Saturday, February 28, 2009

သံသရာ နှင့် သာသနာ

သံသရာခရီးလမ်းသည် ရှည်လျားလှသည်၊ မည်ရွေ့မည်မျှဟု ဂဏန်းချ၍ မပြနိုင်၊ သတ္တ၀ါတို့သည် ယင်းသံသရာ ခရီးတလျှောက် ဂတိငါးမျိုးတွင် ကျင်လည်နေကြရသည်၊ ယင်းငါးမျိုးတွင် သုဂတိဘ၀ နှစ်မျိုးဖြစ်သော လူ့ဘ၀နှင့် နတ်ဗြဟ္မာဘ၀ကို ဆန်းစစ်ကြည့်ရှုရာ၌ နတ်ဗြဟ္မာဘ၀သည် ချမ်းသာစွာနေရ၍ ဘ၀ကောင်းဟု ယူရသော်လည်း သံသရာမှ လွတ်မြောက်ရေးအတွက် ဒါနစသော ပါရမီများ ဖြည့်ကျင့်ရန် အခွင့်အရေး နည်းပါးသည်၊ ထို့ကြောင့် လူ့ဘ၀လောက် မကောင်း-ဟု ပညာရှိ သူတော်ကောင်းများ ဆိုကြသည်။

လူ့ဘ၀ ရောက်လာရုံနှင့်ကား မလုံလောက်သေးပါ၊ သံသရာမှလွတ်မြောက်ရေး လမ်းစဉ်ကို လိုက်နာကျင့်သုံးရန် လိုအပ်ပါသည်၊ ထိုကျင့်စဉ်များသည် ဘုရားပွင့်တော်မူသော ခေတ်ကာလတွင်သာ ထင်ရှားရှိရာ ယခုအချိန် လူဖြစ်နေရသည်မှာ အလွန်ကံကောင်းလှပေသည်။

ယခုအခါသည် ပရိယတ္တိသာသနာ၊ ပဋိပတ္တိသာသနာ၊ ပဋိဝေဓသာသနာ သုံးရပ် ထင်ရှားရှိနေသော အချိန်အခါဖြစ်ပါသည်၊ သို့သော် ရှေးကံပါရမီ ရှိသူများသာ ဗုဒ္ဓသာသနာတော်၏ အကျိုးကို ခံစားခွင့် ရှိကြပါသည်၊ ကမ္ဘာကြီး၏ လူဦးရေ သန်းပေါင်းများစွာအနက် မြန်မာ၊ ထိုင်း၊ သီဟိုဠ် ( သီရိလင်္ကာ )၊ ကမ္ဘောဒီးယား၊ လောနိုင်ငံရှိ လူဦးရေအချို့သာ ဗုဒ္ဓုပ္ပါဒခေတ်၏ အကျိုးကို ခံစားခွင့် ရကြပါသည်၊ ထိုနိုင်ငံများ၌ပင် လူဦးရေအားလုံး ခံစားခွင့် မရကြပါ၊ အကြောင်းမှာ မွေးဖွားလာသော ဒေသ၊ ပတ်ဝန်းကျင်၊ မိဘ၏ အယူဝါဒကိုသာ အစဉ်အဆက်ခံယူလာပြီး ယုံကြည်လိုက်နာနေကြသောကြောင့် ဖြစ်ပါသည်။

ကျွန်ုပ်တို့ ဗုဒ္ဓဘာသာအဖြစ် လူ့ဘ၀ ရလာကြသည်မှာ အလွန့်အလွန် ကံကောင်းလှပါသည်၊ ရခဲလှသော ဘ၀ကောင်းကို ရခိုက် သံသရာဝဋ်မှ ကျွတ်လွတ်ရန် အားထုတ်တော်မူကြပါ။ ပညာရှိ သူတော်ကောင်းကြီးများက လွယ်လွယ်ရှင်းရှင်းနှင့် နည်းလမ်းပြခဲ့သည်မှာ-

သံသရာ ဘယ်မှာစ၊ မသိတာက စ။
သံသရာ ဘယ်မှာဆုံး၊ သိတလုံးမှာ ဆုံး။
မသိက တပတ်ပတ်၊ သိက အစသတ်။

သာသနာနှင့်ကြုံခိုက် သိ-တလုံး တွေ့အောင် ဆရာကောင်းရှာ၍ နည်းနာခံယူတော်မူနိုင်ကြပါစေ။

No comments: