သာဝတ္ထိပြည်မှ အမျိုးသားတယောက်သည် ကျောင်းတကျောင်းသို့ ရောက်သွားရာ ကျောင်းမှကျွေးမွေးသော စားကောင်းသောက်ဖွယ်များကို စားရပြီး ဤသို့ စဉ်းစားမိ၏။ ငါသည် ပင်ပင်ပန်းပန်း အလုပ်လုပ်သော်လည်း ဤသို့သော ဘောဇဉ်မျိုး မစားရပေ။ ရဟန်းတွေကား မပင်မပန်းဘဲ အကောင်းတွေ စားရ၏-ဟု စိတ်ကူးပြီး ရဟန်းပြုလေ၏။
သံဃာတော်များ ထုံးစံအတိုင်း နံနက်ချိန်တွင် နေပူမိုးရွာမရှောင် ဖိနပ်မပါ၊ သပိတ်ပိုက် ဆွမ်းခံထွက်ရသည်၊ ထိုအခါ ဤအလုပ် ပင်ပန်းလှသည်-ဟု စိတ်ပေါက်ကာ လူထွက်ပြန်၏။ အတန်ကြာသော် စိတ်ပြောင်းပြီး ရဟန်းဝတ်ပြန်၏၊ တဖန် စိတ်ပျက်ပြီး လူထွက်၊ တဖန် စိတ်ပြောင်းပြီး ရဟန်းဝတ်နှင့် သုံးကြိမ်ဝတ်၊ သုံးကြိမ်တိုင် လူထွက်လေသည်။
တတိယအကြိမ် လူထွက်ပြီး တနေ့သောအခါ လယ်ထွန်ရာမှအပြန် သင်္ကန်းဝတ်ချင်စိတ် ပေါ်လာပြန်သည်၊ အရန်သင့်ထားသော သင်္ကန်းထုပ်ကိုယူရန် အိမ်ပေါ်တက်သွား၏၊ အိပ်ရာပေါ်တွင် ၀တ်လစ်စလစ် ကိုးရိုကားယား အိပ်မောကျနေသော မယားကိုမြင်၏။ ပါးစပ်မှ အပုပ်ရည်ကျဆင်းကာ တဂူးဂူး ဟောက်လျက် အိပ်နေသော မယားကိုကြည့်ပြီး အပုပ်ကောင်ပါတကား-ဟု မြင်လာ၏၊ လက္ခဏာယဉ်သုံးပါး တင်ပြီး ကမ္မဋ္ဌာန်းရှုရာ သင်္ကန်းထုပ်ပိုက်ရင်း သောတာပတ္တိဖိုလ်သို့ ဆိုက်ရောက်လေသည်။ ကျောင်းသို့ အမြန်သွားလျက် ရဟန်းပြုကာ တရားအားထုတ်သည်၊ မကြာမီ ပဋိသမ္ဘိဒါနှင့်တကွ အရဟတ္တဖိုလ်သို့ ဆိုက်ရောက်လေသည်၊ ဤရဟန်းနှင့်စပ်လျဉ်း၍ ဘုရားရှင်က အောက်ပါဂါထာတို့ကို ဟောတော်မူသည်။
( ပါဠိ )
အန၀ဋ္ဌိတ စိတ္တဿ ၊ သဒ္ဓမ္မံ အ၀ိဇာနတော ။
ပရိပ္လ၀ ပသာဒဿ ၊ ပညာ န ပရိပူရတိ ။
အန၀ဿုတ စိတ္တဿ ၊ အန နွာဟတစေတသော ။
ပုညပါပ ပဟီနဿ ၊ နတ္ထိ ဇာဂရတော ဘယံ ။
( မြန်မာ )
တည်တံ့သော စိတ်လည်းမရှိ၊ သူတော်ကောင်းတရားလည်း မသိ၊ ယုံကြည်ခြင်း သဒ္ဓါတရားလည်း မခိုင်မာသောသူမှာ လောကုတ္တရာပညာ မပြည့်စုံပေ။
ရာဂဖြင့် မစိုစွတ်သော စိတ်လည်းရှိ၊ ဒေါသဖြင့် မထိပါးသော စိတ်လည်းရှိ၊ ကောင်းမှု မကောင်းမှုကို ပယ်ပြီး၍ မောဟကင်းသောစိတ်လည်း ရှိသူမှာ ကြောက်စရာ ဘေးမရှိ။
( ဆောင်ပုဒ် )
စိတ်မတည်ငြား၊ တရားမငဲ့၊ သဒ္ဓါမဲ့သည့်၊ ချို့တဲ့သူမှာ၊ ပညာနတ္ထိ၊ ဉာဏ်မရှိတည့်။
ကင်းဘိရာဂ၊ ဒေါသမတွယ်၊ ပယ်ပြီးအကု၊ ကုသိုလ်မှုကင်း၊ မောဟရှင်းသော်၊ ဘေးကင်းရန်ကွာ၊ လွန်ချမ်းသာ၏။
( စိတ္တ၀ဂ် စိတ္တဟတ္ထတ္ထေရ၀တ္ထု )
Wednesday, February 18, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment