကြားရန် လက်အုပ်ချီ တောင်းပန်သည်။

မဟေမာသည် နဂါးမင်းအား ဓမ္မစကြာတရားတော်ကို မှတ်သားလေ့လာထားသည့်အတိုင်း အစမှအဆုံးတိုင် ဟောကြားသည်။ နဂါးမင်းသည် ဓမ္မစကြာတရားတော်ကို နာကြားရသဖြင့် အတိုင်းမသိ ၀မ်းမြောက်သွားသည်။ ထို့ကြောင့် မဟေမာအား လက်ဆောင်အဖြစ် အလိုရှိတိုင်း ရစေနိုင်သည့် ပတ္တမြားရတနာကို ပေးအပ်လိုက်သည်။

ထို့ပြင် မဟေမာကိုလည်း မဟာတိတ္တရွာရှိ ကုန်သည်လုလင်ပျို၏ အိမ်အရောက် ညတွင်းချင်း ပို့ဆောင်ပေးလိုက်သည်။

နံနက်လင်းလျှင် ရွာသူရွာသားတို့သည် မဟေမာအား မြင်သွားကြသည်။ အချိန်အခါမဟုတ် ရောက်ရှိလာသည့်အတွက် စူးစမ်းကြသည်၊ မဟေမာက ဖြစ်ကြောင်းကုန်စင် ပြောပြသော်လည်း မည်သူမျှ မယုံကြပေ။
ထို့ကြောင့် မနာလိုသူများသည် အနုရာဓမြို့တော်ရှိ မင်းထံသို့ သွားရောက် သံတော်ဦးတင်ကြသည်။ မင်းကြီးသည် မဟေမာအား ရှေ့တော်သို့ သွင်းစေသည်။ ပတ္တမြားရတနာကို မင်းချင်းတို့အား ယူခိုင်းသည်။ ထိုသို့ယူသောအခါ ပတ္တမြားရတနာသည် ကျောက်ခဲတုံးကြီးကဲ့သို့ ဖြစ်သွားသည်။ မဟေမာ၏ လက်ထဲ ပြန်ထည့်သောအခါ မူလအတိုင်း ပတ္တမြားဖြစ်ပြန်သည်၊ ဤသို့  သုံးကြိမ်တိတိ ဖြစ်နေသဖြင့် ဘုရင်ကြီးလည်း အံ့အားသင့်သွားသည်။

မဟေမာက အဖြစ်မှန်ကို မခြွင်းမချန် လျှောက်တင်လိုက်သည်။ ဘုရင်ကြီးသည် လွန်စွာနှစ်သက် အားရတော်မူသဖြင့် မဟေမာအား အသပြာတထောင် ချီးမြှင့်သည်။ မဟာတိတ္တရွာကိုလည်း အပိုင်စား ပေးသနားလိုက်သည်။ ထိုအချိန်မှစ၍ -- ဓမ္မစကြာ မယ်ဟေမာ-ဟူသော အမည်ထူးကိုလည်း ရရှိလိုက်သည်။
( မဓုရ ရသ၀ါဟိနီ-၄၁)

( စိတြ )
( မြတ်မင်္ဂလာ ၁၉၉၂-ခု အောက်တိုဘာလ )

No comments: