Tuesday, February 3, 2009

တံမြက်လှည်းနေသော သမ္မဇ္ဇနမထေရ်

မြတ်စွာဘုရား ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ရှင်သမ္မဇ္ဇန မည်သော မထေရ်တပါးရှိ၏။
ထိုမထေရ်သည် တနေ့တာပတ်လုံး ကျောင်းပတ်ဝန်းကျင် အားလုံး သန့်ရှင်း သာယာနေအောင် တံမြက်လှည်း ပြုပြင်နေလေ့ရှိ၏။ အတူနေဖြစ်သော အရှင်ရေ၀တ မထေရ်ကား ဆိတ်ငြိမ်ရာ၌ တပါးတည်းထိုင်ကာ ကမ္မဋ္ဌာန်းဘာဝနာ စီးဖြန်းနေလေ့ရှိသည်။ တနေ့တွင် အရှင်ရေ၀တ မထေရ်အား ( အရှင်သည် လူအပေါင်းတို့က စေတနာသဒ္ဓါဖြင့် ပေးလှူသောဆွမ်းကို စားပြီး ပျင်းရိစွာ နေထိုင်အားသည်၊ ကျောင်းသန့်ရှင်းရေးမျှ လုပ်ဖော်မရ )ဟု အပြစ်တင်၏။

ရေ၀တမထေရ်က ( ငါ့ရှင်၊ ရဟန်းဟူသည် တံမြက်လှည်းခြင်းကဲ့သို့သော အလုပ်မျိုးဖြင့် အချိန်မကုန်စေသင့်၊ နံနက်စောစော တံမြက်လှည်းပြီး အချိန်တန်လျှင် ရပ်ရွာလည် ဆွမ်းခံကာ ဆွမ်းစားပြီးနောက် ကမ္မဋ္ဌာန်းဘာဝနာ စီးဖြန်း၍သော်၎င်း၊ သုတ္တန်တို့ကို ရွတ်ဖတ် သရဇ္ဈာယ်၍သော်၎င်း နေရန်သင့်သည်၊ မိမိ၏ တရားကျင့်ရန် အခွင့်အရေးကို မဆုံးရှုံးစေသင့် ) ဟု ညွှန်ပြဆုံးမတော်မူရာ ရှင်သမ္မဇ္ဇန မထေရ်သည် ထိုအတိုင်းလိုက်နာ ပြုကျင့်လေသည်။

မကြာမီ အရဟတ္တဖိုလ် ဆိုက်ရောက်၏၊ ရဟန်းများက ရှင်သမ္မဇ္ဇန မထေရ်အား ( ငါ့ရှင်၊ ယခု အဘယ်ကြောင့် တံမြက်မလှည်းပါသနည်း ) ဟု မေးကြရာ ( အရှင်တို့၊ ရှေးက မေ့လျော့စဉ်က တံမြက်လှည်းပါ၏၊ ယခု မမေ့လျော့တော့ပါ ) ဟု ဖြေကြားသဖြင့် ဤအကြောင်းကို မြတ်စွာဘုရားအား လျှောက်ထားကြရာ ဘုရားရှင်က ( ရဟန်းတို့၊ ရှင်သမ္မဇ္ဇန မထေရ်သည် အရဟတ္တဖိုလ် ရပြီးသူဖြစ်၍ ဤစကားကို ဆိုပေသည် ) ဟု အောက်ပါဂါထာကို ဟောတော်မူသည်။

( ပါဠိဂါထာ )
ယော စ ပုဗ္ဗေ ပမဇ္ဇိတွာ ၊ ပစ္ဆာ သော နပ္ပမဇ္ဇတိ ။
သော,မံ လောကံ ပဘာသေတိ ၊ အဗ္ဘာ မုတ္တောဝ စန္ဒိမာ ။

( မြန်မာပြန် )
ရှေး (ငယ်စဉ်) အခါက (ကုသိုလ်၌) မေ့လျော့ခဲ့၍၊ နောင် (ကြီးပြင်းသော) အခါ၌ မမေ့မလျော့သောသူသည်
တိမ်တိုက်မှ လွတ်သော လကဲ့သို့ ဤလောကကို (မဂ်ဉာဏ်ရောင်ဖြင့်) ထွန်းလင်း တောက်ပစေ၏။

( ဆောင်ပုဒ် )
ငယ်စဉ်ကရှေး၊ ပြုရေးကုသိုလ်၊ မေ့လျော့ပို၏။
သက်အိုရင့်ခါ၊ ကြီးပြင်းလာသော်၊ မွေ့လျော်ကောင်းမှု၊ အစဉ်ပြု၍၊
တိမ်ထု မှောင်အောက်၊ လွတ်မြောက်ထွက်လာ၊ လစန္ဒာသို့၊
မဂ္ဂါဉာဏ်ပြောင်၊ အလင်းရောင်ဖြင့်၊ လူ့ဘောင်လောက၊ ထွန်းတောက်ပ၏။

( လောက၀ဂ်၊ သမ္မဇ္ဇနတ္ထေရ၀တ္ထု )

No comments: