Sunday, February 1, 2009

ကံ ကံ၏အကျိုး ( ၁၃ )

( ဒါန၏ မျက်မှောက်အကျိုး )

တပ်ကုန်းမြို့နယ် သာယာစုရွာတွင် ကိုတင်စိုး-မခင်တင့် အမည်ရှိသော ဇနီးမောင်နှံနှစ်ဦးရှိသည်၊ ထိုဇနီးမောင်နှံနှစ်ဦးသည် သဘောထား ပြည့်ဝသည်၊ စိတ်ကောင်း နှလုံးကောင်းရှိသည်၊ သူတို့သည် တရားဓမ္မ၌ မွေ့လျော်သူများဖြစ်သည်၊ ရတနာသုံးပါးကို အထူးရိုသေကိုင်းရှိုင်းကြသည်၊ စေတနာ သဒ္ဓါတရား အလွန်ထက်သန်သည်၊ အများအပေါ် ဆက်ဆံရေး ပြေပြစ်သည်၊ ပေးကမ်းစွန့်ကြဲ လှူဒါန်းခြင်းမျိုး၌လည်း တွန့်တိုခြင်းမရှိ၊ ရက်ရက်ရောရော လှူဒါန်းလေ့ရှိပါသည်။

သူတို့သည် ကထိန်ခင်းခြင်းအလှူကို နှစ်စဉ်လိုပင် လှူလေ့ရှိသည်၊ ၁၃၅၁-ခုနှစ် တန်ဆောင်မုန်းလတွင် အကြီးအကျယ်
ရဟန်းခံ ရှင်ပြု ကထိန်ခင်းလှူရန် ဇနီးမောင်နှံနှစ်ဦးသည် အလုပ်ကို ကြိုးစားအားထုတ်လုပ်ကိုင်လျက် စုဆောင်းနိုင်သမျှ စုဆောင်းထားလေသည်။

ထိုသို့ စုဆောင်းထားသည်ကို သိကြသော ၀ိသမလောဘ ဓားပြတို့သည် တနေ့သော ညတညတွင် ဓားပြတိုက်ရန် လာကြလေသည်၊ ထိုအချိန်တွင် ဓားပြဗျို့-ဟူသော အသံစူးစူးတသံကို ဇနီးမောင်နှံနှစ်ဦး ကြားမိလိုက်သည်၊ သူတို့သည် ရသည့်အချိန်ကို အလွတ်မပေးဘဲ ပစ္စည်းအချို့ကိုယူကာ ဓားပြဘေးမှ တိမ်းရှောင်ခဲ့သည်။

မကြာလိုက် ဓားပြတို့သည် ဇနီးမောင်နှံနှစ်ဦးအိမ်ကို ၀ိုင်း၍ရှာကြသည်၊ သူတို့သည် လူကို မဖမ်းမိလိုက်သဖြင့် တန်ဖိုးနည်းသော ပစ္စည်းအချို့ကိုသာ ယူသွားကြသည်။

ဓားပြဘေးမှလွတ်ရသော ဇနီးမောင်နှံ နှစ်ဦး၏အဖြစ်ကို အံ့သြကြသော ရွာသူရွာသားအပေါင်းက လူကိုလဲ အဖမ်းမခံရဘူး၊ အဖိုးတန်ပစ္စည်းတွေလဲ ပါမသွားဘူး၊ ဒါဟာ သူတို့ရဲ့ ကုသိုလ် စေတနာ ဒါနအကျိုးက နှိုးဆော်ပေးလိုက်တာပဲ-ဟု ပြောဆိုနေကြလေသည်။

ကောင်းမှုလုပ်သူသည် ကောင်းကျိုး၏အရသာကို ဒိဋ္ဌလက်ငင်း ခံစားရခြင်းပင်တည်း။

( မောင်ဆု-ပျဉ်းမနား )
*********************************************************************************

( သူတပါးအလှူ တားမြစ်သူ )

ပုလောမြို့နယ် ရွာတရွာတွင် ရော်ဘာခြံလုပ်၍ အသက်မွေးဝမ်းကျောင်း ပြုနေသော ဖိုးသာထူးသည် ဇနီးဖြစ်သူ ဒေါ်အေး၊ သားသမီး ငါးယောက်နှင့် အတူနေကြသည်၊ ဖိုးသာထူးသည် ရွာရှိ ဆရာတော်ဘုရားအကြောင်းကို မကောင်း အလွန်ပြောသူ ဖြစ်ပါသည်၊ သူနှင့်ရင်းနှီးသူတွေကိုလည်း ထိုဆ၇ာတော်အား မလှူရန် တားမြစ်လေ့ရှိပါသည်၊ လူကြီးများက မပြောရန် တားမြစ်ပါသော်လည်း သူကတော့ ဂရုမစိုက်ပေ၊

ဆရာတော်ကြီးက ဖိုးသာထူးအကြောင်းကို သိသော်လည်း မေတ္တာမပျက်၊ သည်းခံတော်မူသည်၊ တနေ့တွင် မပြစ်မှားထိုက်သူကို ပြစ်မှားခဲ့၍ ထင်ပါသည်၊ ဖိုးသာထူးပါးစပ်မှာ အနာတွေ ပေါက်လာသည်၊ ဆေးဆရာမျိုးစုံထံ သွား၍ ကုသသည်၊ မပျောက်ကင်းပေ၊ မပျောက်ကင်းရုံမက တနေ့တွင် ရော်ဘာခြံသို့ သွားရာ ရော်ဘာပင်ကြီး တပင်သည် လေလည်းမတိုက် မိုးလည်းမရွာဘဲ အပင်ခြေမှလဲကျသည်၊

ရော်ဘာကိုင်းသည် ဖိုးသာထူး၏ ပါးစပ်တည့်တည့်ကို ထိုးနှက်မိရာ ဖိုးသာထူးမှာ အသက်ဆုံးရှုံသွားလေ၏။

( အရှင်ခေမိန္ဒ )
*********************************************************************************

( အဆိပ်စားသူ )

ကျွန်မတို့ရွာဘေးက ချောင်းမှာ ရေတွေ ဖွေးနေပြီဖြစ်သည်၊ သည်လိုရာသီမျိုးမှာမှ ကျွန်မတို့ ငါးဟင်းစားကြရသည်၊ ကျွန်မတို့ဒေသမှာ မြစ်-ချောင်း မရှိသလောက် နည်းသဖြင့် ကျွန်မတို့ရွာဘေးက ချောင်းကလေးမှာ ကျွန်မတို့ရွာအတွက် ငါးရှာရသော တခုတည်းသောနေရာဖြစ်သည်၊

ရေစီးသန်သော နေရာများမှာ ငါးစင်းခုံတွေ ရှိသလို ပိုက်တားသူ ငါးမျှားသူ ယက်သဲ့ဖြင့် ဖမ်းသူ စသည်ဖြင့် အမျိုးမျိုး ငါးရှာထွက်ကြသည်၊ ချောင်းရေ တစတစ ကျချိန်တွင် ရွာသားများ ငါးပက်သူ ပက်ကြသည်၊ ရွာထဲက ကိုသာလှ-ကမူ ငါးတွေရှိသမျှ တခါတည်းဖြင့် ဖမ်းလိုသူဖြစ်သည်၊

ဟင်းစားမျှမက ရောင်းစားဖို့အထိ ကြံစည်ထားသည်၊ ကိုသာလှ၏ ငါးဖမ်းနည်းကား ချောင်းရေတွင် အဆိပ်ခတ်ကာ ဖမ်းခြင်းဖြစ်သည်၊ ကျည်းခေါက် ဆူးရစ်ခေါက် နာနတ်ကြီးရွက်လို သစ်ခေါက် သစ်ရွက်များနှင့်သာမက ၀ါဆေး (ပိုးသတ်ဆေး) ကိုပင် သုံးကာ ဆေးခတ်၍ ဖမ်းခြင်းဖြင့် ကိုသာလှတယောက် ငါးတွေတထမ်းတပိုး ရခဲ့သည်၊

ရွာထဲတွင် လှည့်ရောင်းသည်၊ ကိုသာလှ ၀င်ငွေကောင်းလှသည်၊ ၀ါဆေးခတ်ထားသော ငါးများကို စားမိသူတို့မှာမူ အော့အန်ကြရသည်၊ နာမကျန်း ဖြစ်ကြရသည်၊ ချောင်းရေ ခန်းချိန်တွင် ငါးမှုန် ငါးမွှားပင် မတွေ့ရတော့ပေ၊ တနေ့တွင် ကိုသာလှတယောက် အော့အန်ကာ မူးလဲသဖြင့် ကျေးလက်ဆေးပေးခန်းသို့ ပို့လိုက်ရကြောင်း ကျွန်မတို့သိရသည်၊

ကြံခင်းတွင် တဲစောင့်ရင်း မစားကောင်းသော မှိုတွေ ချက်စားမိ၍ဖြစ်သည်၊ ကိုသာလှမှာ မှို-အဆိပ်သင့်ကာ သေဆုံးခဲ့ရသည်၊ ကိုသာလှတယောက် ၀ါဆေးခတ်ကာ ငါတွေသတ်ခဲ့သဖြင့် ယခုလို မှိုအဆိပ်သင့်ကာ သေဆုံးခဲ့ရခြင်း ဖြစ်သည်-ဟု တရွာလုံးက ပြောစမှတ်ပြုကြပါသည်။

( မေရည်မွန်-မြန်မာစာ )

( မြတ်မင်္ဂလာ ၁၉၉၁-မေလ )

No comments: